အနုပညာရှင်များနှင့် သင်္ကြန်အစီအစဉ်

ဦးကောက်April 10, 20111min1161

e4210

e4210a

ကျော်ကျော်ဗို

ကျွန်တော် သင်္ကြန်ရက်မှာ အနားယူအပန်းဖြေပြီး အိမ်မှာသမီး ကို အဖော်လုပ်ပေးမယ်။ သင်္ကြန်ရက် တွေမှာလည်ဖို့ အစီအစဉ်မရှိပါဘူး။ သင်္ကြန်မတိုင်ခင်အထိ ဇာတ်ကား ရိုက်တွေရှိတယ်။ သင်္ကြန်ပြီးရင်တော့ ကျွန်တော်တို့ နှင်းဆီအဖွဲ့နယူးဇီလန် ကို ဖျော်ဖြေရေးခရီး သွားဖို့ရှိပါတယ်။ သင်္ကြန်အပြီး နှစ်ဆန်းတစ်ရက်နေ့ က ကျွန်တော့်မွေးနေ့လည်းဖြစ်တော့ နှစ်စဉ် နှစ်ဆန်းတစ်ရက်နေ့ ဆိုရင် အလှူဒါနပြုလေ့ရှိပါတယ်။ ဒီနှစ်မှာလည်း နှစ်ဆန်းတစ်ရက်နေ့ကို အလှူ ဒါနတစ်ခု ခုပြုရင်း ဖြတ်သန်းမှာပါ။

နေတိုး

သင်္ကြန်မတိုင်ခင်အထိ ကျွန် တော် ၁၂ နာရီ သတို့သားရုပ်ရှင်ကား ကြီးရိုက်နေတယ်။ ဒီနှစ်သင်္ကြန်မှာ တော့ ကျွန်တော်အိမ်မှာပဲ အနားယူရင်း အေးအေးဆေးဆေးဖြတ်သန်း မှာပါ။ သင်္ကြန်ရက်မှာ ရန်ကုန်အိမ် မှာရှိနေမယ်။ သင်္ကြန်ပြီးရင်တော့ ကားရိုက်ကျန်တာလေးတွေ ဆက်ရိုက်ဖို့ရှိတယ်။ သင်္ကြန်မှာ မင်းသွေး လည်း ကျွန်တော်နဲ့အတူ အိမ်မှာပဲ နေဖြစ်မယ်။ သင်္ကြန်အပြီး မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ နှစ်စဉ်လှူဒါန်း မှုပြုလေ့ရှိတော့ ဒီနှစ် နှစ်ဆန်းတစ်ရက်နေ့မှာ အလှူဒါနတစ်ခုခု ပြုလုပ်ဖြစ်မှာပါ။ ဒီနှစ်သင်္ကြန်မှာ ပရိသတ် တွေအားလုံး ပျော်ရွှင်စွာ ဖြတ်သန်း နိုင်ပါစေ။

ဖြိုးကြီး

ကျွန်တော်ဒီနှစ်သင်္ကြန် နေပြည်တော်က အင်္ဂပူရီမဏ္ဍပ်မှာ ရှိပါမယ်။  ကျွန်တော်နဲ့အတူ ယုဇန၊ ဇမ်နူးနဲ့အဆိုရှင် အတော်များများ ပါမှာပါ။ သင်္ကြန် ကာလမှာ ပရိသတ်တွေ အားလုံး အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့ဆု တောင်းပါတယ်။

သားစိုး

ကျွန်တော် ဒီနှစ်သင်္ကြန် နေပြည်တော်မှာ ရွှေသံလွင် ကုမ္ပဏီက လုပ်တဲ့ ရွှေဧည့်သည်မဏ္ဍပ်မှာ ရှိမယ်။ သင်္ကြန်အနေနဲ့ ဒီနှစ်မှာကျွန်တော် အထူးစီစဉ်ထားမှုအဖြစ် အကတွေ အများကြီး တိုက်ထားတယ်။ ကျွန်တော့်သင်္ကြန် မဏ္ဍပ်ရှေ့ကို ရောက်လာတဲ့ ပရိသတ်အနေနဲ့ ကျွန်တော့်တို့ ဖျော်ဖြေမှုကို ခံစားတဲ့အခါ အသွင်အပြင်ကစပြီး အသစ်ဖြစ်စေဖို့အတွက် အဝတ်အစားကစပြီး ကကွက်တွေ အထိ ဒီဇိုင်းအသစ်တွေ လုပ်ထားပါတယ်။ အရင်နှစ်တွေကထက် ဒီနှစ်မှာ ပိုလုပ်ဖြစ်တယ်။ အရင်က သင်္ကြန် နားနီးရင် အခွေထွက်ဖြစ်တော့ အဲဒီအတွက် လုံးပန်းနေရတယ်။ ဒီနှစ်မှာတော့ အခွေမထွက်ဖြစ်တော့ ဖျော် ဖြေရေးအတွက် သေချာအချိန်ပေးပြီး လုပ်ဖြစ်တယ်။ မြန်မာချစ်သူအက အဖွဲ့ခေါင်းဆောင် မစိမ်းနဲ့အတူ ဖျော် ဖြေဖြစ်မှာပါ။

ယုန်လေး

ကျွန်တော် ဒီနှစ်သင်္ကြန် လားရှိုးမှာ သီချင်းသွားဆိုဖြစ်ပါမယ်။ ကျွန်တော်နဲ့အတူ ဆူဇီနဲ့ ဆုပန်ထွာတို့ လည်းပါမှာပါ။ လားရှိုးမှာဆိုဖို့ ပြောထားတာ ကြာနေပြီလေ။ ဒီနှစ်သင်္ကြန်တော့ သွားမယ်ဆိုပြီး စီစဉ်ဖြစ်သွား တာ။ သင်္ကြန်ခံစားမှုကတော့ မပြောင်းလဲပါဘူး။ သင်္ကြန်ဆိုရင် ဘယ်နေရာမှာပဲဖြစ်ဖြစ် ပျော်နေတာပဲ။ ဆိုမယ်၊ ကမယ်၊ ပရိသတ်တွေနဲ့အတူ ပျော်မယ်။ အဲဒီခံစားချက်ကတော့ မပြောင်းလဲပါဘူး။ သင်္ကြန်ကာလမှာ အားလုံး ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

ဟိန်းဝေယံ

ကျွန်တော်သင်္ကြန်မှာလည် လေ့သိပ်မရှိဘူး။ အရင်နှစ်တွေတုန်းက သင်္ကြန်ဆိုရင် ဘုန်းကြီးဝတ်ချင်  ဝတ် မဝတ်ဖြစ်ရင် တရားစခန်းဝင်တယ်။ မနှစ်ကတော့ ဘုန်းကြီးမဝတ်ဖြစ်ဘဲ တရားစခန်းဝင်ဖြစ်တယ်။ ဒီနှစ်သင်္ကြန်မှာတော့ ကျွန်တော်အိမ်မှာ ပဲ အေးအေးဆေးဆေး အနားယူဖြစ်မှာပါ။ သင်္ကြန်မတိုင်ခင် ထိလည်း ဇာတ်ကားရိုက်တွေရှိသလို သင်္ကြန်အပြီးမှာလည်း ဇာတ်ကားရိုက်တွေ  ရှိနေတော့ ဒီနှစ်သင်္ကြန် အနားယူမယ်။

အောင်ရဲလင်း

ကျွန်တော်မြိတ်မြို့မှာ ရှိဖို့များပါတယ်။ မန္တလေးကလည်း ဖိတ်ထားတာ ရှိပါတယ်။ မဏ္ဍပ်ထိုင်ရင်း တချို့ရက်တွေမှာ သီချင်းဆိုဖြစ်မှာပေါ့။ မြိတ်မှာ သင်္ကြင်္န်နေဖို့ မြိတ်မြို့ က တာဝန်ရှိသူကိုယ်တိုင် ဖိတ်ထား တာပါ။ သင်္ကြန်အပြီးမှာတော့ ကားရိုက်တွေရှိတယ်။ နှစ်ဆန်းတစ်ရက် နေ့မှာ အိမ်မှာနေပြီး ဘုရားရှိခိုး၊ လူ ကြီးမိဘတွေကို ကန်တော့အဲဒီအလုပ်တွေ လုပ်ဖြစ်မှာပါ။

e4210bချောရတနာ

သင်္ကြန်အစီအစဉ်က အခုချိန်ထိ ဘယ်မှာရှိမယ်ဆိုတာကို ပြောလို့ မရသေးပါဘူး။ သီချင်းဆိုဖို့အတွက်  လာငှားတာတွေရှိတယ်။ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး သုံးမြို့လုံးမှာသီချင်းဆိုဖို့ ကမ်းလှမ်းထားတာရှိ တယ်။ ချောကိုယ်တိုင်က ဘာလုပ်ရမယ်ဆိုတာကို မဆုံးဖြတ်ရသေးဘူး။ မြို့ကို သေချာမရွေးရသေးပေမယ့် သင်္ကြန်ရက်တွေမှာ မဏ္ဍပ်တစ်ခုခုမှာ သီချင်းဆိုဖြစ်ဖို့များပါတယ်။ ဧပြီလ ထဲမှာ ကားရိုက်တွေရှိနေတော့ သင်္ကြန် အပြီးမှာလည်း ကားရိုက်ပေးဖို့ရှိတယ်။ သင်္ကြန်မတိုင်ခင်ထိတော့ နယ်မှာသီချင်းဆိုဖို့ ရှိပါတယ်။

သက်မွန်မြင့်

သက်မွန် ဒီနှစ်သင်္ကြန် အိမ်မှာ ပဲရှိနေမှာပါ။ သင်္ကြန်ရက်တွေမှာ လည်ဖို့ အစီအစဉ်မရှိပါဘူး။ သင်္ကြန် မတိုင်ခင်ဧပြီလ ၅ ရက်နေ့ သက်မွန် ရုပ်ရှင်ကားကြီး ရိုက်ပေးရမယ်။ ဒါပြီးရင် မင်းမော်ကွန်းနဲ့ ဗီဒီယိုတစ်ကား ရိုက်မယ်။ သင်္ကြန်အပြီးမှာတော့ ပြင်ဦးလွင်မှာ ဇာတ်ကားသွားရိုက် ဖြစ်ဖို့များပါတယ်။ သင်္ကြန်မှာ ပရိသတ်တွေ အေးအေးချမ်းချမ်းနဲ့ ပျော်ရွှင်နိုင်ဖို့ ဆုတောင်းပေးပါတယ်။

မေကဗျာ

မနှစ်က သင်္ကြန်မှာ သီချင်းဆို ဖြစ်တယ်။ ဒီနှစ်သင်္ကြန်မှာတော့ အိမ်မှာပဲ အနားယူမယ်။ သင်္ကြန်မတိုင်ခင်ထိ ကားရိုက်တွေရှိတယ်။ သင်္ကြန် ပြီးရင် နယူးဇီလန်ကို သွားမယ်။ ပြန်လာရင် ကားရိုက်တွေရှိတယ်။  သင်္ကြန် ပြီးတဲ့ မြန်မာနှစ်ကူး နှစ်ဆန်းတစ်ရက်နေ့မှာ မိဘတွေ လက်ထက်က စပြီး အိမ်သန့်ရှင်းရေးလုပ်တာ၊ ကောင်းမှု ကုသိုလ်လုပ်လေ့ရှိတော့ နှစ်စဉ်ဖြတ်သန်းလေ့ ရှိတဲ့အတိုင်း ဒီနှစ်နှစ်ဆန်းတစ်ရက်နေ့ကိုလည်း အဲဒီအလုပ်တွေနဲ့ ဖြတ်သန်းမယ်။

မိုးဟေကို

မိုးဟေ သင်္ကြန်ရက်တွေကို အပြင်ထွက်လေ့ သိပ်မရှိပါဘူး။ အရင်နှစ်တွေကလည်း အိမ်မှာအနား ယူလေ့ရှိတယ်။ ဒီနှစ်မှာလည်း မိုးဟေ ရဲ့ထုံးစံအတိုင်း သင်္ကြန်ရက်တွေကို အိမ်မှာပဲ အနားယူရင်း ဖြတ်သန်းမှာ ပါ။ သင်္ကြန်ပြီးရင် ဒီဗီဒီကားရိုက်ဖို့ ရှိပါတယ်။ နှစ်ဆန်းတစ်ရက်နေ့ဆိုရင် အလှူဒါနတွေပဲ လုပ်ဖြစ်မှာပါ။

ချစ်သုဝေ

ထရီဇာဒီနှစ်သင်္ကြန် မန္တလေး မြို့တော်ဝန်က ဏ္ဍပ်မှာပါ။ Metal Zone Band နဲ့အတူ သွားဖြစ်မှာပါ။ ထရီဇာအတွက် မန္တလေး သင်္ကြန်က မစိမ်းဘူးပေါ့နော်။ ဘယ်လိုပဲဖြစ်ဖြစ် သင်္ကြန်နားနီးရင်တော့ ရင်ခုန်တာပါ ပဲ။ ဒီနှစ်သင်္ကြန်မှာ ထရီဇာ တစ်ကိုယ်တော်ခွေထဲက သီချင်းလေးတွေလည်း ဆိုမယ်လို့ စိတ်ကူးထားတယ်။ သင်္ကြန် ခံစားချက်ကတော့ ဘာနဲ့မှမတူဘူး။ သင်္ကြန်သီချင်းသံလေးတွေ ကြားရင် ကို လူကအလိုလိုနေရင်း ပျော်လာတာ။ ထရီဇာချစ်ရတဲ့ ပရိသတ်အားလုံးလည်း သင်္ကြန်ချိန်ခါမှာ ပျော်ရွှင်နိုင် ပါစေလို့ ဆုတောင်းပေးပါတယ်။

မိုးယုစံ

မိုးယုဒီနှစ်သင်္ကြန်မှာ မော်လမြိုင်က သီချင်းဆိုဖို့ ကမ်းလှမ်းထားတာရှိပါတယ်။ မိုးယု သင်္ကြန်ရက်မှာ အနားယူချင်တဲ့ ဆန္ဒလည်းရှိတယ်။ အခုချိန်ထိတော့ သေချာမဆုံးဖြတ်ရသေးပါဘူး။ စိတ်ဆန္ဒကို ဦးစားပေး ဖြစ်ရင်တော့ ဒီနှစ်သင်္ကြန်မှာ ရန်ကုန်အိမ်မှာပဲ အေးအေးဆေးဆေး အနားယူရင်းဖြတ်သန်းဖြစ်မှာပါ။ သင်္ကြန် မတိုင်ခင်ထိ ဇာတ်ကားတွေ ရိုက်ပေးဖို့ရှိတယ်။ သင်္ကြန်ပြီးရင်လည်း ဗီဒီယိုကားတွေရိုက်ဖို့ ရှိပါတယ်။ ဒါကြောင့် သင်္ကြန်မှာတော့ အနားယူချင်တယ်။ ပရိသတ်တွေကိုတော့ မြန်မာတွေရဲ့နှစ်သစ်ကူးမှာ စိတ်သစ်၊ လူသစ်နဲ့ မျှော်လင့်ချက်အသစ်တွေ အကောင်ထည်ဖော်နိုင်ဖို့ ဆုတောင်းပေးပါတယ်။

ဝတ်မှုံရွှေရည်

ကစ်ကစ် ဒီနှစ်သင်္ကြန် ခရီးသွားဖြစ်မလား။ အိမ်မှာပဲ အနားယူဖြစ်မလား မသေချာသေးပါဘူး။ ခရီး  မသွားဖြစ်ရင်တော့ အိမ်မှာရှိမယ်။ သင်္ကြန်မတိုင်ခင်ထိ ကစ်ကစ်ဇာတ်ကားတွေ ရိုက်ပေးဖို့ရှိပါတယ်။ အတာ သင်္ကြန်ရက်တွေအပြီးမှာ ရောက်ရှိလာမယ့် မြန်မာတွေရဲ့ နှစ်သစ်မှာ ပရိသတ်တွေ စိတ်ချမ်းသာ ကိုယ်ကျန်း မာနဲ့ မျှော်လင့်ချက်တွေပြည့်ဝပါစေ လို့ ဆုတောင်းပေးပါတယ်။

သဇင်

ရန်ကုန်မှာ ဒီနှစ်ရှိနေမှာပါ။ ရေကျောင်းသိပ္ပံ မဏ္ဍပ်မှာရှိပါမယ်။  ရန်ကုန်မှာ ထူးထူးခြားခြား နေဖြစ်မယ် ဆိုတော့ ရင်ခုန်နေပါတယ်။ ဒီနှစ်တော့ တစ်ကိုယ်တော် အခွေထဲကသီချင်း တွေရော အရင် သီချင်းဟောင်းလေးတွေပါ ဖျော်ဖြေဖို့ စိတ်ကူးထားပါတယ်။ သင်္ကြန်ဆိုရင် တစ်နေ့ကို နှစ်ကျော့ သုံးကျော့လောက် ဆိုရတာမျိုးဆိုတော့ နည်းနည်း ပင်ပန်းပေမယ့် ပျော်ပါတယ်။ ဒီနှစ်သင်္ကြန်မှာ ဘေးအန္တရာယ် ကင်းရှင်းစွာနဲ့ ပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်း ပေးပါတယ်။

သီရိဆွေ

သီရိ ဒီနှစ်သင်္ကြန်တော့ အိမ်မှာ ပဲနားဖြစ်မယ်။ ပထမတော့ ဖေဖေနဲ့ မေမေက အပန်းဖြေခရီး ထွက်မှာဆိုတော့ လိုက်သွားဖို့ စီစဉ်ထားသေး တယ်။ အခုတော့ အဖွားက တော်တော်လေး နေမကောင်း ဖြစ်နေတယ်လေ။ ဒီတော့အိမ်မှာပဲနေဖို့ ဆုံးဖြတ်ဖြစ်သွားတာ။ သီချင်းဆိုဖို့ လာခေါ်ကြတာ တွေရှိပေမယ့် မဆိုဖြစ်တော့ပါဘူး။ သင်္ကြန်မတိုင်ခင် လုပ်မယ့်ရှိုးပွဲတချို့မှာ ဆိုဖြစ်မယ်။ စိုင်းစိုင်းပွဲမှာလည်း ဆိုဖို့ စီစဉ်ထားတယ်။ သင်္ကြန်ဆိုရင် သီရိက ထူးထူးခြားခြားကြီးတော့ သိပ်မပျော်တတ်ဘူး။ နားရတာကိုပဲ ပို ကြိုက်တယ်။ ဖျော်ဖြေရေး လုပ်ရတာမျိုးကျတော့ သင်္ကြန်တွင်းကို သိပ်အားမသန်ဘူး။ မြန်မာ့ရိုးရာ နှစ်သစ်ချိန် ခါမှာ ပရိသတ်အားလုံး ပျော်ရွှင်ကြစေဖို့ ဆုတောင်းပေးချင်ပါတယ်။

ချမ်းမီမီကို

ချမ်းမီ ဒီနှစ်သင်္ကြန်က မန္တလေး မှာရှိဖြစ်ပါမယ်။ ဖျော်ဖြေရေးအတွက် ကမ်းလှမ်းထားတာပါ။ ချမ်းမီက သီချင်းတော့ သိပ်မဆိုတတ်ဘူး။ ဆိုတတ်သလောက်ပဲ ဆိုရမှာ။ အက တော့ကဖြစ်မယ်။ သင်္ကြန်အက ကရတာ အရမ်းဝါသနာပါတယ်။ ပျော်လည်းပျော်တယ်။ သင်္ကြန်ခံစားချက် ကတော့ ပျော်တာပေါ့။ ချမ်းမီသင်္ကြန် မရောက်ခင် တစ်လလောက် အလိုကတည်းက ကြိုပျော်နေတာ။ ချမ်းမီ ပျော်သလိုပဲ ပရိသတ်အားလုံးကိုလည်း ပျော်စေချင်ပါတယ်။

အိမ့်ချစ်

ဒီနှစ်သင်္ကြန် ချောင်းသာမှာပါ။ ဖျော်ဖြေရေးအနေနဲ့ သွားကြမှာပါ။ အိမ့်ချစ်နဲ့အတူ ကို L လွန်းဝါ၊ မမီးမီးခဲတို့တွေလည်း ပါမှာပါ။ ကမ်းခြေ မှာ သင်္ကြန်ကာလကို ဖြတ်သန်းရမှာ ဆိုတော့ နည်းနည်းတော့ စိတ်လှုပ်ရှားတယ်။ ပျော်လည်းပျော်နေမိပါတယ်။ သင်္ကြန်ခံစားမှုကတော့ ပျော်တာပေါ့။ အလိုလိုနေရင်းကို ပျော်နေတာလေ။ ပရိသတ်အားလုံးလည်း ပျော်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။

စံရတီမိုးမြင့်

စံရတီက ဒီနှစ်သင်္ကြန်အိမ်မှာ နေဖြစ်ဖို့များတယ်။ ရန်ကုန်မှာပဲ ရှိနေမှာပါ။ သူငယ်ချင်းမဏ္ဍပ်မှာ တစ်ရက်လောက်တော့ သွားဆော့ဖို့ စိတ်ကူးထားတယ်။ သင်္ကြန်ရောက်ရင် ငယ်ငယ်တုန်းကတည်းက ရေကစားရမှာမို့လို့ အရမ်းပျော်ခဲ့တာ။ အခု နည်းနည်း အသက်ကြီးလာတော့လည်း ပျော်တာပါပဲ။ သင်္ကြန်မှာအားလုံး ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေး ချင်ပါတယ်။

နန်းဆုရတီစိုး

နန်းဆု ဒီနှစ်သင်္ကြန် နေပြည်တော်က ရွှေသံလွင်မဏ္ဍပ်မှာ ရှိပါမယ်။ ဖျော်ဖြေရေးအတွက် သွားရမှာပါ။ နေပြည်တော် သင်္ကြန်ကို ပထမဆုံး ကြုံရမှာပါ။ သင်္ကြန်ချိန်ခါကို နန်းဆု သီချင်းတွေဆိုရင်း အနုပညာအလုပ် တွေနဲ့ ဖြတ်သန်းခွင့်ရမှာ ဖြစ်တဲ့အတွက် ပျော်ပါတယ်။ ချစ်ရတဲ့ပရိသတ် အားလုံးလည်း ပျော်ရွှင်နိုင်ပါစေ။

Eleven Media Group  မှ ကူးယူဖော်ပြသည်။

One comment

  • juttue.gyi

    April 10, 2011 at 12:38 pm

    ကိုအရိုးခေါင်း
    ဟုတ်ကျတော်ကတော့ ဒီနှစ်ဘယ်မှမလည်ဖြစ်ဘူးဗျာ ဘုန်းကြီးဝတ်ဖြစ်မှာဗျာ ဟဟ မင်းကို ဘယ်သူက မေးလို့လဲ

Leave a Reply