နွေလွယ်အိပ်
နွေ……ရောက်ပြီလေ
စာတန်းထိုးပြလိုက်တော့….။
လွယ်အိပ်အနွမ်းကလေး နံရံမှာချိတ်
ကျောင်းတံခါးပိတ် ခေါင်းလောင်းသံလေးနဲ့
ကြိမ်လုံးဒဏ်လေးရဲ့ ခေတ္တအဝေးမို့
ဟိုရှေ့က ပိတောက်ပင်အိုလို
သူက ကလေးပြီပြီ ပျော်ရွှင်မှုတွေ သူဝေချင်နေပြီလေ။
“မိုးဆိုတာကိုယ်ရွာချင်တဲ့အချိန် မရွာတက်သလိုပဲ”
သူက နေ နဲ့လ ၊ ရွှေနဲ့မြ လို
မိဘ မျိုးက သန္ဓေတည်ခဲ့တာမဟုတ်တော့
၁ဝ နှစ်သား ကလေးတစ်ရောက်ရဲ့
ပျော်ရွှင်ခုန်ပေါက်ချင်စိတ်ကို
အိမ်ရဲ့ ကြမ်းပေါက်တစ်ချောင်းမှာ
သူကလေးသွေးနဲ့ ဖာထေးရင်း…
လွယ်အိပ်အနွမ်းကလေး ၊ ပုခုံးမှာချိတ်
အိမ်တံခါးလေးပိတ် ၊ ခေါင်းလောင်းလေးတီးလို့
သူဆိုညီးတဲ့ သီချင်းနာမည်က “ရေခဲထုပ်” တဲ့လား…။
သူကလေး ရင်ထဲမှာတော့
နေလောင်ခံထားတဲ့ ပိတောက်ကိုင်းခြောက်လို
ခြောက်ကပ်နေလေရဲ့…။
(ဘဝဆိုတဲ့ နွေဟာ ကိုယ့်ရဲ့ အေးမြချင်တဲ့ စိတ်ကူးမှန်သမျှ
အရည်ပျော်ကြစေနိုင်တာပဲလို့
ဒီကလေးလေးတစ်ယောက် တွေးမိနေမလား…ပဲ)
မှတ်ချက်။ ။ (မိသားစု ဝမ်းရေးအတွက်ဖြည့်ဆည်းပေးနေရတဲ့ ကလေးငယ်လေးတစ်ရောက်အတွက်)
2 comments
ငှက်ကြီး
April 10, 2011 at 2:51 am
တိုတိုလေးနဲ့ ထိတယ်ဗျာ။
hninkharr
April 10, 2011 at 10:45 am
ကောင်းတဲ့ကဗျာလေးတစ်ပုဒ်ပဲ