ကလကာနောက်ကွယ်သို့ဝင်ရောက်သွားပြီဖြစ်သော တပ်ချုပ်ကြီး နှင့် Good governance

maungmoenyoApril 8, 20111min1379

ပြီးခဲ့တဲ့ မတ် (၃၀) ရက်က မြန်မာပြည်နိုင်ငံရေးအပြောင်းအလဲရဲ့ ယမန်နေ့နဲ့နောက်တနေ့အကူးအပြောင်းမှာ မောင်မိုးညိုအပါအဝင် သန်းပေါင်း(၆၀)သော မြန်မာပြည်သူတွေနဲ့အတူ ကမ္ဘာတဝှမ်းလုံးကပါမျက်စေ့လည်စရာ အဖြစ်၊ သမ္မတသစ် ဦးသိန်းစိန်ရဲ့ good governance နဲ့အစိုးရသစ်ရဲ့ကျင့်ဝတ်သိက္ခာ ထိမ်းသိမ်းရေးမိန့်ခွန်းကို သတိထားမိလိုက်ကြပါတယ်။ လွန်ခဲ့တဲ့ နှစ်အစိတ်နီးပါး လူထုနဲ့ ကမ္ဘာကိုလှည့်ဖျားချင်တိုင်းစိတ်ကျလှည့်ဖျားပြီးကာမှ၊ သန့်ရှင်းစင်ကြယ်အောင်နေကြပါလို့ ပြောလိုက်ပုံက ခွက်ထိုးခွက်လန်ရီစရာကြီးဖြစ်နေပါကြတယ်။ အစိုးရသစ်ပေါ်ထွန်းလာပြီး ချီးမွမ်းထောပဏာထောက်ခံချက် တွေကို အာရှနဲ့အာဆီယံနိုင်ငံတွေ (ရုရှား နဲ့ တရုတ်ကတော့ ထိပ်ဆုံးပေါ့) ပြုံးအောလိုက်ကြပေမဲ့၊ ဒီမိုကရေစီထွန်းကားတဲ့ နိုင်ငံကြီးတွေအပါအဝင် အနောက်နိုင်ငံတွေက တုပ်တုပ်တောပ်မလှုပ်တာ ကိုတွေ့ရပါတယ်။ လူထုထောက်ခံချက်အပြည့်နဲ့တက်လာတဲ့ဒီမိုကရေစီအစိုးရပါလို့ ကိုယ့်ကိုယ်ကို ကြွေးကြော်ပြီးတက်လာတဲ့ ဘောင်းဘီချွတ်ဗိုလ်ချုပ်များရဲ့ ဟန်းနီးမွန်းကာလ (၂၄) နာရီသာသာ လောက်အတွင်းမှာတင် အမေရီကန်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးကလင်တန်က မြန်မာအစိုးရကိုစီးပွားရေး ပိတ်ဆို့မှု ပိုမိုတင်းကျပ်စွာလုပ်ဘို့ ဆုံးဖြတ်ကြောင်း တရားဝင်ကြေငြာခဲ့ပါတယ်။ အခြားတိုးတက်တဲ့နိုင်ငံကြီးတွေ ကလည်း အမေရိကန်နောက်ကပြုံအောလိုက်ကြမှာကြိမ်းသေသလောက်ဖြစ်နေပါတယ်။ အဲ့ဒီအတွက် ရက်သား သာရှိသေးတဲ့ မြန်မာအစိုးရသစ်ဟာ အဲ့ဒီသတင်းဆိုးအတွက် ပက်လက်လန်သွားရပုံရပါတယ်။ ဒါ့ကြောင်လဲ သမ္မတဦးသိန်းစိန်က ရက်ပိုင်းအတွင်းမှာဘဲ သန့်ရှင်း၍ လူထုကယုံကြည်ရသောအစိုးရအဖြစ်လူရိုသေ ရှင်ရိုသေဖြစ်ရေးကိစ္စဥိးစားပေးဘို့ စကားများများပြောလာရပါတယ်။ အောက်မှာဖေါ်ပြထားတဲ့ မောင်မိုးညိုရဲ့ အာဘောလေးတွေမြည်းကြည့်ကြပြီး ဝေဖန်ကြပါ။ ထောက်ပြစရာရှိတာထောက်ပြကြဘို့ နဲ့ ကိုယ့်အမြင်ကို လွတ်လပ်စွာဆွေးနွေးကြပါလို့ဖိတ်ခေါ်လိုပါတယ်။

(၁) မြန်မာနိုင်ငံရေးသမိုင်းမှာဘဲကြည့်ကြည့်၊ ဝန်ထမ်းရေးရာပိုင်းမှာဘဲကြည့်ကြည့်၊ နိုင်ငံရေးလောကက အနားယူရင် (ဒါမှမဟုတ်)ပင်စင်ယူရင် အဲ့ဒီသူဟာ ဘာကြီးဖြစ်ပြီး၊ ရာထူးပါဝါဘယ်လောက်ဘဲရှိပါစေ၊ အဲ့ဒီလောကကနေဖယ်ကျင်ခြင်းကိုမသိမသာကနေသိသိသာသာခံကြရပါတယ်။ ဥပမာအနေနဲ့ ဗိုလ်နေဝင်းကိုကြည့်ပါ။ အဲ့ဒီဖြစ်စဉ်ဝဲဩဂ ကဘယ်သူမှမလွတ်ပါဘူး။ ဒါကိုကောင်းကောင်းကြီးသိနေတဲ့ ဗိုလ်သန်းရွှေ ဟာ သူ့မိသားစုနဲ့တကွ၊ သူ့နောက်လိုက်တွေ ရဲ့ ဘဝလုံခြုံရေး၊ (ဒါထက်ပိုတိတိကျကျ ပြောရရင်။ ကိုယ်စီးပွားဥစ္စာမထိခိုက်ရေး၊ ဆက်လက်ရှင်သန်လှုပ်ရှားခွင့်ရှိရေး) ဆိုတာအသက်တမျှအရေးကြီးပါတယ်။ သူ့ရဲ့ကျားကွက်ရွှေ့ရေးအစီအစဉ်မှာဒီကိစ္စဟာ ထိပ်တန်းဦးစားပေးဖြစ်ခဲ့သလို၊ ခုအပြောင်းအလဲကာလမှာမှန်းချက်ကိုက်နေပုံရပါတယ်။ ဘယ်လောက်ကြာကြာခံမလဲ။ ဘယ်သူမှမသိပါဘူး။ နအဖ နဲ့တကွ ဒေသအဆင့်ဆင့်မှာရှိတဲ့ အာဏာပိုင်အဆင့်ဆင့်ကိုဖျက်သိမ်းခဲ့ပေမဲ့၊ ဗိုလ်ချုပ်မှူးကြီးရာထူးကထွက်ကြောင်း၊ သူနိုင်ငံရေးလောက ကနေကျောခိုင်းလိုက်ပြီးလို့ ဘယ်အမိန့် မှာမှမတွေ့ရပါဘူး။ ကာကွယ်ရေးဝန်ကြီးဌာနပြန်တမ်းအရ active duty ကနေ အနားယူတာမျိုးတော့ရှိနိုင်ပေမဲ့ ဒီကိစ္စကပြည်သူကိုအသိပေးလေ့မရှိတာမို့ ခုလောလောလတ်လတ်မသိနိုင်ပါဘူး။ သိတောင် တပ်အဆောင်အယောင်ကိုဆက်လက်သုံးစွဲဝတ်ဆင်ခွင့်ရှိတာမို့ အခမ်းအနားလိုတခုခုမှာစစ်ဝတ်စုံနဲ့ လူထုကြားပြန်ထွက် မလာဘူးလို့မပြောနိုင်ပါဘူး။

(၂) supreme council လို နိုင်ငံဦးဆောင်ဥဩောင်အဖွဲ့ဆိုတဲ့စကားသံကောဠာဟလ ဟာ အစိုးရသစ်နဲ့အတူးမွေးဖွားထွက်ပေါ်လာပါတယ်။ ဒါဟာ ဒီမိုကရေစီနည်းကျကျနဲ့ထွက်လာတဲ့အစိုးရပါလို့ မိမိကိုယ်ကို သမုတ်တဲ့ အစိုးရမျိုးအတွက် ကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး။ လူထုက ရွေးကောက်ပွဲကိုယုံကြည်မှုမရှိကြောင်းသွယ်ဝိုက်သောနည်းနဲ့ပြလိုက်တာပါဘဲ။ သေခြာတာကတော့ ဒီလိုအဖွဲ့မျိုးဟာတရားဝင်မဟုတ်တောင် ဗိုလ်သန်းရွှေ ကတရားမဝင်နည်းနဲ့ဖန်တီးယူထားရမဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ အစိုးရအဖွဲံရဲ့အကြီးအကဲတာဝန်အရှိဆုံးသူဖြစ်တဲ့သမ္မတကို အာဏာတွေပုံအောပေးထားပုံကိုကြည့်ပါ၊ ဖွဲံစည်းပုံအခြေခံဥပဒေနဲ့ ဗဟိုနဲ့ ဒေသဆိုင်ရာအစိုးရအဖွဲ့အကြီးအကဲ အားလုံးကိုသာမက၊ တရားစီရင်ရေး၊ဘဏ္ဍာရေး၊ လုံခြုံးရေးအာဏာအားလုံးကိုသမ္မတကရွေးချယ်ခန့်အပ်ပြီး၊ သူကိုယ်တိုင်လက်မှတ်ရေးထိုးမှအတည်ဖြစ်ပါတယ်။ အဲ့ဒီအာဏာကိုသမ္မတတဦးတည်းကိုသာအပ်ထားပြီး အဲ့ဒီသမ္မတကို သူ့အိပ်ကပ်ထဲ ထည်းထားလိုက်ပါတယ်။ စစ်တပ်နဲ့ပါတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ဗိုလ်သန်းရွှေက သူ့စိတ်ကြိုက်အိပ်ကပ်ထဲရှိပြီးဖြစ်တဲ့ ဗိုလ်ချုပ်မင်းအောင်လှိုင်ကိုပေးလိုက်ပါတယ်။ (၁၉၈၈) နဝတအာဏာသိမ်းချိန်မှာစစ်တက္ကသိုလ်ကဆင်းကာစ အဆင့်သာရှိသေးတဲ့ ဗိုလ်ချုပ်မင်းအောင်လှိုင်ကို ဗိုလ်သန်းရွှေက အပိုင်ကိုင်ထားနိုင်ပုံရပါတယ်။ အစိုးရနဲ့တပ်ရဲ့ ထိပ်ဆုံအာဏာအရှိဆုံး(၂) ယောက်ကိုသူဆီပုံမှန်ခစားစေမဲ့သဘောတူညီချက်ဟာ၊ စစ်အစိုးရရဲ့လမ်းပြမြေပုံမှာ ဘယ်နေရာမှာမှ မဖေါ်ပြထားပေမဲ့လည်း အဲ့ဒီ ကိစ္စဟာအသက်သွေးကြောတမျှအရေးကြီးခဲ့ပါတယ်။ အဲ့ဒီသဘောတူညီချက်ကိုရေရှည်ပေးနိုင်မယ်လို့ယူဆရတဲ့ အဲ့ဒီပုဂ္ဂိုလ်(၂)ယောက်နဲ့သဘောတုညီချက်ယူပြီး အာဏာလွဲခဲ့တာပါ။

(၃) ဗိုလ်သိန်းစိန်ဟာ အာဏာအလွဲသုံးစားမှု၊ စီးပွားရေးလက်ရဲဇက်ရဲ့မှု ရှိတဲ့ စစ်အစိုးရလက်ထက်မှာအသံသိပ် မမြည်ခဲ့တဲ့အပြင် ဗိုလ်သန်းရွှေ နဲ့ စင်ပြိုင်ကိစ္စအဖြစ်မျိုးရှိခဲ့ပုံမရပါဘူး။ ဗိုလ်မောင်အေး၊ ဗိုလ်ရွှေမန်း နဲ့ဗိုလ်တင်အောင်မြင့်ဦးတို့ကတော့ အသံစုံထွက်ခဲ့လို့ ကြိုးချီတဲ့ရာထူးတွေနဲ့ချွေးသိပ်ခဲ့ပါတယ်။ ခုချိန်ထိတော့ ဗိုလ်သိန်းစိန်ဟာ အဆိပ်မရှိတဲ့မြွေဖြစ်နေဆဲပါ။

(၄) ပေါ်ထွက်လာတဲ့အစိုးရသစ်မှာအရင်ဝန်ကြီးဟောင်းများပြန်ပါလာကြသလို အချို့ဝန်ကြီးဟောင်းတွေကပြည်နယ်အစိုးရအဖွဲ့ရဲ့ဝန်ကြီးချုပ်များဖြစ်သွားကြပါတယ်။ ဆက်မပါတော့တဲ့ ဝန်ကြီးတွေကတော့ မျက်နှာမသာမယာနဲ့ ကြံ့/ဖွံ့ပါတီထိပ်ပိုင်းရာထူးတွေ နဲ့ကြေနပ်ကြရမဲ့ကိန်းပါ။ ဝန်ကြီးအဖွဲ့မှာ အတွေအကြုံပညကျောထောက်နောက်ခံရှိသူတွေသာမက အမျိုးသမီး(၂)ဦးပါပါဝင်လာကြတာမို့ ရုတ်တရက်ကြည့်ရင်အမြင်လှပါတယ်။ ဒါပေမဲ့ ခန့်ထား။ခြင်းခံရသူတော်တော်များများဟာ အရွေးကောက်ခံတွေမဟုတ်တာမို့၊ အရွေးချယ်ခံလွှတ်တော်အမတ်မင်းများအနေနဲ့၊ ငါတို့ထဲအဲ့ဒီလောက်တောင်အရည်အချင်းမရှိကြလို့လားလို့တွေးပြီးမနာလိုဝန်တိုစိတ်တွေ ပွားများနေကြတဲ့အချိန်ပါ။ အဲ့ဒီအစိုးရအဖွဲ့ဝင်တော်တော်များများကလည်းဗိုလ်သန်းရွှေ တာဝန်ဟူစဉ်ကသူ့အနားမှာခစားခဲ့ကြသူတွေချည့်ဖြစ်နေတာကိုတွေ့ရပါတယ်။ ှဆရာဝန်ပါမကျန်ပေါ့။

(၅) လွှတ်တော်မှာကာကွယ်ရေးအသုံးစိတ်နဲ့ပါတ်သက်ပြီးဖြစ်ဖြစ်၊ နဝတ/နအဖခေတ် ဆောင်ရွက်တာဝန်ယူလုပ်ကိုင်ခဲ့တဲ့ ကိစ္စအဝဝ ဟာတရားဝင်လားမဝင်လား ဆိုသမျှ အားလုံးဟာ မေးသူမရှိ၊ စပ်စုသူမရှိ ခတ်တည်တည်နဲ့ အတည်ဖြစ်သွားတာကတော့ တကမ္ဘာလုံးကဩချရလောက်အောင်ဖြစ်ခဲ့ယုံမက ပြည်သူအားလုံးကလက်ဖျားခါခဲ့ရပါတယ်။ အခြေခံဥပဒေကလည်းလုပ်ခဲ့သမျှ အဝဝကိုကာကွယ်ပေးယုံမက၊ ကြံ့ဖွံ့ပါတီ ရဲ့အထွေထွေအတွင်းရေးမှူးတာဝန်ယူတဲ့ ဗိုလ်ဌေးဦးက နအဖအစိုးရရဲ့ပြောင်မြောက်တဲ့သမိုင်းဝင်စွမ်းဆောင်ချက်တွေအားလုံးကို ချီးကျူးထုတ်ဖေါ်ခဲ့ပြီး လွှတ်တော်မှာ မှတ်တမ်းတင်စေခဲ့ပါတယ်။ အနှစ်(၂၀) ကျော်နိုင်ငံကိုတချက်လွှတ်အမိန့်နဲ့စိတ်တိုင်းကျအုပ်ချုပ်ခဲ့သူ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ လူထုကတင်မြှောက်တယ်ဘဲဆိုဆို၊ အဲ့ဒီအမတ်မင်းတွေအားလုံးရှေ့မှာ အာဏာလာလွဲဘို့မကောင်းဘူးလားလို့ မောင်မိုးညိုကဂျီးများချင်ပါတယ်။ အဲ့ဒိကာလအတွင်းလုပ်ခဲ့တဲ့ဘဏ္ဍာရေးရှင်းတမ်းလေးများမထုတ်သင့်ဘူးလားလို့ စောဒကတက်ချင်ပါတယ်။  ကိုယ့်ဘယ်လက်ကလုပ်ခဲ့တာကိုကိုယ့်ညာလက်ကလက်ခမောင်းခတ်လိုက်ပုံက တယ်ယဉ်သကိုး။

(၆) ဗိုလ်သန်းရွှေအနေနဲ့ စစ်တပ်ကိုတော့ အစိုးရနဲ့စည်းခြားထားလိုက်ပါတယ်။ စစ်တိုင်းမှူးတပ်မှူးများ ရဲ့ယခင်အကြွင်းမဲ့ရှိခဲ့တဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးအဏာတွေကိုဘယ်ပုံခွဲတမ်းချမလဲဆိုတာတော့စိတ်ဝင်စားစွာစောင့်ကြည်ရပါလိမ့်မယ်။ စစ်တပ်ရဲ့ဘဏ္ဍာရေးကို ကာကွယ်ရေးဝန်ကြီးဌာနကနေတဆင့်ပြည်သူ့ဘဏ္ဍာကနေ ကဲ့ယူမှာဖြစ်ပြီး၊ အစစ်အဆေးအမေးအမြန်းမရှိသုံးမှာမို့၊ စစ်တပ်ရဲ့အာဏာဟာဆက်လက်ရှင်သန်နေအုံးမယ်လို့ယူဆရပါတယ်။ စီးပွားရေးဦးပိုင်လိုအဖွဲံအစည်းကြီးတွေက စီးပွားရေးကိစ္စတွေ အရင်ကလိုဘဲ တံခါးမရှိဒါးမရှိခရီးဆက်အုံးမှာပါ။ ကာကွယ်ရေးဦးချုပ်ကို အစိုးရအဖွဲ့ရဲ့ ဒုတိယသမ္မတရာထူးနဲ့တန်းတူထားတယ်လို့ဘဲပြောထားပေမဲ့၊ အစိုးရအဖွဲ့မှာဘယ်သူ့အောက်မှာမှမထားပါဘူး။ ဆိုလိုတာက ကာကွယ်ရေးဦးချုပ်အနေနဲ့ တို့တာဝန်အရေး(၃)ပါးကိုထိခိုက်လို့ဆိုတဲ့အကြောင်းပြချက်နဲ့အချိန်မရွေး၊ အမိန့်အာဏာ ထုတ်ဆင့်ခွင့်အကြွင်းမဲ့ရသွားပါတယ်။ စစ်တပ်ကအာဏာသိမ်းရာမှာလက်မနှေးဘို့လဲ တလောကစစ်တက္ကသိုလ်တခုရဲ့ ကျောင်းဆင်းပွဲမှာ၊ ညာသံပေးသွေးထိုးခဲ့ပါသေးတယ်။ နိုင်ငံတခုရဲ့အသက်သွေးကြောဖြစ်တယ်လို့သူကို့ကိုယ်တိုင်မကြာခနပြောနေတဲ့ အခြေခံဥပဒေရဲ့ ပြင်ပကို အဲ့ဒီကာကွယ်ရေးဦးစီးချုပ်ကရောက်သွားယုံမက ဥပဒေရဲ့အထက်မှာရှိပါတယ်ဆိုတာဗြောင်မပြောယုံတမယ် အကြွင်းမဲ့အာဏာရှိသွားပါတယ်။

(၇) လွှတ်တော်ရဲ့ကော်မတီ၊ ကော်မရှင်များကို ကြံ့/ဖွံ့ပါတီဝင်များ နဲ့ နံမယ်မရှိယုံမက အစိုးရဘက်ယိမ်းတယ်လို့စွပ်စွဲခံနေရတဲ့ အတိုက်အခံအမတ်မင်းများ နဲ့ တိုင်းရင်းသားပါတီများကအမတ်များနဲ့ ဖွဲ့စည်းထားပါတယ်။ စာရွက်ပေါ်မှာကြည့်ရင်ဒီမိုကရေစီအပြည့်အဝရှိပုံပေါ်လွင်ပေမဲ့၊ လက်ညှိုးထောင်ခေါင်းငြိမ့်အဆင့်သာရှိကြသူတွေပါ။ အစိုးရဆီကရလာမဲ့ တိုက်ခန်း၊ စီးပွားရေးပါမစ်၊ မိသားစုအခွင့်အလမ်းရပိုင်ခွင့်များဘက်ကို မထူးဇာတ်ခင်းပြီးခြေဦးလှည့်နေကြပြီမို့၊ အတိုက်အခံပါတီထဲမှာတောင် လက်ညှိုးထိုးဝေဖန်ပြစ်တင်မှုတွေမဖုံနိုင်မဖိနိုင်အောင်ပေါ်ထွက်လာပါပြီ။ (၁၅)မိနစ်လွှတ်တော်လို့ ထင်ရှားကျော်ကြားခဲ့တဲ့ ပြီးခဲ့တဲ့လွှတ်တော်မှာအတိုက်အခံအမတ်မင်းများတင်သွင်းကြတဲ့ ချက်ကျလက်ကျမရှိ အိုးနင်းခွက်နင်း တင်သွင်းဆွေးနွေးချက်တွေဟာ၊ စစ်အစိုးရကိုယ်စားလှယ်ဝန်ကြီးမင်းများရဲ့ ကိန်းဏန်းအချက်အလက်အပြည့်အစုံနဲ့ပြန်လည်ချေပတဲ့ချက်ကျလက်ကျတုန့်ပြန်ချက်တွေကြောင့်၊ “မိမိတင်သွင်းချက်များကိုပြန်လည်ရုပ်သိမ်းပါတယ်” ဆိုတဲ့ စကားနဲ့ လေထဲပျောက်သွားကြပါတယ်။ ဒါဟာဘာနဲ့တူသလဲဆိုတော့ လူထုက အမုန်းခံ၊ အညိုညင်ခံ၊ သက်ဆိုင်ရာကလိုက်နှောက်ယှက်ဒုက္ခတွေကိုခံပြီးကိုယ်ယုံကြည်ရာအတိုက်အခံတွေကို၊ အနစ်နာခံ မဲထဲ့ခဲ့ကြတဲ့ မဲဆန္ဒရှင်တွေရဲ့ မျက်နှာကို အိုးမဲသုတ်လိုက်ကြတာနဲ့အတူတူပါဘဲ။

နိုင်ငံတကာမှာရှိခဲ့တဲ့သမိုင်းအစဉ်အဆက်ဆက်က ဖွဲံစည်းပုံအခြေခံဥပဒေ တွေအားလုံးရဲ့စံနှုန်းအားလုံနဲ့ လားလားမှကိုက်ညီခြင်းမရှိတဲ့ ရုပ်သေးအစိုးရရဲ့သက်တမ်းဟာ၊ (၁၉၇၃/၇၄) လမ်းစဉ်ပါတီခေတ်ကပေါ်ထွက်ခဲ့တဲ့၊ မဆလပါတီအစိုးရလောက်တောင်သက်တမ်းရှည်မဲ့အလားအလာ မတွေ့ရကြောင်း ဝေဖန်ရေးသားလိုက်ရပါတယ်ခင်ဗျား။

9 comments

  • Hello Everyone

    April 8, 2011 at 6:31 am

    အချက်အလက် စုံစုံလင်လင် နဲ့ရေးထားတာ တော်တော်ကောင်းပါတယ်။ Bravo

  • darkoosky

    April 8, 2011 at 7:04 am

    အစည်းအဝေးခန်းတွေမှာတင်ထားတဲ့ ဟာတွေက ကွန်ပျူတာတွေလား…မှန်တွေလား… တပ်ချူပ်ကြီးနားထောင်လိုရအောင် တပ်ထားတဲ့အသံဖမ်းစက်တွေလား..သိတဲ့သူတွေ ဖြေစေလိုပါတယ်

  • researcher

    April 8, 2011 at 7:09 am

    မောင်မိုးညို ဆိုတာ ကဗျာဆရာ မောင်မိုးညိုလား၊ အမည်တူလားဆိုတာ သိချင်ပါတယ်။ ဘာအတွက်မှတော့ မဟုတ်ပါဘူး၊ သိချင်ရုံသက်သက်ပါ။

  • eros

    April 8, 2011 at 8:38 am

    ကာကွယ်ရေးဝန်ကြီးဌာနပြန်တမ်းအရ active duty ကနေ အနားယူတာမျိုးတော့ရှိနိုင်ပေမဲ့ ဒီကိစ္စကပြည်သူကိုအသိပေးလေ့မရှိတာမို့ ခုလောလောလတ်လတ်မသိနိုင်ပါဘူး။ သိတောင် တပ်အဆောင်အယောင်ကိုဆက်လက်သုံးစွဲဝတ်ဆင်ခွင့်ရှိတာမို့ အခမ်းအနားလိုတခုခုမှာစစ်ဝတ်စုံနဲ့ လူထုကြားပြန်ထွက် မလာဘူးလို့မပြောနိုင်ပါဘူး။

    အဲဒီလဲ ရလို့လား ဘာကြောင့်ဆိုတာ ရှင်းပြပေးပါလား။

  • maungmoenyo

    April 9, 2011 at 12:20 am

    ကာကွယ်ရေးဝန်ကြီးဌာနမှာ ဦး၊ ရေး၊ ထောက် လို့ခေါ်တဲ့ စစ်ဦးစီး၊ စစ်ထောက် နဲ့ စစ်ရေး မဟာဌာနကြီးတွေ ရှိပါတယ်။ ရာထူးတိုးတာ၊ ခန့်တာ၊လျှောချတာ။ပင်စင်ပေးတာ၊ ဆေးအဆင့်ချတာ၊ အရပ်ဝတ်လဲတာ အားလုံးကို သက်ဆိုင်ရာတပ်မှူးတွေကအမိန့်ထုတ်ပြန်ပြီး၊ ရာထူးအလျောက်၊ စစ်ရာထူးခန့်ချုပ်ဆီကအမိန့်ထွက်ပါတယ်။ ဒါကို တပ်မတော်အက်ဥပဒေ ကပြဌာန်းပေးထားပါတယ်။ ဖေါ်ပြခဲ့တဲ့ စစ်ရာထူးခန့်ချုပ်ကနေ ကာကွယ်ရေးဦးစီးချုပ်အဆင့်ဆင့် ကနေတဆင့် အတည်ပြုပြီး ပြန်တမ်းထွက်ပါတယ်။ အဲ့ဒီအဆင့်အားလုံးကို ကာကွယ်ရေးဝန်ကြီးဌာန နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးတို့အကြား အတွင်းရေးကိစ္စအနေနဲ့လုပ်ပြီး၊ ပြင်ပကိုထုတ်ပြန်ခြင်းလုံးဝမလုပ်ပါဘူး။ ရာထူး နဲ့အရေးကြီးမှုပေါ်မှာမူတည်ပြီးလျှို့ဝှက်အဆင့်အတန်းသတ်မှတ်ပါတယ်။ အဲ့ဒိထဲမှာ တပ်မတော်ကအနားယူပြီးစစ်ဝတ်ချွတ်တာလဲပါပါတယ်။ ဒါပေမဲ့ ၁၉၈၈ နောက်ပိုင်းမှာစစ်ဝတ်ချွတ်ပြီးသည့်တိုင်အောင် (ပြန်တမ်းနဲအနားပေးပြီးသည့်တိုင်အောင်) ရာထူးနဲ့အဆောင်အယောင်ဆက်လက်ဝတ်ဆင်သုံးစွဲခွင့်ကိုပေးထားပါတယ်။ ဥပမာ – ဒု-ဗိုလ်ချုပ်ကြီးတွေ ဖြစ်တဲ့ ထွန်းကြည်၊ မောင်သင့်၊ အေးသောင်၊ တို့ကဥပမာတွေပါ။ စစ်ရေးနောက်ခံသမိုင်းမရှိခဲ့တဲ့ ဒေါက်တာဖေသိန်းကို လည်း (ဗိုလ်မှူးကြီး) အဆောင်အယောင်ကိုဝတ်ဆင်ခွင့်ပေးခဲ့ပါတယ်။
    ဒီဟာတွေဟာအကြောင်းမဲ့မဟုတ်ဘူးဆိုတာသိကြဘို့လိုပါတယ်။
    ဒါဆိုရင်ဘယ်လိုသိနိုင်လဲလို့မေးစရာရှိပါတယ်။ ဖေါ်ပြခဲ့တဲ့ ဗိုလ်ချုပ်များ၊ ဗိုလ်မှူးကြီးအဆင့်များကို အရပ်ဖက် ဝန်ကြီး၊ ဒုဝန်ကြီးများ၊ ခရိုင် ခဝတ နဲ့ အစိုးရဌာနများမှာ ပြောင်းရွှေခန့်အပ်ရင်၊ စာပေဗိမာန် ကနေ အစိုးရဌာနတွေကိုဖြန့်ဝေတဲ့ “နိုင်ငံတော်ပြန်တမ်း” မှာ ကာကွယ်ရေးဌာနမှ ပြောင်းရွှေ့လာသောအရာရှိစာရင်းများကို တွေ့ရပါတယ်။ အဲ့ဒါဟာ ဘောင်းဘီချွတ်တာတွေရဲ့သက်သေအထောက်အထားတွေပါ။ ချွင်းချက်တော့ရှိပါတယ်။ ရှုတ်မှာစိုးလို့မဖွတော့ပါဘူး။
    ပြောချင်တာက – ဒီလုပ်ထုံးလုပ်နည်းက ခုမှရှိတာမဟုတ်ပါဘူး။ လွတ်လပ်ရေးမရခင်ကတည်းကရှိပါတယ်။ တပ်ကိစ္စတပ်မှာဘဲ လုပ်တယ်ဆိုတဲ့ ဆိုရိုးစကားက အဲ့ဒီကစတာပါ။ ကာလရွေ့လာတာနဲ့အမျှ ဒီလုပ်ပိုင်ခွင့်ကို ရေလဲနဲ့ သုံးလာကြတာပါဘဲ။ အချုပ်ပြောရရင် ပြည်သူကိုအသိမပေးတဲ့ တပ်တွင်းကိစ္စပေါင်းများစွာတို့မှာဒီဟာလဲပါပါတယ်။

  • maungmoenyo

    April 9, 2011 at 12:25 am

    ကဗျာရေးတဲ့ မောင်မိုးညိုဆိုတာရှိခဲ့ရင်ခွင့်ပန်ဘို့ တောင်းပန်ပါတယ်။ ဒီဆောင်းပါးတွေရေးတဲ့မောင်မိုးညို ရဲ့အဖေက ပဲခူးတိုင်း မိုးညိုမြို့သားမို့ပါ။ အဖိုး၊ အဘိုးတွေ အဆက်ဆက်ကလည်း အဲ့ဒီမြို့မှာ မြန်မာမင်းတွေလက်ထက်ကတည်းက မြို့သူကြီးလုပ်ခဲ့တယ် လို့ဆိုပါတယ်။ ကျောင်းမှာကတည်းက မောင်မိုးညိုဆိုတဲ့ ကလောင်နဲ့ လက်စခြေစရှိခဲ့လို့ ဆက်သုံးမိတာပါ။

  • maungmoenyo

    April 9, 2011 at 12:28 am

    ကွန်ပြူတာကို ဝန်ကြီးမင်းများရှေ့မှာတင်ထားတဲ့အလေ့က ပြီးခဲ့တဲ့ ခုနနှစ်ရှစ်နှစ်လောက်ကစခေတ်စားလာပုံရပါတယ်။ ဝန်ကြီးမင်းများ သုံးတတ်မသုံးတတ်ဆိုတာကိုတော့အကြီးအကျယ်သံသယဖြစ်မိပေမဲ့၊ သတင်းစာ နဲ့ မီဒီယာတွေမှာတော့ အတော်ရုပ်ပြကောင်းတယ်ဆိုတာအမှန်ပါနော်။

  • poeaung6

    April 9, 2011 at 3:07 am

    ဘာတွေဘယ်လိုပြောပြော ချုပ်မှုူးကြီး ဉာဏ်ကောင်းတာတော့ လက်သင့်ခံရမှာပါ ဘာကြောင့်လည်းဆိုတော့ သုူရဲ့အစီအစဉ်က သက်သေပြနေပါတယ်။ နေပြည်တော် စီမံကိန်းကိုစတာ ၁၉၉၅/၉၆ မှာပါ တနည်းပြောရရင် အခုပြောနေတဲ့ အရပ်သားအစိုးရ ဖြစ်လာအောင် ကြိုတင်စီစဉ်ထားတဲ့သဘောပါ သူအုပ်ချုပ်နေစဉ်မှာ ကလိန်စေ့ဉာဏ်းစင်တတ်တဲ့(သူအတွက် ဝင်ငွေရှာပေးမယ့်) သူတွေကို နေရာပေး ပြီး အခုအစိုးရသစ်မှာတော့ နောက်ကြောင်းရှင်းတဲ့ (မိသားစုစီးပွားရေးမလုပ်တဲ့)လူတွေကို ဦးစားပေးတင်ထားတာတွေရပါတယ်။ကျွန်တော်သိသလောက်ဆိုရင် အုပ်ချုပ်ရေးမှာ မြင်၆မြင်ရှိပါတယ် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ လူမှုရေး၊ နိုင်ငံတကာအမြင် ဆိုပြီးရှိပါတယ် သူတိုက ဒီအမြင်တွေနဲ့ အုပ်ချုပ်သွားတာပါ ဦးနေဝင်းလက်ထက်က အရပ်သားအစိုးရပေးပြီး တိုင်းပြည် မငြိမ်းမသက် ဖြစ်ဖူးတာကို သင်ခန်းစာယူပြီး တဆင့်ပြီးတဆင့် စတင်လုပ်ဆောင်သွားတာပါ တကသိုလ်တွေ မြို့ပြင်ထုတ်တာကစလို ပေါ့။ အခုတော့ အစိုးရသစ်လက်ထက် ဘယ်လိုတွေဖြစ်လာမလည်းဆိုတာတော့ ဆောင့်ကြည့်ရဦးမှာပါ ၅၀%လောက်ဖြစ်လာရင်ကိုတော်တော် အောင်မြင်တိုးတက်တဲ့ နိုင်ငံတော်ဖြစ်လာမှာပါ

  • moethidasoe

    April 9, 2011 at 8:01 am

    ကွန်ပျူတာ အပြည့် မဟုတ်ဘူးလို့ ထင်ပါတယ် .. LCD ကိုသာ တင် power point တွေ၊ Word File တွေကို ကွက်ကွက် ကွင်းကွင်း မြင်စေဖို့ ပြထားတာ ဖြစ်ဖို့ များတယ် .. တကယ် ကိုယ်တိုင် ရိုက်ပြီး တင်ပြဖို့ ဒီလောက် လွယ်လွယ်ပေးမယ် မထင်ပါ ..

Leave a Reply