Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သေပြီးနောက် ဖြစ်၊ မဖြစ်

ashinariyaApril 11, 20111min258092

သေပြီးနောက် ဖြစ်တယ်လို့ အယူရှိရင် သဿတမိစ္ဆာဒိဋ္ဌိ . . . . .။

သေပြီးနောက် မဖြစ်ဘူးလို့ အယူရှိရင် ဥစ္ဆေဒမိစ္ဆာဒိဋ္ဌိ . . . . .။

ဒါဆိုရင် မိတ်ဆွေ သင် ဘာအယူကို ယူထားသလဲ . . . . .။

ဗုဒ္ဓဘုရား မပွင့်ခင်က လူတွေ ဒီအယူ နှစ်မျိုးယူထားကြလေ၏။ ယနေ့ ခေတ်တွင် တစ်ချို့လည်း ဗုဒ္ဓဘာသာဆိုပေမယ့် ဒီအယူ နှစ်မျိုးထဲက တစ်မျိုးမျိုး ယူထားကြ၏။

သေပြီးနောက်အပေါ်မှာ အယူတစ်မျိုးမျိုး ယူထားရင် အဲဒါကို ဗုဒ္ဓမြတ်စွာ က မိစ​္ဆာဒိဋ္ဌိ (မှားယွင်း အသိ)ဟု ဟောကြားတော်မူလေ၏။

ဘာ့ကြောင့်လဲ . . . . .၊

လူသေပြီးနောက် ဖြစ်သေးတယ်လို့ အယူရှိနေတဲ့ သူဟာ သူအခုပြု လုပ်နေတဲ့ အကုသိုလ်ကံသည် နောင်ဘဝမှာ အကျိုးပေးမှာကို ယုံကြည်နေတာ ဖြစ်တဲ့အတွက် အကြောက်တရားနဲ့ အပေါ်ယံ သီလထိန်းနိုင်တယ်လို့ ထင်ရပေမယ့် တကယ့်အရေးကြုံရင် အကုသိုလ်ကို မရှောင်နိုင်တော့ပါ။ သီလတွေ ကျူးလွန်ကုန်ကြ၏။ နောင်ဘဝကျမှ အကျိုးပေးမှာလို့ သိနေတာဆိုတော့ အကြွေးဖြစ်နေတဲ့အတွက် အကုသိုလ်ကံကို ကျူးလွန်ဖို့ ဝန်မလေးတော့ပါ။

နောက်ထပ်ပြီး ယနေ့ခေတ်စားနေတဲ့ ဘုရားဟောထင်ပြီး သံသရာထွက်ကြောင်းလုပ်နေကြတဲ့ ပရမတ္တသစ္စာ ရုပ်၊ နာမ် ရှုသူများကလည်း ထပ်ပြီးတော့ အကု သိုလ်အမှုများ ကျူးလွန်ရဲအောင် အားပေးသလိုမျိုး ဖြစ်နေ၏။  ဘယ်လိုပဲ အကုသိုလ် ကံတွေ လုပ်ခဲ့ လုပ်ခဲ့ မသေခင် ဉာဏ်ဦးအောင် ပရမတ္တသစ္စာ ရုပ်၊ နာမ် ဖြစ်ပျက်ရှုမယ် ဆိုရင် သေရင်အပါယ်က လွတ်ပါတယ်ဆိုပြီး စိတ်ကူးယဉ် ဆွယ်လုံးတွေ ဟောကြားတော့ အခုတော့ မလွှဲသာလို့ အကုသိုလ်တွေ လုပ်ဦးမယ်၊ ဒီလုပ်ခဲ့တဲ့ကံတွေ သေပြီးရင် အကျိုးမပေးအောင် အသက်ကြီးမှ ပရမတ္တသစ္စာ ရုပ်၊ နာမ် ဖြစ်ပျက် ရှုတာပေါ့ဟု ဆင်ခြေ တွေးလုံးများနှင့် ရဲရဲကြီး အကုသိုလ်တွေ ပြုလုပ်ဖို့ ဝန်မလေးဖြစ်ကုန်၏။ စဉ်းစားဖို့ ကောင်းလေစွ။ အယူဒဿနလွဲရင် ဘယ်လောက် ကြောက်စရာကောင်းတယ်ဆိုတာ . . . . . ။

ပရမတ္တသစ္စာ ရုပ်၊ နာမ် ဖြစ်ပျက် အယူရှိနေရင် သေပြီးနောက် ဖြစ်၊ မဖြစ် အယူတစ်ခုခု ယူထားတာမို့ သေပြီးနောက် အယူတစ်ခုခုယူထားရင်တော့ မိစ္ဆာဒိဋ္ဌိဟု ဗုဒ္ဓဘုရား သေသေချာချာ ဟောကြားထားလေ၏။

ပရမတ္တသစ္စာ အယူရှိသူများသည် ဘုရား၊ ရဟန္တာများ သေရင်တော့ မဖြစ်တော့ဘူးဟု ယူထားကြပြီး ဘုရား၊ ရဟန္တာ မဟုတ်သူများကိုတော့ သေပြီးရင် ဖြစ်သေးတယ်လို့ ယူထားကြပြန်၏။ ထိုအယူသည်လည်း သေပြီးနောက်ကိစ္စတွေကို တွေးတောနေတာမို့ မိစ္ဆာဒိဋ္ဌိ အသိမှားကြီးဖြစ်နေ၏။ အသိမှားတော့ အပြောမှား၊ အလုပ်မှား၊ အနေအထိုင်တွေပါ မှားနေကြပြန်၏။

ဒီပရမတ်အယူရှိသူများ၏ သံသရာထွက်ကြောင်း၊ နိဗ္ဗာန်ရောက်ကြောင်း ထင်တဲ့ အလုပ်ကလည်း သေပြီးနောက် မဖြစ်ဖို့ကိုသာ ရည်ရွယ်လုပ်နေကြတာ ဖြစ်တဲ့အတွက်  အစ္စလာမ်ဘာသာဝင်တို့၏ ထာဝရငရဲနှင့် သွားတူနေလေ၏။ စဉ်းစားဖို့ ကောင်းလေစွ။ အစ္စလာမ်ဘာသာတွင် ဘုရားသခင်က သေပြီးတဲ့သူတွေကို စစ်ဆေးတဲ့အခါ ကောင်းတာလုပ်ခဲ့တဲ့သူတွေကို ထာဝရကောင်းကင်ဘုံသို့ ပို့ပြီး မကောင်းတာလုပ်ခဲ့တဲ့သူတွေကို ထာဝရငရဲသို့ ပစ်ချလိုက်တဲ့အခါ ငရဲမီးလောင် ကျွမ်းပြီး ရုပ်၊ နာမ်တွေ လုံးဝ ပျောက်သွား၏။ ထိုကဲ့သို့ သေပြီးနောက် ရုပ်၊ နာမ်တွေ လုံးဝ ပျောက်သွားတာကို ထာဝရငရဲဟု ယူဆထားကြ၏။

ပရမတ္တသစ္စာ အယူရှိသူများ၏ သေပြီးနောက် မဖြစ်တော့အောင် အားထုတ်နေတဲ့ ပန်းတိုင်သည် အစ္စလာမ်ဘာသာဝင်တွေ ယူဆထားတဲ့ ထာဝရငရဲနှင့် သဘောချင်းသွားတူနေသည်မှာ စိစစ်ဖို့ကောင်း၏။

စဉ်းစားတတ်သူများ စိစစ်ကြပါလေ . . . ။

ဒါ့ကြောင့် သေပြီးနောက်ကိစ္စတွေကို တွေးခေါ်နေကြသောသူများရဲ့ နိဗ္ဗာန်လို့ထင်နေတဲ့အရာကို မည်သူမျှ အသေအချာ အားမကျကြခြင်း ဖြစ်၏။ သေပြီးမှ ရမယ် ဆိုတဲ့ နိဗ္ဗာန် ဘာသုံးလို့ရတော့မှာလဲ။

သေမှတကယ်ရ မရက သေပြီးမှတော့ ဘယ်သူမေးလို့ ရတော့ မှာလဲ။  သေပြီးနောက် ဖြစ် မဖြစ်ကို ဟောကြားတဲ့ဘုန်းကြီးကလည်း ဘယ်လို သက် သေပြမလဲ၊ အာမခံမလဲဟု ပြန်မေးဖို့ ကောင်းကြ၏။  စိတ်ကူးယဉ် ယုံကြည်မှုနဲ့ လုပ်ကိုင်၊ ပြောဆိုကြခြင်းဖြစ်၏။ ဟောတဲ့သူတွေကလည်း ခပ်တည်တည်နဲ့ ဟောသလို နာတဲ့သူတွေ ကလည်း မစိစစ်ဘဲ နာယူနေကြ၏။ ဝမ်းနည်းဖို့ကောင်းလေစွ။

ဆင်ဖြူတော်ဆိုပြီး ဆက်သတဲ့ ဆင်မည်းကြီးအား ဘိုးတော်ဘုရားက အမတ်ကြီး ဦးပေါ်ဦးကို စစ်ဆေးခိုင်းတဲ့အခါမှာ ဦးပေါ်ဦးက ဆင်ဖြူတော်အင်္ဂါ လက္ခဏာပါရှိတာမို့ နောင်နှစ်ငါးဆယ်ကျရင် ဖြူလာပါလိမ်မယ်လို့ ခပ်တည်တည်နဲ့ လျှောက်တော့ ဘိုးတော်ဘုရားကလည်း မစိစစ်ဘဲ ယုံကြည်လိုက်လေ၏။

ကျန်အမတ်များက ဦးပေါ်ဦးကို နောင်နှစ်ငါးဆယ်ကြာတဲ့အခါ ဒီဆင် မဖြူ လာရင် ဘယ်လိုလုပ်မလဲလို့ မေးမြန်းကြတဲ့အခါ ဦးပေါ်ဦးက နောင်နှစ်ငါးဆယ်ကြာရင် အဲဒီဘိုးတော်ဘုရင်လည်း မရှိတော့ဘူး၊ ဒီဆင်လည်း မရှိတော့ဘူး။ ကျုပ်တို့လည်း ရှိတော့မှာ မဟုတ်ဘူး။ ဒါ့ကြောင့် ရှင်းပြစရာမလိုတော့ဟု ပြန်ပြောလေ၏။

နောင် အနှစ်ငါးဆယ်မှ ကိစ္စကို ဦးပေါ်ဦးက ခပ်တည်တည်နဲ့ ပြောသလိုပဲ ယနေ့တရားဟောပုဂ္ဂိုလ်များသည်လည်း ဘုရားဟောတယ်ထင်ပြီး သေပြီးနောက် ကိစ္စ ­များကို ခပ်တည်တည်နဲ့ ဟောပြောနေကြတာကို ဘိုးတော်ဘုရားလိုပဲ လူတွေက မစိစစ်ပဲ ယုံကြည်နေကြ၏။

သေပြီးမှ ဖြစ်ရမယ့်ဘဝတွေ၊ သေပြီးရင် ဘာရုပ်၊ နာမ်မှ မဖြစ်တော့ဘူးဆိုတဲ့ နိဗ္ဗာန်အကြောင်းတွေကို ဘုရားဟောတယ်ထင်ပြီး ခပ်တည်တည်နဲ့ ဟောပြောနေကြတော့ သေပြီးနောက် အဲဒါတွေ ဖြစ်၊ မဖြစ်ကို ဘယ်သူ အာမခံ နိုင်မည်နည်း။ စိတ်ကူးယဉ်(တက္က)ယုံကြည်မှုများနှင့် ဟောပြော နာယူနေကြခြင်း ဖြစ်လေ၏။

ဗုဒ္ဓ၏တရားများသည် ကိုယ်တိုင်သိနိုင်၊ မြင်နိုင်သည့် (ဒဿန)တရားများ ဖြစ်လေ၏။ ကြံဆပြီးမှ သိရတဲ့ (တက္က)တရားများမဟုတ်ပါ။ ဒါ့ကြောင့် သေပြီးနောက် ကိစ္စများကို မယူကြဖို့ ဗုဒ္ဓက ( အံ- ၂၊ ၄၄၈ ) ။ ( မဟာနိ- ၂၄၆၊ စူလနိ- ၅၁ ) ။ မဟာနိ- ၂၄၆၊ စူလနိ- ၅ စသည့် အဗျာကတနှင့်ပတ်သက်သော တရားများတွင် သေသေချာချာဟောကြားထားတာကို ကိုယ်လိုသလိုယူဆပြီး ဟောပြောနေကြသည်မှာ ဝမ်းနည်းဖို့ကောင်းလေ၏။

ဒါ့ကြောင့် သေပြီးနောက်ကို ယူနေကြသူများသည် ဘုရားမယူစေလိုတာကို ယူနေကြသောကြောင့် အကုသိုလ်ကို အမှန်တကယ်ကျူးလွန်ဖို့ ဝန်မလေးကြပါ။ နောင်ဘဝကျမှ နောင်ကိုယ်နဲ့ ခံမည်ဟု ယူဆထားသောကြောင့်လည်းဖြစ်လေ၏။ ကောင်းမှု ကုသိုလ်တွေ ပြုတဲ့အခါမှာလည်း သေပြီးနောက်ကို အာရုံရောက်နေတာမို့ အမှန် တန်ဘိုးရှိသော၊ အသုံးဝင်သော ကုသိုလ်များကို မပြုတတ်ကြတော့ပါ။ နောင်ဘဝ ကောင်းစားရေးကို စိတ်ကူးယဉ်ပြီး ကိုယ်က တစ်ထောင်လောက်ပေးပြီး နောင်ဘဝ တစ်ထောင်ဘိုးမက ပြန်စံစားချင်တဲ့ ဈေးဝယ်သလို ကုသိုလ်များနှင့် သေရင် ငရဲ မရောက်အောင် လာဘ်ထိုးသလို ကုသိုလ်မျိုးများကိုသာ အမျှော်၊ အကြောက်နဲ့ ပြု နေကြသည်မှာ လုပ်သလောက်၊ ကုန်သလောက် အကျိုးမများဖြစ်နေကြ၏။ နိဗ္ဗာန်လို့ ထင်နေတဲ့အရာကိုလည်း သေပြီးမှ ရမယ်ထင်ပြီး အမှန်တကယ် မလိုချင်ကြပါ။ လိုချင်ယောင်ဆောင်နေကြခြင်းသာ ဖြစ်လေ၏။

မိတ်ဆွေ သင်သေပြီးရင် ဖြစ်တယ်လို့ အယူရှိနေရင် စိစစ်ဖို့ လိုပေပြီ။

နောက်ထပ်ပြီး သေပြီးနောက်မဖြစ်ဘူး အယူရှိသူများကြတော့လည်း – – –

အဲဒီအယူကလည်း သေပြီးမှကိစ္စကို မှန်းဆပြီး ကြံဆနေတာမို့ ဗုဒ္ဓက ဥစ္ဆေဒမိစ္ဆာဒိဋ္ဌိ (မှားယွင်းအယူ)ဟု ဟောကြာတော်မူလေ၏။

အယူမှားတော့ အလုပ်၊ အပြော၊ အနေတွေပါ မှားကုန်ကြ၏။ ဘယ်ပုံ၊ ဘယ်နည်း မှားကြသလဲဆိုရင် – – – – – – – –

သေပြီးရင်ဘာမှဖြစ်မှာ မဟုတ်ဘူးဟု သေပြီးနောက်ကို အာရုံရောက် နေကြတာမို့ ထိုသူများသည် ယခုပစ္စုပ္ပန် မိမိတို့ လုပ်နေသော အလုပ်များကြောင့် ဖြစ်နေတဲ့ အခြေအနေများရဲ့ ဆင်းရဲနေပုံ၊ ဆိုးဝါးနေပုံတွေကို မသိမြင်ကြတော့ပါ။ ဒါ့ကြောင့် ထိုအယူရှိသူများသည် ယခုပစ္စုပ္ပန်တွင် အကုသိုလ်လုပ်ဖို့ လက်ရဲကြကုန်၏။ ဘယ်သူသေသေ ငတေမာရင်ပြီးရောဟုဆိုကာ တစ်ကိုယ်ကောင်ဆန်ဆန် အကုသိုလ် များကို ရဲရဲတင်းတင်း ပြုရဲကြသလို အများအကျိုးရှိမယ့် ကုသိုလ်ကောင်းမှုမျိုးတွေ ကြတော့ မလုပ်ချင်ကြတော့ပါ။ ထိုသူတု့ိ၏ အတွေးအခေါ်သည် သေပြီးနောက်ကို ရောက်နေကြသောကြောင့် ပစ္စုပ္ပန်တွင် ကောင်းမှုလုပ်ရကောင်းမှန်း မသိကြတော့ပါ။

သေမှရမယ်လို့ ထင်နေတဲ့ နိဗ္ဗာန်ဆိုတာကြီးကိုလည်း ပိုလို့တောင်မှ မလိုချင်ကြတော့ပါ။

မိတ်ဆွေ သင်သေရင် မဖြစ်ဘူးဆိုပြီး သေပြီးနောက်ကို အာရုံ ရှိနေသေးရင် စိစစ်ဖို့လိုပြီးဟု ထပ်မံတိုက်တွန်းလိုက်၏။

ဒါ့ကြောင့် ဗုဒ္ဓမြတ်စွာက သေပြီးနောက် ဖြစ်တယ်၊ မဖြစ်ဘူးစတဲ့ အတွေး အခေါ်တွေ မယူကြဖို့ အကြိမ်ပေါင်းများစွာ ဟောကြားတော်မူခဲ့လေ၏။ သေပြီးနောက်ကို အာရုံရောက်နေရင် ပစ္စုပ္ပန်မှာ ပြောဆို လုပ်ကိုင်နေသော ကောင်းမှု၊ မကောင်း မှုများရဲ့ တန်ဘိုးအမှန်ကို မသိနိုင်ကြတော့ပဲ အချီးအနှီး အကျိုးမဲ့ခြင်းကြောင့် ဖြစ်ပေ၏။

ဒါဆိုရင် သေပြီးနောက်ကိစ္စတွေကို မယူရ၊ မတွေးရရင် ဘာကို ယူရ၊ တွေးရမှာ လည်းဟု ပြန်မေးဖို့ ကောင်းလေ၏။ ဗုဒ္ဓက သေပြီးနောက်နှင့် ပတ်သက်ပြီးမေးခဲ့သော ပရိဗိုဇ်တစ်ဦးအား ပစ္စုပ္ပန်ဖြစ်နေတဲ့ အကြောင်းအကျိုးအမှန် (ပဋိစ္စသမုပ္ပါဒ်) တရား တွေကို သိအောင်လုပ်ဟု လမ်းညွှန်ခဲ့လေ၏။ တစ်နည်းအားဖြင့် ယခုပစ္စုပ္ပန်မှာ မိမိပြုနေတဲ့ ကံ (သင်္ခါရ)တွေကြောင့် ဖြစ်နေရတဲ့ ဘဝဒုက္ခတွေကို သိမြင်အောင် လုပ်ဖို့ပဲလိုပေ၏။ အဲဒါကိုပဲ သမုဒယသစ္စာ (တဏှာ၊ ဥပါဒါန်၊ ကံ) ကြောင့် ဖြစ်နေရတဲ့ အဖြစ်ဆင်းရဲ ဒုက္ခသစ္စာကို သိတာ မဂ္ဂသစ္စာဟု ဓမ္မစကြာတရားတော်တွင် သစ္စာလေးပါးမြတ်တရားဟု ဟောကြားတော် မူခဲ့၏။ ယခုလုပ်နေတဲ့ ပစ္စုပ္ပန်ကံ (သင်္ခါရ)တွေရဲ့ ဒုက္ခသစ္စာ (ဆင်းရဲအမှန်)ကို သိတော့ ဆင်းရဲစေတဲ့ ကံ (သင်္ခါရ)တွေကို မပြုရဲ၊ မပြောရဲ၊ မတွေးရဲတော့ပါ။ မီးဟာ ပူမှန်းသိတော့ မကိုင်ရဲတော့သလို ကံ (သင်္ခါရ)တွေဟာ ဆင်းရဲကြောင်း (သမုဒယသစ္စာ) ဖြစ်နေတာမို့ ဆင်းရဲစေတဲ့ ဒီကံတွေကို ဘယ်တော့မှ မပြုတော့ခြင်းဖြစ်၏။ ထိုသို့ ကံတွေကို မပြုတော့တာမို့ ဒီကံတွေ လွန်ကျူးမှုကြောင့် ဖြစ်နေရတဲ့ နောက် ဆက်တွဲ ဘဝ (ဒုက္ခသစ္စာ)တွေ မဖြစ်ပေါ်တော့တာကို နိဗ္ဗာန် ငြိမ်းအေးခြင်း (နိရောဓ သစ္စာ)သို့ ဆိုက်ရောက်ခြင်း ဖြစ်လေ၏။

ဗုဒ္ဓ၏ အရိယသစ္စာလေးပါးတွင်ပါသော နိရောဓသစ္စာ (နိဗ္ဗာန်)မှာ သေပြီးမှ ရောက်မှာ ရမှာကို ဆိုလိုခြင်း မဟုတ်ပါ။ ယခုပစ္စုပ္ပန်တွင် ဆင်းရဲမှန်းသိလို့ ဆင်းရဲစေတဲ့ အမှုတွေ မပြုတော့ခြင်းကြောင့် ယခုပစ္စုပ္ပန်တွင် ဆင်းရဲတွေငြိမ်းသွားခြင်း ဖြစ်လေ၏။

ဒါကိုပဲ ဆင်းရဲကြောင်းချုပ်တာ တဏှာနိရောဓေါ နိဗ္ဗာနံလို့ ဟောကြားတော်မူခဲ့သလို ဆင်းရဲကျိုးတွေဖြစ်တဲ့ ဘဝ(ဥပါဒါနက္ခန္ဓာ)ချုပ်တာ ခန္ဓာနိရောဓေါ နိဗ္ဗာနံ လို့ အကြောင်းချုပ်လို့ အကျိုးချုပ်တယ်ဆိုပြီး အကြောင်းအကျိုးပြ ဟောတော်မူခဲ့လေ၏။ ဗုဒ္ဓ၏ အရိယသစ္စာလေးပါးတရားတွင် သေမှဖြစ်မယ့်ကိစ္စတွေ မပါပါ။

သေပြီးရင် ကိစ္စတွေကို အာရုံရောက်နေပါက ဗုဒ္ဓ၏ အရိယသစ္စာလေးပါး သဘောအမှန်ကို ဉာဏ်မရောက်နိုင်တာမို့ သေပြီးနောက် ဖြစ်၊ မဖြစ်ကိစ္စတွေကို မယူကြဖို့ ဗုဒ္ဓမြတ်စွာ ကြိမ်ဖန်များစွာ ဟောကြားတော်မူခြင်းဖြစ်လေ၏။ ယနေ့တွင် ခေတ်စားနေသော ပရမတ္တသစ္စာ ရုပ်၊ နာမ် ရှုကွက်မှာ ဗုဒ္ဓတရားထဲသို ဘုရားပဲ ဟောခဲ့သယောင်နဲ့ ဗြဟ္မဏဝါဒနှင့် ဂျိန်းဝါဒတို့မှ နောက်မှဝင်လာရောနှောခြင်းဖြစ်လေ၏။ သမိုင်းအမှန်ကို စိစစ်နိုင် ကြပါစေ။

ဒီပရမတ္တသစ္စာကိုပဲ ဗုဒ္ဓ၏ အရိယသစ္စာပဲဟု ထင်နေကြခြင်းမှာ ဥပမာပြ ရရင် ပထွေးကို အဖေဟု ထင်နေကြခြင်းဖြစ်လေ၏။ တကယ့်အဖေအစစ်နဲ့တူတဲ့ အရိယသစ္စာကို ကွဲကွဲပြားပြား သိအောင်လေ့လာမှသာ ဗုဒ္ဓရဲ့ အရိယာသား၊ သမီး ဟုဆိုနိုင်ပေ၏။

ပရမတ္တသစ္စာရဲ့ လုပ်ငန်းစဉ်သည် သေပြီးခါ ရုပ်၊ နာမ်တွေ မဖြစ်ဖို့ကို ပစ္စုပ္ပန် ရုပ်၊ နာမ်တွေကို ရှုမှတ်ခိုင်းနေကြတာမို့ သေပြီးနောက်ကို အာရုံရောက်နေတဲ့အတွက် မိစ္ဆာဒိဋ္ဌိအကျင့် (မှားယွင်း အယူ၊ အကျင့်)ဖြစ်နေ၏။ ဗုဒ္ဓ၏ အရိယသစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး တရားအကျင့်တွင် ကံမဂ္ဂင်လို့ ဆိုလို့ရတဲ့ သီလမဂ္ဂင် သုံးပါး အပေါ်မှာ ဝိရီယမဂ္ဂင်လို့ ဆိုလို့ရတဲ့ သမာဓိမဂ္ဂင် သုံးပါးနှင့် ပညာလို့ ဆိုလို့ရတဲ့ ပညာမဂ္ဂင် နှစ်ပါးဖြင့် စိစစ်အကဲခပ်ရန်ဖြစ်လေ၏။ ကံ၊ ဉာဏ်၊ ဝိရီယ သုံးပါး အလုပ်လုပ်ရန်ဖြစ်ပေ၏။ နာမ်၊ ရုပ် တွေ အစိပ်စိပ် အဖြာဖြာ ရှုတာ မပါပါ။

မိမိတို့၏ ကံမဂ္ဂင်များဖြစ်ကြသည့် အလုပ်၊ အပြော၊ အနေအတွေးတွေမှာ သမုဒယသစ္စာ (တဏှာ၊ ဥပါဒါန်၊ ကံ) သဘောဖြစ်သွားရင် ဆင်းရဲမယ်။ သမုဒယသစ္စာသဘော မဖြစ်အောင် သတိ၊ ပညာနဲ့ လုပ်ကိုင် ပြောဆို နေထိုင်မယ်ဆို်ရင် (နိရောဓသစ္စာ) ငြိမ်းအေးခြင်ဖြစ်မယ် စတဲ့ ကံ (သင်္ခါရ)၊ သီလတွေလွန်ကျူးခြင်းရဲ့ ဆင်းရဲအမှန်ကို သိဖို့သာလျှင် လိုရင်းဖြစ်ပေ၏။ ကံ (သင်္ခါရ)၊ သီလတွေလွန်ကျူးရင် ဆင်းရဲမယ်၊ မငြိမ်းအေးဘူး။ ဆင်းရဲမှန်းသိတော့ မလွန်ကျူးတော့ရင် ငြိမ်းအေးမယ်ဆိုပြီး ပိုင်းခြားသိတာ အရိယသစ္စာလေးပါးရဲ့ လုပ်ငန်းစဉ်ပါ။

ပရမတ္တသစ္စာနဲ့ အရိယသစ္စာ နှိုင်းယှဉ်လေ့လာဖို့ လိုပါတယ်။

ပရမတ္တသစ္စာတွင် နာမ်၊ ရုပ်သိရင် တရားသိသူ၊ သစ္စာသိသူဟု ယူဆ၏။ မှန်ပေ၏။ နာမ်၊ ရုပ်သိရင် ပရမတ်တရားသိသူ၊ ပရမတ္တသစ္စာသိသူသာဖြစ်၏။ အရိယ သစ္စာသိသူတော့ ဖြစ်မလာနိုင်ပေ။

အရိယသစ္စာတွင် ဗုဒ္ဓ၏ အရိယသစ္စာလေးပါးကို ဘယ်ဟာက သမုဒယသစ္စာ၊  ဘယ်ဟာက ဒုက္ခသစ္စာ၊  ဘယ်ဟာက မဂ္ဂနဲ့ နိရောဓ သစ္စာဆိုပြီး ကွဲကွဲပြားပြား သိမှသာ တရားသိသူ အရိယာဖြစ်ပေ၏။ သစ္စာကို တိုက်ရိုက်သိအောင် လေ့လာရမယ့်ကိစ္စမှာ ကြားက ပရမတ္တသစ္စာက နာမ်၊ ရုပ်သိမှ ဆိုပြီး ပွဲစား ဝင်ရှုပ်တာမို့ ပရမတ်တောတွင် ရွာလယ်နေကြပြီး အရိယသစ္စာနယ်ပယ်သို့ မရောက်ကြသည်မှာ ဝမ်းနည်းဖို့ ကောင်း၏။ ပွဲစား မလိုပါ၊ အရိယသစ္စာကို တိုက်ရိုက်သိအောင် ရှင်းပြပေးနိုင်တဲ့ ကလျာဏမိတ္တ အရိယသစ္စာသိပြီးသူ ဆရာသမားသာ လိုပါ ၏။

ဒါကြောင့် စိတ်ကူးယဉ် အယူအဆများဖြစ်တဲ့ သေပြီးနောက် ဖြစ်၊ မဖြစ် အတွေးအခေါ်များ ကင်းစင်ကြပြီး ပစ္စုပ္ပန် အပြောမှန်၊ အလုပ်မှန်၊ အနေမှန်တွေရဲ့ တန်ဘိုးအမှန်တွေကို သိရှိနိုင်ကြပါစေ။ ပရမတ်တောတွင် နစ်မြုတ်နေခြင်းမှ လွတ်မြောက်ပြီး အရိယသစ္စာ ကုန်းထက်သို့ တက်လှမ်းနိုင်ကြပါစေ . . . . . . .  . ။

 

ဗုဒ္ဓ၏ အရိယသစ္စာတရား ပြန်လည်ထွန်းကားစေလိုသူ

92 comments

  • bigcat

    April 24, 2011 at 12:23 am

    နာမေးဒါကတမျိုး တူဖြေဒါကတခြား။ မဖြေနိုင်ရင် မဖြေတတ်ရင် မဖြေရဲရင် မဖြေဝံ့ရင် ပွင့်ပွင့်လင်းလင်းပြောပါဗျို့။ ဒါလေးတောင် မဖြေနိုင်ရင် အရိယာသစ္စာဆိုတာ ဘယ်လိုယုံရမှာတုံး… သူတပါးကိုပြောရဲရင် ကိုယ့်ကိုဝေဖန်တာကိုလည်း ပြန်လည်ဖြေရှင်းတတ်ရမယ်…. ဒီမေးခွန်းကိုဓမ္မဥယျာဉ်ဆရာတော်ashinindakaရယ်၊ ရှင်အရိယာရယ်၊ သဂျီးရယ်၊ ခြင်္သေ့မင်းရယ်ကို မေးနေတာ သုံးလေးရက် ရှိသွားပြီ။ ဘယ်သူမှလည်း မဖြေတတ်ကြဘူး။ kosicca ဆိုသူလည်း ယောင်ဝါးဝါးပဲ။ ယုံဖူးအောင် ဂုဏ်ထူးဆောင် နေကြတာများလား…..
    ဒီအတိုင်းဆို ကိုယ်တော်တို့ယုံတဲ့ ဝါဒက ဒီဃတပဿီ အမည်ရှိသည့် နိကဏ္ဌ တိတ္တိဆရာကြီး၏ ကာယဒဏ်၊ ဝစီဒဏ်၊ မနောဒဏ်ဆိုတာကြီးကို စုတုပြုထားတာကြီးပဲဖြစ်ရမယ်။

    • lionking

      April 24, 2011 at 7:56 am

      တယ်ပြောရခက်တာပဲ bigcat ရယ်။ အရိပ်ပြရင် အကောင် မြင်တတ်ရတယ်။
      ဖတ်ပါ၊ မှတ်ပါ၊ လေ့လာပါဆိုတော့ ပုံတွေ၊ အရုပ်တွေ မပါလို့၊ ပုံတွေ၊ အရုပ်တွေ ပါပြန်တော့လည်း တွတ်ပီတို့၊ သမိန်ပေါသွပ်တို့ မဟုတ်လို့ဆိုတဲ့ လေ့လာမှုလောက်နဲ့ ဆိုရင် ကိုယ့်လူ ဒုံးဝေးနေဦးမှာပဲ။
      ဗုဒ္ဓရဲ့ကံနှင့် ဂျိန်းကံ (နိကဏ္ဌ တိတ္တိဆရာကြီးအခေါ် ဒဏ်)က မတူဘူးကွဲ့။
      ဘယ်လိုမတူလဲ သိချင်ရင်တော ဒီတစ်ခါ အရိပ်မပြတော့ဘူး။ အကောင်လိုက်ပြလိုက်မယ်။ သေသေချာချာကြည့်နော်။
      http://sites.google.com/site/sayamvasi/JanesKarmaBuddhasKarma.pdf
      အဲဒီ စာအုပ်လေးကို သေသေချာချာဖတ်ကြည့်။
      အင်း . . . ပြောရတာ တယ်လက်ပေါက်ကက်တာပဲ။

  • MaMa

    April 24, 2011 at 3:29 am

    မြတ်စွာဘုရားက ငါ၏သာသနာကို ပျက်စီးအောင် ဖျက်ဆီးမည့်သူများမှာလည်း ငါ့သားသံဃာများသာ ဖြစ်သည်ဟု ပြောခဲ့သည်မှာ ယခုမှ အမှန်ဟု ယူဆမိပါသည်။ ယခင်က သံဃာများက သာသနာကိုဖျက်မည်ဟု မြတ်စွာဘုရားဟောသည်ကို အများကြီး တွေဝေမိပါသည်။
    (သေပြီးနောက် ဖြစ်တယ်လို့ အယူရှိရင် သဿတမိစ္ဆာဒိဋ္ဌိ . . . . .။

    သေပြီးနောက် မဖြစ်ဘူးလို့ အယူရှိရင် ဥစ္ဆေဒမိစ္ဆာဒိဋ္ဌိ . ) နှစ်ခုစလုံးက အမြင်မှားတွေချည်းပါပဲလို့ မြတ်စွာဘုရားက ဟောထားပါတယ်။ မြတ်စွာဘုရား မမြဲခြင်းသဘောကိုသာ ဟောပါသည်။ နှစ်ခုစလုံးက မြဲခြင်းသဘောကို အခြေခံထားပါသည်။ အရှင်ဘုရားအနေဖြင့် မြတ်စွာဘုရားဟောထားသော အမြင်မှန်ကို တင်ပြပေးစေလိုပါသည်။
    ယခုကဲ့သို့ အန ္တာရာယ်များလှသော၊ လွန်စွာမှာ တက်တက်စင်အောင် မှားယွင်းသော အယူအဆများ ကို ယခုကဲ့ နိဗ္ဗာန်နှင့်ဝေးကွာလွန်းလှသော လူအများအနေဖြင့် ရေးခြင်းပြောခြင်းများ လုပ်နေမည့်အစား သဲအင်းဂူ၊ မဟာစည်၊ မိုးကုတ် စသည်ဖြင့် ဟောကြားခဲ့သော တရားတော်များကို သေသေချာချာ လေ့လာခြင်းက ပိုအကျိုးများမည်ဟု ယူဆပါသည်။ ပါမောက္ခချုပ်ဆရာတော်ကြီးက မြတ်စွာဘုရားဟောကြားသော ကိုယ်တိုင်မသိနိုင်သော တရားများကို ဥပမာပေးရာတွင် ကမာ္ဘကြီးလုံးဝန်းသည်ကို ကိုယ်ပိုင်မျက်စိဖြင့် မတွေ့မမြင်နိုင်သော်လည်း ပညာရှင်ကြီးများ၏ ရှာဖွေတွေ့ရှိချက်များကို အမှန်ဟု လိုက်နာကြရသလိုပင် ဖြစ်ပါသည်။ http://dhammadownload.com/MP3Library/Dr-Nandamalabhivamsa/DVD-02/236-Dr-Nandamalabhivamsa-DVD-Mp3.mp3 ကိုနားထောင်ကြည့်စေလိုပါသည်။

    • ashinariya

      April 24, 2011 at 9:22 am

      သေပြီးနောက် ဖြစ်တာကိုလည်း မယူဘူး၊ မဖြစ်တာကိုလည်း မယူဘူးဆိုတာ ဘုရားသေသေချာချာ ဟောထားတယ်လို့ဆိုတာ လက်ခံတယ်ဆိုရင် ရိုးရိုးလေးပဲ နှစ်ခုလုံး မစဉ်းစားနဲ့တော့ပေါ့။
      သမုတိသစ္စာနဲ့က ဘယ်လို ယူရတယ်။ ပရမတ္တသစ္စာသဘောနဲ့ ဘယ်လိုနားလည်ရတယ်ဆိုပြီး လူတွေ နားရှုပ်အောင်တော့ ဘုရားမလုပ်ခဲ့နိုင်ပါဘူး။ ဟိုလို တစ်မျိုး၊ ဒီလို တစ်မျိုး ယူတယ်ဆိုတာ
      ဗုဒ္ဓရဲ့ အယူဖြစ်နိုင်ပါ့မလားဆိုတာ သေသေချာချာ စဉ်းစားကြည့်စေချင်ပါတယ်။

      ဒါဆိုရင် ဘာကို စဉ်းစားကြမလဲ။
      ကိုယ်အခုလုပ်နေ၊ ပြောနေ၊ တွေးနေတဲ့ အလုပ်တွေမှာ အစွဲ (ဥပါဒါန်)တွေနဲ့ လုပ်မိ၊ ပြောမိ၊ တွေးမိ နေမိမယ်ဆိုရင်
      ဖြစ်လာတဲ့ တန်ဘိုးတွေဟာ လုပ်သူကို (အနိစ္စ) ပျက်စီးစေမယ်။ (ဒုက္ခ) ဆင်းရဲစေမယ်။ (အနတ္တ) အချီးအနှီး၊ အသုံးမကျဖြစ်စေတယ်လို့
      သိပါများလာရင် ဒီ သင်္ခါရ(ကံ) လို့ ဆိုတဲ့ အစွဲနဲ့ လုပ်မိတဲ့အလုပ်တွေဟာ (ဒုက္ခသစ္စာ) ဆင်းရဲတာအမှန်လို့ သိလာပါလိမ့်မယ်။

      ဆင်းရဲမှန်းသိရင် ဒီကံ (အစွဲပါတဲ့အလုပ်)တွေကို ဘယ်တော့မှ မပြုလုပ်တော့ပါဘူး။ ဘာ့ကြောင့်လဲ . . . ။ ဆင်းရဲစေတာကိုး။
      ဒါဆိုရင် ဘာမှမလုပ်ပဲ နေရမှာလား။ မဟုတ်ပါဘူး။ ကြိယာလို့ ဆိုရတဲ့ အစွဲကင်းတဲ့ သဘောနဲ့ လုပ်တတ်၊ ပြောတတ်၊ တွေးတတ်၊ နေတတ်လာမှာပါ။
      အဲဒီအခါမှာ ဆင်းရဲနေမှာလား၊ ငြိမ်းအေးနေမှာလားဆိုတာ ကိုယ်တိုင် ကျင့်သုံးကြည့်ရင် သိလာပါလိမ့်မယ်။။

      ကာလာမသုတ်မှာ ကိုယ်ယုံကြည်လောက်တဲ့ သူတွေက ပြောတိုင်း မယုံနဲ့ဦး။
      ကိုယ်တိုင်ကျင့်သုံးကြည့်လို့ အပြစ်ကင်း၊ ငြိမ်းအေး၊ အကျိုးများစေတယ်ဆိုရင် လိုက်နာကျင့်သုံးပါလို့ သေသေချချာ ဟောထားပါတယ်။

      ဒါ့ကြောင့် ကိုယ်တိုင်ကျင့်သုံးကြည့်ပြီး နဂိုသိနေတဲ့ အယူတွေနဲ့ နှိုင်းယှဉ်ကြည့်ပါ။

      စဉ်းစားဖို့ အထောက်အကူရအောင် http://sites.google.com/site/sayamvasi/Abyakathana.PDF စာအုပ်နဲ့ http://sites.google.com/site/sayamvasi/KalamasuttaUMyo.PDF စာအုပ်နှစ်အုပ်ကို လေ့လာဖို့ လမ်းညွှန်လိုက်ပါတယ်။

      အစွဲကင်းကင်းနဲ့ လုပ်တတ်၊ ပြောတတ်၊ နေတတ်နိုင်ကြပါစေ။

  • ashinariya

    April 24, 2011 at 8:46 am

    နိကဏ္ဌ တိတ္တိဆရာကြီး(ဂျိန်း)၏ ဒဏ်ဒဏ်ဟုသာ သတ်မှတ်မှုနဲ့ ကံဆိုတဲ့ သဘောဟာ လုပ်နေတဲ့ အလုပ်တွေမှာ ကံလို့ပဲပြောပြော၊ ဒဏ်လို့ပဲ ပြောပြော နာမည်သတ်မှတ်မှုသာကွဲတာပါ။
    ကုလားကြီးနဲ့ အရာကြီးလိုပေါ့။

    နိကဏ္ဌ တိတ္တိဆရာကြီး(ဂျိန်း)က ကာယကံ (သူတို့အခေါ် ဒဏ်)သာလျှင် အဓိကကျတယ်လို့ ပြောတယ်။
    ဗုဒ္ဓက မနောကံက အဓိကကျတယ်လို့ ဥပမာပေါင်းများစွာနဲ့ ဟောပြောထားတာ ရှိပါတယ်။
    ဒါဗုဒ္ဓနဲ့ ဂျိန်းတို့ရဲ့ ကံပေါ်မှာ မြင်ပုံ မတူပုံတစ်မျိုုးပေါ့။

    နောက်ထပ်ပြီး ဗုဒ္ဓဘုရားက နိကဏ္ဌ ဂျိန်းကျောင်းကို သွားပြီး နိကဏ္ဌ တွေကို မေးခဲ့တာရှိတယ်။
    အရင် မမွေးခင်က လုပ်ခဲ့တဲ့ ကံအကျိုးပေးတွေ ကုန်အောင် ကျင့်နေကြတဲ့ နိကဏ္ဌ ဂျိန်းဘုန်းကြီးတွေရဲ့ တရားကျင့်ကြံနေမှုကို ဝေဖန်ပြထားတဲ့ တရားတွေလည်းရှိပါတယ်။
    ဒါဆိုရင် ဗုဒ္ဓရဲ့ ကံသဘောက အရင် မမွေးခင်က လုပ်ခဲ့တာတွေကို ပြောတာမဟုတ်ဘူးလို့ နားလည်ပေးရမှာပေါ့။
    နာမည်ကတော့ ကိုယ်ပေးလိုသလို ပေးကြမှာပဲ။
    ဗုဒ္ဓကံသဘောနဲ့ ဂျိန်းကံ (ဒဏ်သဘော)က ရှေ့ဘဝ၊ နောက်ဘဝ ဖြစ်၊ မဖြစ် အယူပေါ်မှာ မူတည်ပြီး ကွဲပြားပါတယ်။
    စိတ်ကူးကြံဆမှုနဲ့ လူမမွေးခင်နဲ့ သေပြီးနောက်အပေါ် ကံကို နားလည်နေရင်တော့ အဲဒါ ဂျိန်းကံပါပဲ။
    နောက်အချိန်ရရင် post တစ်ခုရေးပြီး အသေးစိပ်တင်ပေးပါဦးမယ်။
    အချိန်ပေးနိုင်ရင်တော့ http://ariyadhamma.multiply.com/video/item/6/6 အဲဒီလိပ်စာက Mp 3 အသံတရား (ဖလင်ပုံလေးကို မောက်နဲ့ နှစ်ချက်နှိပ်လိုက်ရင် download ရပါတယ်)နဲ့
    http://sites.google.com/site/sayamvasi/Abyakathana.PDF ကစာအုပ်နဲ့ http://sites.google.com/site/sayamvasi/JanesKarmaBuddhasKarma.pdf လိပ်စာက E-book စာအုပ်တွေက တရားတွေ လေ့လာကြည့်ပေးပါ။ ဥူးဇင်းတို့လည်း ဒီတရားတွေ လေ့လာခွင့်ရလို့ နှိုင်းယှဉ်သိလာရတာပါ။

    အလုပ်နည်းနည်းများနေတာမို့ မေးထားတာကို ဒီနေ့မှ အသေးစိပ်ဖတ်မိလို့ အခုမှပဲ အကြောင်းပြန်ပေးတာကို နားလည်ပေးပါ။

    ဗုဒ္ဓကံနဲ့ နိကဏ္ဌ (ဂျိန်းကံ) ကွဲပြားနိုင်ပါစေ။

  • bigcat

    April 24, 2011 at 8:25 pm

    အရိယာသစ္စာသိပုံခြင်း မတူကြပါလားဟရို့။ ဘယ်သူက ညဏ်ပိုမြင့်သလဲမသိဘူး။
    အဟတ် အဟတ် အဟတ်…
    lionking said ဗုဒ္ဓရဲ့ကံနှင့် ဂျိန်းကံ (နိကဏ္ဌ တိတ္တိဆရာကြီးအခေါ် ဒဏ်)က မတူဘူးကွဲ့။
    @ lionking ခြင်္သေ့မင်းတို့ကလည်း ကြိုက်မှန်းသိ ကြိုက်မှန်းမသိ ဇွတ်ဝယ်ခိုင်းနေတော့တာပဲ။ ဝယ်သူဖက်က အမြည်းကျွေးပါဆိုတော့ သူများဆိုင်ကဟာကြီး ထိုးကျွေးတယ်။ ဘယ်လိုလုပ်သလဲမေးတော ဖြေကြတာ တယောက်တမျိုးစီ။ ဝယ်ဘူးဗျို့၊ အင်ကြီး….

    ashinariya said နိကဏ္ဌ တိတ္တိဆရာကြီး(ဂျိန်း)၏ ဒဏ်ဒဏ်ဟုသာ သတ်မှတ်မှုနဲ့ ကံဆိုတဲ့ သဘောဟာ လုပ်နေတဲ့ အလုပ်တွေမှာ နာမည်သတ်မှတ်မှုသာကွဲတာပါ။ ကုလားကြီးနဲ့ အရာကြီးလိုပေါ့။
    @ashinariya ခြင်္သေ့ဘုရင်ဆိုတဲ့သူက အရှင်ဘုရားပြောတာနဲ့ ဆန့်ကျင်ဖက် လုပ်နေပါတယ်။ တပည့်တော် အရှင်ဘုရားကိုယ်စား ခံပြင်းလွန်းလို့ လျောက်တာပါ။

    • lionking

      April 25, 2011 at 3:26 am

      အင်း . . . bigcat ကတော့ အကောင်လိုက်ပြနေတာတောင် မမြင်သေးဘူးဆိုတော့ . . . . ။ ashinariya က bigcat မမြင်မှာဆိုးလို့နဲ့ တူတယ်၊ အသေးစိပ်နဲနဲ ဝေဖန်ပြလိုက်တာ ကိုယ့်လူ ဝေတေတေဖြစ်သွားတယ်နဲ့ တူတယ်။
      မှတ်ထား . . . ကံတို့၊ ဒဏ်တို့က နာမည်တွေဆိုတော့ ကိုယ်သတ်မှတ်ထားတဲ့အတိုင်းပဲ ကုလားကြီးပဲ ပြောပြော၊ အရာကြီးပဲပြော၊ ပြောကြမှာပဲ။
      သဘောတရားအနေနဲ့ မတူဘူးဆိုတာကို ပြောနေတာလို့ အဲဒီလောက်လေးတော့ သဘောပေါက်စမ်းပါ ကိုယ့်လူရာ။
      လူမသိနိုင်တဲ့ မမွေးခင်ကာလတွေကို စိတ်ကူးယဉ်တာက ဂျိန်းကံ (ဒဏ်)။
      စိတ်ကူးကြံဆတာမပါပဲ လူသိနိုင်တဲ့ အလုပ်ကံတွေပေါ်မှာပဲ အမှန်သိအောင်လုပ်တာ ဗုဒ္ဓကံ။

      ashinariya ရေ အရှင်ဘုရား၊ ရှင်းပြပေမယ့်လည်း တိမ်သလ္လာအရမ်းဖုံးနေတဲ့ သူတွေဟာ အကောင်ကြီးပြတာတောင် မြင်ဖို့ မလွယ်ဘူး၊ ကြာရင် အရိပ်ပါ မမြင်တော့ပဲ ဖြစ်သွားမယ်နဲ့ တူတယ် ဟရို့။

      • bigcat

        April 25, 2011 at 3:48 am

        အလို နေဖင်ထိုးမှ အိပ်ယာက လူးလဲထတဲ့ အရိယာကြီးပါလား။ ခြင်္သ့ရဲ့ ဆရာတော် ပြန်ထားတဲ့စာကိုလည်း မျက်နှာလေးဘာသေးသစ်ပြီး နောက်တခေါက်လောက် ဖတ်ကြည့်ပါအုံး။ တူတယ်ပြောတာလား၊ မတူဘူးပြောတာလားဆိုတာ။ ခြင်္သေ့မင်းက နိုင်ငံဂျားမှာ အနေကြာလို့ မြန်မာစာကို သေးသေးလေးပဲ ဖတ်တတ်တော့ဒါဒေါ့ မဟုတ်လောက်ဖူးနဲ့ တူပါဒယ်။
        ashinariya said: On April 24, 2011 “နိကဏ္ဌ တိတ္တိဆရာကြီး(ဂျိန်း)၏ ဒဏ်ဒဏ်ဟုသာ သတ်မှတ်မှုနဲ့ ကံဆိုတဲ့ သဘောဟာ လုပ်နေတဲ့ အလုပ်တွေမှာ နာမည်သတ်မှတ်မှုသာကွဲတာပါ။ ကုလားကြီးနဲ့ အရာကြီးလိုပေါ့။ {{မျက်လုံးကြီးနှစ်လုံးနဲ့ပြူးပြဲအသံထွက်ဖတ်ပြီး ဘာကိုဆိုလိုသလဲ စဉ်းစားစဉ်းစား}}
        နိကဏ္ဌ တိတ္တိဆရာကြီး(ဂျိန်း)က ကာယကံ (သူတို့အခေါ် ဒဏ်)သာလျှင် အဓိကကျတယ်လို့ ပြောတယ်။ ဗုဒ္ဓက မနောကံက အဓိကကျတယ်လို့ ဥပမာပေါင်းများစွာနဲ့ ဟောပြောထားတာ ရှိပါတယ်။ ဒါဗုဒ္ဓနဲ့ ဂျိန်းတို့ရဲ့ ကံပေါ်မှာ မြင်ပုံ မတူပုံပေါ့။”
        အရှင်အရိယာဆရာတော်ဘုရား…ဆရာတော့်ကြမ်းပိုးကို ခြင်္သေ့မင်းဆိုသူက လိပ်ဖြစ်အောင်လုပ်နေပါဒယ်။ အရိယာဖြစ်ပေမဲ့ ခွင့်လွှတ်တော်မမူပါနဲ့၊ ဝင်ရောက်ကြိမ်းမောင်းတော်မူပါ။

        • San Hla Gyi

          July 26, 2012 at 7:06 pm

          ကိုကြောင်ကြီးရေ
          အမှန်တော့ ကျနော် ဒီပို့စ်မျိုးကို ဝင်ပြီးကွန်မန့်မပေးချင်ပေမယ့် ကိုယ့်မိတ်ဆွေမို့ ပြောရဦးမယ်။ သူတို့ ပြောတာတွေ မရှင်းပါဘူး။ ပြောတဲ့လူတွေ ကိုယ်တိုင်တောင် လည်နေပုံရတယ်။ ဝင်ပြီး ငြင်းမနေပါနဲ့ဗျာ။ အချိန်ကုန်ပါတယ်။ ကိုယ်ကြောင်ကြီး မိရိုးဖလာ ယူဆထားတဲ့ အတိုင်းသာ ဆက်လက်ယုံကြည်ပါ။ မမှားနိုင်ဘူးလို့ ထင်ပါတယ်။ နောင်ကြုံတော့လည်း ပြောကြတာပေါ့။

    • realman

      April 25, 2011 at 7:11 am

      ဒီအကြောင်းကို စိတ်ဝင်စားလို့ ဖတ်ကြည့်နေတာ၊
      bigcat ဆိုတဲ့ အတိုင်း တော်တော်ကတ်တာပဲ၊ ဟင့် . . .လူဆိုး – – – – – – – -။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 25, 2011 at 2:25 am

    ဗျို ့ကာလာမသုတ် ဆိုတဲ့ဆရာကြီးတွေ
    တော်တော်တော့ သောက်ညင်ကပ်လာပြီ
    ခင်ဗျားတို ့ပြောတိုင်း ကာလာမသုတ်ဆိုရင်လဲ
    ကျုပ်ကတော့
    ခင်ဗျားတို ့ဖင်ထဲကို ဝင်နေတဲ့ သပ်ကိုစွဲနှုတ်ကြဗျို ့
    ဟိုလေ
    ကျွန်းသားလား
    ပျဉ်းကတိုးသားလား
    ပိတောက်သားလား
    ဝါးချမ်းပြားလား လုပ်မနေကြနဲ ့
    ကိုယ်ယုံကြည်နားလည်ရာကို ကိုယ်တိုင်မြင်အောင်တစ်ကယ်လုပ်ကြပြီးပြီးလား
    ကိုယ့်ကိုယ်ကိုယ်တောင် ဘာမှန်းမသိပေးဘဲနဲ ့လာမကြောင်နေကြနဲ ့
    မြတ်စွာဘုရားရှင်တော်မြတ်တောင်
    သူကိုယ်တိုင်ထူးသောဉဏ်တော်နဲ ့တွေ ့ခဲ့တဲ့တရားတွေကို
    တတ်နိုင်သောသူကိုဘဲဟောကြားတော်မူခဲ့တာကိုသိကြတာဘဲဂလား
    ဟောမရလို ့ အာပီဂျိီနဲ ့လိုက်ဆော်တာဟုတ်ဘူး
    ဆိတ်ငြိမ်ရာအရပ်ကိုချဉ်းကပ်တာဘဲ
    ဒါ့ကြောင့် အာဝုသောတို ့
    ကိုယ်နဲ ့အစဉ်ပြေရာ အကြွေးရနိုင်တဲ့ အရက်ဆိုင်ကိုချဉ်းကပ်ကြကုန်လော
    ပုံ
    ဘဒ္ဒ န္တ မိုက်ကယ်ဂျော်နီအောင်ပု

  • ariyathitsa

    January 24, 2012 at 3:02 pm

    သေပြီးနောက် ဖြစ်/ မဖြစ် ပြဿနာဟာ ဗုဒ္ဓဘုရား၏ လူ့အမှု (ကံ)ကို ငြိမ်းစေသည့် အရိယသစ္စာကို မသိလို့ပါ။
    ဗုဒ္ဓရဲ့ လူ့အမှု ကံ (သင်္ခါရ) ငြိမ်းစေသည့် စစ်မှန်သော အရိယသစ္စာကို သိလိုပါက
    http://www.ariyathitsa.org သို့ လာရောက်လေ့လာပါရန် ဖိတ်ခေါ်ပါသည်။

  • mggwa

    January 24, 2012 at 4:56 pm

    သေပြီးရင် ဖြစ်ချင်ရင် ဖြစ်ကြပါဦး။ တကယ်ဖြစ်မှာက မြေဩဇာ။

  • ariyathitsa

    April 9, 2012 at 11:26 am

    ဗုဒ္ဓဘုရား၏ လူ့အမှု (ကံ)ကို ငြိမ်းစေသည့် အရိယသစ္စာနှင့် ပတ်သက်၍
    http://www.facebook.com/ariyathitsa တွင်လည်း ဝင်ရောက် ဆွေးနွေး ဆက်သွယ် လေ့လာနိုင်ပါသည်။

  • naing thu

    April 16, 2012 at 10:58 pm

    နဲနဲ ဝင်ရှုပ်ပါရစေ…
    သေပြီးနောက် ဆိုတာထက်…
    အခုဖြစ်နေတာ တကယ့်ကိုယ့်ဘဝလား ဆိုတာရယ်
    တကယ်လို့ သေသွားရင်လဲ ကိုယ်တကယ်သေသွားတာလား ဆိုတာလေး
    အယူဆတစ်ခုအစွဲနဲ့ မဟုတ်ဘဲ ariyathitsa အနေနဲ့
    လွတ်လပ်မှန်ကန်စွါ ဖြေကြားပေးစေချင်ပါတယ်

    • ashinariya

      April 21, 2012 at 6:15 pm

      (အခုဖြစ်နေတာ တကယ့်ကိုယ့်ဘဝလား ဆိုတာရယ်
      တကယ်လို့ သေသွားရင်လဲ ကိုယ်တကယ်သေသွားတာလား ဆိုတာ)ကို
      သမုတိသစ္စာအမြင်၊ ပရမတ္တသစ္စာအမြင်။ အရိယသစ္စာအမြင်စတဲ့
      သစ္စာအပေါ် အသိအမြင် (၃) မျိုးနဲ့ ပိုင်းခြားရေးကြည့်ပါမယ်။

      သမုတိသစ္စာအရ – ဘဝ ဆိုတာ ဒီလူကြီး မွေးရာကနေ သေသွားတဲ့ကာလအတွင်း ဖြစ်စဉ်လို့ အကြမ်းဖျဉ်းနားလည်ပေးပါ။
      ပရမတ္တသစ္စာအရ – ဘဝ ဆိုတာ ဒီလူကြီးရဲ့အစိတ်အပိုင်းတွေဖြစ်တဲ့ ရုပ်တွေ၊ နာမ်တွေရဲ့ စက္ကန့်မလပ် တရစပ် ဖြစ်နေ၊ ပျက်နေတဲ့ ဖြစ်စဉ်။
      အရိယသစ္စာအရ – ဘဝ ဆိုတာ လူ့ရဲ့လွန်ကျူးမှု ကံ (သင်္ခါရ)တွေကြောင့် ဖြစ်နေတဲ့ အဖြစ်၊ အပျက်၊ အခြေအနေလို့ ကွဲပြားပြီး နားလည်ပေးစေလိုပါတယ်။

      သမုတိသစ္စာအရ – သေတယ် ဆိုတာ ဒီလူကြီး ကွယ်လွန်၊ သေဆုံးသွားတာပါ။
      ပရမတ္တသစ္စာအရ – သေတယ် ဆိုတာ ဒီလူကြီးရဲ့အစိတ်အပိုင်းတွေဖြစ်တဲ့ ရုပ်တွေ၊ နာမ်တွေ ဖြစ်ပြီး ပျက်သွားတာကို သေသွားတယ်လို့ ပြောကြပါတယ်။
      အရိယသစ္စာအရ – သေတယ် ဆိုတာ လူ့ရဲ့လွန်ကျူးမှု ကံ (သင်္ခါရ)တွေကြောင့် ဖြစ်နေတဲ့ အဖြစ်အခြေအနေတွေဟာ လွန်ကျူးမိသူရဲ့ ဘဝကို ပျက်စေတယ်၊ သေစေပါတယ်။

      ဒါ့ကြောင့် ဗုဒ္ဓမြတ်စွာက လူသေပြီးနောက် ဖြစ်/မဖြစ်တွေကို မဟောကြားခဲ့သလို
      ဒီလူရဲ့ ရုပ်၊ နာမ်တွေ မြဲ/မမြဲ အယူတွေကိုလည်း သူမယူကြောင်း အဗျာကထနသုတ္တံတရားပေါင်းများစွာ ဟောကြားတော်မူခဲ့တာပါ။

      ဘာ့ကြောင့်လဲဆိုတော့ ဗုဒ္ဓလမ်းညွှန်ပြသော အရိယသစ္စာအသိအမြင်အရ ဘဝနဲ့ သေခြင်းဆိုတာတွေဟာ သေပြီးနောက် ဖြစ်/မဖြစ်တွေ၊ ရုပ်၊ နာမ်တွေနဲ့ မသက်ဆိုင်လို့ပါ။
      လူ့ရဲ့လွန်ကျူးမှု ကံ (သင်္ခါရ)တွေကြောင့် ဖြစ်နေရတဲ့ အခြေအနေတွေနဲ့ အဲဒီအခြေအနေတွေရဲ့ တန်ဘိုးကိုသာလျှင် ပြောတာဖြစ်ပါကြောင်း
      အကျယ်သိလိုပါက
      http://myanmargazette.net/116672/uncategorized-other/copypaste
      ရှိ “အချိုမှုန့်ပမာ ယနေ့ခေတ်ဝိပဿနာ” post တွင် ဆက်လေ့လာပါရန် ဖြေကြားလိုက်ပါသည်။

  • nyunt hlaing

    July 26, 2012 at 5:10 pm

    သေပြီးနောက် ဖြစ်တာကိုလည်း မယူဘူး၊ မဖြစ်တာကိုလည်း မယူဘူး ၊ ပစ္စုပ္ပန်ဖြစ်နေတဲ့အခုဘဝ အို၊နာ၊သေနဲ့ရင်ဆိုင်ရမှာ/ရင်ဆိုင်နေရတာဟာ ဒုက္ခ ဆိုတာလဲမငြင်းနိုင်ဘူး ၊ အဲဒီဒုက္ခတွေကို ဘယ်ပစ္စုပ္ပန် ကံ နဲ့ငြိမ်းစေပြီး မသေခင်က ရ – ရမယ်ဆိုတဲ့ အို၊နာ၊သေကင်းရာ နိဗ္ဗာန် ၊ ဒုက္ခကင်းရာ နိဗ္ဗာန် ချမ်းသာကို ရှာလို့ရမှာလဲ။ ရနိုင်တဲ့ အသိဉာဏ် ၊နည်းလမ်း မျိုး ကို ထေရဝါဒဗုဒ္ဓသာသနာ မှာကလွဲလို့ဘယ်မှာရမှာလဲ။အပြောကောင်းလို့နားယောင်လျှင်မှားမည်။ကိုယ့် မသိနားမလည်တဲ့စိတ်နဲ့
    ကိုယ့်ကိုယ်/ ကိုယ်လုပ်လို့ကိုယ်ဖြစ်ကိုယ်ခံ ရတဲ့ ပစ္စုပ္ပန်ဒုက္ခ ကို ပစ္စုပ္ပန်မှာ မလုပ်ရင်မဖြစ်ဘူး ငြိမ်းတယ် ဆိုယုံ မျှဟာ တကယ့်လွတ်မြောက်မှု မဟုတ်ပါဘူး။
    သဗ္ဗေသင်္ခါရာ ဒုကံ္ခ ဆိုတဲ့အနက်အဓိပ္ပယ်အပေါ် ဉာဏ်မသက်ဝင်နိုင်တော့တာနဲ့ မွေးပြီးနဲ့သေဆုံးချိန်
    အကြား လူ့အမှုကြောင့်ဖြစ်တဲ့ လူ့ဒုက္ခ ချုပ်ငြိမ်းစေယုံမျှ ဟာ ဗုဒ္ဓအဆုံးအမရဲ့အနှစ်မဟုတ်ပါဘူး။
    အိုလျှက်၊နာလျှက်၊သေကြလျှက် မအို၊မနာ၊မသေရာကို ဉာဏ်သက်ဝင် မျက်မှောက်ပြုနိုင်တာကမှ
    ဗုဒ္ဓအဆုံးအမရဲ့အနှစ်သာရပါ။ကိုယ်မတွေ့မမြင် မသိ ကာမျှဖြင့် မဟုတ်မမှန် မဖြစ်နိုင်၊ မှားနေသည်ဟု
    မဆိုအပ်။မအိုမနာမသေလိုသော ဒုက္ခ သည် ဘယ်စည်းစိမ်၊ဘယ်ဂုဏ် တို့ဆုံးရှုံးရသောဒုက္ခ တို့နှင့်မျှ
    မနှိုင်းသာသည်ကို သိပြီးဖြစ်ပါမည်။ဗုဒ္ဓဟာမအိုမနာမသေရာအတွက်တောထွက်ခဲ့တာပါ။

  • nyunt hlaing

    August 10, 2012 at 12:24 am

    ဖြစ်တယ်ဆိုတာအကြောင်းညီညွှတ်မှလို့သိထားရင် သေပြီးနောက် ဖြစ်/မဖြစ်ဆိုတာလဲအကြောင်းညီ
    ညွှတ်မှပဲပေါ့ ။ဆိုကြပါစို့ –အသံလွှင့်ရုံကတိုက်ရိုက်လွှင့်နေတဲ့ စကားပြောသူရဲ့အသံဟာ အဲဒီနေရာ
    မှာတင် ကုန်ဆုံးပျောက်ကွယ်သွားပေမဲ့ အနယ်နယ်အရပ်ရပ်မှာ အဲဒီအသံကို (ပြောသူ/နားထောင်သူ
    နှစ်ဖက်စလုံး)အကျိုးအကြောင်း ညီညွှတ်စွာရှိမှတထပ်ထဲ ဖမ်းယူနားဆင်နိုင်သလို / အကျိုးအကြောင်း
    အနဲငယ်မပြည့်စုံလို့ အသံဝါး ဖမ်းယူနားဆင်နိုင်တယ်၊ အကျိုးအကြောင်းမပြည့်စုံလို့အသံမဖမ်းယူနိုင်ဘူး
    ဆိုတဲ့ဖြစ်ရပ်မှာ ဖမ်းယူရတဲ့အသံဆိုတာဟာ အသံလွှင့်သူရဲ့အသံစစ်စစ် မဟုတ်တော့တာလဲ အမှန်၊
    အသံလွှင့်သူရဲ့အသံနဲ့အဆက်အစပ် မကင်းတာလဲအမှန်၊အသံဖမ်းယူလို့မရဘဲအဆက်အစပ်ကင်းတာလဲ
    အမှန်၊ဆိုတာအားလုံးသိကြတာပဲ။အသံဆိုတဲ့ ရုပ်တရားတခုရဲ့အစွမ်းသတ္တိတွေဟာ အကျိုးအကြောင်း
    ညီညွှတ်ခြင်းအပေါ်မူတည်ပြီး နောက်တဖန်အလားတူ ဖြစ်ခြင်း/မဖြစ်ခြင်းတွေ ဖြစ်ကြတဲ့သဘောတရား
    တွေ ကိုယ်တိုင်တွေ့နေကြတာပဲ ၊ ဒီတော့ရုပ်တရားနာမ်တရားတွေ ရဲ့ ဖြစ်ခြင်း/မဖြစ်ခြင်း ဆိုတာ အကျိုးအကြောင်းညီညွှတ်မှု ရှိ/မရှိ အရသာလျှင်ဖြစ်တော့မှာပေါ့။အဲဒီ အကျိုးအကြောင်း ဆိုတာတွေ နဲ့ပတ်သက်လို ့ထေရဝါဒဗုဒ္ဓသာသနာ အများကြီးလေ့လာစရာ ရှိပါတယ်။ အကျိုးအကြောင်း နဲ့ဆက်စပ်
    ဆင်ခြင်ပြီး အဖြေမှန် ထုတ်မှ သင့်လျှော်ပေ မပေါ့ ။ အကျိုးအကြောင်း နဲ့ဆက်စပ်ဆင်ခြင်ပြီးလက္ခံတာဟာ
    အယူတခုမဟုတ်ပါဘူး ။ မစဉ်းစားနဲ့/မတွေးကြနဲ့ ဆိုတာ ကတော့ဖြင့် ဖြစ်ချင်ဖြစ်/မဖြစ်ချင်နေ
    နောင်ခါလာနောင်ခါဈေး ဆိုပြီး မပြောယုံတမယ်ရှိ တဲ့ အကျိုးမဲ့စေတဲ့ စကားမျှသာ ဆိုတာတွေ့ကြရ
    မှာပါ။။။။။

  • kai

    August 10, 2012 at 1:24 am

    အဲဒီအယူကို.. ငါမယူဘူးဆိုတဲ့. ဂေါတမဗုဒ္ဓရဲ့..တရား(စကား)ကို.. သဘောမပေါက်ကြဘူးဖြစ်နေတယ်လို့.. မြင်မိတယ်..။ :mrgreen:

    ”ဤသို့ဟုလည်း ငါမယူ၊ ထိုသို့ဟုလည်း ငါမယူ၊ အခြားသို့ဟုလည်း ငါမယူ၊ (ဤသို့ ထိုသို့ အခြားသို့) မဟုတ်ဟုလည်း ငါမယူ၊ (ဤသို့ ထိုသို့ အခြားသို့) မဟုတ်သည့်မဟုတ်ဟုလည်း ငါမယူ”

    =
    သေပြီးနောက်၌ ဖြစ်၏။
    သေပြီးနောက်၌ မဖြစ်။
    သေပြီးနောက်၌ ဖြစ်လည်းဖြစ်၊ မဖြစ်လည်းမဖြစ်။
    သေပြီးနောက်၌ ဖြစ်သည်လည်းမဟုတ်၊ မဖြစ်သည်လည်းမဟုတ်။

    ဤအယူတို့ကို ဗုဒ္ဓဘုရားရှင် ဟောကြားတော်မမူ။
    အဘယ်ကြောင့်ဆိုသော်…
    ၎င်းတို့သည် ပစ္စုပ္ပန်အကျိုးနှင့် မစပ်။
    လောကုတ္တရာ တရားနှင့်လည်း မဆိုင်။
    သာသနာတော် အကျင့်မြတ်၏ အစအဦး မဟုတ်။
    သံသရာ ဝဋ်ဆင်းရဲ၌ ငြီးငွေ့စေရန် မဖြစ်။
    စွဲမက်ခြင်း ကင်းရန် မဖြစ်။
    ဆင်းရဲခြင်း ချုပ်ငြိမ်းရန် မဖြစ်။
    သစ္စာလေးပါးကို ထိုးထွင်းသိမြင်ရန် မဖြစ်။
    နိဗ္ဗာန် ရကြောင်း မမြင်။
    ထို့ကြောင့် ထိုတရားတို့ကို ဗုဒ္ဓဘုရားရှင် ဟောကြားတော်မမူ။

    (ဒီဃနိကာယ်၊ ပါထိကဝဂ်၊ ပါသာဒိကသုတ်)

  • nyunt hlaing

    August 10, 2012 at 9:38 pm

    (ဤအယူတို့ကို ဗုဒ္ဓဘုရားရှင် ဟောကြားတော်မမူ။ထိုတရားတို့ကို ဗုဒ္ဓဘုရားရှင် ဟောကြားတော်မမူ။)
    ဟူသောအယူ၊
    သေပြီးနောက် ဖြစ်တယ်လို့ အယူရှိရင် သဿတမိစ္ဆာဒိဋ္ဌိ . . . . .။ဟူသောအယူ၊
    သေပြီးနောက် မဖြစ်ဘူးလို့ အယူရှိရင် ဥစ္ဆေဒမိစ္ဆာဒိဋ္ဌိ . . . . .။ဟူသောအယူ၊ မိမိမှာ ကင်းစင်ဖို့

    ထိုမျှလောက်အထိပင် အယူစင်ကြယ်စေရန် အတွက် အကြောင်းအကျိုးဆက်စပ်သိမြင်ခြင်း
    မှတပါး အခြားရှိပါညားအံ့။။။

  • mggwa

    August 10, 2012 at 10:49 pm

    ရှင်းနေတာကို ရှုပ်အောင်လုပ်နေတာကိုး။
    ဗုဒ္ဓက သေပြီးနောက် ဖြစ်တယ်လို့လည်း မယူဘူး၊
    မဖြစ်ဘူးလို့လည်း မယူဘူးဆိုတာ သေပြီးနောက်ကို ဘာမှ မယူဘူးလို့ ပြောနေတာပဲလေ။

    အဲဒီ သေပြီးနောက်ကို ဘာမှ မယူဘူးဆိုတာကိုက . . .
    ဗုဒ္ဓက သေပြီးနောက်ကိစ္စတွေကို မစဉ်းစားဘူးလို့ တည့်တည့်ကို အပီပြောနေတာ . .

    ဒါဆိုရင် စစ်မှန်တဲ့ ဗုဒ္ဓဘာသာမှာ သေပြီးနောက် အခန်းဂဏ္ဍ လုံးဝ (လုံးဝ) မပါပါလို့ . . . ။

    အကယ်၍ သင် သေပြီးနောက်ကို ယူနေ၊ စဉ်းစားနေ၊ ဟော/ ရေးသာနေသည်ရှိသော်
    သင်သည် အရောအနှော ဗုဒ္ဓဘာသာဖြစ်နေမည်မှာ မလွဲပါဟု 😀 😀 😀

  • soe naung

    May 7, 2013 at 10:07 pm

    ဗုဒ္ဓ၏ အရိယသစ္စာတရား ပြန်လည်ထွန်းကားစေလိုသူ…၏အာဘော်ဟုဖေါ်ပြထားသည်။
    အရှင်ဉာဏ၏အာဘော်ဟူ၍မတွေ့ရ။ထိုစကား၊ထိုအာဘော်တို့အတွက်အရှင်ဉာဏ၌တာဝန်မရှိစေသင့်။

  • uncle gyi

    May 7, 2013 at 10:58 pm

    သေပြီးဘာဖြစ်မလဲမသိပေမဲ့အခုတလောအင်တာနက်မကောင်းတာကသေချာဆုံးပါဗျာ

  • Myo Thant

    May 8, 2013 at 12:21 am

    မြတ်ခိုင်က သေရင် ပြီးပြီတဲ့ ၊

    အထောက်တော် လှအောင်ကတော့ အဲသလို သင်မှာ မဟုတ် ၊

    အရှုပ်ထုပ် မြန်မာပြည်ဟာ

    အစုတ်ပလုပ် လူ တစ်ထောင်ကြောင့်

    သန်း ၆ဝ မှာ နိမ့်ပါး

    လူဖြစ်တာများ မှားနေရော့သလားကွယ်

  • kai

    May 8, 2013 at 1:37 am

    ကျုပ်အတွက်ကတော့…
    ဒီလောကမှာရှိတဲ့.. လူသားတွေရဲ့.. ကိုးကွယ်ဆည်းကပ်ရာဘာသာတရားအားလုံးနဲ့မတူခြားနားတဲ့.. ဗုဒ္ဓရဲ့ကိုယ်ပိုင်စစ်စစ်လို့.. ကြာလေထင်မိလေပဲ..

    သေပြီးနောက်၌ ဖြစ်၏။
    သေပြီးနောက်၌ မဖြစ်။
    သေပြီးနောက်၌ ဖြစ်လည်းဖြစ်၊ မဖြစ်လည်းမဖြစ်။
    သေပြီးနောက်၌ ဖြစ်သည်လည်းမဟုတ်၊ မဖြစ်သည်လည်းမဟုတ်။

    ဤအယူတို့ကို ဗုဒ္ဓဘုရားရှင် ဟောကြားတော်မမူ။
    အဘယ်ကြောင့်ဆိုသော်…
    ၎င်းတို့သည် ပစ္စုပ္ပန်အကျိုးနှင့် မစပ်။
    လောကုတ္တရာ တရားနှင့်လည်း မဆိုင်။
    သာသနာတော် အကျင့်မြတ်၏ အစအဦး မဟုတ်။
    သံသရာ ဝဋ်ဆင်းရဲ၌ ငြီးငွေ့စေရန် မဖြစ်။
    စွဲမက်ခြင်း ကင်းရန် မဖြစ်။
    ဆင်းရဲခြင်း ချုပ်ငြိမ်းရန် မဖြစ်။
    သစ္စာလေးပါးကို ထိုးထွင်းသိမြင်ရန် မဖြစ်။
    နိဗ္ဗာန် ရကြောင်း မမြင်။
    ထို့ကြောင့် ထိုတရားတို့ကို ဗုဒ္ဓဘုရားရှင် ဟောကြားတော်မမူ။

    (ဒီဃနိကာယ်၊ ပါထိကဝဂ်၊ ပါသာဒိကသုတ်)

  • Ko out of...

    August 16, 2016 at 7:15 pm

    သေပြီးဘာညာပြောနေကြတာ တကယ်တန်းဘယ်သူမှသိတာလဲမဟုတ်ဘူး…သေပြီးဘာဖြစ်မယ်ညာဖြစ်မယ်
    ပြောနေတာအပိုဘဲ…

Leave a Reply