ဘက်စုံမွမ်းမံ
ဗုဒ္ဓဘာသာခေါင်းဆောင်များဖြစ်ကြတဲ့ ရဟန်းသံဃာတို့အလုပ်ဟာ
အကြမ်းအားဖြင့်
(၁) ပရိယတ်လုပ်ငန်းနဲ့
(၂) ပဋိပတ်လုပ်ငန်းလို့ နှစ်မျိုးရှိပါတယ်။
နားလည်သလိုပြောရရင်
(၁) သင်ခြင်းအလုပ်နဲ့ ကျင့်ခြင်းအလုပ်ပေါ့။
စာသံပေသံ၊ စာလာပေလာစကားနဲ့ပြောရရင်
(၁) ဂန္ထဓူရနဲ့ (၂) ဝိပဿနာဓူရတဲ့။
နံပါတ် (၁) လုပ်ငန်းဖြစ်တဲ့ ဂန္ထဓူရလို့ခေါ်တဲ့
ပရိယတ္တိလုပ်ငန်း၊ စာသင်စာချခြင်းလုပ်ငန်းကို
မြန်မာပြည်အနယ်နယ်အရပ်ရပ် မြို့ကြီးမြို့လေးတွေမှာရှိတဲ့
ပရိယတ္တိစာသင်တိုက်တွေက ထမ်းဆောင်ကြပါတယ်။
သာသနာကို ရေရှည်တည်တံ့အောင် လုပ်ဆောင်ပေးနေတာ
ဒီပရိယတ္တိစာသင်တိုက်တွေပါ။
ပရိယတ်သမားမရှိဘဲ နည်းမှန်လမ်းမှန်ညွှန်ပြပေးနိုင်တဲ့
ပဋိပတ်သမား ပေါ်ထွက်လာနိုင်စရာ အကြောင်းမရှိဘူးဆိုတာ
အားလုံးတညီတညွတ်တည်း လက်ခံထားပါတယ်။
ဒါ့ကြောင့်မို့
ပရိယတ်မကင်းတဲ့ ပဋိပတ်ဖြစ်ရေး၊
ပဋိပတ်မကင်းတဲ့ ပရိယတ်ဖြစ်ရေးမူတွေကို
တတ်သိနားလည်တဲ့ဆရာတော်ကြီးများက
လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်ကတည်းက စတင်ချမှတ်လာခဲ့ပါတယ်။
အောင်မြင်သင့်သလောက် အောင်မြင်လာတယ်လို့ ပြောလို့ရပေမဲ့
လိုအပ်တာတွေ ရှိနေဆဲပါ။
နိုင်ငံတကာမှာ စာသင်ဌာန (Institute) တစ်ခုတည်ထောင်တော့မယ်ဆိုရင်
အရေးအကြီးဆုံးက စာကြည့်တိုက် ပါ။
စာသင်ဌာနတစ်ခုရဲ့ အောင်မြင်မှုဟာ
အဲ့ဒီစာသင်ဌာနမှာရှိတဲ့ စာကြည့်တိုက်မှာ စာအုပ်ဘယ်လောက်စုံစုံလင်လင်ရှိသလဲ၊
စာကြည့်တိုက်စနစ် ဘယ်လောက်ကောင်းသလဲ ဆိုတာပေါ်မှာ မူတည်တယ်လို့
နိုင်ငံတကာပညာသင်ဌာနတွေက လက်ခံယုံကြည်ထားပါတယ်။
ဆိုတော့ မြန်မာပြည်က ဘုန်းကြီးကျောင်းပညာသင်ဌာနတွေဖြစ်တဲ့
ပရိယတ္တိစာသင်တိုက်တွေမှာ
စာသင်ဌာနတစ်ခုရဲ့ အရေးအကြီးဆုံးဖြစ်တဲ့ စာကြည့်တိုက် ရှိပါရဲ့လား။
ရှိခဲ့ရင် စနစ်ဘယ်လောက်ကောင်းပါသလဲ။
စာကြည့်တိုက်မှာ စာသင်သားတစ်ဦးလိုအပ်တဲ့စာရွက်စာတမ်းတွေ မိတ္တူကူးဘို့
မိတ္တူကူးစက်လို အထောက်အကူပြုပစ္စည်းမျိုးတွေ အလွယ်တကူ ထားပေးနိုင်ပါသလား။
ပရိယတ္တိစာသင်တိုက်တွေမှာ စာကြည့်တိုက်မရှိရင် ရှိအောင်လုပ်ရပါမယ်။
စာကြည့်တိုက်နဲ့ဆက်စပ်တဲ့အထောက်အကူပြုပစ္စည်းတွေ
စာသင်သားတွေအတွက် ဖြည့်ဆည်းပေးရပါမယ်။
စာကြည့်တိုက်ဟာ စာသင်သားရဲ့အသက်ဆိုတာကို
နိုင်ငံတကာမှာ နားလည်သဘောပေါက်နေတဲ့အချိန်
ပရိယတ္တိစာသင်တိုက်တွေမှာ စာကြည့်တိုက် ထားပေးရကောင်းမှန်းမသိရင်
ခေတ်နဲ့ရင်ဘောင်တန်းနိုင်တဲ့အသိဉာဏ် ဘယ်လိုလုပ် ရနိုင်မလဲ။
စာမေးပွဲပြဌာန်းစာထဲမှာ မပါတဲ့ ဘာသာကြီးလေးခုအကြောင်း၊
ဗုဒ္ဓဘာသာသမိုင်းစာအုပ်၊ မြန်မာလူမျိုးတို့လက်ခံယုံကြည်တဲ့ဗုဒ္ဓဘာသာနဲ့
တခြားနိုင်ငံက လက်ခံယုံကြည့်တဲ့ဗုဒ္ဓဘာသာတူမတူ စတာတွေကိုဖတ်ဖို့
ပရိယတ္တိစာသင်တိုက်တွေမှာ စာကြည့်တိုက် ရှိကို ရှိရပါမယ်။
ဒါမှသာ ခေတ်နဲ့ရင်ဘောင်တန်းနိုင်လာမှာဖြစ်ပြီး သာသနာကို
အကွက်ကျကျ စွမ်းစွမ်းတမံ ပြုနိုင်မှာပါ။
ခေတ်နဲ့ရင်ဘောင်တန်းနိုင်တဲ့အသိဉာဏ်မရရင်
(ဝါ) သဒ္ဒါရုပ်တွက်နဲ့သဂြိုဟ်သရုပ်ခွဲလောက်ကိုသာ လေ့လာခွင့်ရမယ်ဆိုရင်
ဗုဒ္ဓသာသနာတိုးတက် ပြန့်ပွါးဘို့ ဘယ်လိုလုပ် စွမ်းဆောင်နိုင်မလဲ။
နောက်တစ်ခုက ပရိယတ္တိစာသင်တိုက်တွေမှာ စာသင်ခန်းမရှိတာ။
စာသင်တိုက်လုပ်ပြီး စာသင်ခန်းမရှိတာ အတော်အံ့ဩစရာကောင်းပါတယ်။
တချို့စာသင်တိုက်တွေမှာ ကျောင်းဆောင်တွေ မှိုလိုပေါက်အောင် ဆောက်ထားပေမဲ့ စာသင်ခန်းကျောင်းဆောင် မဆောက်တာဟာ အတော်ဝမ်းနည်းစရာကောင်းပါတယ်။
တချို့စာသင်တိုက်တွေမှာဆိုရင်
စားလဲဒီနေရာဘဲ၊ အိပ်လဲ ဒီနေရာဘဲ၊ စာသင်လဲ ဒီနေရာဘဲ။
ဒီလို မဖြစ်သင့်ပါဘူး။
စာသင်တိုက်မှာ စာသင်ခန်းရှိသင့်ပါတယ်။ ရှိရပါတယ်။
ဒီနေရာအိပ်၊ ဒီနေရာစား၊ ဒီနေရာမှာပဲ လေးဘက်ထောက်ပြီး
စာသင်ရတာဟာ စာသင်သားရဲ့ ဦးဏှောက်ကို မရွှင်လန်းစေပါဘူး။
အမြင်မတော်ပါဘူး။ အမြင် မတင့်တယ်ပါဘူး။
လေးဘက်ထောက်ပြီး စာသင်ရတဲ့ခေတ် စနစ်ကြီး ကုန်ဆုံးသင့်ပါပြီ။
အဆင့်မြင့်တဲ့ဘုရားရှင်ရဲ့ စာပေတွေကို သင်ကြား သင်ယူနေတာဖြစ်တဲ့အတွက်
အဆင့်မြင့်မြင့်ဘဲ သင်ကြား သင်ယူသင့်ပါတယ်။
လောကဓာတ်ကျောင်းသားတွေလို
ကိုရင်စာသင်သား ဦးဇင်းစာသင်သားတွေလဲ စာသင်ခန်းထဲမှာ ထိုင်ခုံနဲ့၊ စားပွဲနဲ့၊
စာချဘုန်းကြီးကလဲ စာသင်ခန်းထဲမှာ ထိုင်ခုံနဲ့၊ စားပွဲနဲ့၊ မိုက်နဲ့၊ ဘောနဲ့ စသဖြင့်
လိုအပ်တဲ့အထောက်အကူပြု ပစ္စည်းအပြည့်အစုံနဲ့ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ။
သင်ပေးသူရော သင်ယူသူရော စိတ်တက်ကြွ ရွှင်လန်းပြီး
ဉာဏ်တွေ နဂိုကထက် ပွင့်လင်းလာမှာ အမှန်ပါ။
ပရိယတ္တိစာသင်တိုက်တွေမှာ ကိုရင်လေးတွေ ဦးဇင်းပေါက်စတွေကို စာသင်ပေးရင်
စာချဘုန်းကြီးလုပ်တဲ့သူက စာချည်းသက်သက် ပို့ချနေရုံနဲ့ မလုံလောက်ပါဘူး။
ဒီကိုရင်လေးတွေ ဦးဇင်းပေါက်စတွေကို
သာသနာပြုချင်စိတ်ဖြစ်ပေါ်လာအောင် အမြဲတမ်း ပြောဆိုပေးသင့်ပါတယ်။
ငယ်ငယ်လေးကတည်းက သာသနာကို စောင့်ရှောက်လိုတဲ့စိတ်ဖြစ်ပေါ်လာအောင်၊
ရောက်ရာအရပ်မှာ ဖြစ်တဲ့နည်းနဲ့ သာသနာပြုချင်စိတ်ဖြစ်ပေါ်လာအောင် ပြောပြသသင့်ပါတယ်။
ဒီလိုလုပ်ပေးခြင်းဖြင့် တောရွာတွေမှာ ဝေးလံတဲ့အရပ်တွေမှာ
သာသနာပြုချင်စိတ်ပေါ်ပေါက်လာမှာဖြစ်ပြီး
အခုလောလောဆယ်တွေ့ကြုံနေရတဲ့ တောရွာတွေမှာ
စာမတတ် ပေမတတ်တဲ့ တောထွက်ရဟန်းတော်ကြီးတွေ
ကြီးစိုးနေတဲ့ဘေးက ကင်းလွတ်သွားမှာပါ။
တကယ်တော့ ဒါတင်မကပါဘူး။
ကိုရင်လေးတွေ ဦးဇင်းပေါက်စလေးတွေကို
(မြင်လိုက်တာနဲ့ ရှိခိုးချင်စိတ်၊ ကြည်ညိုစိတ်ပေါက်လာအောင်)
ဝတ်နည်း ရုံနည်း၊ နေနည်း ထိုင်နည်း၊
စားနည်း သောက်နည်း၊ ပြောနည်း ဟောနည်းတွေကို သင်ပေးသင့်ပါတယ်။
သို့မှသာ အချိုးကျတဲ့ ဦးဆောင်နိုင်တဲ့သူဖြစ်လာမှာပါ။
လူရှေ့သူရှေ့ထွက်ရင် တင့်တယ်သပ်ရပ်တဲ့သူဖြစ်လာမှာပါ။
ရှိခိုးခံရမဲ့သူဟာ ရှိခိုးမဲ့သူထက် အစစအရာရာ သာလွန်နေရပါမယ်။
စားတဲ့နေရာမှာလဲ အဆင့်မြင့်မြင့် စားတတ်မယ်၊
ဝတ်တဲ့နေရာမှာလဲ အဆင့်မြင့်မြင့် ဝတ်တတ်မယ်၊
ပြောတဲ့ ဟောတဲ့နေရာမှာလဲ အဆင့်မြင့်မြင့် ပြောတတ် ဟောတတ်မယ်ဆိုရင်
သူတို့လေးတွေကို ကြည့်ပြီး အထင်သေးမှု မဖြစ်တော့ဘဲ
လေးစားအတုယူအားကျသူတို့အဖြစ် မှတ်ယူလာမှာဖြစ်ပါတယ်။
ဒီလိုလုပ်ပေးခြင်းဟာ သာသနာတော်ကို မြှင့်တင်ပေးရာရောက်တဲ့အပြင်
လူမျိုးကို မြှင့်တင်ပေးရာလဲ ရောက်ပါတယ်။
မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာအများစုနေထိုင်တဲ့နိုင်ငံဆိုတော့
မြို့ကြီး မြို့လေးတွေရဲ့ ရပ်ကွက်အသီးသီးသီးမှာ
ဗုဒ္ဓဘာသာ ဓမ္မာရုံတွေရှိပါတယ်။
အမြဲတမ်း တံခါးပိတ်ထားတာကို တွေ့ရပါတယ်။
ဒီ ဓမ္မာရုံတံခါးတွေကို ဖွင့်ဘို့ ဖွင့်နိုင်ဘို့က
ပရိယတ္တိစာသင်တိုက် ဆရာတော်တွေရဲ့ တာဝန်လို့ မြင်မိပါတယ်။
ရပ်ကွက်ထဲကဓမ္မာရုံလူကြီး ဂေါပကအဖွဲ့တွေနဲ့တိုင်ပင်ညှိနှိုင်းပြီး
ဥပုသ်နေ့လို ဒါမှမဟုတ် တနင်္ဂနွေနေ့လိုနေ့တွေမှာ
စာသင်တိုက်က အဆင်ပြေလောက်မဲ့ စာချဘုန်းကြီး ဦးဇင်းတွေကို စေလွှတ်ပြီး
(ငှက်ပျောပွဲ၊ အုန်းပွဲကို မကြည့်ဘဲ)
ဩကာသမှသည် ငါးပါးသီလ၊ ဗုဒ္ဓဝင်စသည်တွေကို သင်ကြားပေးသင့်ပါတယ်။
ဒီလို သင်ကြားပေးခြင်းဖြင့် ဗုဒ္ဓဘာသာဝင်တိုင်း ဗုဒ္ဓဘာသာအကြောင်းနားလည်လာပြီး
ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဘယ်လိုအခြေအနေမျိုးနဲ့ကြုံကြုံ
အခြားဘာသာကို ကူးပြောင်းတော့မှာ မဟုတ်ပါဘူး။
လောကီဆန်ဆန်အတွေးနဲ့ပြောရရင်လဲ စာသင်တိုက်ဆရာတော် သံဃာတော်များ
(ရိပ်သာက ဘုန်းကြီးတွေလို) ဒကာ ဒကာမတွေနဲ့ တိုက်ရိုက်တွေ့ထိလာနိုင်ပြီး
စာသင်တိုက် စိုပြေရေးအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုလာမှာ
မြေကြီးလက်ခတ်မလွဲပါ။
သိသလောက်နဲ့တတ်နိုင်သမျှ အကျဉ်းချုပ်အကြံပြုချင်တာကတော့
ပရိယတ္တိစာသင်တိုက် ဆရာတော်သံဃာတော်များ
မိမိတို့အုတ်တံတိုင်းအတွင်းမှာလဲ တတ်နိုင်သမျှ ခေတ်မီတဲ့ပညာရေးစနစ်ကို ချမှတ်ပြီး
တစ်ပိုင်တစ်နိုင်ထမ်းဆောင်ရပါမယ်။
အုတ်တံတိုင်းအပြင်ထွက်ပြီးတော့လဲ
မိမိတို့နဲ့နီးစပ်ရာ ဒကာ၊ ဒကာမတွေနဲ့ တတ်နိုင်သမျှ နီးစပ်အောင်အားထုတ်ပြီး
ဘာသာအသိ သာသနာအသိတွေကို သူတို့ရဲ့ ဦးဏှောက်ထဲ ထည့်သွင်းပေးသင့်ပါတယ်။
(မြန်မာပြည်၊ မန္တလေး၊ မဟာကုသိုလ်ပရိယတ္တိစာသင်တိုက် ငွေရတုစာစောင်အတွက်
ရေးလိုက်တဲ့ ဆောင်းပါးလေးဖြစ်ပါတယ်)
5 comments
bigcat
April 11, 2011 at 4:27 am
စာကြည့်တိုက်အတွက် မိတ္တူကူးစက်ထားပေးလျင် အလွန်ကောင်းပါသည် သို့သော် လူတကာသုံးဖြစ်လို့ ပြင်စရိတ်နှင့် မွဲနိုင်ပါသည်။ တယ်လီဖုံးကတ်လို မိတ္တူကူးခွင့် ကတ်လေးများ လုပ်ပြန်ရင်လည်း ဆင်ဖိုးထက် ချွန်းဖိုးကြီးနိုင်ပါသည်။ မရှိလျင်လည်းမဖြစ်လို့ တမျိုးတဖုံတော့ စဉ်းစားသင့်ပါသည်။
ဘုန်းကြီးကျောင်းများတွင် နေရာထိုင်ခင်းနှင့်ပတ်သက်၍ စည်ပင်သာယာ အဆောက်အအုံဌာန အနေဖြင့် လူအများသုံး သာသနာရေးအဆာက်အအုံများ လိုက်နာရန် စည်းကမ်းများထုတ် သို့မဟုတ် ကြပ်မတ်သင့်ပါသည်။
တပည့်တော်လည်း ပရိယတ္တိတိုက်များသာမက ပဋိပတ္တိတရားရိပ်သာများတွင်ပါ ကုလားထိုင်သုံးသော အလေ့အကျင့်ရှိသင့်သည် ထင်ပါသည်။ ကြမ်းပြင်တွင်ထိုင်ရသော (အထူးသဖြင့် တရားနာသည့်အခါ) ထုံးတမ်းဓလေ့သည် ဘုန်းကြီးကျောင်း၊ ရိပ်သာများသို့ ခေတ်လူငယ်များ မလာစေရန် ခြောက်လှန့်သကဲ့သို့ ဖြစ်နေပါသည်။
ပြောရင်တော့ ပြင်စရာတွေ အများကြီးမို့ မပြင်ဘဲထားတာလဲ ဖြစ်နိုင်ပါသည်။ တကယ်ပြင်လိုလျင် ထိပ်ဆုံး မဟနအဖွဲ့နှင့် ပညာတတ် ရဟန်းပျိုများ ဟန်ချက်ညီညီဆောင်ရွက်ရပါမည်။ ဒါပေမဲ့ အစိုးရကိုယ်၌က မဟနဆရာတော်ကြီးများကို အောက်ခြေနှင့် နီးကပ်သောဆက်ဆံရေး ရှိစေလိုပုံမရ၊ မဟနဆရာတော်ကြီးများကလည်း အစိုးရနှင့် အငြိုအငြင်ခံပြီး အတိုက်အခံလုပ်လိုစိတ် မရှိတာကြောင့် အရှင်ဘုရား၏ ပြုပြင်ပြောင်းလဲရေးစာမူကို မန်းလေးဂေဇက်တွင် မှတ်တမ်းတင်ထားရှိပြီး ချိတ်ပိတ်သိမ်းဆည်းလိုက်သည်။
ပုံ- ဘဒ္ဒန္တကြောင်ကြီး
ashinindaka
April 11, 2011 at 4:30 am
ဒို့အတွင်းရေး ကြောင်သိသကိုး။
researcher
April 11, 2011 at 7:50 am
အရှင်ဘုရားရေးထားတာကို တပည့်တော် သဘောကျပါတယ်ဘုရား။ စာသင်တိုက်တွေမှာ စာကြည့်တိုက် ရှိသင့် တယ်ဆိုတာ အင်မတန်ကောင်းတဲ့ အကြံပါဘုရား။ စာသင်သားသံဃာတော်တွေအတွက် လေ့လာဆည်းပူးစရာ၊ မှီငြမ်းကိုးကားစရာတွေဟာ လက်တကမ်းမှာ ရှိသင့်ပါတယ်။ စာသင်တိုက်အားလုံးမှာ စာကြည့်တိုက်နဲ့ စာသင် ခန်းမတွေ ရှိဖို့မလွယ်ဘူးဆိုရင်တောင်မှ စာသင်သားတွေ ရာနဲ့ချီပြီးရှိတဲ့ စာသင်တိုက်ကြီးတွေမှာ အဆင့်မြင့် စာသင်ခန်းနဲ့ လိုအပ်တာတွေ ရှာဖွေဖတ်ရှု လေ့လောဆည်းပူး လို့ရနိုင်မယ့် (Internet ပါရှိတဲ့) စာကြည့်တိုက် တွေ ရှိရင်ကောင်းမယ် လို့တပည့်တော်လဲ ထင်ပါတယ်။
အဲဒီ စာသင်ခန်းတွေကနေ အောင်မြင်လာပြီးမှ သက်ဆိုင်ရာ သာသနာ့ တက္ကသိုလ်တွေမှာ ဆက်လက် ဆည်းပူး ခွင့်ရတယ် ဆိုရင် ကောင်းပါမယ်ဘုရာ့။ အခုလဲ နိုင်ငံတော် အစိုးရရဲ့ အပြည်ပြည် ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓ တက္ကသိုလ်ရယ်၊ သီတဂူဆရာတော်ဘုရားကြီးရဲ့ ကမ႓ာ့ဗုဒ္ဓတက္ကသိုလ် ဆိုပြီးဖွင့်နေတာတော့ တွေ့မိပါတယ်။ အဲဒီတက္ကသိုလ်တွေကို ဘယ်လိုအရည်အချင်းမျိုးတွေရှိမှ ဘယ်လိုပုဂ္ဂိုလ်မျိုးတွေမှ တက်ရောက်ခွင့်ရတယ်။ ဘာတွေသင်ကြားပေးနေတယ် ဆိုတာလေးတွေကိုလဲ အရှင်ဘုရား အချိန်ရရင် ရေးပါဦးဘုရား။ India တက္ကသိုလ်တွေမှာ သင်တာနဲ့ မြန်မာပြည်က သာသနာ့ တက္ကသိုလ်တွေ မှာ သင်တာ ဘာကွာလဲ ဆိုတာလေး တွေလဲ ရေးပေးစေလိုပါတယ်။ တပည့်တော်တို့သိခွင့်ရအောင်ပါ။
နောက်ပြီး တပည့်တော်တို့ တက္ကသိုလ်၊ ကောလိပ် တွေမှာ Practical လုပ်တယ်၊ Field ဆင်းတယ်ဆိုတာမျိုး ဆောင်ရွက်ရသလို စာသင်တိုက်တွေ၊ သာသနာ့ တက္ကသိုလ်တွေမှာလဲ ဝိပဿနာရှုမှတ်ခြင်းကို လက်တွေ့ ဆောင်ရွက်ရတယ် ဆိုတာမျိုး ရှိရင်သိပ်ကောင်းမှာပါ။ အခုလဲ ရှိရင်ရှိမှာပါ။ တပည့်တော်က သာသနာ့ဘောင်က ပုဂ္ဂိုလ်တွေနေ့စဉ်ဘာတွေဆောင်ရွက်တယ်ဆိုတာ သိပ်မသိတော့ ဒီလိုမျိုးရှိရင် ကောင်းမယ်လို့ ရေးလိုက်တာပါ။
အရှင်ဘုရားရေးထားသလို ကိုရင်တွေ၊ ဦးဇင်းတွေကို သင်္ဃန်းရုံတာ၊ နေတာ၊ ထိုင်တာ၊ သွားတာ၊ လာတာတွေ ကြည်ညိုဖွယ်ဖြစ်ရေး ကလဲ အရေးကြီးပါတယ်ဘုရား။ မဟုတ်ရင် သင်္ဃန်းကြီးဖို့ရို့ဖားယား နဲ့ ကြည့်ရတာ ကြည်ညိုဖွယ်ရာ သိပ်မဖြစ်ပါဘူး။ ဟိုတုန်းက တပည့်တော်တို့အိမ်မှာ ရှမ်းပြည်ကနေ စာလာသင်တဲ့ စာသင်သား ဦးဇင်းတွေ ဆွမ်းခံကြွလေ့ရှိပါတယ်။ တပည့်တော်တို့အိမ်က ရှမ်းဦးဇင်းတွေနဲ့ ရေစက်ရှိတယ်ပြောရပါမယ်။ တပါးက တပါးကိုခေါ်လာပြီး မိတ်ဆက်ပေးရင်း တပည့်တော်တို့က အစဉ်အဆက် ဆွမ်းလောင်းနေကြတာပါ။ အဲဒီ ဦးဇင်းတွေဆိုရင် ဆွမ်းခံကြွရင် သိပ်ဣန္ဒြေရှိကြပါတယ်။ ဝဲ၊ယာ ဘေး၊ ဘီ ကို ဟိုကြည့်၊ သည်ကြည့် မလုပ်ကြပါဘူး။ စက္ခု ဣန္ဒြေ ရှိတယ်ပြောရပါမယ်။ ဆွမ်းခံကြွရင်း လမ်းမှာ ဒကာ၊ ဒကာမတွေနဲ့ တွေ့ရင်လဲ နှုတ်ဆက် စကားပြောနေတာမျိုး မလုပ်ကြပါဘူး။ ဆွမ်းခံကြွချိန်မဟုတ်ပဲ တခြားအချိန်မှာ တွေ့ကြတယ်ဆိုရင်တော့ နှုတ်ဆက်ပါတယ်။ ခဏတဖြုတ်ပါပဲ။ ဆွမ်းခံအိမ်ရောက်ရင်လဲ မျက်လွှာချပြီးပဲ ထိုင်ပါတယ်။ မလိုအပ်ပဲ စကားမပြောပါဘူး။ ဘုန်းကြီးကျောင်းမှာ အလှုအတန်းရှိလို့ ဖိတ်တဲ့အခါမျိုး၊ ရှမ်းပြည်ပြန်ခါနီး နဲ့ ပြန်လာတဲ့အချိန်တွေမှာ နှုတ်ဆက်စကားပြောတာမျိုး ဥပုသ် သီလပေးတဲ့ အခါမျိုးနဲ့ စာပြန်ပွဲတွေရှိတဲ့ အခါမျိုးမှာပဲ စကားပြောကြပါတယ်။ နေ့စဉ်နဲ့အမျှ ဒကာ။ ဒကာမတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးကိစ္စတွေ ပြောမနေကြပါဘူး။ အာလာပ၊ သလာပတွေ ပြောမနေကြပါဘူး။ အနေအထိုင် တည်ကြည် တယ်၊ ဣန္ဒြေ ရှိတယ်ဆိုတော့ ရွယ်တူတွေကလဲ သူငယ်ချင်းပြော၊ မပြောကြပါဘူး၊ ရိုရိုသေသေပဲ ဆက်ဆံကြပါ တယ်။ နောက်ပြီး ဆွမ်းခံကြွချိန် သင်္ကန်းရုံရင်လဲ လက်ကန်တော့ထိုးရုံထားတာများ ချပ်ချပ်ရပ်ရပ်နဲ့ အင်မတန် သပ်ရပ်ပါတယ်။ လမ်းလျှောက်ရင်လဲ လက်လွှဲပြီး လျှောက်တာမျိုး မရှိပါဘူး။ သင်္ကန်းကတို တက်နေတာမျိုး ဒူးနားတဝိုက်မှာ ကြေမွနေတာမျိုးလဲမရှိပါဘူး။ ဆွမ်းခံကြွချိန် သင်္ဃန်းရုံထားတာ၊ သွားတာ၊ လာတာ ကို ကြည့်ရတာနဲ့တင် ကြည်ညိုဖွယ်ဖြစ်ရပါတယ်။
အခုတော့ ညောင်ဝိုင်းဆိုလား၊ ဘာလား အဲဒီမှာ ဦးဇင်းရဲ့ ဆရာတော်က လွှတ်လို့ ကျောင်းထိုင်ဘုန်းကြီး သွားလုပ်နေတာကြာပါပြီ။ ကျောင်းထိုင်ဘုန်းကြီးဆိုတော့ ကျောင်းကိစ္စ၊ စာသင်သားတွေလက်ခံပြီး စာသင်၊ စာချနိုင်ရေးကိစ္စ စတာတွေဖြစ်လာတော့ စာသင်သားဘဝလို မလွတ်လပ်တော့ပဲ အိမ်ထောင်ပြုတဲ့သူလိုပဲ အနှောင်အတွယ်နဲ့ သာသနာ့တာဝန်တွေနဲ့ ဖြစ်ကုန်တယ်လို့ ပြောပါတယ်။
ashinindaka
April 11, 2011 at 9:23 am
ကောင်းတယ် researcher ရေ။ အဆင်ပြေမှ ရေးပါအုံးမယ်။ သီဟိုဠ်၊ အိန္ဒိယ၊ မြန်မာပြည်မှာရှိတဲ့ ဗုဒ္ဓဘာသာနဲ့ ဆက်စပ်မှုရှိတဲ့တက္ကသိုလ်တွေအကြောင်းကို။
KoNyeinChan
April 11, 2011 at 8:38 am
Post ထဲမှာပါတဲ့ အကြောင်းအရာတွေတော်တော်ကောင်းပါတယ်ဘုရား၊ ဖြစ်လည်းဖြစ်သင့်ပါတယ်။
researcher ရဲ ့ Comment ကိုလည်းသဘောကျပါတယ်။
ဒါနဲ ့ ကိုကြီးကြောင်@(((ကြမ်းပြင်တွင်ထိုင်ရသော (အထူးသဖြင့် တရားနာသည့်အခါ) ထုံးတမ်းဓလေ့သည်…)))
တရားနာတဲ့အခါ ထိခြင်းငါးပါးနဲ ့ထိဖို ့အတွက် ကြမ်းပြင်ပေါ်ထိုင်မှ ပိုအဆင်ပြေမယ်ထင်တယ်နော…. တခြားအချိန်တွေမှာ(စာပေလေ့လာသင်ယူ၊ ဆွမ်းဘုန်းပေး…) တော့မဆိုလိုပါဘူး