ဆရာပါရဂူ ရန်ကုန်မြိ့၌ နှလုံးရောဂါဖြင့် ကွယ်လွန်
၂၀၁ဝပြည့်နှစ် ဒီဇင်ဘာလအတွင်းက သက်ကြီးစာပေပညာရှင်ပူဇော်ပွဲ၌ ဆရာပါရဂူအား တွေ့ရစဉ် |
ဘာသာရေးနယ်ပယ်တွင်သာမက စာပေနယ်ပယ်၌ပါ ထင်ရှားသူ တစ်ဦးဖြစ်သည့် ဆရာပါရဂူ(အသက် ၉ဝနှစ်)သည် ဧပြီလ ၉ရက် နေ့နံနက် ၁ဝနာရီအချိန်တွင် ရန်ကုန်မြို့ရှိ အာရှတော်ဝင်အထူးကုဆေးခန်း၌ နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ကြောင်း သိရပါသည်။
သိဒ္ဓတ္ထ၊ ဒိဗျာ၊ တော်လှန်သောအတွေးအခေါ်၊ တရားရေစီးကြောင်း၊ စိတ္တရလေခါအစရှိသော စာအုပ်များဖြင့် ထင်ရှားခဲ့သော ဆရာပါရဂူသည် ၁၉၂၁ခုနှစ်ဖွားတစ်ဦးဖြစ်ပြီး ဟင်္သာတခရိုင်၊ သနွံသနော့ကျေးရွာ ဇာတိ ဖြစ်ပါသည်။
”ဆရာပါက စာပေနဲ့ပတ်သက်ပြီး လေးစားယုံကြည်တဲ့ ပုဂ္ဂိုလ်ဖြစ်သလို စာကို အမြဲတန်းရေးနေပြီး ရေးသမျှလည်း ကောင်းအောင်ရေးတဲ့သူဖြစ်တာမို့ သူ့ကို အတုယူရမှာဖြစ်ပါတယ်။ သူရဲ့သိဒ္ဓတ္ထဆိုရင်လည်း ပရိသတ် တွေအပေါ်မှာ ဩဇာအရမ်းကြီးခဲ့ပါတယ်။ တခြားစာအုပ်တွေနဲ့ ဆောင်းပါးများစွာကလည်း လူငယ်တွေကို လွှမ်းမိုးမှုများစွာရှိခဲ့ပါတယ်”ဟု စာပေနယ်သို့ ဆရာပါရဂူဝင်ရောက်ချိန်ကပင် သိကျွမ်းရင်းနှီးခဲ့သော ဆရာမောင်မိုးသူက ပြောပြပါသည်။
”ဆရာပါရဂူဟာ ရှားရှားပါးပါး ကျန်နေတဲ့ သက်ကြီးစာပေပညာရှင်တွေထဲက လေးစားရတဲ့၊ ဂုဏ်သိက္ခာရှိတဲ့ စာရေးဆရာတစ်ဦး ဖြစ်ပါတယ်။ အသက် ၉ဝဆိုတာ ရင့်မှည့်တဲ့အရွယ်ဖြစ်ပေမယ့် စာပေလောကအတွက်ရော၊ တိုင်းပြည်အတွက်ပါ နှမြောတတဖြစ်ရပါတယ်။ ဆရာဟာ စာပေအရာမှာရော၊ လူမှုရေးဆောင်ရွက်တဲ့နေရာမှာ ထူးထူးခြားခြား လုပ်ဆောင်နိုင်သူတစ်ဦး ဖြစ်ပါတယ်။ ပါရဂူရှန်တိနိကေတန်စာကြည့်တိုက်ဟာ ဆရာ့ရဲ့ အထင်ရှား ဆုံးမှတ်တိုင်ပါပဲ။ စာရေးပြီးတော့ စာပေယဉ်ကျေးမှုကို မြှင့်တင်ခဲ့တဲ့ဆရာဟာ စာကြည့်တိုက်ထူထောင်ပြီး ပညာဖြန့်ဖြူးတဲ့လုပ်ဆောင်မှုကိုပါ ဆောင်ရွက်ခဲ့ပါတယ်။ နောက်ပြီး သူဟာ လူငယ်အများစုရဲ့ ချစ်ခင်မြတ်နိုးမှုကိုလည်း ရရှိခဲ့သူ ဖြစ်ပါတယ်”ဟု သတင်းစာဆရာမောင်ဝံသက ပြောပါသည်။
ဆရာပါရဂူ၏ ကျန်ရစ်သော ရုပ်ကလာပ်ကို ဧပြီလ ၁၁ရက်၊ ညနေ ၄ နာရီအချိန်တွင် ရေဝေးသုဿန်၌ သဂြိုလ်မည်ဖြစ်ပြီး ဆရာပါရဂူ၏ နာရေးအတွက် စာရေးဆရာများစုပေါင်း၍ ဈာပနကော်မတီတစ်ရပ် ဖွဲ့စည်းထားကြောင်း သိရပါသည်။
ပါရဂူ (၁၉၂၁-၂၀၁၁)
– ၁၉၂၁ ခု၊ နိုဝင်ဘာ ၁ဝ ရက်၊ ကြာသပတေးနေ့တွင် ဟင်္သာတခရိုင်၊ သနွံသနော့ကျေးရွာ၌ မွေးဖွားခဲ့သည်။
-အမည်ရင်းမှာ မောင်လှကြိုင်ဖြစ်ပြီး သနွံသနော့ရွာ မူလတန်းကျောင်း၌ စတုတ္ထတန်းအထိ ပညာသင်ကြားခဲ့သည်။ သင်္ကန်းဝတ်ချင်စိတ် ပြင်းထန်သဖြင့် စာမေးပွဲ မဖြေဆိုခဲ့ဘဲ ၁၁နှစ်သားတွင် ကိုရင်ဝတ်ခဲ့ကာ လောကုတ္တရာစာပေကို စသင်ဖြစ်သည်။ ကိုရင်ဘွဲ့အမည်မှာ ရှင်ပုဏ္ဍရိကဖြစ်သည်။ ၁၄ နှစ်အရွယ်တွင် ဟင်္သာတမြို့ မြစ်ကွေ့ကျောင်းတိုက်၌ ပညာဆက်သင်ခဲ့ပြီး ရှင်ပုဏ္ဍရိက ဘွဲ့အမည်ကို ရှင်ပါရဂူဘွဲ့ပြောင်းသည်။ သဒ္ဒါ၊ သင်္ဂြိုဟ်မှ စ၍ သင်ကြား ခဲ့သည်။ ရှင်တေဇောသာရ (ဒဂုန်ဦးထွန်းမြင့်)က စာချပေးခဲ့သည်။
-အသက် ၁ရ နှစ်ရွယ်တွင်ပထမကြီးတန်းတို့ကို အောင်မြင်ခဲ့ပြီး သာယာ ဝတီခရိုင်၌ ပထမကြီးနှစ်ပါးအောင်မြင်ရာ တစ်ပါးမှာ ရှင်ပါရဂူဖြစ်ခဲ့သည့် အပြင် ပထမပြန်စာမေးပွဲသမိုင်း၌ ၁ရနှစ်နှင့် ပထမကြီးတန်းအောင်မြင်သူ နှစ်ပါးရှိခဲ့သည့်အနက် တစ်ပါးမှာရှင်ပါရဂူ ဖြစ်သည်။ ၁၉နှစ်အရွယ်၌ အစိုးရ ဓမ္မာစရိယစာချတန်း ဂုဏ်ထူးကျမ်းအောင်မြင်သည်။
-၁၉၄ဝ ခုနှစ် ဩဂုတ်လထုတ် တိုးတက်ရေးမဂ္ဂဇင်း၌ ‘ဘုန်းကြီးကျောင်းသား’အမည်ဖြင့် ‘ရင်သွေး’ ဝတ္ထုတိုကို ရေးသားခဲ့ကာ ပထမဆုံးဝတ္ထုဖြစ်သည်။
– ၁၉၄ရခုနှစ်တွင် အိနိ္ဒယနိုင်ငံ၊ ဗာရာဏသီမြို့၊ ဗာရာဏသီ ဟိန္ဒူ တက္က သိုလ် အိုရီယန်တယ်ကောလိပ်၌ အိနိ္ဒယသူဌေးကြီးဗီရလာ၏ အရိယဓမ္မ ပညာတော်သင်ဆုဖြင့် ဟိန္ဒီနှင့် သက္ကတဘာသာကို သင်ယူခဲ့သည်။
– ၁၉၅၂ ခုတွင် မြန်မာနိုင်ငံသို့ ပြန်လာသည်။ ဝိဇ္ဇာအမည်ဖြင့် ရာဟု လာသံကိစ္စည်း၏ ဗော်လဂါမှ ဂင်္ဂါသို့(ဒုတိယပိုင်း)ကို မြန်မာပြန်ခဲ့သည်။ ပထမပိုင်းကို ရှင်ဉာဏိဿရ(ဦးဆန်းထွန်း)က ဘာသာပြန်ခဲ့သည်။
– ၁၉၅၄ ခုတွင် ပါရဂူအမည်ဖြင့် ‘ဗုဒ္ဓစကား’ကိုရေးခဲ့သည်။ ၁၉၅၅ ခုတွင် ရဟန်းဝတ်မှ လူဝတ်လဲခဲ့သည်။
– ၁၉၅၆ ခုနှစ်တွင် နယူးဒေလီမြို့၌ကျင်းပသော အာရှစာရေးဆရာ ညီလာခံ၏ အတွင်းရေးမှူးအဖွဲ့ဝင်နှင့် ညီလာခံကိုယ်စားလှယ်အဖြစ် ပါဝင် တက်ရောက်ခဲ့သည်။
– ၁၉၅ရခုနှစ်မှ ၁၉၆၁ခုနှစ် အထိ မြန်မာနိုင်ငံရှိ အိန္ဒိယသံရုံးပြန်ကြားရေး ဘာသာပြန်အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၅၈ခုနှစ်မှ ၁၉၆၁ အထိ မြန်မာနိုင်ငံစာရေးဆရာအသင်းတွင် အမှုဆောင် တာဝန်ထမ်းဆောင်သည်။
– ၁၉၆၃ ခုနှစ်တွင် သုန္ဒရနန္ဒခေါ် ညီတော်မင်းနန်စာအုပ်ဖြင့် အနုပညာဆိုင်ရာ ဘာသာပြန်စာပေဆု ရရှိခဲ့သည်။
– ၁၉၆၃ မှ ၁၉၆၅ထိ မြန်မာနိုင်ငံ စာရေးဆရာသမဂ္ဂအသင်းအမှုဆောင်၊ မြန်မာနိုင်ငံ စာပေပြန့်ပွားရေး အသင်းအမှုဆောင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၇၁မှ၁၉၇၅ ခုနှစ်အထိ မြန်မာစာကော်မရှင်အဖွဲ့၊ အဖွဲ့ဝင် တာဝန် များကို ထမ်းဆောင်ခဲ့သည်။
– ၁၉၇၅ ခုနှစ်မှစ၍ ငါးနှစ်ခန့်ကြာသည်အထိ ဗာရာဏသီမြို့ ဟိန္ဒီနေ့စဉ် သတင်းစာ(အာ့ချ်)၌ ဦးပါရဂူအမည်ဖြင့် ‘မြန်မာပြည်မှပေးစာ’ ခေါင်းစဉ်တပ်လျက် ဟိန္ဒိဘာသာ သတင်းဆောင်းပါး မှန်မှန်ရေးခဲ့။
– ၁၉၈ဝ ပြည့်နှစ်တွင် အိန္ဒိယနိုင်ငံ အီဂတ်ပူရီ နိုင်ငံတကာ ဝိပဿနာ အကယ်ဒမီမှဖိတ်၍ သွားရောက်ခဲ့သည်။
– ၁၉၈၆ ခုနှစ်တွင် ‘ဂေါရီ’ဝတ္ထုဖြင့် အမျိုးသားစာပေဆု ဘာသာပြန်ဆုရရှိခဲ့သည်။ ထိုနှစ်ထဲတွင် အိနိ္ဒယနိုင်ငံ အီဂတ်ပူရီတွင်ကျင်းပသော နိုင်ငံတကာဝိပဿနာအကယ်ဒမီ၏ နိုင်ငံတကာဝိပဿနာ ဆီမီနာသို့ တက်ရောက်ခဲ့သည်။
– ၁၉၈၉ တွင်မြန်မာပြည် တဂိုးအသင်းဥက္ကဌ မြန်မာပြည် ဟိနီ္ဒအသင်း ဥက္ကဌ။ ၁၉၉ဝ တွင် ပါရဂူ ကလောင် အမည်ဖြင့်ရေးသော ပင်ကိုယ်ရေး ‘ပရိယဒရရှီ အရှို(က်)’ (ပိယဒဿီ အသောက) ဟိနီ္ဒလုံးချင်းဝတ္ထုကို နယူးဒေလီမြို့ ‘ဧရာဝတီပတ်ဘလစ်ကေးရှင်း’မှ ထုတ်ဝေခဲ့သည်။
– ၁၉၉၄ -ခုနှစ် ဖေဖော်ဝါရီလ၌ ဗာရာဏာသီ ဆာရနတ် (မိဂဒါဝုန်)တွင် ကျင်းပသော ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ နှင့်ပတ်သက်သော အလုပ်ရုံဆွေး နွေးပွဲသို့ တက်ရောက်ခဲ့သည်။
– ၂၀၀၁ ခုနှစ် ပခုက္ကူဦးအုန်းဖေ၏ တစ်သက်တာစာပေဆု ချီးမြှင့်ခြင်း ခံရသည်။
– ၂၀၀၁-ခုနှစ်၊ အသက် ၈ဝ ပြည့် ချိန်တွင် လုံးချင်းစာအုပ် ၁၀ဝအထိ ပုံနှိပ်ထုတ်ဝေခဲ့သည်။
– ၂၀၀၂ခုနှစ်တွင် အမျိုးသားစာပေတစ်သက်တာစာပေဆုကို ရရှိခဲ့သည်။
– ၂၀၀၅ခုနှစ်တွင် ပါရဂူရှန်တိနိကေတန်စာကြည့်တိုက်ကို ရွေပေါက္ကံမြို့ သစ်၌ ထူထောင်ခဲ့သည်။
– ရေးသားခဲ့သော စာအုပ်များအနက် ထင်ရှားသောစာအုပ်များမှာ ဗုဒ္ဓစကား၊ ဓမ္မစကား၊ ဗုဒ္ဓဒိုင်ယာရီ၊ နိဗ္ဗာန်၊ ညီတော်မင်းနန်၊ သားတော်ရာဟုလာ၊ သိဒ္ဓတ္ထ၊ ဒိဗျာ၊ တော်လှန်သော အတွေးအခေါ်၊ စိတ္တရလေခါ၊ အမ္ဗပါလီ၊ ပီယဒဿီ၊ ပရကထာ၊ တရားရေစီးကြောင်း၊ ဘဝခရီးသည်၊ တမ္ပပဏ္ဍိ၊ ပုဂံခရီးသည်နှင့် ယယာတိတို့ဖြစ် ကြပါသည်။
Eleven Media Group မှ ကူးယူဖော်ပြသည်။
2 comments
phyoshein
April 10, 2011 at 4:05 pm
အရမ်း ဝမ်းနည်းရပါတယ်…
True Answer
April 11, 2011 at 1:58 am
Breaking News for us