နိဗ္ဗာန်ဘယ်မှာလဲ

ashinindakaApril 9, 20111min1644

ဆရာတော်
အခု ဒကာကြီးက နိဗ္ဗာန်ဆိုတဲ့တရားဟာ အဟုတ်အမှန်ရှိကြောင်းကို
ယုံယုံကြည်ကြည်နဲ့လက်ခံပါပြီဆိုတော့ ဦးပဉ္ဇင်းက နိဗ္ဗာန်ဆိုတဲ့တရားဟာ
ဘယ်နေရာမှာ ရှိပါသလဲဆိုတဲ့ ဒုတိယအဆင့် မေခွန်းကို ဖြေကြားရဦးမယ်။

အထက်က ဦးပဉ္ဇင်းရှင်းပြခဲ့တဲ့အချက်အလက်များအရ
နိဗ္ဗာန်ဆိုတဲ့တရားကိန်းဝပ်ဘို့ရာ
နေရာဌာနရှိလို့ မဖြစ်တော့ဘူး။
အကယ်၍ နေရာဌာနတစ်ခုရှိခဲ့လျှင်
ထိုနေရာဌာနရဲ့ မူလဗီဇတရားရှိရမယ်။
မူလဗီဇတရားရှိတာနဲ့ တပြိုင်နက်
ထိုတရားဟာ ပျက်စီးချုပ်ငြိမ်းသွားရမယ်။

အမှန်ကတော့ နိဗ္ဗာန်ဆိုတဲ့တရားဟာ ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယောဆိုတဲ့
မဟာဘုတ်ကြီးလေးပါးနဲ့ ဘာမျှ မပတ်သက်ဘူး။ ကင်းလွတ်တယ်။
ဒီမဟာဘုတ်ကြီးလေးပါးနဲ့ ကင်းလွတ်လိုက်တာနဲ့ တပြိုင်နက်
ဘာတရားမျှ မရှိဘူး။ ဘာရုပ်ဝတ္ထုမျှ မရှိဘူး။
ဘာအသွင်သဏ္ဍာန်မှလဲ မရှိဘူး။ ဘယ်နေရာဌာနမှလဲ မရှိဘူး။
ဒီမဟာဘုတ်ကြီးလေးပါးစုပေါင်းဖြစ်ပေါ်ရတဲ့တရားဟူသမျှမှာ
ပျက်စီးချုပ်ငြိမ်းရတာချည်းဘဲ။

ဘာပြုလို့လဲဆိုတော့
စတင်ဖြစ်ပေါ်ခြင်း (ဇာတိ)၊ တိုးတက်ဖွံ့ဖြိုးခြင်း၊ ပျက်စီးယိုယွင်းခြင်း၊
ချုပ်ငြိမ်းခြင်းဆိုတဲ့တရားတွေဟာ
ဒီမဟာဘုတ်ကြီးလေးပါးတို့ရဲ့ မူလဗီဇကပါလာတဲ့ သဘောတွေဖြစ်လို့ဘဲ ဒကာကြီး။

ဒါကိုကြည့်ခြင်းအားဖြင့် နိဗ္ဗာန်ဆိုတဲ့တရားတည်ရှိဘို့အတွက်
နေရာဌာနဆိုတာ မလိုဘူးဆိုတဲ့အချက်ဟာ ထင်ရှားသွားပြီ ဒကာကြီး။
ဒကာကြီး
ဒီလို နိဗ္ဗာန်ဆိုတဲ့တရားကိန်းဝပ်ဘို့နေရာဌာနရယ်လို့ မရှိရင်
ဒီတရားဟာ ဘယ်လိုလုပ်ပြီး ရှိနိုင်ပါ့မလဲဘုရား။
ဆရာတော်
ကဲ ဒါဖြစ်ရင် ဒကာကြီးကို ဦးပဉ္ဇင်းက ပြန်မေးရအုံးမယ်။
ဒကာကြီး
မှန်ပါ့ဆရာတော်
ဆရာတော်
လောကမှာ ဉာဏ်ပညာဆိုတဲ့တရားရှိပါသလား ဒကာကြီး
ဒကာကြီး
ရှိပါတယ်ဆရာတော်
ဆရာတော်
ဒကာကြီး ဒီဉာဏ်ပညာဆိုတဲ့တရားကို မြင်ဘူးသလား
ဒကာကြီး
မမြင်ဘူးပါဘူးဆရာတော်။
ဒီတရားဟာ မမြင်နိုင်၊ မမြင်အပ်တဲ့တရားပါဆရာတော်။
ဆရာတော်
ဒါဖြင့်ရင် ဒီဉာဏ်ပညာဆိုတဲ့တရားဟာ ရှိတယ်လို့ ဒကာကြီး ဘယ်လိုလုပ်ပြီး သိပါသလဲ။
ဒကာကြီး
ဉာဏ်ပညာဆိုတဲ့တရားကို စိတ်အာရုံနဲ့ သညာသဘောနဲ့ သိပါတယ်ဆရာတော်။
ဆရာတော်
ဉာဏ်ပညာဆိုတဲ့တရားဟာ အဘယ်အရပ် အဘယ်ဒေသမှာ  ကိန်းဝပ်ပါသလဲ ဒကာကြီး။
ဒကာကြီး
ဉာဏ်ပညာဆိုတဲ့တရားဟာ ဘယ်နေရာ ဘယ်ဌာနမှ မကိန်းဝပ်ပါဘူးဘုရား၊
ဒါပေမဲ့ အဲဒီတရားဟာ ပေါ်ပေါက်လိုက် ပျောက်ကွယ်လိုက်
တဖန်ပေါ်ပေါက်လိုက်နဲ့ အစဉ်တစိုက်ဖြစ်ပျက်နေပါတယ်ဘုရား။
ဆရာတော်
လေဆိုတဲ့တရားဟာ ရှိပါသလား။
ဒကာကြီး
လေဆိုတဲ့တရားဟာ ရှိပါတယ်။ ဒီလေဆိုတဲ့တရားမရှိဘဲနဲ့
တပည့်တော်တို့ဟာ အသက်ရှင်မနေနိုင်ပါဘူးဆရာတော်။
ဆရာတော်
ဒကာကြီး လေကို မြင်ရသလား
ဒကာကြီး
မမြင်ရပါဘူးဆရာတော်။ လေဟာ မြင်နိုင်တဲ့တရား မဟုတ်ပါဘူး။
ဆရာတော်
လေဟာ ရှိတယ်ဆိုတာကို ဘယ်လိုလုပ်ပြီး သိအောင်လုပ်သလဲ ဒကာကြီး
ဒကာကြီး
လေကို တပည့်တော်တို့ရဲ့ ခန္ဓာကိုယ်အတွင်းမှာရော၊  အပြင်မှာပါ
လေရဲ့အားကို စမ်းသပ်တွေ့ထိခြင်းအားဖြင့်
လေဆိုတဲ့တရားဟာ တကယ်ရှိတယ်ဆိုတာ သိရပါတယ်ဆရာတော်။

ဆရာတော်
ဒါဖြင့် လေဟာ ဘယ်မှာ ကိန်းဝပ်နေပါသလဲဒကာကြီး။
ဒကာကြီး
ဉာဏ်ပညာဆိုတဲ့တရားလိုပါဘဲ ဆရာတော်၊
လေဟာလဲ အဆက်မပြတ် ဖြစ်ပေါ် ကွယ်ပျောက်နေတဲ့တရားပါဘဲ ဘုရား။

ဆရာတော်
ဉာဏ်ပညာတို့၊ လေ တို့ဆိုတဲ့တရားတွေဟာ တကယ်တမ်းရှိပါလျက်နဲ့
ဘယ်နေရာ ဘယ်ဒေသမှာ ကိန်းဝပ်လျက်ရှိတယ်လို့ မပြနိုင်သလိုဘဲ
နိဗ္ဗာန်ဆိုတဲ့တရားဟာလဲ တကယ်ရှိသော်လဲ
ဘယ်နေရာ ဘယ်ဒေသမှာ ကိန်းဝပ်တယ်လို့ မပြနိုင်ဘူး ဒကာကြီး။
ဉာဏ်ပညာဆိုတဲ့တရားနဲ့ လေဆိုတဲ့တရားတို့
တကယ်တမ်းရှိတယ်ဆိုတာကို
အာရုံခံစားခြင်း၊ တွေ့ထိခြင်းဆိုတဲ့သဘောတို့နဲ့သာ သိနိုင် နားလည်နိုင်သလို
နိဗ္ဗာန်ဆိုတဲ့တရားဟာ တကယ်ရှိတယ်ဆိုတာကိုလဲ
အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ရနေကြတဲ့ ပုဂ္ဂိုလ်များရဲ့
လောကုတ္တရာဉာဏ်၊ အာသဝက္ခယဉာဏ်တို့ဖြင့်သာ
သိမြင် နားလည်နိုင်တယ်။ ကဲ၊ ဒကာကြီး ကျေနပ်ပြီလား။
ဒကာကြီး
ကျေနပ်ပါပြီဆရာတော်၊ ဉာဏ်ပညာနဲ့ လေဆိုတဲ့တရားတွေလိုဘဲ
နိဗ္ဗာန်ဆိုတဲ့တရားဟာ တကယ်ရှိသော်လဲ
ဘယ်နေရာ ဘယ်ဌာနမှာ ကိန်းဝပ်တယ်လို့ ပြလို့
မဖြစ်နိုင်တာကိုလဲ သဘောပေါက်ပါပြီဆရာတော်။

အရှင်အရိယဓမ္မ ၏ ဗုဒ္ဓဝါဒပြဿနာများမှ ကူးယူဖော်ပြပါသည်။

4 comments

  • bigcat

    April 9, 2011 at 5:22 am

    ညဏ်ဆိုတာ နှလုံးသားကဖြစ်တယ်လို့ ကျမ်းဂန်များမှာဆိုပါတယ်။ သိပ္ပံပညာလိုကတော့ ဦးနှောက်ဆဲလ်များက လုပ်တာဖြစ်ပြီး နှလုံးသားနဲ့ စပ်ဆက်မှုသဘော ပြတာမတွေ့ဖူးပါ။ ပညာသည် နှလုံးသားက ဖြစ်တယ်ဆိုတာ အရင်ကလည်း ဆရာတော်များ ရှင်းတာဖတ်ဖူးပေမဲ့ ခေါင်းထဲ တင်မကျန်နေခဲ့ပါ။ တရားသဘောနှင့်တွေးလျင်တော့ သိမှုသဘော ခံစားမှုသဘောအဖြစ် နှလုံးသားမှလာသော ပညာညဏ်ကို နားလည်လို့ရပေမဲ့ လောကီလို တွေးသိချင်ပါသည်။ အချိန်ရလျင် ရိုးရိုးရှင်းရှင်း ပို့စ်တပုဒ်လောက် မေတ္တာရှေ့ထား တင်ပေးရန် လျောက်ထားပါသည် အရှင်ဘုရား။

    • ashinindaka

      April 9, 2011 at 6:04 am

      ရှုတ်ထွေးနက်နဲတဲ့ဟာကို ရှင်းအောင် တင်ဘို့ အတော်ကြိုးစားယူရမည်ဖြစ်ပါကြောင်း။

  • Hello Everyone

    April 9, 2011 at 8:33 am

    အရှင်ဘုရား ကို တပည့်တော် တခု မေးပါရစေ ဘုရား။ ခုတလော အပြင် မှာ ပြောနေတဲ့ ( နောက်၁၅နှစ်ကြာ ရင်မြန်မာပြည် မှာ စကြာဝတေးမင်း ပေါ်မယ်) လို့ ဆရာတော်တပါး ကဟောကြားတယ်ဆိုတာပါ။ အဲဒါ ဟုတ်နိုင်ပါသလား ဘုရား။ စကြာဝတေးမင်း ဆိုတာ က ဘယ်လို ပါရမီ မျိုးရှိ မှဖြစ်နိုင်တာပါလဲ ဘုရား။

    • ashinindaka

      April 9, 2011 at 8:36 am

      အခု စကြဝတေးမင်းပေါနေပြီလေ။ သူလိုချင်တဲ့သစ်တော၊ ကျောက်မျက်ရတနာ အကုန်ရနေမှတော ရေမြေ့ရှင် စကြဝတေးမင်းကြီးပေါ့။ 😛 နောက်များမှ ဆွေးနေတာပေါလေ။ ဒီအကြောင်းတွေကို။

Leave a Reply