အဘိုးစားတဲ့သစ်သားခွက်

Pearl MayApril 8, 20111min1214

တလောက အိမ်နားမှာလုပ်တဲ့ တရားပွဲမှာ အရှင်ပညာဝရ ဟောတဲ့တရားထဲက အကြောင်းအရာ လေးတစ်ခုပါ….အရင်က စာအုပ်တွေထဲမှာလည်း ဖတ်ဖူးပြီးပေမယ့် ဆရာတော်က တရားဟောကောင်းတော့ ရင်ထဲမှာ ထပ်ထပ်ပြီး ခံစားရပါတယ်…

“မြို့လေးတစ်မြို့မှာ အဘိုးတစ်ယောက်ရယ်၊ သူ့သားရယ် ၊ ချွေးမရယ်နဲ့ သူ့မြေးလေးရယ် အတူတူ နေကြပါတယ် ။ ထမင်းစားတော့လည်းတူတူစားကြတာပေါ့။ ဒီလိုနေလာရင်းနဲ့ အဘိုးဟာ အသက်ကြီးသ ထက်ကြီးလာတော့ အမြင်တွေမှုန်ဝါး ၊ နားအကြားက မသဲကွဲ ၊ သတိကမေ့ ၊အင်အားတွေ ဆုတ်ယုတ်လာပြီး တုန်ချိ တုန်ချိ ဖြစ်လာပါလေရော။ ထမင်းစားကြတော့ ဟင်းချိုခပ်သောက်ပေမဲ့ လက်ကတုန်နေတော့ ဇွန်းကအဘိုးအိုပါးစပ်နားလည်းရောက်ရော ဟင်းချိုက တစ်စက်မှပါမလာတော့ဘူး၊ ကျန်တဲ့သူတွေကလည်း ကိုယ့်ထမင်းကိုပဲအာရုံစိုက်စားနေကြတော့ ဒီလိုဖြစ်နေတာလည်း မသိကြပါဘူး။ ဟော.. နောက်နေ့ကျတော့ အဘိုးအို ဟင်းခွက်လှမ်းနှိုက်လိုက်တာ မျက်စိက မမြင်တော့ ဟင်းခွက်ကို တိုက်ချလိုက်သလိုဖြစ်ပြီး မှောက်ကျကုန်တာပေါ. ၊ သားနဲ့ချွေးမက ပါးစပ်ကထုတ်မပြောပေမယ့် တော်တော် စိတ်ညစ်သွားတယ် ။ နောက်နေ့ကျတော့ သတိအာရုံမကောင်းတော့တဲ့အဘိုးကထမင်းစားတဲ့လက်နဲ့ ဟင်းခွက်ကဇွန်ုးကို လှမ်း ယူတော့ အဘိုးလက်ကထမင်းလုံးတွေ ဇွန်းမှာပေကျံ ကုန်တော့တာပဲ ။ အဲဒါကိုရွံရှာသွားတဲ့ သားနဲ့ချွေးမက နောက်နေ့တွေမှာ အဘိုးကို သီးသန့်ထမင်းကျွေးဖို့ ဆုံးဖြတ်လိုက်တယ်။ ကျွေးရင်လည်း အလုပ်ရှုပ်လည်း သက်သာအောင် ၊ ဟင်းခွက်တွေလည်း မှောက်ကျစရာမလိုအောင်လို့ အားလုံးရောပြီးကျွေးလို့ရတဲ့ သစ်သား ခွက်တစ်ခွက်ထွင်းပြီး အဲဒီသစ်သား ခွက်ထဲမှာ ထမင်းရော ဟင်းရော အားလုံးပုံထည့်ပြီး အဘိုးကို တစ်ယောက်တည်းသပ်သပ်ကျွေးတော့တယ် ။ အဘိုးအိုက သူ့ကိုရွံရှာလို့ဒီလိုလုပ်မှန်းသိတယ်။ အရမ်းစိတ်မ ကောင်းဖြစ်ပေမယ့် ဘာမှမပြောရှာဘူး ။ သူက ဒီသားနဲ့ချွေးမကို မှီခိုနေရတာကိုး။ အဘိုးရဲ့သားငယ်ငယ် တုန်းကအဘိုးထမင်းစားနေတုန်း အီးပါချင်တယ်ဆိုလည်း ထမင်းစားတာခဏရပ်ပြီး အီးတယ်ပေးရတာပဲ ၊ သားပါးစပ်ထဲကစားလက်စ ချိုချဉ်လာခွံ့တော့လည်း သားကျေနပ်အောင် စားရတာပဲ၊ ဒီသားကို ရွံတယ်ရှာတယ်ရယ်လို့တစ်ခါမှ မဖြစ်ခဲ့ဘူး။ အခုတော့သားက သူနဲ့ ထမင်းတူတူ စားရမှာကိုရွံတယ်တဲ့ ၊ အဘိုးအိုဟာ တစ်ယောက်တည်းထမင်းစားရင်း ဝမ်းနည်းလွန်းလို့မျက်ရည်ကျရှာတယ် ။ အဘိုးဒီလိုဖြစ် နေတာကို ဝမ်းနည်းနေတဲ့သူတစ်ယောက်တော့ရှိတယ် ။ သူကတော့ အဘိုးရဲ့မြေးလေးပဲ။ မြေးလေးက သူ့မိဘရဲ့လုပ်ရပ်ကို လုံးဝသဘောမကျပေမယ့် မပြောရဲဘူး။ ဒီတော့ဘယ်လိုလုပ်ရရင်ကောင်းမလဲလို့ စဉ်းစားတယ် ၊ နောက်ဆုံးတော့ဉာဏ်ကောင်းတဲ့မြေးလေး အကြံတစ်ခုရသွားတယ် ။ မြေးလေးဟာ သူ့မိဘတွေဆီသွားပြီး အဘိုးစားတဲ့သစ်သားခွက်မျိုး နောက်ထပ်နှစ်ခွက် ထပ်ထွင်းပေးပါလို့တောင်း ဆိုလိုက်တယ် ။  ဒီတော့ မိဘတွေက ဘာလုပ်မလို့လဲမေးတော့ ကလေးက “ ဖေဖေနဲ့မေမေလည်း တနေ့အသက်ကြီးလာပြီး ဘိုးဘိုးလိုဖြစ်မှာပဲ ၊ အဲဒီအခါကျရင်  အခုဖေဖေ နဲ့မေမေ က ဘိုးဘိုးကို သစ်သားခွက် နဲ့ကျွေးသလို သားကလည်း ဖေဖေနဲ့မေမေကို သစ်သားခွက်နဲ့ကျွေးမှာမို့ အခုကတည်းက သစ်သားခွက်ထွင်းခိုင်းတာပါ”လို့ပြန်ဖြေတယ်။ ဒီတော့မှ အဘိုးရဲ့သားနဲ့ချွေးမဟာ သူတို့လုပ်ရပ်မှားမှန်းသိပြီး ပြန်တောင်းပန်ကြတယ်။

ဒီအကြောင်းအရာလေးထဲကလို သစ်သားခွက်နဲ့ တစ်ယောက်တည်း တိတ်ဆိတ်စွာ ထမင်းစားနေရရှာတဲ့ အဘိုးအဘွားတွေ ဘယ်လောက်တောင်များနေမလဲလို့ တွေးမိရင်း……………………..

4 comments

  • fatty

    April 8, 2011 at 8:14 am

    အားပေးပါတယ်ဗျား ..။ တင်ပြပုံလဲကောင်းပါတယ် အကြောင်းအရာကတော့ ဒီမှာ ကျနော်တင်ပြီးသားကြီးဖြစ်နေပါတယ် ..။ သို့သော်ကိစ္စမရှိပါ ။ အကုန်လုံးလိုက်ဖတ်နေတာမဟုတ်တော့ဘယ်သိနိုင်မှာလဲ ..။ တဆင့်ပြောထက် ကိုယ်တိုင်ကြုံတာလေးကို
    ရေးသား ကြည့်ပါလား အားပေးနေပါတယ် ..။

  • ဆူး

    April 8, 2011 at 1:55 pm

    ဂျပန် ရိုးရာ ပုံပြင်ထဲက အဘိုးလုပ်သူကို ခြင်းတောင်းထဲ ထည့်ပြီး တောထဲမှာ အဖေ နဲ့ သွားပြစ်တော့ သားလုပ်သူက ဒီခြင်းတောင်း လေး ပြန်ယူချင်တယ် အဖေ ကို နောင်တချိန် ထည့်ပြီး တောထဲ သွားပြစ်ချင်လို့ ပြောတဲ့ ပုံပြင်လေး နဲ့ ခပ်ဆင်ဆင်ဘဲ။

  • nature

    April 8, 2011 at 2:00 pm

    ပုုံပြင်လေးကသင်ခန်းစာတော်တော်ရပါတယ်၊အဖေဆိုတာတချိန်ကသားပါပဲ၊ နောင်တချိန်မှာ အဖိုးဖြစ်မှာပဲ၊ မြေးလေးက တော်တော် အတွေးအခေါ်ကောင်းပြီး အသိဉာဏ်ပညာနဲ့ ပြည့်စုံတဲ့ အလိမ္မာတုံးကလေးပါပဲ။

Leave a Reply