If I will..

စဆရ ႀကီးApril 10, 20111min1397

၁။

ရုံးမှ ကြိုပို့ကားသည် ကျွန်တော်နေထိုင်ရာ ဆင်ခြေဖုံးရပ်ကွက်အတွင်းသို့ မဝင်နိုင်သည့်အားလျော်စွာ အများသူငါ Bus စောင့်စားရာမှတ်တိုင်တွင် ကျွန်တော့်အား စွန့်ပစ်ခဲ့ပြီးသကာလ အခြားသောသူများကို နေထိုင်ရာအရပ်သို့ ရောက်စေခြင်းအလို့ငှာ နှုတ်မဆက်ပါဘဲ ထွက်ခွာသွားလေ၏။ ထိုအကြောင်းအရာကို အပြစ် တင်သင့်/မတင်သင့် စဉ်းစားနေချိန်မရ၊ တစ်နေ့တာ ပင်ပန်းခဲ့သည့် ခြေလှမ်းများက သွက်လက်လွန်းလှပါဘိ။

ဪ… အိမ် ပြန်ရောက်တော့မှာပါလား။

၂။

အိမ်ခြံစည်းရိုး ဖြူဖြူလေးကို လှမ်းမြင်လိုက်တဲ့သကာလမှာပဲ မြေသင်းနံ့လေးတွေ တငွေ့ငွေ့လွင့်ပျံ့လာတာကိုရှူရှိုက်မိပြီး ငါ့အိမ်ကို ပြန်ရောက်ပါရော့လားဆိုတဲ့အသိနဲ့ ခပ်သုတ်သုတ်လှမ်းမိတဲ့ခဏမှာ အိမ်ဝင်းတံခါးလေးကိုတွန်းဖွင့်၊ နေ့စဉ်မပြောင်းလဲနိုင်တဲ့အကြည့်နဲ့ အိမ်တံစက်မြိတ်အောက်ကို လှမ်းမျှော်ကြည့်လိုက်ပြန်တော့ ရေချိုး၊ သနပ်ခါးလိမ်းပြီး ကျွန်တော်ပြန်အလာကို မျှော်လင့်တကြီးစောင့်စားနေတဲ့ မဒမ်… လူကို တွေ့လိုက်ရတာနဲ့ တစ်နေ့တာ ပင်ပန်းခဲ့ပါတယ်ဆိုတာ ဘာကိုဆိုရမလဲမသိအောင် အမောပြေသွားလိုက်တာ၊ သူ့ဆီက အနမ်းပန်းလေးတစ်ပွင့်၊ ရေကြည်ချမ်းမြလေးတစ်ခွက်မသောက်ရခင်ကိုက နွမ်းသမျှ လန်းခဲ့ရပြန်ပေါ့တစ်ခါ။

သူ့အပြုံးလေးကို တရှိုက်မက်မက်မြိုချရင်း ဧည့်ခန်းထဲကို မျှော်လင့်တကြီး လှမ်းမျှော်လိုက်ပြန်တော့ သားအကြီးကောင်က ကျောင်းစာအုပ်ပုံတွေကြားမှာ ခေါင်းကိုကုပ်၊ ဖင်ကိုကုပ်ရင်း ကျောင်းစာတွေလေ့လာနေလိုက်ပုံများတော့ ကျွန်တော်ငယ်စဉ်တုန်းက ဘဝကို ပြန်မြင်ယောင်မိရင်း မဲ့ပြုံးလေးတစ်ချက်တော့ ပြုံးလိုက်မိတယ်။ ဒီကောင် အဖေ့ခြေရာတင်ဘယ်ကမလဲ၊ တံခေါက်ခွက်( ဒံဂေါက်ခွက် ) ပါ နင်းမယ့်ကောင်ဆိုပြီး….။ သမီးအငယ်ကိုကြည့်လိုက်ပြန်တော့ မနက်ဖြန် အဖေ့ထမင်းချိုင့်အတွက် အဖေကြိုက်တတ်တဲ့ ချဉ်ပေါင်ရွက် ကြော်ဖို့အတွက် သင်နေရင်းနဲ့ သူဝါသနာပါရာ ခေတ်ပေါ်သီချင်းတစ်ပုဒ်ကို အာခေါင်ပြဲကြီးနဲ့ အကျယ်ကြီး အော်ဆိုနေလေရဲ့ဗျာ။

” သားတို့ရုပ်ရည်၊ သီတာမြည်သား ” ဆိုတဲ့စကားကို ကျွန်တော်ငယ်စဉ်အခါကတော့ လက်တွေ့မဆန်တဲ့အတွက် ခါးခါးသီးသီး ကန့်ကွက် ငြင်းဆိုခဲ့ဖူးပေမယ့် ကိုယ်တိုင်မိဘ ဘဝကိုရောက်လာတဲ့အခါကျမှ ဒီစကားတယ်မှန်ပါလားလို့တွေးလာမိပြန်တယ်။ နေ့စဉ်ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကုန်ဈေးနှူန်း ဆိုတဲ့ ကြောက်စရာ အကောင်ကြီးကို မဒမ် လူ… နဲ့တူတူ မောင်တစ်ထမ်း၊ မယ်တစ်ရွက်၊ ဒိုးတူပေါင်(ဘောင်)ဖက် ကြိုးစားရင်ဆိုင်နေပါလျက်နဲ့ မကျော်လွှားနိုင်ခဲ့သေးတဲ့ ကျွန်တော့်မှာတော့ သူတို့ရဲ့ အပြစ်ကင်းစင်တဲ့ မျက်ဝန်းလေးတွေကို ငေးစိုက်လိုက်မိတဲ့ခဏမှာပဲ ဘဝကိုရင်ဆိုင်ဖို့ သံသယဝင်နေတဲ့ စိတ်တွေဟာလည်း ” ငါမိဘပဲ ” ဆိုတဲ့ ခွန်အားတွေအပြည့်နဲ့ လောကကြီးကို စိန်ခေါ်ချင်လာမိတယ်။

၃။

ရေမိုးချိုးပြီး ရုံးဝတ်စုံတွေကို လဲပြီးတဲ့နောက်မှာတော့ ကျွန်တော့်နေ့စဉ်အပြုအမူအတိုင်း အပြင်အလုပ်လေးလုပ်ရင်း ငွေလေးမြိုးမြိုးမြက်မြက်ရစဉ်တုန်းက ဝယ်ထားတဲ့ TV နဲ့ DVD ရှေ့မှာ သား/သမီး၊ ဇနီးကြင်ယာနဲ့ တူယှဉ်တွဲထိုင်ရင်း စိတ်ဝင်စားရာ ဇာတ်လမ်းလေးတွေကို အခွေထိုးထိုင်ကြည့်ရင်းနဲ့ ကျွန်တော်ကတော့ ပင်တိုင် ဘာသာပြန်သူပေါ့။ သူတို့ကို ဇာတ်ကြောင်းအပြင် ကိုယ်ပိုင်အမြင်လေးတွေကိုပါ ပြန်လည် မျှဝေရှင်းပြရင်း အိမ်ထောင်ဦးစီးရာထူးကို ကျေကျေနပ်နပ်ကြီး နေရာဝင်လုရတာ။ အဲလိုမှမဟုတ်ရင် မဒမ် လူ…. က နေရာဝင်လုသွားမှာကိုး။ မိသားစုစုံညီထမင်းဝိုင်းက စားကောင်းခဲ့သမျှကို ထမင်းလုံးစီရင်းနဲ့ ည ၉းဝဝ တောင်ကျော်ပါရော့လား။

၄။

သားအကြီးနဲ့ သမီးအငယ်ကို ရင်ခွင်ထဲမှာထည့်၊ ညစဉ်တာဝန်မပျက် သူတို့ တစ်နေ့တာ ဖြစ်ပျက်ခဲ့သမျှတွေထဲက အတုယူစရာ၊ ပြင်ဆင်စရာရှိတာတွေကို ဆိုဆုံးမ၊ သူတို့ကြိုက်နှစ်သက်ရာ အိပ်ယာဝင်ပုံပြင်တွေကို ရွတ်ဆိုပြရင်း ဖြတ်သန်းရတဲ့ အချိန်တွေကို ဘာနဲ့မှ မလဲနိုင်အောင်ပါပဲ။ သူတို့လေးတွေ နှစ်နှစ်ချိုက်ချိုက် အိပ်မောကျသွားပြီဆိုတဲ့အခါမှ မဒမ် လူ…… ရှိရာဆီ တစ်ရွေ့ရွေ့ ခြေသံဖွဖွလှမ်းရင်း………..

၅။
……………………..
……………………..
……………………..
တီ တီ တီ တီ!!!!!!

ခြောက်ကပ်နေတဲ့ ညသန်းခေါင်ယံအလယ်မှာ ရုတ်တရက် နိုးထလာရင်းနဲ့ အိပ်ယာဘေးက နှစ်ချိုက်စွာ အိပ်မောကျနေမယ့် မဒမ် လူ….. ကို စမ်းကြည့်တော့ စောင်တစ်ထည်ပဲ တွေ့ရတယ်။ ကုတင်(ခုတင်)က ခုန်ဆင်းပြီး ဂျူနီယာ.. လူ လေးတွေကို လိုက်ရှာပြန်တော့လည်း ဘယ်သူမှ မရှိပါလား။

ဪ……….

ငါ အိမ်မက် မက်နေပြန်ပါရော့လား……။ ။

7 comments

  • bigcat

    April 10, 2011 at 2:56 am

    တော်တော်နောက်တဲလူပဲ။ အဟုတ်မှတ်လို့ ဖတ်နေတာ။ နောက်တာလည်းနောက်ပေါ့ဗျာ၊ ကောင်းခန်းလေးတော့ ပြီးအောင်ဆက်ပါအုံး….

  • ဆူး

    April 10, 2011 at 8:44 am

    တီတီ ဆိုတာ နာရီ အလန်းမြည်တာလား။

    • eros

      April 10, 2011 at 9:16 am

      မဟုတ်ဘူမဆူးရေ အလုပ်က ပေးထားတဲ့ ဖုန်းက ညကြီးမိုးချုပ် အရေးကြီးလို့ အလုပ် လာဆင်းဖို့ခေါ်တဲ့ အသံ။

  • hmee

    April 20, 2011 at 6:26 pm

    တကယ်မှတ်လို. …ပြီးတော့မှ အိမ်မက်တဲ့။

  • အင်းးးးးးးး
    ခုတ်ရာတစ်ခြား၊ ရှရာတစ်လွဲတွေ ဖြစ်ကုန်ပါပေါ့လား။ ခေါင်းစဉ်ဆိုတာ ဇာတ်လမ်းတစ်ခုလုံးရဲ့ အနှစ်ချုပ်ပါပဲ။ ဒီ post ကို ကျွန်တော်ရေးသားရခြင်းမှာ ခေါင်းစဉ်ကို ဖတ်ကြည့်လျင် နားလည်မယ်လို့ထင်ထားတာပါ။ ဖတ်တဲ့သူတွေမှာ အတွေးစလေးတွေ ကျန်ခဲ့စေချင်လို့ပါ။ ဒီလိုမျိုး ကိုယ်ဖြစ်ချင်တဲ့မိသားစုဘဝလေးကို စိတ်ကူးယဉ်နေတဲ့သူတစ်ယောက်ရဲ့ အိမ်မက်ဆိုးတွေကို ခံစားနားလည်စေချင်တာပါ။ သိပ်အဝေးကြီးကြည့်စရာမလိုပါဘူး၊ အဲလိုလူတွေ ကိုယ့်ပါတ်ဝန်းကျင်မှာကိုအများကြီးရှိပါတယ်။ ကျွန်တော်လဲ တစ်ယောက်အပါအဝင်ပေါ့။

Leave a Reply