ရန်ကုန်ရှိ ပုဂ္ဂလိကကျောင်းများ၏ အောင်စာရင်းများအား ၎င်းတို့နှင့် တွဲဖက်ထားသည့် အခြေခံပညာ ကျောင်းများ၌ ဧပြီလ ၁၈ ရက်နေ့တွင် ထုတ်ပြန် ကြေညာမည်

ဦးကောက်April 7, 20111min710

b4222

၂၀၁၀-၂၀၁၁ ပညာသင်နှစ်တွင် ရန်ကုန်၌ စမ်းသပ် လုပ်ကိုင်ခွင့် ပြုခဲ့သည့် ပုဂ္ဂလိကကျောင်းများ၏ စာသင်နှစ် ပြီးဆုံး၍ အောင်စာရင်း ထုတ်ပြန် ကြေညာခြင်းအား ဧပြီလ ၁၈ ရက်နေ့တွင် ၎င်းတို့နှင့် တွဲဖက်ထားသည့် အခြေခံပညာ ကျောင်းများ၌ ထုတ်ပြန် ကြေညာသွားမည် ဖြစ်ကြောင်း သတင်း ရရှိပါသည်။

ပုဂ္ဂလိကကျောင်းရှိ ကျောင်းသားများ၏ အမှတ်စာရင်းများအား အခြေခံပညာ ကျောင်းများသို့ ပို့ဆောင်ပေးပြီး ဖြစ်ကြောင်းနှင့် ကျောင်းသားသစ် လက်ခံမှုအား ဧပြီလ နောက်ဆုံးပတ်မှ စတင် လက်ခံသွားမည်ဟု သင်္ဃန်းကျွန်းမြို့နယ်ရှိ ပုဂ္ဂလိကကျောင်းမှ ဆရာတစ်ဦးက ပြောပြခဲ့သည်။

”အမှတ်စာရင်းတွေ အားလုံးကို မြို့နယ်က အခြေခံပညာ ကျောင်းတွေဆီ ပို့ပေးပြီးသွားပါပြီ။ သက်ဆိုင်ရာ ကျောင်းတွေမှာပဲ အောင်စာရင်း ထုတ်ပြန်လိမ့်မယ်”ဟု သင်္ဃန်းကျွန်းမြို့နယ်ရှိ ပုဂ္ဂလိကကျောင်းမှ ဆရာတစ်ဦးက ပြောကြားခဲ့ပါသည်။

လက်ရှိ စမ်းသပ်လုပ်ကိုင်ခွင့် ပေးထားသည့် ပုဂ္ဂလိက ကျောင်းများမှ အခြေခံပညာ ကျောင်းများသို့ ကူးပြောင်း တက်ရောက်လိုပါက အောင်လက်မှတ် ထုတ်ပေးသွားမည် ဖြစ်ကြောင်းကို ဆရာဦးသန်းစိန်(သချာင်္) က ဆိုသည်။

၂၀၁၀-၂၀၁၁ ပညာသင်နှစ်၌ စမ်းသပ်လုပ်ကိုင်ခွင့် ရခဲ့သည့် ပုဂ္ဂလိက ကျောင်းများသို့ နယ်မြို့များနှင့် နေ့တက် ကျောင်းသားများ တက်ရောက် နေကြရာ ပုဂ္ဂလိကကျောင်း အချို့မှာ စာမေးပွဲ စစ်ဆေးသည့် ကာလတွင် ကိုယ်ပိုင်မေးခွန်း ထုတ်ကာ စစ်ဆေးခဲ့ကြသည်။

စမ်းသပ်လုပ်ကိုင်ခွင့်ထဲ၌ ပါဝင်မှု မရှိခဲ့သည့် ဘော်ဒါများရှိ ကျောင်းသားများမှာ နေ့ဘက်ပိုင်းတွင် အခြေခံပညာ ကျောင်းများ၌ ကျောင်းချိန်ဇယားများ အတိုင်း တက်ရောက်ကြရပြီး စာမေးပွဲကိုလည်း အခြေခံပညာ ကျောင်းများတွင်ပင် ဖြေဆိုရသည်ဟု ဒဂုံမြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက ဆိုသည်။

စမ်းသပ်လုပ်ကိုင်ခွင့်ရ ပုဂ္ဂလိက ကျောင်းများမှ နုတ်ထွက်၍ အစိုးရ ကျောင်းများသို့ ကူးပြောင်းလိုသူများ အနေဖြင့် ၎င်းတို့နှင့် တွဲဖက်ထားသော ကျောင်းများသို့သာ ကူးပြောင်းရမည် ဖြစ်ပြီး လာမည့် စာသင်နှစ်အတွက် ပုဂ္ဂလိက ကျောင်းများမှာ ယခင်နှစ် ညွှန်ကြားချက်များအတိုင်း ဆက်လက် လုပ်ကိုင်ရမည်ဟု သိရသည်။

Eleven Media Group မှ ကူးယူဖော်ပြသည်။