သေပြီးနောက် ဖြစ်၊ မဖြစ်

ashinariyaApril 11, 20111min164492

သေပြီးနောက် ဖြစ်တယ်လို့ အယူရှိရင် သဿတမိစ္ဆာဒိဋ္ဌိ . . . . .။

သေပြီးနောက် မဖြစ်ဘူးလို့ အယူရှိရင် ဥစ္ဆေဒမိစ္ဆာဒိဋ္ဌိ . . . . .။

ဒါဆိုရင် မိတ်ဆွေ သင် ဘာအယူကို ယူထားသလဲ . . . . .။

ဗုဒ္ဓဘုရား မပွင့်ခင်က လူတွေ ဒီအယူ နှစ်မျိုးယူထားကြလေ၏။ ယနေ့ ခေတ်တွင် တစ်ချို့လည်း ဗုဒ္ဓဘာသာဆိုပေမယ့် ဒီအယူ နှစ်မျိုးထဲက တစ်မျိုးမျိုး ယူထားကြ၏။

သေပြီးနောက်အပေါ်မှာ အယူတစ်မျိုးမျိုး ယူထားရင် အဲဒါကို ဗုဒ္ဓမြတ်စွာ က မိစ​္ဆာဒိဋ္ဌိ (မှားယွင်း အသိ)ဟု ဟောကြားတော်မူလေ၏။

ဘာ့ကြောင့်လဲ . . . . .၊

လူသေပြီးနောက် ဖြစ်သေးတယ်လို့ အယူရှိနေတဲ့ သူဟာ သူအခုပြု လုပ်နေတဲ့ အကုသိုလ်ကံသည် နောင်ဘဝမှာ အကျိုးပေးမှာကို ယုံကြည်နေတာ ဖြစ်တဲ့အတွက် အကြောက်တရားနဲ့ အပေါ်ယံ သီလထိန်းနိုင်တယ်လို့ ထင်ရပေမယ့် တကယ့်အရေးကြုံရင် အကုသိုလ်ကို မရှောင်နိုင်တော့ပါ။ သီလတွေ ကျူးလွန်ကုန်ကြ၏။ နောင်ဘဝကျမှ အကျိုးပေးမှာလို့ သိနေတာဆိုတော့ အကြွေးဖြစ်နေတဲ့အတွက် အကုသိုလ်ကံကို ကျူးလွန်ဖို့ ဝန်မလေးတော့ပါ။

နောက်ထပ်ပြီး ယနေ့ခေတ်စားနေတဲ့ ဘုရားဟောထင်ပြီး သံသရာထွက်ကြောင်းလုပ်နေကြတဲ့ ပရမတ္တသစ္စာ ရုပ်၊ နာမ် ရှုသူများကလည်း ထပ်ပြီးတော့ အကု သိုလ်အမှုများ ကျူးလွန်ရဲအောင် အားပေးသလိုမျိုး ဖြစ်နေ၏။  ဘယ်လိုပဲ အကုသိုလ် ကံတွေ လုပ်ခဲ့ လုပ်ခဲ့ မသေခင် ဉာဏ်ဦးအောင် ပရမတ္တသစ္စာ ရုပ်၊ နာမ် ဖြစ်ပျက်ရှုမယ် ဆိုရင် သေရင်အပါယ်က လွတ်ပါတယ်ဆိုပြီး စိတ်ကူးယဉ် ဆွယ်လုံးတွေ ဟောကြားတော့ အခုတော့ မလွှဲသာလို့ အကုသိုလ်တွေ လုပ်ဦးမယ်၊ ဒီလုပ်ခဲ့တဲ့ကံတွေ သေပြီးရင် အကျိုးမပေးအောင် အသက်ကြီးမှ ပရမတ္တသစ္စာ ရုပ်၊ နာမ် ဖြစ်ပျက် ရှုတာပေါ့ဟု ဆင်ခြေ တွေးလုံးများနှင့် ရဲရဲကြီး အကုသိုလ်တွေ ပြုလုပ်ဖို့ ဝန်မလေးဖြစ်ကုန်၏။ စဉ်းစားဖို့ ကောင်းလေစွ။ အယူဒဿနလွဲရင် ဘယ်လောက် ကြောက်စရာကောင်းတယ်ဆိုတာ . . . . . ။

ပရမတ္တသစ္စာ ရုပ်၊ နာမ် ဖြစ်ပျက် အယူရှိနေရင် သေပြီးနောက် ဖြစ်၊ မဖြစ် အယူတစ်ခုခု ယူထားတာမို့ သေပြီးနောက် အယူတစ်ခုခုယူထားရင်တော့ မိစ္ဆာဒိဋ္ဌိဟု ဗုဒ္ဓဘုရား သေသေချာချာ ဟောကြားထားလေ၏။

ပရမတ္တသစ္စာ အယူရှိသူများသည် ဘုရား၊ ရဟန္တာများ သေရင်တော့ မဖြစ်တော့ဘူးဟု ယူထားကြပြီး ဘုရား၊ ရဟန္တာ မဟုတ်သူများကိုတော့ သေပြီးရင် ဖြစ်သေးတယ်လို့ ယူထားကြပြန်၏။ ထိုအယူသည်လည်း သေပြီးနောက်ကိစ္စတွေကို တွေးတောနေတာမို့ မိစ္ဆာဒိဋ္ဌိ အသိမှားကြီးဖြစ်နေ၏။ အသိမှားတော့ အပြောမှား၊ အလုပ်မှား၊ အနေအထိုင်တွေပါ မှားနေကြပြန်၏။

ဒီပရမတ်အယူရှိသူများ၏ သံသရာထွက်ကြောင်း၊ နိဗ္ဗာန်ရောက်ကြောင်း ထင်တဲ့ အလုပ်ကလည်း သေပြီးနောက် မဖြစ်ဖို့ကိုသာ ရည်ရွယ်လုပ်နေကြတာ ဖြစ်တဲ့အတွက်  အစ္စလာမ်ဘာသာဝင်တို့၏ ထာဝရငရဲနှင့် သွားတူနေလေ၏။ စဉ်းစားဖို့ ကောင်းလေစွ။ အစ္စလာမ်ဘာသာတွင် ဘုရားသခင်က သေပြီးတဲ့သူတွေကို စစ်ဆေးတဲ့အခါ ကောင်းတာလုပ်ခဲ့တဲ့သူတွေကို ထာဝရကောင်းကင်ဘုံသို့ ပို့ပြီး မကောင်းတာလုပ်ခဲ့တဲ့သူတွေကို ထာဝရငရဲသို့ ပစ်ချလိုက်တဲ့အခါ ငရဲမီးလောင် ကျွမ်းပြီး ရုပ်၊ နာမ်တွေ လုံးဝ ပျောက်သွား၏။ ထိုကဲ့သို့ သေပြီးနောက် ရုပ်၊ နာမ်တွေ လုံးဝ ပျောက်သွားတာကို ထာဝရငရဲဟု ယူဆထားကြ၏။

ပရမတ္တသစ္စာ အယူရှိသူများ၏ သေပြီးနောက် မဖြစ်တော့အောင် အားထုတ်နေတဲ့ ပန်းတိုင်သည် အစ္စလာမ်ဘာသာဝင်တွေ ယူဆထားတဲ့ ထာဝရငရဲနှင့် သဘောချင်းသွားတူနေသည်မှာ စိစစ်ဖို့ကောင်း၏။

စဉ်းစားတတ်သူများ စိစစ်ကြပါလေ . . . ။

ဒါ့ကြောင့် သေပြီးနောက်ကိစ္စတွေကို တွေးခေါ်နေကြသောသူများရဲ့ နိဗ္ဗာန်လို့ထင်နေတဲ့အရာကို မည်သူမျှ အသေအချာ အားမကျကြခြင်း ဖြစ်၏။ သေပြီးမှ ရမယ် ဆိုတဲ့ နိဗ္ဗာန် ဘာသုံးလို့ရတော့မှာလဲ။

သေမှတကယ်ရ မရက သေပြီးမှတော့ ဘယ်သူမေးလို့ ရတော့ မှာလဲ။  သေပြီးနောက် ဖြစ် မဖြစ်ကို ဟောကြားတဲ့ဘုန်းကြီးကလည်း ဘယ်လို သက် သေပြမလဲ၊ အာမခံမလဲဟု ပြန်မေးဖို့ ကောင်းကြ၏။  စိတ်ကူးယဉ် ယုံကြည်မှုနဲ့ လုပ်ကိုင်၊ ပြောဆိုကြခြင်းဖြစ်၏။ ဟောတဲ့သူတွေကလည်း ခပ်တည်တည်နဲ့ ဟောသလို နာတဲ့သူတွေ ကလည်း မစိစစ်ဘဲ နာယူနေကြ၏။ ဝမ်းနည်းဖို့ကောင်းလေစွ။

ဆင်ဖြူတော်ဆိုပြီး ဆက်သတဲ့ ဆင်မည်းကြီးအား ဘိုးတော်ဘုရားက အမတ်ကြီး ဦးပေါ်ဦးကို စစ်ဆေးခိုင်းတဲ့အခါမှာ ဦးပေါ်ဦးက ဆင်ဖြူတော်အင်္ဂါ လက္ခဏာပါရှိတာမို့ နောင်နှစ်ငါးဆယ်ကျရင် ဖြူလာပါလိမ်မယ်လို့ ခပ်တည်တည်နဲ့ လျှောက်တော့ ဘိုးတော်ဘုရားကလည်း မစိစစ်ဘဲ ယုံကြည်လိုက်လေ၏။

ကျန်အမတ်များက ဦးပေါ်ဦးကို နောင်နှစ်ငါးဆယ်ကြာတဲ့အခါ ဒီဆင် မဖြူ လာရင် ဘယ်လိုလုပ်မလဲလို့ မေးမြန်းကြတဲ့အခါ ဦးပေါ်ဦးက နောင်နှစ်ငါးဆယ်ကြာရင် အဲဒီဘိုးတော်ဘုရင်လည်း မရှိတော့ဘူး၊ ဒီဆင်လည်း မရှိတော့ဘူး။ ကျုပ်တို့လည်း ရှိတော့မှာ မဟုတ်ဘူး။ ဒါ့ကြောင့် ရှင်းပြစရာမလိုတော့ဟု ပြန်ပြောလေ၏။

နောင် အနှစ်ငါးဆယ်မှ ကိစ္စကို ဦးပေါ်ဦးက ခပ်တည်တည်နဲ့ ပြောသလိုပဲ ယနေ့တရားဟောပုဂ္ဂိုလ်များသည်လည်း ဘုရားဟောတယ်ထင်ပြီး သေပြီးနောက် ကိစ္စ ­များကို ခပ်တည်တည်နဲ့ ဟောပြောနေကြတာကို ဘိုးတော်ဘုရားလိုပဲ လူတွေက မစိစစ်ပဲ ယုံကြည်နေကြ၏။

သေပြီးမှ ဖြစ်ရမယ့်ဘဝတွေ၊ သေပြီးရင် ဘာရုပ်၊ နာမ်မှ မဖြစ်တော့ဘူးဆိုတဲ့ နိဗ္ဗာန်အကြောင်းတွေကို ဘုရားဟောတယ်ထင်ပြီး ခပ်တည်တည်နဲ့ ဟောပြောနေကြတော့ သေပြီးနောက် အဲဒါတွေ ဖြစ်၊ မဖြစ်ကို ဘယ်သူ အာမခံ နိုင်မည်နည်း။ စိတ်ကူးယဉ်(တက္က)ယုံကြည်မှုများနှင့် ဟောပြော နာယူနေကြခြင်း ဖြစ်လေ၏။

ဗုဒ္ဓ၏တရားများသည် ကိုယ်တိုင်သိနိုင်၊ မြင်နိုင်သည့် (ဒဿန)တရားများ ဖြစ်လေ၏။ ကြံဆပြီးမှ သိရတဲ့ (တက္က)တရားများမဟုတ်ပါ။ ဒါ့ကြောင့် သေပြီးနောက် ကိစ္စများကို မယူကြဖို့ ဗုဒ္ဓက ( အံ- ၂၊ ၄၄၈ ) ။ ( မဟာနိ- ၂၄၆၊ စူလနိ- ၅၁ ) ။ မဟာနိ- ၂၄၆၊ စူလနိ- ၅ စသည့် အဗျာကတနှင့်ပတ်သက်သော တရားများတွင် သေသေချာချာဟောကြားထားတာကို ကိုယ်လိုသလိုယူဆပြီး ဟောပြောနေကြသည်မှာ ဝမ်းနည်းဖို့ကောင်းလေ၏။

ဒါ့ကြောင့် သေပြီးနောက်ကို ယူနေကြသူများသည် ဘုရားမယူစေလိုတာကို ယူနေကြသောကြောင့် အကုသိုလ်ကို အမှန်တကယ်ကျူးလွန်ဖို့ ဝန်မလေးကြပါ။ နောင်ဘဝကျမှ နောင်ကိုယ်နဲ့ ခံမည်ဟု ယူဆထားသောကြောင့်လည်းဖြစ်လေ၏။ ကောင်းမှု ကုသိုလ်တွေ ပြုတဲ့အခါမှာလည်း သေပြီးနောက်ကို အာရုံရောက်နေတာမို့ အမှန် တန်ဘိုးရှိသော၊ အသုံးဝင်သော ကုသိုလ်များကို မပြုတတ်ကြတော့ပါ။ နောင်ဘဝ ကောင်းစားရေးကို စိတ်ကူးယဉ်ပြီး ကိုယ်က တစ်ထောင်လောက်ပေးပြီး နောင်ဘဝ တစ်ထောင်ဘိုးမက ပြန်စံစားချင်တဲ့ ဈေးဝယ်သလို ကုသိုလ်များနှင့် သေရင် ငရဲ မရောက်အောင် လာဘ်ထိုးသလို ကုသိုလ်မျိုးများကိုသာ အမျှော်၊ အကြောက်နဲ့ ပြု နေကြသည်မှာ လုပ်သလောက်၊ ကုန်သလောက် အကျိုးမများဖြစ်နေကြ၏။ နိဗ္ဗာန်လို့ ထင်နေတဲ့အရာကိုလည်း သေပြီးမှ ရမယ်ထင်ပြီး အမှန်တကယ် မလိုချင်ကြပါ။ လိုချင်ယောင်ဆောင်နေကြခြင်းသာ ဖြစ်လေ၏။

မိတ်ဆွေ သင်သေပြီးရင် ဖြစ်တယ်လို့ အယူရှိနေရင် စိစစ်ဖို့ လိုပေပြီ။

နောက်ထပ်ပြီး သေပြီးနောက်မဖြစ်ဘူး အယူရှိသူများကြတော့လည်း – – –

အဲဒီအယူကလည်း သေပြီးမှကိစ္စကို မှန်းဆပြီး ကြံဆနေတာမို့ ဗုဒ္ဓက ဥစ္ဆေဒမိစ္ဆာဒိဋ္ဌိ (မှားယွင်းအယူ)ဟု ဟောကြာတော်မူလေ၏။

အယူမှားတော့ အလုပ်၊ အပြော၊ အနေတွေပါ မှားကုန်ကြ၏။ ဘယ်ပုံ၊ ဘယ်နည်း မှားကြသလဲဆိုရင် – – – – – – – –

သေပြီးရင်ဘာမှဖြစ်မှာ မဟုတ်ဘူးဟု သေပြီးနောက်ကို အာရုံရောက် နေကြတာမို့ ထိုသူများသည် ယခုပစ္စုပ္ပန် မိမိတို့ လုပ်နေသော အလုပ်များကြောင့် ဖြစ်နေတဲ့ အခြေအနေများရဲ့ ဆင်းရဲနေပုံ၊ ဆိုးဝါးနေပုံတွေကို မသိမြင်ကြတော့ပါ။ ဒါ့ကြောင့် ထိုအယူရှိသူများသည် ယခုပစ္စုပ္ပန်တွင် အကုသိုလ်လုပ်ဖို့ လက်ရဲကြကုန်၏။ ဘယ်သူသေသေ ငတေမာရင်ပြီးရောဟုဆိုကာ တစ်ကိုယ်ကောင်ဆန်ဆန် အကုသိုလ် များကို ရဲရဲတင်းတင်း ပြုရဲကြသလို အများအကျိုးရှိမယ့် ကုသိုလ်ကောင်းမှုမျိုးတွေ ကြတော့ မလုပ်ချင်ကြတော့ပါ။ ထိုသူတု့ိ၏ အတွေးအခေါ်သည် သေပြီးနောက်ကို ရောက်နေကြသောကြောင့် ပစ္စုပ္ပန်တွင် ကောင်းမှုလုပ်ရကောင်းမှန်း မသိကြတော့ပါ။

သေမှရမယ်လို့ ထင်နေတဲ့ နိဗ္ဗာန်ဆိုတာကြီးကိုလည်း ပိုလို့တောင်မှ မလိုချင်ကြတော့ပါ။

မိတ်ဆွေ သင်သေရင် မဖြစ်ဘူးဆိုပြီး သေပြီးနောက်ကို အာရုံ ရှိနေသေးရင် စိစစ်ဖို့လိုပြီးဟု ထပ်မံတိုက်တွန်းလိုက်၏။

ဒါ့ကြောင့် ဗုဒ္ဓမြတ်စွာက သေပြီးနောက် ဖြစ်တယ်၊ မဖြစ်ဘူးစတဲ့ အတွေး အခေါ်တွေ မယူကြဖို့ အကြိမ်ပေါင်းများစွာ ဟောကြားတော်မူခဲ့လေ၏။ သေပြီးနောက်ကို အာရုံရောက်နေရင် ပစ္စုပ္ပန်မှာ ပြောဆို လုပ်ကိုင်နေသော ကောင်းမှု၊ မကောင်း မှုများရဲ့ တန်ဘိုးအမှန်ကို မသိနိုင်ကြတော့ပဲ အချီးအနှီး အကျိုးမဲ့ခြင်းကြောင့် ဖြစ်ပေ၏။

ဒါဆိုရင် သေပြီးနောက်ကိစ္စတွေကို မယူရ၊ မတွေးရရင် ဘာကို ယူရ၊ တွေးရမှာ လည်းဟု ပြန်မေးဖို့ ကောင်းလေ၏။ ဗုဒ္ဓက သေပြီးနောက်နှင့် ပတ်သက်ပြီးမေးခဲ့သော ပရိဗိုဇ်တစ်ဦးအား ပစ္စုပ္ပန်ဖြစ်နေတဲ့ အကြောင်းအကျိုးအမှန် (ပဋိစ္စသမုပ္ပါဒ်) တရား တွေကို သိအောင်လုပ်ဟု လမ်းညွှန်ခဲ့လေ၏။ တစ်နည်းအားဖြင့် ယခုပစ္စုပ္ပန်မှာ မိမိပြုနေတဲ့ ကံ (သင်္ခါရ)တွေကြောင့် ဖြစ်နေရတဲ့ ဘဝဒုက္ခတွေကို သိမြင်အောင် လုပ်ဖို့ပဲလိုပေ၏။ အဲဒါကိုပဲ သမုဒယသစ္စာ (တဏှာ၊ ဥပါဒါန်၊ ကံ) ကြောင့် ဖြစ်နေရတဲ့ အဖြစ်ဆင်းရဲ ဒုက္ခသစ္စာကို သိတာ မဂ္ဂသစ္စာဟု ဓမ္မစကြာတရားတော်တွင် သစ္စာလေးပါးမြတ်တရားဟု ဟောကြားတော် မူခဲ့၏။ ယခုလုပ်နေတဲ့ ပစ္စုပ္ပန်ကံ (သင်္ခါရ)တွေရဲ့ ဒုက္ခသစ္စာ (ဆင်းရဲအမှန်)ကို သိတော့ ဆင်းရဲစေတဲ့ ကံ (သင်္ခါရ)တွေကို မပြုရဲ၊ မပြောရဲ၊ မတွေးရဲတော့ပါ။ မီးဟာ ပူမှန်းသိတော့ မကိုင်ရဲတော့သလို ကံ (သင်္ခါရ)တွေဟာ ဆင်းရဲကြောင်း (သမုဒယသစ္စာ) ဖြစ်နေတာမို့ ဆင်းရဲစေတဲ့ ဒီကံတွေကို ဘယ်တော့မှ မပြုတော့ခြင်းဖြစ်၏။ ထိုသို့ ကံတွေကို မပြုတော့တာမို့ ဒီကံတွေ လွန်ကျူးမှုကြောင့် ဖြစ်နေရတဲ့ နောက် ဆက်တွဲ ဘဝ (ဒုက္ခသစ္စာ)တွေ မဖြစ်ပေါ်တော့တာကို နိဗ္ဗာန် ငြိမ်းအေးခြင်း (နိရောဓ သစ္စာ)သို့ ဆိုက်ရောက်ခြင်း ဖြစ်လေ၏။

ဗုဒ္ဓ၏ အရိယသစ္စာလေးပါးတွင်ပါသော နိရောဓသစ္စာ (နိဗ္ဗာန်)မှာ သေပြီးမှ ရောက်မှာ ရမှာကို ဆိုလိုခြင်း မဟုတ်ပါ။ ယခုပစ္စုပ္ပန်တွင် ဆင်းရဲမှန်းသိလို့ ဆင်းရဲစေတဲ့ အမှုတွေ မပြုတော့ခြင်းကြောင့် ယခုပစ္စုပ္ပန်တွင် ဆင်းရဲတွေငြိမ်းသွားခြင်း ဖြစ်လေ၏။

ဒါကိုပဲ ဆင်းရဲကြောင်းချုပ်တာ တဏှာနိရောဓေါ နိဗ္ဗာနံလို့ ဟောကြားတော်မူခဲ့သလို ဆင်းရဲကျိုးတွေဖြစ်တဲ့ ဘဝ(ဥပါဒါနက္ခန္ဓာ)ချုပ်တာ ခန္ဓာနိရောဓေါ နိဗ္ဗာနံ လို့ အကြောင်းချုပ်လို့ အကျိုးချုပ်တယ်ဆိုပြီး အကြောင်းအကျိုးပြ ဟောတော်မူခဲ့လေ၏။ ဗုဒ္ဓ၏ အရိယသစ္စာလေးပါးတရားတွင် သေမှဖြစ်မယ့်ကိစ္စတွေ မပါပါ။

သေပြီးရင် ကိစ္စတွေကို အာရုံရောက်နေပါက ဗုဒ္ဓ၏ အရိယသစ္စာလေးပါး သဘောအမှန်ကို ဉာဏ်မရောက်နိုင်တာမို့ သေပြီးနောက် ဖြစ်၊ မဖြစ်ကိစ္စတွေကို မယူကြဖို့ ဗုဒ္ဓမြတ်စွာ ကြိမ်ဖန်များစွာ ဟောကြားတော်မူခြင်းဖြစ်လေ၏။ ယနေ့တွင် ခေတ်စားနေသော ပရမတ္တသစ္စာ ရုပ်၊ နာမ် ရှုကွက်မှာ ဗုဒ္ဓတရားထဲသို ဘုရားပဲ ဟောခဲ့သယောင်နဲ့ ဗြဟ္မဏဝါဒနှင့် ဂျိန်းဝါဒတို့မှ နောက်မှဝင်လာရောနှောခြင်းဖြစ်လေ၏။ သမိုင်းအမှန်ကို စိစစ်နိုင် ကြပါစေ။

ဒီပရမတ္တသစ္စာကိုပဲ ဗုဒ္ဓ၏ အရိယသစ္စာပဲဟု ထင်နေကြခြင်းမှာ ဥပမာပြ ရရင် ပထွေးကို အဖေဟု ထင်နေကြခြင်းဖြစ်လေ၏။ တကယ့်အဖေအစစ်နဲ့တူတဲ့ အရိယသစ္စာကို ကွဲကွဲပြားပြား သိအောင်လေ့လာမှသာ ဗုဒ္ဓရဲ့ အရိယာသား၊ သမီး ဟုဆိုနိုင်ပေ၏။

ပရမတ္တသစ္စာရဲ့ လုပ်ငန်းစဉ်သည် သေပြီးခါ ရုပ်၊ နာမ်တွေ မဖြစ်ဖို့ကို ပစ္စုပ္ပန် ရုပ်၊ နာမ်တွေကို ရှုမှတ်ခိုင်းနေကြတာမို့ သေပြီးနောက်ကို အာရုံရောက်နေတဲ့အတွက် မိစ္ဆာဒိဋ္ဌိအကျင့် (မှားယွင်း အယူ၊ အကျင့်)ဖြစ်နေ၏။ ဗုဒ္ဓ၏ အရိယသစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး တရားအကျင့်တွင် ကံမဂ္ဂင်လို့ ဆိုလို့ရတဲ့ သီလမဂ္ဂင် သုံးပါး အပေါ်မှာ ဝိရီယမဂ္ဂင်လို့ ဆိုလို့ရတဲ့ သမာဓိမဂ္ဂင် သုံးပါးနှင့် ပညာလို့ ဆိုလို့ရတဲ့ ပညာမဂ္ဂင် နှစ်ပါးဖြင့် စိစစ်အကဲခပ်ရန်ဖြစ်လေ၏။ ကံ၊ ဉာဏ်၊ ဝိရီယ သုံးပါး အလုပ်လုပ်ရန်ဖြစ်ပေ၏။ နာမ်၊ ရုပ် တွေ အစိပ်စိပ် အဖြာဖြာ ရှုတာ မပါပါ။

မိမိတို့၏ ကံမဂ္ဂင်များဖြစ်ကြသည့် အလုပ်၊ အပြော၊ အနေအတွေးတွေမှာ သမုဒယသစ္စာ (တဏှာ၊ ဥပါဒါန်၊ ကံ) သဘောဖြစ်သွားရင် ဆင်းရဲမယ်။ သမုဒယသစ္စာသဘော မဖြစ်အောင် သတိ၊ ပညာနဲ့ လုပ်ကိုင် ပြောဆို နေထိုင်မယ်ဆို်ရင် (နိရောဓသစ္စာ) ငြိမ်းအေးခြင်ဖြစ်မယ် စတဲ့ ကံ (သင်္ခါရ)၊ သီလတွေလွန်ကျူးခြင်းရဲ့ ဆင်းရဲအမှန်ကို သိဖို့သာလျှင် လိုရင်းဖြစ်ပေ၏။ ကံ (သင်္ခါရ)၊ သီလတွေလွန်ကျူးရင် ဆင်းရဲမယ်၊ မငြိမ်းအေးဘူး။ ဆင်းရဲမှန်းသိတော့ မလွန်ကျူးတော့ရင် ငြိမ်းအေးမယ်ဆိုပြီး ပိုင်းခြားသိတာ အရိယသစ္စာလေးပါးရဲ့ လုပ်ငန်းစဉ်ပါ။

ပရမတ္တသစ္စာနဲ့ အရိယသစ္စာ နှိုင်းယှဉ်လေ့လာဖို့ လိုပါတယ်။

ပရမတ္တသစ္စာတွင် နာမ်၊ ရုပ်သိရင် တရားသိသူ၊ သစ္စာသိသူဟု ယူဆ၏။ မှန်ပေ၏။ နာမ်၊ ရုပ်သိရင် ပရမတ်တရားသိသူ၊ ပရမတ္တသစ္စာသိသူသာဖြစ်၏။ အရိယ သစ္စာသိသူတော့ ဖြစ်မလာနိုင်ပေ။

အရိယသစ္စာတွင် ဗုဒ္ဓ၏ အရိယသစ္စာလေးပါးကို ဘယ်ဟာက သမုဒယသစ္စာ၊  ဘယ်ဟာက ဒုက္ခသစ္စာ၊  ဘယ်ဟာက မဂ္ဂနဲ့ နိရောဓ သစ္စာဆိုပြီး ကွဲကွဲပြားပြား သိမှသာ တရားသိသူ အရိယာဖြစ်ပေ၏။ သစ္စာကို တိုက်ရိုက်သိအောင် လေ့လာရမယ့်ကိစ္စမှာ ကြားက ပရမတ္တသစ္စာက နာမ်၊ ရုပ်သိမှ ဆိုပြီး ပွဲစား ဝင်ရှုပ်တာမို့ ပရမတ်တောတွင် ရွာလယ်နေကြပြီး အရိယသစ္စာနယ်ပယ်သို့ မရောက်ကြသည်မှာ ဝမ်းနည်းဖို့ ကောင်း၏။ ပွဲစား မလိုပါ၊ အရိယသစ္စာကို တိုက်ရိုက်သိအောင် ရှင်းပြပေးနိုင်တဲ့ ကလျာဏမိတ္တ အရိယသစ္စာသိပြီးသူ ဆရာသမားသာ လိုပါ ၏။

ဒါကြောင့် စိတ်ကူးယဉ် အယူအဆများဖြစ်တဲ့ သေပြီးနောက် ဖြစ်၊ မဖြစ် အတွေးအခေါ်များ ကင်းစင်ကြပြီး ပစ္စုပ္ပန် အပြောမှန်၊ အလုပ်မှန်၊ အနေမှန်တွေရဲ့ တန်ဘိုးအမှန်တွေကို သိရှိနိုင်ကြပါစေ။ ပရမတ်တောတွင် နစ်မြုတ်နေခြင်းမှ လွတ်မြောက်ပြီး အရိယသစ္စာ ကုန်းထက်သို့ တက်လှမ်းနိုင်ကြပါစေ . . . . . . .  . ။

 

ဗုဒ္ဓ၏ အရိယသစ္စာတရား ပြန်လည်ထွန်းကားစေလိုသူ

92 comments

  • nigimi77

    April 11, 2011 at 11:05 am

    အင်း….ဒါကိုဖတ်ပြီး ပစ္စုပ္ပန် ဝါဒီ ဆိုပြီး မုချ ဆိုကြဦးမယ် ထင်ပါတယ်။

    • ashinariya

      April 16, 2011 at 10:38 am

      ဘာဝါဒီ၊ ညာဝါဒီဆိုတဲ့အစွဲတွေဖယ်ပြီး ဓမ္မသဘောအမှန်ကို သိအောင်လေ့လာစေချင်ပါတယ်။
      အယူဝါဒမတူတဲ့ သူတွေက ဘုရားတောင်မှ မိစ္ဆာဒိဋ္ဌိလို့ ပြောကြသေးတာ။
      ဒီခေတ်မှာလဲ ကိုယ်သိတာမှအမှန် ဆိုပြီး ဒိဋ္ဌုပါဒါန် အားကြီးသူများက အဓမ္မထင်ပြီး အတင်းအားဓမ္မဝါဒဖြန့်ထားတာတွေကို နားယောင်ပြီး သိသင့်တဲ့တရားတွေကို မလေ့လာဖြစ်ရင် မလေ့လာတဲ့သူတွေပဲ အစဉ်အလာတောမှာ နစ်နေမှာပေါ့။
      နှိုင်းယှဉ် လေ့လာကြည့်မှ တန်ဘိုးအမှန်ကို သိမှာပါ။

      ဒါ့ကြောင့် သူများတွေပြောသံကြားမှာ လမ်းမဆုံးစေချင်ပါ။

      http://www.ariyadhamma.multiply.com လိပ်စာရှိ တရားများကို တစ်ပုဒ်ချင်း သေသေချာချာ နာကြားကြည့်ရင်ကွဲကွဲပြားပြားသိလာပါလိမ့်မယ်။

  • eros

    April 11, 2011 at 1:56 pm

    ဘုန်းဘုန်းဟောတာတွေက ပါဠိတွေပါလာတော့ ရှုပ်ကုန်တယ်။ မြင့်တော့ နားမလည်ဘူး။ တပည့်တော် ဒီစာကို ဖတ်ပြီးသဘောပေါက် သလိုပြန်ပြောရရင် သေပြီးဖြစ်ချင်ဖြစ်မယ် မဖြစ်ချင်မဖြစ်ဘူးပေါ့။ ဆိုတော့ကာ ပစ္စုပ္ပန်မှာ အရိယသစ္စာလေးပါးကို သိရင်သိ မသိရင် နောင်ဘဝဆိုတာ ဖြစ်ချင်ဖြစ်မယ် မဖြစ်ချင် မဖြစ်ဘူးဆိုတော့ အဖြေရှာမရပါ။ သေပြီးဖြစ်ချင်ဖြစ်မယ် မဖြစ်ချင်မဖြစ်ဘူး ဆိုတော့ ကုသိုလ် အကျိုးပေး၊ အကုသိုလ် အကျိုးပေးရှိမရှိ မသေချာဘူးပေါ့ဘုရား။

    ပရမတ္တသစ္စာရဲ့ လုပ်ငန်းစဉ်သည် သေပြီးနောက် ရုပ်၊ နာမ်တွေ မဖြစ် ဖို့ကို ပစ္စုပ္ပန် ရုပ်၊ နာမ်တွေကို ရှုမှတ်ခိုင်းနေကြတာမို့ သေပြီးနောက်ကို အာရုံရောက် နေတဲ့အတွက် မိစ္ဆာဒိဋ္ဌိအကျင့် (မှားယွင်း အယူ၊ အကျင့်)ဖြစ်နေ၏။နာမ်၊ ရုပ် တွေ အစိပ်စိပ် အဖြာဖြာ ရှုတာ မပါပါ။

    ဆိုတော့ အခု တရားစခန်းလုပ်နေတာဟာ အကုန်မှားတာတွေလား ဘုရား

    • ashinariya

      April 16, 2011 at 11:04 am

      eros ရဲ့သေပြီးဖြစ်ချင်ဖြစ်မယ် မဖြစ်ချင်မဖြစ်ဘူး၊ ကုသိုလ် အကျိုးပေး၊ အကုသိုလ် အကျိုးပေးရှိမရှိ ၊ အခု တရားစခန်းလုပ်နေတာဟာ အကုန်မှားတာတွေလား စတဲ့ သံသယမေးခွန်းတွေ ပြေလည်ချင်ရင် အခု online ကရှင်းပြရင် အသေးစိပ်ရှင်းပြနေရမှာမို့ website လိပ်စာတစ်ခု ညွှန်ပေးလိုက်ပါမယ်။
      ဥူးဇင်းတို့ ဒ ီwebsite ကတရားတွေ နာကြားရလို့ ဓမ္မသဘောအမှန်ကို သိလာရတာပါ။

      ဒါကြောင့် http://www.ariyadhamma.multiply.com မှာရှိတဲ့တရားတွေ တစ်ပုဒ်ချင်း သေသေချာချာနာကြားပေးကြည့်ပေါ့။ အသိဉာဏ်တွေ ရှင်းလာပါလိမ့်မယ်။

      • eros

        April 16, 2011 at 1:27 pm

        ဘယ်လိုပဲ ဖြစ်ဖြစ် ဒီမှာပဲ ရှင်းပြဖို့ တောင်းဆိုပါတယ်။

      • lionking

        April 19, 2011 at 11:27 am

        eros ကလဲ မလောနဲ့လေ၊ စိတ်ရှည်မှပေါ့။ နာကြည့်ပါလို့ ပြောနေတာကို နာကြည့်လိုက်ပေါ့။
        ဘာလဲ အသိဉာဏ်တွေ ရှင်းသွားမှာ ဆိုးလို့လား။

  • ဆူး

    April 11, 2011 at 3:38 pm

    သူထက်သူ လူစွမ်းကောင်းနဲ့ တွေ့နေပြီ.. ပိုသာစိုးဘဲ..

  • nature

    April 11, 2011 at 4:36 pm

    ဒီ post ကို ဗုဒ္ဓ ဘာသာအခြေခံမရှိသူများ ဖတ်မိပါက မျက်စိလည်လမ်းမှား အယူမှား ရောက်သွားစေနိုင် ပါသည်၊ ဗုဒ္ဓဘာသာအမည်ခံပြီး အင်မတန် ဆိုးရွားလှပါသည်။

    • ashinariya

      April 16, 2011 at 11:11 am

      သေသေချာချာ လေ့လာပြီးမှ ဝေဖန်ပေါ့။ မျက်စိလည် လမ်းမှားနေကြလို့ အမှန်မြင်အောင် လမ်းညွှန်နေတာလို့ သဘောပေါက်ပေးပါ။ ဗုဒ္ဓရဲ့ အရိယသစ္စာကို ကွဲကွဲပြားပြား သိရှိနိုင်ပါစေ။

  • nature

    April 11, 2011 at 4:49 pm

    တရားတော်နှင့် ပတ်သက်ပြီး ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသနှင့် ဆွေးနွေးကြည့်ရန်အကြံပြုပါသည်။

    • ashinariya

      April 16, 2011 at 11:26 am

      စာအုပ်ကြီးအတိုင်း တရားသေ ပြောဆို ဆွေးနွေးတာမဟုတ်ပဲ ကာလာမသုတ်အလိုကျ၊ အဗျာကတ တရားတော်အရ ဆွေးနွေးခွင့်ရမယ်ဆိုရင် ဒေါက်တာနန္ဒမာလာဘိဝံသနဲ့ online မှ ဆွေနွေးလိုပါတယ်။ စီစဉ်ပေးနိုင်ပါက စီစဉ်ပေးပါ။ ကျေးဇူးတင်ပါတယ်။

  • nigimi77

    April 11, 2011 at 4:56 pm

    သရဲကောင်းတွေ ပေါ်လာချေပြီ။ မိမိနှင့် အယူဝါဒ တူရင်ဖြင့် မှန်လှပါ ဘုရား။ သာဓုပါ ဘုရား။

    မိမိနှင့် အယူ ဝါဒ မတူရင်ဖြင့် ……………………………..

    Nature ရေ ….။ ကျုပ်ကဖြင့် အယူဝါဒ တူသည်ဖြစ်စေ မတူသည် ဖြစ်စေ မိမိက သံသယရှိတဲ့ အချက်ကို

    မေးခွန်းထုတ်ခြင်းဟာ မှားတယ် မှန်တယ် ဆိုတာထက် ပိုပြီး အကျိုးရှိမယ်လို ့ ယူဆပါတယ်။

    ဘယ် အချက်ကလေးကတော့ဖြင့် ဘယ်နေရာမှာ ဘယ်လိုဆိုတာကို အများသိအောင် ဆွဲထုတ်ပြပါလား။

    ဒါမှ ကျုပ်လို လူပြိန်းတွေက ဘယ်အယူဝါဒက မှားပြီး ဘယ် အယူဝါဒက မှန်တယ် ဆိုတာ နားလည်မှာပေါ့။

  • kai

    April 11, 2011 at 4:57 pm

    ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ နဲ့.. ပစ္စုပ္ပန်ဝါဒီခေါင်းဆောင် ဆရာတော်နဲ့.. တရားဆွေးနွေးတာ .. မြန်မာတီဗီက live တိုက်ရိုက်လွှင့်တင်ပေးတာ ကြည့်ချင်သား..။
    ဗုဒ္ဓဘာသာဝင်တွေအတွက် အလွန်အကျိုးများမယ် ထင်တာပါပဲ..။

    ဘုန်းကြီး ဒလိုင်လားမားနဲ့.. World Buddhist Federation က နာယကဆရာတော်တွေပါ ..ဘေးနား ရှိနေရင် ပိုကောင်းမှာ…။ 🙂

    • bigcat

      April 12, 2011 at 2:29 am

      ဗိုလ်သန်းရွှေနဲ့ ဒေါ်စု တီဗွီပေါ်မှာ လိုက်ဖ်ရှိုး တရားဆွးနွေးတာ ပိုကောင်းလိမ့်မယ်။ သူတို့ပြောတာ ဆရာတော်တွေပြောတာထက် ပိုတာသွားမှာမိုလို့……. 😛
      အခုလည်း ရွာထဲမှာ သဂျီးနဲ့တပ်မ၇ရ ကတဖက်၊ ရွာသားတချို့ကတဖက် မကြေညာတဲ့ စစ်ပွဲခဏခဏ ဖြစ်ပါတယ်။
      ိအဟမ်း… ကိုပြောချင်တာပြောပြိးတော့ ဆရာတော် အရှင်အရိယာ ဖက်လှည့်လိုက်အုံးမယ်။…
      မှန်လှပါ အရှင်ဘုရား၊ ရိုသေစွာ လျောက်တင်ပါရစေ…
      စိတ်စေတသိက်၊ ရုပ်၊ နာမ်၊ နိဗ္ဗာန် သည်ပရမတ်သစ္စာဖြစ်ပြီး ကျန်တာအားလုံးသည် ပညတ်သစ္စာလို့ နားလည်ပါသည်။ လူပြိန်းလိုဆိုရင်တော့ အတိုက်ဓာတ်နှင့် အခံဓာတ်ထိခိုက်ပြီး ဖြစ်လာသည့် ဖဿဝေဒနာသာရှီပြီး အဲဒီခံစားမှုကိုပဲ အမျိုးမျိုးအမည်တပ်၍ ခေါ်ဝေါ်သုံးစွဲကြ၊ လောကတွင်လည်း တကယ်ရှိလို့ ပညတ်သစ္စာမည်ပါသည်။
      ပရမတ်သဘောများအား အရှိအတိုင်းမြင်ရန်လမ်းကို မဂ္ဂင်ရှစ်ပါးဟု ကင်ပွန်းတပ်ပြီး သိသောညဏ်ကို အရိယာသစ္စာဟု ပညတ်ပါသည်။ ပရမတ်သစ္စာကို အရိယာတို့ မြင်ပုံကြပုံခြင်း ၏သည်မရွေး တထပ်ထဲ ကျချင်မှ ကျပါမည်။ ရဟနာ္တဟု သမုတ်ကြသော စွန်းလွန်း၊ မိုးကုတ်၊ သဲအင်းဂူ နှင့်အခြား ဆရာတော်ကြီးများ၏ ဓမ္မဆုံးမချက်များ သဘောခြင်း ကွဲလွဲသည် မတွေ့ရပါ။ ချဉ်းကပ်ပုံချဉ်ကပ်နည်း၊ ဆုံးမပုံဆုံမနည်းသာကွာပါသည်။ ဤသည်မှာလည်း သူ့ဝေနေယျ ကိုယ့်ဝေနေယ အမျိုးမျိုးကွဲပါမည်။
      ပဌာန်းတရားတော်ကို အရှင်သာရိပုတ္တရာမှ တဆင့်ဟောပြောရာတွင် အတိတ်ဘဝတွင် လင်းနို့သားဘဝဖြင့် ပဌာန်းတရားအသံကိုနာခဲ့ဖူးသူ ရဟန်းငါးရာအား ဟောကြားရသည်ဟု မှတ်သားဖူးပါသည်။ အတိတ်ကံအလျောက် သိကြပုံခြင်း ကွဲကြလို့ ဗုဒ္ဒတရားတော် အနှစ်သာရကိုသာ ကြည့်ပြီး မဆုံးဖြတ်ကြလျင် စေတနာထက် ဝေဒနာပိုရန်သာ ရှိပါသည်။
      သဲအင်းဂူဓမ္မဆိုက်တောင် အတိုက်ခံရလို့ ဒေါင်းနေတာကြာပါပြီ။ သဂျီးက ငါနဲ့မတူ ဒို့ရန်သူဆိုပြီး လုပ်လိုက်ပုံရပါသည်။

      • kosicca

        April 22, 2011 at 11:20 am

        ပရမတ်သဘောများအား အရှိအတိုင်းမြင်အောင်လုပ်တာ ပရမတ္တသစ္စာပါ။ အဲဒါ ဘုရားမပွင့်ခင်ကတည်းက ဒေဝီလ၊ အာဠာရ၊ ဥဒကရသေ့တွေ ့ကျင့်နေတဲ့ အကျင့်တွေပါ။
        အဲဒါကို ပရမတ္တရဲ့ အတ္တမာကို မြင်အောင်ကြည့်တာလို့ ခေါ်ပါတယ်။ အဲဒါကို ဗုဒ္ဓက
        ကိုယ်နဲ့ စိတ်ကို ပင်ပန်းဆင်းရဲစေလို့ အတ္တကိလမထနုယောဂလမ်းဆိုပြီး ပယ်ခဲ့တာပါ။

        ဗုဒ္ဓကိုယ်တိုင်တွေရှိခဲ့တဲ့လမ်းက ကိုယ်နဲ့ စိတ်ကို မပင်ပန်းစေတဲ့ မဇ္ဈိမပဋိပဒါ နည်းလမ်းပါ။

        ပဋိစ္စသမုပ္ပါဒ်မှာပါတဲ့ သင်္ခါရလို့ ဆိုတဲ့ ကံတွေကြောင့် ဖြစ်နေရတဲ့ အဖြစ် ဘဝတွေရဲ့ ဆင်းရဲခြင်း ဒုက္ခသစ္စာကို အမှန်အတိုင်း ပိုင်းခြားသိတဲ့ အသိဉာဏ်ဟာ အရိယသစ္စာကိုသိတဲ့ဉာဏ်ပါ။

        ယခု ပစ္စုပ္ပန်မှာ ကိုယ်လုပ်မိ၊ ပြောမိ၊ နေမိနေတဲ့ သင်္ခါရ (ကံ)တွေအတိုင်း ယခုချက်ချင်း ဖြစ်နေရတဲ့ ဘဝတွေရဲ့ တန်ဘိုးအမှန်ပိုင်းခြား သိနိုင်အောင် ကြိုးစားတာ အရိယသစ္စာရဲ့ လမ်းစဉ်လို့ နားလည်ပါတယ်။

        ပရမတ္တသစ္စာနဲ့ အရိယသစ္စာ ကွဲပြားနိုင်ပါစေ။

      • ashinariya

        April 23, 2011 at 11:37 am

        အဲဒီလမ်းကို သေသေချာချာလျှောက်ကြည့်ပြီးမှ ဝေဖန်သင့်ပါတယ်။
        ရောဂါကို ရောဂါမှန်မသိရင် မပျောက်ချင်သလို
        လမ်းမှားကို လမ်းမှားမှန်း မသိရင် လမ်းမှန်ကို ဘယ်တော့မှ မရောက်နိုင်ပါဘူး။

        နောက်ထပ်ပြီး လမ်းမှန်ကို မလျှောက်ဘူးရင်လည်း လမ်းမှားကို မသိနိုင်ပါဘူး။
        လမ်းမှန်ကို လျှောက်နိုင်ကြပါစေ။

      • ashinariya

        April 23, 2011 at 11:49 am

        bigcat အတွက် kosicca ရှင်းပြတဲ့အတွက် သာဓု . . .သာဓု . . .သာဓု . . .ပါ kosicca။

        ပရမတ်သဘောများအား အရှိအတိုင်းမြင်ဖို့ ကြိုးစာတာ ပရမတ္တသစ္စာပါ။
        မဂ္ဂင်ရှစ်ပါးနဲ့ ကံ လို့ဆိုရတဲ့ သင်္ခါရတွေရဲ့ လွန်ကျူးမှုတွေကို သိမှ အရိယသစ္စာလို့ပြောရတာပါ။

        အဘိသင်္ခါရတွေရဲ့ ပျက်ဆီးစေပုံ၊ ဆင်းရဲစေပုံ၊ အချီးအနှီးဖြစ်စေပုံတွေကို သဘောပေါက်ပါမှ ဆင်းရဲတွေကငြိမ်းမှာပါလို့ ထပ်ပြီးဖြည့်စွက် ပြောလိုက်ပါတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 12, 2011 at 2:37 am

    ( ယနေ့ခေတ်စားနေတဲ့ ဘုရားဟောထင်ပြီး သံသရာထွက် ကြောင်းလုပ်နေကြတဲ့ ပရမတ္တသစ္စာ ရုပ်၊ နာမ် ရှုသူများကလည်း ထပ်ပြီးတော့ အကု သိုလ်အမှုများ ကျူးလွန်ရဲအောင် အားပေးသလိုမျိုး ဖြစ်နေ၏။ ဘယ်လိုပဲ အကုသိုလ် ကံတွေ လုပ်ခဲ့ လုပ်ခဲ့ မသေခင် ဉာဏ်ဦးအောင် ပရမတ္တသစ္စာ ရုပ်၊ နာမ် ဖြစ်ပျက်ရှုမယ် ဆိုရင် သေရင်အပါယ်က လွတ်ပါတယ်ဆိုပြီး စိတ်ကူးယဉ် ဆွယ်လုံးတွေ ဟောကြား တော့ အခုတော့ မလွှဲသာလို့ အကုသိုလ်တွေ လုပ်ဦးမယ်၊ ဒီလုပ်ခဲ့တဲ့ကံတွေ သေပြီးနောက် အကျိုးမပေးအောင် အသက်ကြီးမှ ပရမတ္တသစ္စာ ရုပ်၊ နာမ် ဖြစ်ပျက် ရှုတာပေါ့ဟု ဆင်ခြေ တွေးလုံးများနှင့် ရဲရဲကြီး အကုသိုလ်တွေ ပြုလုပ်ရဲကုန်ကြ၏။ စဉ်းစားဘို့ ကောင်းလေစွ။ အယူဒဿနလွဲရင် ဘယ်လောက် ကြောက်စရာကောင်း တယ်ဆိုတာ . .)
    (ဗုဒ္ဓက သေပြီးနောက်နှင့် ပတ်သက်ပြီးမေးခဲ့သော ပရိဗိုဇ်တစ်ဦးအား ပစ္စုပ္ပန်ဖြစ်နေတဲ့ အကြောင်းအကျိုးအမှန် (ပဋိစ္စသမုပ္ပါဒ်) တရား တွေကို သိအောင်လုပ်ဟု လမ်းညွှန်ခဲ့လေ၏။ တစ်နည်းအားဖြင့် ယခုပစ္စုပ္ပန်မှာ မိမိပြုနေတဲ့ ကံ (သင်္ခါရ)တွေကြောင့် ဖြစ်နေရတဲ့ ဘဝဒုက္ခတွေကို သိမြင်အောင် လုပ်ဖို့ ပဲလိုပေ၏။ အဲဒါကိုပဲ သမုဒယသစ္စာကြောင့် ဖြစ်နေရတဲ့ ဒုက္ခသစ္စာကို သိတာမဂ္ဂ သစ္စာဟု ဓမ္မစကြာတရားတော်တွင် သစ္စာလေးပါးမြတ်တရားဟု ဟောကြားတော် မူခဲ့၏။ ယခုလုပ်နေတဲ့ ပစ္စုပ္ပန်ကံ (သင်္ခါရ)တွေရဲ့ ဒုက္ခသစ္စာ (ဆင်းရဲအမှန်)ကို သိတော့ ဆင်းရဲစေတဲ့ ကံ (သင်္ခါရ)တွေကို မပြုရဲ၊ မပြောရဲ၊ မတွေးရဲတော့ပါ။ မီးဟာ ပူမှန်းသိတော့ မကိုင်ရဲတော့သလို ကံ (သင်္ခါရ)တွေဟာ ဆင်းရဲကြောင်း (သမုဒယ သစ္စာ) ဖြစ်နေတာမို့ ဆင်းရဲစေတဲ့ ဒီကံတွေကို ဘယ်တော့မှ မပြုတော့ခြင်းဖြစ်၏။ ထိုသို့ ကံတွေကို မပြုတော့တာမို့ ဒီကံတွေ လွန်ကျူးမှုကြောင့် ဖြစ်နေရတဲ့ နောက် ဆက်တွဲ ဘဝ (ဒုက္ခသစ္စာ)တွေ မဖြစ်ပေါ်တော့တာကို နိဗ္ဗာန် ငြိမ်းအေးခြင်း (နိရောဓ သစ္စာ)သို့ ဆိုက်ရောက်ခြင်း ဖြစ်လေ၏။)
    ကိုယ်ရေးထားတဲ့ အကြောင်းအရာ နှစ်ခုဟာ
    ဘယ်လို ဆက်စပ်လို ့မရ ဖြစ်နေတယ်ဆိုတာကို ကိုယ့်ဘာသာ နှဖူးပေါ်လက်တင်ပြီး
    စဉ်းစားခန်းထုပ်ပေတော့
    ဥပမာပေါ့
    ခရီးကြမ်းကို မနားတမ်းပြေးနေတဲ့သူမှာ ခန္ဓာဝန်ပင်ပန်းခြင်းကြောင့် မှန်ကန်တဲ့ဉဏ်ပညာရှိလာနိုင်ခဲသလိုဘဲ
    အဘိဓမ္မာနည်းနည်းနားလည်လာတဲ့အခါ ရုပ်ခန္ဓာကိုရှု ့တာထက်စာရင်
    သင်္ခ ါရကိုဖြတ်ပြီး အနိစ္စလို ့ရှု ့လိုက်တော့ မြန်မြန်ပွဲသိမ်းသွားမယ်လို ့ထင်ရင်တော့ မှားလိမ့်မယ်ဗျို ့
    ကိုယ့်ကိုယ်ကိုယ် အင်္ဂုလိမာလများအေက်မေ့နေလား
    အင်္ဂုလိမာလက လူသတ်တဲ့ချိန်မှာ
    သီလလဲမသိဘူး
    သစ္စာလဲမသိဘူး
    သူသိတာလက်ချောင်း
    လက်ချောင်းမှာရှိတဲ့ လက်ဝတ်ရတနာတောင် ဂရုစိုက်တာ မဟုတ်ဘူး
    ဆိုတော့ကာ
    လူမိုက်ဟာတဲ့
    ကိုယ့်ကိုယ်ကိုယ် လူမိုက်ပါလို ့သိတဲ့အခါ
    ဪငါမိုက်ပါလားလို ့သိပြီးတော့ ပြင်လိုက်တော့ ပွဲပြတ်တယ်တဲ့
    ကိုယ့်ကိုယ်ကိုယ် ပညာရှိပါတယ်ထင်ပြီး မှားပြီး ကိုယ့်ကိုယ်ကိုယ် အဟုတ်မှတ်နေတဲ့လူမိုက်ကတော့
    ဒန် ့ဒန် ့ဒန် ့

    • ashinariya

      April 16, 2011 at 11:16 am

      ်ရေးထားတဲ့ အကြောင်းအရာ နှစ်ခုဟာ ဘယ်လို ဆက်စပ်လို ့မရ ဖြစ်နေတယ်ဆိုတာ မိုက်ကယ်ဂျော်နီအောင်ပု မယူတတ်လို့ပါ။ ဒါ့ကြောင့် http://www.ariyadhamma.multiply.com မှာရှိတဲ့တရားတွေ တစ်ပုဒ်ချင်း သေသေချာချာနာကြားပေးကြည့်ပေါ့။ ဆက်စပ်တတ်လာပါလိမ့်မယ်လို့ ယူဆပါတယ်။ ပရမတ္တသစ္စာနဲ့ ဗုဒ္ဓရဲ့ အရိယသစ္စာ ကွဲပြားပါစေ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 12, 2011 at 2:43 am

    ဒါ့ကြောင်း
    ဝိပသနာတို ့သင်္ခ ါရတို ့ဆိုတာတွေကို
    နားလည်ရင်လည်းရှု ့ပါ
    နားမလည်သေးရင်လည်း
    ဝင်လေထွက်လေလေးကို တတ်သလောက်ရှု ့ပါ
    အဲ့သည်ကျမှ ငါသိပါတာ် ငါတတ်ပါတယ်ဆိုတဲ့
    ပုဂ္ဂိုလ်ရဲ ့စိတ်ဟာ မျောက်လို ဟိုခုန်ဒီကူး ဖြစ်နေတယ်ဆိုတာကို တွေ ့ပါလိမ့်မယ်
    စိတ်တည်ငြိမ်လာတဲ့အခါ
    ကိုယ်နားလည်ဖတ်ရှု ့ထားတဲ့ ဓမ္မပညာတွေက အကျိုးရှိလာလိမ့်မယ်
    ဟို
    မြတ်စွာဘုရားရှင်တော်ရဲ ့
    မျက်မှောက်တော်မှာ
    စကားတစ်လုံးကို ကြားယုံနဲ ့ပွဲပြတ်တယ်ဆိုတာကို အားကျပြီး
    စောက်ရူးထပြောတဲ့
    စကားတွေကို မယုံကြနဲ ့
    ကျုပ်
    ဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု ပြောတယ်

  • True Answer

    April 12, 2011 at 4:35 am

    မိလိန္ဒပညာ စာအုပ်တွင် ဘုရားဟောကို တစ်ကြောင်းထဲ တစ်နေရာထဲ ကွက်ပြီး ယူမိသော မိလိန္ဒ မင်းကြီး၏မေးခွန်းများအား ရှင်နာဂသေနမှ ဖြေကြားထားခြင်းဖြစ်ပါသည်။

    ပညတ်ရှုထောင့်မှ temperature တစ်ခုကို အတည်ယူပြီး ပူတယ်လို့ ဆိုပါက ထိုထက်နိမ့်သော temperature ကို အေးတယ်ဟု ဆိုရပေမည်။

    ပရမတ်ရှုထောင့်မှ ပူမှုအေးမှုသည် သတ်မှတ်ချက်သက်သက်မျှသာ ဖြစ်ကြောင်း တကယ်နားလည်နေပါက ပူတာ အေးတာ နဲ့ပတ်သက်ပြီး ငြင်းစရာမလိုပေ။

    ပညတ်ရှုထောင့်မှ ယခုဘဝကို အတည်ယူပြီး ရှိသည်ဆိုသော် ကိလေသာ ရှိနေသမျှ နောက်ဘဝခန္ဓာ သေချာပေါက်ရှိပေသည်။ ဘုရားဟော ငါးရာ့ငါးဆယ်ဇတ်တော်များ၊ သုတ္တန်များတွင် အထင်အရှားရှိသည်။ တာဝတိသာ နတ်ပြည် တက်ကာ နောက်ဘဝတွင် နတ်သားဖြစ်နေသော မယ်တော်ကို မြတ်စွာဘုရားကိုယ်တိုင် တရားဟော်တော်မူလေသည်။

    ပရမတ်အလို၊ အဘိဓမ္မာရှုထောင့်မှ ဆိုသော် ပုဂိ္ဂုလ်၊ သတ္တဝါ၊ အသက်၊ လိပ်ပြာ၊ မရှိပဲ …….မျက်တောင်တစ်ခတ်အတွင်းမှာ ကုဋေနဲ့ချီပြီး အလွန်လျင်မြန်တဲ့နှုန်းနဲ့ ်ပျက်စီးလိုက်၊ အသစ်ပြန်အစားထိုးဖြစ်လိုက် ဖြစ်နေသော စိတ်၊စေတသိက်၊ရုပ်ဓါတ်စွမ်းအင်များနှင့်။
    တည်မြဲမှု၊ ချမ်းသာမှု အစစ် နိဗ္ဗါန်နဓါတ် သာလျှင် တကယ်ရှိနေပေသည်။

    ထို့ကြောင့် ပရမတ်ရှုထောင့်အားဖြင့် ယခုထဲက (ယခုဘဝကိုနှိုက်က) အချိန်တစ်မိနစ်၊ တစ်စက္ကန့်ကြာအောင် ရှိနေဖြစ်နေသော တစ်ခုခု၊ တစ်ယောက်ယောက်၊ သတ္တဝါ ဖြစ်နေခြင်းမဟုတ်သဖြင့် နောက်အနာဂါတ်တွင် (နောက်ဘဝတွင်) တစ်ခုခု၊ တစ်ယောက်ယောက်၊ သတ္တဝါ ဖြစ်ဦးမလား၊ မဖြစ်တော့ဘူးလား ဟူသည် ဖြေစရာမလိုသည့် မေးခွန်းဖြစ်သည်။

    ဥပမာ။ ယခု ကတည်းက အပ်ချုပ်ကြိုးအဖြစ် ရှိမနေက နောင်တစ်ချိန်တွင် ထိုအပ်ချုည်ကြိုး ရှိနေဦးမလား၊ ပြတ်စဲသွားမှာလား မေးခွန်းသည် အဓိပ္ပါယ်မရှိပေ။

    အပ်ချုပ်ကြိုးကို အရှိ အဟုတ် အတည် ယူထားပါက နောက်တစ်ချိန်တွင် အပ်ချုပ်ကြိုးရှိမရှိဆိုသည်ကတော့ အဖြေရှိရပါမည်။ အဖြေမရှိပဲ မနေပါ။

    သမုတိသစ္စာ-ပညတ်ရှုထောင့်မှနေပြီး ယခုဘဝကို (ပုဂိ္ဂုလ်၊သတ္တဝါ၊ တစ်ခုခု၊ တစ်ဦးဦးကို) အတည်ယူပြီး အရှိယူပါက ကိလေသာများကို အရဟတ္တမဂ်ဖြင့် အမြစ်ပြတ်မဖြတ် နိုင်သေးသမျှ နောက်ဘဝရှိနေပေမည်။

    သမုတိသစ္စာရှုထောင်မှ S-Dhammika ရေးသော rebirth ကို ဖတ်ရှုစေလိုပါသည်။
    http://www.buddhanet.net/pdf_file/gqga-4ed.pdf

    Dr Dhammawardena ရဲ့ Scientific acceptibility of Rebirth ကိုလည်း မျှဝေအပ်ပါသည်။
    http://www.buddhanet.net/pdf_file/rebirthscience.pdf

    • ashinariya

      April 12, 2011 at 7:29 am

      မိလိန္ဒပညာစာအုပ်ကို ဘုရားဟောနဲ့ ထပ်တူထင်ပြီး အဲဒီစာအုပ်မှာတင် လမ်းမဆုံးစေချင်ပါ။

      နှိုင်းယှဉ်လေ့လာလို့ရအောင် စာအုပ်တစ်အုပ်ညွှန်လိုက်ပါမယ်။

      http://sites.google.com/site/sayamvasi/toe-bookspage လိပ်စာထဲရှိ
      မိလိန္ဒပဥှာ ဘယ်လဲ စာအုပ်ကို သေသေချာချာဖတ်ကြည့်ပါ။

  • kai

    April 12, 2011 at 5:22 am

    တရားဂုဏ်တော် (၆) ပါး

    သွာက္ခာတော၊ ဘဂဝတာဓမ္မော၊ သိနိ္ဒဋ္ဌိကော၊ အကာလိကော၊
    ဧဟိပသိ၁ကော၊ ဩပါနေယျိကော၊ ပစ္စတ္တံဝေဒိတဗ္ဗော၊ ဝိညူဟိ။

    မြန်မာပြန်အနက်အဓိပ္ပါယ်

    ဘဂဝတော-မြတ်စွာဘုရားသည်၊ဓမ္မော-တရားတော်များကို၊
    ၁.)သွာက္ခာတော-အစအလယ်ဆုံး၊ သုံးပါးအစုံကောင်းခြင်းဂုဏ်နှင့် ပြည့်စုံအောင် ဟောကြားတော်မူပါပေ၏။
    ၂.)သိန္နိဋ္ဌိကော-ကျင့်ကြံသူတို့အား တပ်အပ်ထင်ထင်၊ ကိုယ်တိုင်ပင်လျှင်သိနိုင်စွမ်းပါပေ၏။
    ၃.)အကာလိကော-အခါမလင့် ဒိဋ္ဌလက်ငင်း အကျိုးပေးခြင်းလည်း ရှိပါပေ၏။
    ၄.)ဧဟိပသိ၁ကော-လာပါ၊ ရှူ့ပါ ကျင့်လှည့်ပါဟု ဖိတ်ခေါ်တိုက်တွန်းခြင်းငှာထိုက်တန်ပါပေ၏။
    ၅.)ဩပါနေယျိကော-မိမိကာယ အဇ္ဈတ္တတွင် ကိုယ်တွေ့မြောက်အောင်ကပ်ရု် ဆောင်ထိုက်ပါပေ၏။
    ၆.)ဝိညူဟိ-ပညာရှိသူတော်ကောင်းတို့သည်၊ ပစ္စတ္တံဝေဒိတဗ္ဗေါ-ကိုယ်စီကိုယ်ငှ ရရှိခံစားထိုက်ပါပေ၏။

  • nigimi77

    April 12, 2011 at 5:28 am

    ပွဲကောင်းလာပြီ ဆက်ကြိတ်ထား ကိုရင်ပု။

  • Amie

    April 12, 2011 at 6:01 am

    I agree with nature. Absolutely Wrong Post. ဒီ post ကို ဗုဒ္ဓ ဘာသာအခြေခံမရှိသူများ ဖတ်မိပါက မျက်စိလည်လမ်းမှား အယူမှား ရောက်သွားစေနိုင် ပါသည်၊ ဗုဒ္ဓဘာသာအမည်ခံပြီး အင်မတန် ဆိုးရွားလှပါသည်။ Please don’t believe in it. Everything the writer said is totally different from Buddha said. AGAIN, DON”T BELIEVE IN IT. I really want to explain what i know about Buddha but i am not fluent in English and i don’t know how to type Burmese word. But what i want to say is please go check http://dhammadownload.com/ and listen Buddha’s Dhamma and make your own decision. Honestly, I had been a traditional Buddhism (Cuz my parents are Buddhism). but after i tried to listen Buddha’ Dhamma, it’s really make me peaceful ( Actually, more than peaceful …i don’t know what kind of word i should use) and it means everything to me. I can’t even express how Buddha’s Dhamma is great! but i am willing to share and make everybody feel just like i do. Thank you so much for reading my post. The last thing i want to say is I didn’t mean you all need to believe in Buddha with Blind Faith. But you all need to listen Buddha’s Dhamma, and compare with other religion and make your own decision. Thank you so much again.

    • ashinariya

      April 16, 2011 at 11:24 am

      မျက်စိလည် လမ်းမှားနေကြလို့ အမှန်မြင်အောင် လမ်းညွှန်နေတာလို့ သဘောပေါက်ပေးပါ။ ဗုဒ္ဓရဲ့ အရိယသစ္စာကို ကွဲကွဲပြားပြား သိရှိနိုင်ပါစေ။

  • ashinariya

    April 12, 2011 at 6:09 am

    သင်တို့သည်ပြောသံ ကြားကာမျှဖြင့် (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
    အစဉ်အဆက် စကားမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
    ဤသို့ ဖြစ်ဖူးသတတ်ဟူသော စကားမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်)
    မယူကုန်လင့်ဦး။
    ပိဋကတ် (မိမိတို့ရှေးဟောင်းကျမ်းဂန်) စာပေနှင့် ညီညွတ်ပေသည်ဟူ၍လည်း
    (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
    ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန် လင့်ဦး၊
    နည်းမှီးယူခြင်းမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
    အခြင်းအရာကို ကြံစည်သောအားဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူ ကုန်လင့်ဦး၊
    (ငါတို့) ကြံစည်နှစ်သက်၍ ယူထားသောအယူနှင့် တူညီပေသည်ဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
    ငါတို့လေးစားသော ရဟန်း၏ စကားဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူ ကုန် လင့်ဦး။
    စတဲ့ ကာလာမသုတ်မှာပါအတိုင်း သစ္စာတရားလေ့လာတဲ့အခါမှာ မိမိကိုယ်ပိုင် အသိဖြင့် ဝေဖန်ကြည့်နိုင်ဖို့လိုပါတယ်။

    အစဉ်အလာအသိဉာဏ်တို့ဖြင့် မပိတ်ထားကြပါနဲ့။ နှိုင်းယှဉ်လေ့လာနိုင်ရန် website လိပ်စာတစ်ခု ညွှန်လိုက်ပါရစေ။
    http://www.ariyadhamma.multiply.com တွင် ရှိသောတရားများကို တစ်ပုဒ်ချင်း သေသေချာချာနာကြားစေလိုပါတယ်။

    ပရမတ္တသစ္စာနှင့် ဗုဒ္ဓ၏အရိယသစ္စာကို ကွဲကွဲပြားပြား သိနိုင်ကြပါစေ။

  • ashinariya

    April 12, 2011 at 6:16 am

    စာအုပ်ကြီးအတိုင်း တရားသေ ပြောဆို ဆွေးနွေးတာမဟုတ်ပဲ ကာလာမသုတ်အလိုကျ ဆွေးနွေးခွင့်ရမယ်ဆိုရင် ဒေါက်တာနန္ဒမာလာဘိဝံသနဲ့ online မှ ဆွေနွေးလိုပါတယ်။ စီစဉ်ပေးနိုင်ပါက ကျေးဇူးတင်မိမှာပါ။
    လူတွေအတွက် ကျေးဇူးများမှာကြောင့်ပါပဲ။

  • nigimi77

    April 12, 2011 at 6:24 am

    ကိုင်း …ဒီတခါ အလှည့်ကျသူကတော့…သဂျီးခိုင်ပါ။

  • True Answer

    April 12, 2011 at 6:45 am

    ဒေါက်တာနန္ဒမာလာဘိဝံသ ကို အနိုင်ပြောနိုင်ခြင်း သည် လည်း အမှန်တရားဟု မယူဆနိုင်။
    ဒေါက်တာ နန္ဒမာလာဘိဝံသ ကို အနိုင်မပြောနိုင်ခြင်း ကို လည်း အမှန်တရားဟု မယူဆနိုင်။
    အမှန်တရားဟူသည် စာအုပ်ထဲမှာရှိသည်လည်းမဟုတ်။
    အမှန်တရားဟူသည် စာအုပ်ထဲ၏ ပြင်ပတွင် ရှိသည်လည်းမဟုတ်။
    အမှန်တရားဟူသည် အနိုင်၊ အရှုံးမှလွန်မြောက်နေသည်။
    အမှန်တရားဟူသည် စာအုပ်ထဲမှာရှိသည်။ စာအုပ်ပြင်ပမှာရှိသည်ဟူသော နေရာဒေသမှ လွန်မြောက်နေသည်။
    ပစ္စုပ္ပန်၊ နောင်အနာဂတ်၊ အတိတ် ဟူသော အချိန်ကာလမှ လွန်မြောက်နေသည်။
    သို့ရာတွင် အမှန်တရားကိုသိနားလည်မှုသည် မိမိလောဘ၊ ဒေါသ၊ မကျေနပ်မှု၊ တို့ဖြစ်ပွားနေမှုနှင့်လည်းကောင်း ပစ္စုပ္ပန်ပဲ၊ နောင်အနာဂတ်ပဲ၊ အတိတ်ပဲ ဟူသည့် အချိန်ကာလများကို အဟုတ်ထင်ငြိတွယ်ကာ ငြင်းခုန်လိုနေမှုနှင့်လည်းကောင်း ပြောင်းပြန်အချိုးကျလေသည်။

  • thethtet87

    April 12, 2011 at 12:10 pm

    အရှင်ဘုရားတို့်ဟောကြားတော်မူသောတရားများမှာမြင့်မားလှပါသည်ဘုရား။
    ဘုရားတပည့်တော်ခံယူထားတာကတော့ကံကံရဲ့အကျိုးပါဘဲဘုရား။
    တစ်ခုတော့တပည့်တော်မရှင်းတာရှိပါသည်ဘုရား နိဗါန်ဆိုတာပါဘဲဘုရား။
    တပည့်တော်သိသလောက်ကတော့သံသရာကိုရပ်တန့်စေပြီး(၃၁)ဘုံမှမကျင်
    လည်စေချင်။ရပ်တန့်နိုင်စေခြင်းကိုခေါ်သည်လို့နားလည်ထားပါသည်ဘုရား။
    ဘုံတစ်ခုကိုချမ်းသားသုခကိုရရှိစေနိုင်ခြင်းမဟုတ်လို့နားလည်ပါသည်ဘုရား။
    မှားယွင်းစွာနားလည်သည်ဟုထင်ပါကတပည့်တော်ရဲ့ညံ့ဖျဉ်းမှုပါဘဲဘုရား။
    အရှင်ဘုရာဆိုလိုရင်းကမြင့်မားတော့တပည့်တော်သေချာစွာနည်းလည်
    သဘောပေါက်ခြင်းမရှိပါဘုရား။တပည့်တော်တို့လူပြိန်းများနားလည်အောင်
    ရှင်းပြပေးပါဘုရား

  • kopauk mandalay

    April 12, 2011 at 3:57 pm

    ကိုပေါက်တွေးမိတာကတော့ ဘုရားရှင်ဆုံးမတော်မူသောတရားများအနက်က မဇ္ဇျိမ ပဋိပဋာ(စာလုံးပေါင်းမှားရင်ပြင်ပေးကြပါ) ကိုမမေ့ကြပါနှင့်ဟုသာ အကြံပေးလိုပါသည။်
    ကျွန်တော်ကိုပေါက်ကတော့ အထက်ပါ ပြောဆိုကြသောကိစ္စများကို သိပ်နားမလည်ပါ။
    ကျွန်တော့် လေ့လာမှု့အားနည်းသောကြောင့်ဖြစ်ပါသည်။

  • parlayar46

    April 12, 2011 at 6:30 pm

    ဆရာတော်ကြီးတပါးကဆုံးမဘူးတယ်။ “သာသနာဆိုတာ ပြင်ရင်းနဲ့မှပျက်တာ” တဲ့။
    ကျုပ်တို့ကိုးကွယ်တာက ထေရဝါဒဗုဒ္ဓဘာသာ ပါ။
    ထေရဝါဒ ဆိုတာက ဘုရားပရိနိဗ္ဗာန်စံပြီးနောက် အရှင်မဟာကဿပ ဦးဆောင်တဲ့ ရဟန္တာအရှင်မြတ်များက မြတ်စွာဘုရားဟောကြားခဲ့တဲ့ တရားတော်များ( သုတ်+ဝိနည်း လို့လဲခွဲချင်ခွဲပါ၊ တရားကတရားပါပဲ) ကို ရွတ်ဆိုမှတ်တမ်းပြုပြီး ဒီတရားတော်တွေကို ဖြည့်စွက်ခြင်းလဲမပြု နှုတ်ပယ်ခြင်းလဲမပြုဘဲ အစဉ်အဆက်ဆောင်လာတဲ့ မူရင်းဗုဒ္ဓဝါဒ လို့ဆိုလိုတာပါ။
    ဒီ post ကို မှန်တယ်မှားတယ်ဆွေးနွေးဘို့ အသာထား။
    ကျုပ်တို့ကိုးကွယ်တဲ့ ထေရဝါဒဗုဒ္ဓဘာသာ ဟုတ်မဟုတ်ကိုအရင်ကြည့်သင့်တယ်။ “ဘယ်နေရာ သဝေထိုးထည့်ပြီး ဘယ်နေရာ နငယ်အမြီးတပ်ထားတယ် ” စသည်ဖြင့်ပေါ့။

  • True Answer

    April 13, 2011 at 1:35 am

    အရှင်ဘုရား(သို့) မိတ်ဆွေကြီးအနေနဲ့ ပွင့်ပွင့်လင်းလင်းပဲ မိမိပို့စ်မှ အယူအဆများမှာ မိုးပြာဂိုဏ်းအယူအဆများကို တင်ပြနေခြင်းသာဖြစ်ကြောင်း ရှင်းပြသင့်ပါတယ်။ အရှင်ဘုရားရဲ့ရှေ့ပိုစ်များတွင်လည်း ပိုမို သိရှိရန် မိုးပြာဂိုဏ်းမှ လင့်များကို လေ့လာဖတ်ရှုကြရန် တိုက်တွန်းထားကြောင်းတွေ့ရှိရပါသည်။

    • ashinariya

      April 16, 2011 at 11:58 am

      သစ္စာတရားကို လေ့လာတဲ့အခါမှာ ဂိုဏ်စွဲ၊ ဝါဒစွဲ၊ ဆရာစွဲနဲ့ နဂိုအယူအဆအစွဲတွေဖယ်ပြီး ရေးထားတဲ့ အကြောင်းအရာရဲ့ သဘောအမှန်ကို သိအောင်လေ့လာပေးဖို့ လိုပါတယ်။

      ကိုယ်နားလည်သလို သဘောပေါက်စေချင်လို့ လမ်းညွှန်ပေးတာပါ။

  • naywoonni

    April 13, 2011 at 1:37 pm

    သေရင်သေရင် မြေကြီးပါကွယ်… ရှင်ရင်ရှင်ရွှေထီးကိုလည်း မောင်မမျှော်မှန်းတယ် ဆိုတဲ့သီချင်းလေး ကိုသဘောကျတယ် ဘုရား…။ ဆရာတော်တစ်ပါးဟောခဲ့ဖူးတာက သေရင်သေချာတာကမြေကြီးဖြစ်မှာပဲတဲ့….။ အကုသိုလ်များတဲ့သူကိုမြုပ်ရင်မြေဩဇာညံ့မယ်တဲ့..။ ကုသိုလ်များတဲ့သူကိုမြှုပ်ရင် မြေဩဇာကောင်းသတဲ့..။ ကမ္ဘာပေါ်မှာ လူသေမမြှုပ်ဖူးတဲ့ နေရာမရှိဘူးတဲ့..။ မြေဩဇာ ကောင်းတာ ညံ့တာက မြေမြှုပ်ခံရတဲ့သူတွေပေါ်မှာမူတည်သွားတာတဲ့…..။ ဥပမာပေး ပြောသွားတာဖြစ်မှာပါ…။ တစ်ကယ့်မြေဩဇာကောင်းမကောင်းတော့ စမ်းကြည့်ဖူးသေးဘူး…။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 13, 2011 at 1:52 pm

    ကဗျာဆရာဂျီးလည်း
    ကြပ်တောင်တွေဘာတွေရိုက်တတ်လာဘီ

  • naywoonni

    April 13, 2011 at 2:38 pm

    အောင်ဘုရယ်……နီ့ဘော်ဒါလေဟယ်…….. နီ့ အာဘော်လောက်တာနာလည်းရတာပေါ့……။

  • kyawko

    April 13, 2011 at 3:57 pm

    (ရဟနာ္တဟု သမုတ်ကြသော စွန်းလွန်း၊ မိုးကုတ်၊ သဲအင်းဂူ နှင့်အခြား ဆရာတော်ကြီးများ၏ ဓမ္မဆုံးမချက်များ သဘောခြင်း ကွဲလွဲသည် မတွေ့ရပါ။ ချဉ်းကပ်ပုံချဉ်ကပ်နည်း၊ ဆုံးမပုံဆုံမနည်းသာကွာပါသည်။ ဤသည်မှာလည်း သူ့ဝေနေယျ ကိုယ့်ဝေနေယ အမျိုးမျိုးကွဲပါမည်။) ကိုကြောင်ကြီးပြောတာကို ကြိုက်တယ်… ရဟနာ္တလောက်မှသိနိုင်တဲ့တရားကို ပုထုဇဉ် ဉာဏ်နဲ.ငြင်းခုန်နေမှတော့ အမှားတွေကြီးဘဲထွက်လာတော့မှာပေါ့…………. (ပါမောက္ခ် ပုစာ္ဆကို နွားကျောင်းသားတွေစုပီးအဖြေရှာနေတာပေါ့လေ)
    မိုးပြာတပ်ဖွဲ.လဲ နွားကျောင်းသား ဝါဒကြီးပါဘဲဗျာ

  • kyawko

    April 13, 2011 at 4:22 pm

    (ရဟနာ္တဟု သမုတ်ကြသော စွန်းလွန်း၊ မိုးကုတ်၊ သဲအင်းဂူ နှင့်အခြား ဆရာတော်ကြီးများ၏ ဓမ္မဆုံးမချက်များ သဘောခြင်း ကွဲလွဲသည် မတွေ့ရပါ။ ချဉ်းကပ်ပုံချဉ်ကပ်နည်း၊ ဆုံးမပုံဆုံမနည်းသာကွာပါသည်။ ဤသည်မှာလည်း သူ့ဝေနေယျ ကိုယ့်ဝေနေယ အမျိုးမျိုးကွဲပါမည်။ )ကိုကြောင်ကြီးပြောတာကြိုက်တယ် ရဟနာ္တသောတပန် လောက်မှသိနိုင်တဲ့ တရားတွေကိုု ပုထုဇဉ် ဉာဏ်နဲ. ငြင်းခုန်နေမှတော့ ပါရဂူ ပုစာ္ဆကို နွားကျောင်းသားတွေ စုပီးအဖြေရှာနေလို အမှားတွေကြီးထွက်လာမှာပေါ့ မိုးပြာလဲ နွားကျောင်းသား ဝါဒ ကြီးပါဗျာ … ပြင်မယ်ဆိုရင်ဂျော်နီအောင်ဘုပြောသလို သောတပန်လောက် ဖြစ်အောင်ကျင့်လိုက်ဦး ကိုယ့်ကိုယ်ကိုယ် ပညာရှိပါတယ်ထင်ပြီး မှားပြီး ကိုယ့်ကိုယ်ကိုယ် အဟုတ်မှတ်နေတဲ့လူမိုက်ကတော့
    ဒန် ့ဒန် ့ဒန် ့

  • kyawkoko

    April 14, 2011 at 3:52 am

    (။ ရဟနာ္တဟု သမုတ်ကြသော စွန်းလွန်း၊ မိုးကုတ်၊ သဲအင်းဂူ နှင့်အခြား ဆရာတော်ကြီးများ၏ ဓမ္မဆုံးမချက်များ သဘောခြင်း ကွဲလွဲသည် မတွေ့ရပါ။ ချဉ်းကပ်ပုံချဉ်ကပ်နည်း၊ ဆုံးမပုံဆုံမနည်းသာကွာပါသည်။ ဤသည်မှာလည်း သူ့ဝေနေယျ ကိုယ့်ဝေနေယ အမျိုးမျိုးကွဲပါမည်။) ရဟနာ ္တသောတပန်လောက်မှ သိနိုင်တာကို ပုထုဇဉ် ဉာဏ်
    လောက်နဲ. ( ကိုယ့်ကိုယ်ကိုယ် အဟုတ်မှတ်နေတဲ့လူမိုက်)ဆွေးနွေးနေမှတော့ အမှားတွေကြီးထွက်လာတော့မှာပေါ့
    ပါရဂူပုစာ္ဆကိုနွားကျောင်းသားတွေစုပြီးအဖြေရှာနေသလိုဘဲ…မိုးပြာလဲနွားကျောင်းသားဝါဒကြီးပါဗျာ…ashinariya
    လဲကိုုယ့်ဟာကိုယ်သိ ဝေဖန်မယ်ဆို(ပြင်မယ်ဆို) သောတပန်လောက် တော့ ရောက်အောင်လုပ်ပေါ့ နွားကျောင်းသား
    စကားတွေပြောမနေနဲ.

  • et2020

    April 15, 2011 at 5:38 am

    Can someone explain me, is it the escape of five aggregates mean the state of နိရောဓသစ္စာ. I am learning Buddhist philosophy in college. what is actually mean FIVE AGGREGATES? i know it in English, but wanna know what it mean in Parli.

  • kosicca

    April 19, 2011 at 9:47 am

    တပည့်တော်လည်း သူများတွေဝါဒဖြန့်ထားတိုင်း နားယောင်တတ်တာ မဟုတ်ပါဘူးဘုရား။
    ဒီတရားကို စိတ်ဝင်စားနေတာကြာပါပြီ။ အရှင်ဘုရားလမ်းညွှန်မှပဲ လေ့လာဖို့ လမ်းစရပြီမို့ သေသေချာချာသိရအောင် ဆက်လေ့လာပါတော့မယ်။ ကျေးဇူးတင်ပါတယ်။

  • lionking

    April 19, 2011 at 11:06 am

    ဒီတရားတွေကို မလိုတဲ့သူတွေ၊ သဘောမကျနိုင်တဲ့ သူတွေက ဘာဝါဒ၊ ညာဝါဒဆိုပြီး အတင်းဝါဒဖြန့်ကြမှ ဒီတရားတွေ ဟောထားကြောင်းသိရတာ . . .၊ အဲဒီလို သိရမှ လေ့လာကြည့်တော့မှ ဝါဒဖြန့်ထားတာ တွေဟာ ကိုယ်လိုသလို စွပ်စွဲပြီး ပြောနေတာကို အသေးစိပ်လေ့လာကြည့်မှ သိရပါတယ်။
    အမြင်ကျဉ်းမြောင်းသူတွေနဲ့ မတန်ဘူး။ ထိုက်တန်တဲ့ သူတွေ စံစားကြပါလိမ့်မယ်။ ထိုက်တန်သူဖြစ်ဖို့ သိအောင်ကြိုးစားကြပါ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 19, 2011 at 4:07 pm

    (ဗုဒ္ဓ၏ အရိယသစ္စာလေးပါးတွင်ပါသော နိရောဓသစ္စာ (နိဗ္ဗာန်)မှာ သေပြီးမှ ရောက်မှာ ရမှာကို ဆိုလိုခြင်း မဟုတ်ပါ။ ယခုပစ္စုပ္ပန်တွင် ဆင်းရဲမှန်းသိလို့ ဆင်းရဲစေတဲ့ အမှုတွေ မပြုတော့ခြင်းကြောင့် ယခုပစ္စုပ္ပန်တွင် ဆင်းရဲတွေငြိမ်းသွားခြင်း ဖြစ်လေ၏။)
    စကားတွေကို မလည်မရှုပ်လုပ်နေတယ်ကွယ်
    ကဲဟုတ်ပါပြီ
    ( ဗုဒ္ဓ၏ အရိယသစ္စာလေးပါးတွင်ပါသော နိရောဓသစ္စာ (နိဗ္ဗာန်)မှာ သေပြီးမှ ရောက်မှာ ရမှာကို ဆိုလိုခြင်း မဟုတ်ပါ။ )
    ဒါကိုလက္ခံပေးလိုက်မယ်
    ( ယခုပစ္စုပ္ပန်တွင် ဆင်းရဲမှန်းသိလို့ ဆင်းရဲစေတဲ့ အမှုတွေ မပြုတော့ခြင်း )
    ဆင်းရဲစေတဲ့အမှု ဆိုတာဘာကိုခေါ်တာလဲ
    မပြုတော့ဘူးဆိုတာကရော ဘာကို မပြုတာလဲ
    သေပြီးနောက်တော့ဘာမှမသိတာကတော့သေချာသပေါ့နော
    ဒီလိုပြောလိုက်လို ့သံသရာဆိုတာကို မရှိဘူးလို ့ဆိုချင်သလား
    သံသရာမရှိရင် ဘုရားလဲရှိတော့မှာမဟုတ်တဲ့အတွက် ဘာ့ကြောင့်ဘုရားဟောတရားတွေကို
    လက္ခံပြောနေရသလဲ
    ကံ..ကံ၏ အကျိုးကို ယုံကြည်စရာမလိုဘူးဒီလိုလား
    ဆိုလိုနေတာက သေတဲ့အချိန်မှာ ဘာမှ မစဉ်းစားနဲ ့
    ဘာကိုမှ စိတ်မှာမတည်တဲ့အတွက် ကံပြတ်တယ် ဒီလိုလား
    ဘယ်သူက ဘယ်လိုပုံစံနဲ ့သေမှာရောသိလို ့လား
    သေခါနီး မှာ ဘာမှမစဉ်းစားရင် ကံပြတ်တယ်လို ့ဆိုပါတော့
    အသက်ရှင်စဉ်မှာ ကုသိုလ် အကုသိုလ်ဆိုတာ မရှိနိုင်တော့ဘူးပေါ့
    အမလေးလေးးးးးးးး
    ဆက်လဲမမေးချင်တော့ဘူး
    ဆက်လဲ မတွေးချင်တော့ဘူး

    • lionking

      April 21, 2011 at 3:34 am

      မလယ်မရှုပ်ဖြစ်နေတာ ကိုဂျော်နီအောင်ပုရဲ့ အသိဉာဏ်တွေ ဖြစ်လိမ့်မယ်ထင်တယ်။ သူပြောထားတာ ရှင်းရှင်းလေးပဲ။ ဗုဒ္ဓဘုရားကိုယ်တိုင် သေပြီးနောက် ဖြစ်တာရော၊ မဖြစ်တာရော နှစ်ခုလုံး မယူပါဘူးလို့ အဗျာကတ တရားတော်တွေမှာ သေသေချာချာ ဟောထားတာပဲ။ သမုတိနဲ့က ဘယ်လို ယူရမယ်၊ ပရမတ်အနေနဲ့က ဘယ်လိုယူရမယ်ဆိုပြီး မလယ်မရှုပ်နဲ့တော့ မပြောနဲ့ပေါ့။ ရိုးရိုးလေးပဲ တွေးလေ။

      ဒါဆို ဗုဒ္ဓရဲ့ ကံသံသရာကို နားလည်ဖို့မှာ သေပြီးနောက်ကို သွားမစဉ်းစားနဲ့ပေါ့။
      ယခုပစ္စုပ္ပန်မှာ လည်နေတဲ့ ကံသံသရာကို သဘောပေါက်ရမှာ။ သေပြီးနောက်ကံ သံသရာကို သွားစဉ်းစားရင် ဂျိန်းသံသရာကြီး ဖြစ်သွားမှာပေါ့။ အဲလိုသဘောပေါက်ပေးပါ မိတ်ဆွေကြီးရာ။

      ယခုပစ္စုပ္ပန်တွင် ဆင်းရဲမှန်းသိလို့ ဆင်းရဲစေတဲ့ အမှုတွေ မပြုတော့ခြင်း
      ကိုလည်း ရိုးရိုးလေးပဲ စဉ်းစားလေ။

      ကိုယ့်ရဲ့ အပြော၊ အပြု၊ အနေအထိုင် အမှားတွေကြောင့် ဖြစ်နေတဲ့ အခြေအနေတွေဟာ ဆင်းရဲမှန်း သေသေချာချာသိရင် အဲဒီလို မပြောရဲတော့ဘူး။ မပြုရဲတော့ဘူး၊ မနေရဲတော့ဘူးပေါ့။ ဒါကိုပဲ မိစ္ဆာဝါစာ၊ မိစ္ဆာကမ္မန္တ၊ မိစ္ဆာအာဇီဝကနေ
      သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝကဖြစ်သွားတာလို့ နားလည်ပေးရမှာပေါ့။

      အဲဒီ အပြောမှား၊ အပြုမှား၊ အနေမှားတွေကြောင့် ဖြစ်နေရတဲ့ ဒုက္ခဆင်းရဲခြင်းတွေ ယခု ပစ္စုပ္ပန်မှာ ဖြစ်ပါတော့မလား။ ဒါဆို ယခု ချက်ချင်း မငြိမ်းအေးပဲနေမလား၊ ငြိမ်းအေးသွားမလားဆိုတာ ရိုးရိုးလေး သမ္မာသင်္ကပ္ပ လုပ်ကြည့်စမ်းပါ ကိုယ့် မိတ်ဆွေကြီးရာ။ သမ္မာဒိဋ္ဌိဖြစ်လာပါလိမ့်မယ်။

      နားရွက်ကို တည့်တည့်ကိုင်ရင် ရပါတယ်။ ဘာလို့ ခေါင်းပေါ်က ကျော်ပြီးမှ ကိုင်ချင်နေကြတာလည်း မသိဘူးနော်။ တည့်တည့်ကိုင်ကြည့်ပါ။

      စိတ်ဝင်စားလို့ ဝင်ပြောကြည့်တာနော်။ ကာယကံရှင်ရဲ့ ဆိုလိုချက်နဲ့ ညီမညီတော့ မသိဘူးပေါ့။

    • bigcat

      April 21, 2011 at 4:20 am

      ဘယ်သူလည်းကွ ခြင်္သေ့ဘုရင်ဆိုတာ၊ ရှုပ်ရှုပ်ရှက်ရှက် လာမလုပ်နဲ့နော်၊ ရွာထဲမှာ ဘစ်ကက် ခြင်္သေ့တကောင်ထဲရှိတယ်။ 😛
      ကျနော်နားလည်သလောက်တော့ ပစ္စုပ္ပန်ကမ္မမဝါဒီတွေက ဗုဒ္ဓဘုရားကို ရှေးဦးစွာသစ္စာသိတဲ့ မဟာလူသားအဖြစ်ပဲမြင်ပြိး သာမန်ထက်ပိုထူးကဲတဲ့ ပြောဆိုမှုမှန်သမျှကို လုပ်ကြံစိတ်ကူးယဉ်တာလို့ ယူဆတယ်။ ဒီတော့ ရှေ့ဘဝ နောက်ဘဝ ငရဲ နတ်ပြည် မရှိဘူးပေါ့။ ဘုရားဟောတဲ့ သက္ကာယဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ တို့ဆိုတာ အဲဒါတွေကို မစွဲဖို့ပြောတာလို့ မြင်တယ်။ သံသရာ ဆိုတာမရှိမှတော့ ကံကံ၏အကျိုးလည်း မရှိတော့ဘူးပေါ့။ အဲဒေါ့ နောင်ဘဝဆိုတာလည်း မလိုတော့ဘူးတွက်တယ်။ ဒီတော့ ကိုအောင်ပုမေးတဲ့ ဒါဆိုဘုရားဘာလို့ ပွင့်သလဲဆိုတဲ့ အမြင်မျိုး သူတို့ဆီမှာ မရှိတာ သိလောက်ပါပြီ။ ဥစ္ဆေဒဒိဋ္ဌိ ဆိုတဲ့အတိုင်း သေပြီးပြတ်တယ်ယူလို့ မသေခင် ပစ္စုပ္ပန် ခံစားမှု ရပ်တည်မှုများသာ သုဂတိ၊ ဒုက္ခတိလို့ ယူတယ်။ ဆင်းရဲပေမဲ့ အစွဲကင်းလို့ အပူမရှိရင် နတ်သားပေါ့၊ အရိယာပေါ။ ချမ်းသာပြီး ပူပင်နေရင်၊ စိတ်ချောက်ခြားနေရင် ငရဲသားပေါ့။
      ကျနော်မြင်တာတော့ သူတို့တွေက ပရမတ်သစ္စာနဲ့ သမုတိသစ္စာ မကွဲကြဘူးလို့ မြင်တာပဲ။ ကျနော့်ဘကြီးတယောက်လည်း အဲဒီလိုပဲ ပညတ်ကိုမပယ်နိုင်ဘဲ ပရမတ်စကားတွေပြောပြီး အရိယာလိုတွေးတယ်။ ပရမတ်သစ္စာကို အလုံးစုံထိုက်သွားသူအဖို့ ပညတ်သတ်မှတ်ချက်တွေ မရှိတော့ပေမဲ့ ကျန်သူများအတွက် ရှိနေသေးတယ်ဆိုတာ နားလည်ပုံမရဘူး။ ငါအစွဲနဲ့ထိန်းတဲ့ သီလနဲ့ သစ္စာညဏ်မြင်လို့ စင်ကြယ်သွားတဲ့ အဓိသီလ၊ အတ္တနဲ့ အနတ္တကို သစ္စာသိ မသိကြဘူး။ ကွဲတယ်လို့လည်း ထင်ပုံမရဘူး။ ပညတ်တရားဆိုတာ (မဂ္ဂင်ရှစ်ပါးအပါအဝင်) သုံးဖို့၊ ဆုပ်ကိုင်ထားဖို့ မဟုတ်ဘူး။ သုံးပြီးစွန့်ပစ်နိုင်မှ ပရမတ်သစ္စာကို မြင်ကောင်းတယ်။ ပညတ် ပရမတ်နဲ့ပတ်သက်လို့ ရွာသား trueanswer ပေးတဲ့ လူပြိန်းနားလည်အောင် ပါဋ္ဌိစာမပါဘဲ ရိုးရိုးနဲ့ ရှင်းထားတဲ့ ဆူနာမီဆရာတော်ရဲ့ အသံဖိုင် အမေးအဖြေကို နာကြည့်ပါ။
      http://www.mediafire.com/?vldhyzzzmwm
      http://www.mediafire.com/?jhvnywnmmwm

      • lionking

        April 21, 2011 at 6:09 am

        ဘာဝါဒီ၊ ညာဝါဒီလို့ အရမ်းမစွပ်စွဲရဘူးလေ။ ဒီက ဗုဒ္ဓရဲ့သစ္စာတရားကို မျက်စိဖွင့် နားဖွင့်ပြီး လေ့လာနေတာပါ။ ထစ်ခနဲရှိ ဟိုဝါဒ၊ ဒီဝါဒဆိုပြီး စွပ်စွဲနေတာပဲနော့။

        ဗုဒ္ဓဟောခဲ့တဲ့ တကယ့်ငရဲတွေ၊ နတ်တွေနဲ့ ပုထုဇဉ်တွေ စိတ်ကူးယဉ်ထားတဲ့ နတ်တွေ၊ ငရဲတွေ မတူဘူး။ ဆရာပါရဂူရဲ့ ဓမ္မစကားစာအုပ်ကို သွားသတိရတယ်ဗျာ။ ဖွင့်လေ့လာကြည့်ပေါ့။ တကယ့်သံသရာအစစ်ကို သိလာပါလိမ့်မယ်။

        ဗုဒ္ဓပွင့်လာတာဟာ လူတွေငြိမ်းအေးစေဖို့ပါ။ သမုတိသစ္စာ၊ ပရမတ္တသစ္စာနဲ့ အရိယသစ္စာ စာလုံးပေါင်းကအစ သဘောအနက်အထိ မတူဘူး။ ကွဲပြားအောင်လေ့လာဦး။ ဗုဒ္ဓပွင့်လာတာ အရိယသစ္စာအတွက်ပါ။

      • kai

        April 21, 2011 at 8:46 am

        ပစ္စုပ္ပန်ကမ္မမဝါဒကို သေသေချာချာတော့ မဖတ်ရသေးဘူး..။ စာအုပ်တွေတော့ အကုန်လိုလိုစုမိနေပြီ..။
        အကြမ်းသိသလောက် . အဲဒီဘာသာဟာ လူမျိုးခြားဘာသာခြားတွေကို ဆွဲဆောင်စည်းရုံးလို့လွယ်မယ်တော့ ခန့်မှန်းမိတယ်..။
        အဲဒီဘာသာမှာ သံသရာလည်းရှိတယ်..။ ကံကံအကျိုးလည်း ယုံတယ်..။ သူတို့သံသရာဟာ.. ဒီခန္ဓာထဲတင် လည်နေတာ…။
        ဆိုတော့…လူပြိန်းနားလွယ်အောင်ခြုံပြောရရင်…
        ပစ္စုပ္ပန်ကမ္မဝါဒက…
        ကောင်းတာလုပ်ရင်.. ကောင်းသူဖြစ်တယ်.။
        ဆိုးတာလုပ်ရင် ဆိုးသူဖြစ်တယ်။

        ထေရဝါဒက..
        ကောင်းတာလုပ်ရင်.. ကောင်းတာဖြစ်တယ်.။
        ဆိုတာလုပ်ရင်..ဆိုးတာဖြစ်တယ်..။

        “သူ”နဲ့ “တာ”ပဲကွာတယ်..။ 🙂

        ပစ္စုပ္ပန်ကမ္မဝါဒီတွေရှိရင်..မှားရင်ထောက်ပြပါ..။

      • bigcat

        April 22, 2011 at 2:07 am

        သံသရာကို မြင်ပုံမြင်နည်းကလည်း ကွာပါတယ်။ ထေရဝါဒမှာ ကောင်းတာလုပ်တိုင်း ကောင်းကျိုးမရရင်၊ မကောင်းတာလုပ်ပြီး ကောင်းကျိုးရနေရင် အတိတ်ကံကို ညွှန်တယ်။ ပစ္စုပ္ပန်ဝါဒမှာတော့ ကိုယ့်လိပ်ပြာကိုယ်လုံ၊မလုံ ဆိုတာနဲ့ ပြန်ဖြေမယ် ထင်ပါတယ်။ လူညစ်တယောက် ကြီးပွားနေပေမဲ့ သူ့လိပ်ပြာမလုံ၊ အများရဲ့ ကြည်ညိုမှုမခံရလို့ သရဲလို့ သတ်မှတ်သလိုပေါ့။
        ဂျိန်းဝါဒလား ဘယ်မှာလည်းမသိဘူး သူတို့လည်း ကံသုံးပါးရှိတယ်။ ကာယဒဏ်၊ ဝစီဒဏ်၊ မနောဒဏ် ရှိတယ်။ ဘုရားနဲ့ တွေ့အပြီးမှာ အဲဒီဂိုဏ်းဆရာကြီးရဲ့ ဥပသကာသူဌေးက ဗုဒ္ဓဘာသာ ပြောင်းသွားလို့ နောက်ဆုံးမှာ စိတ်ထိခိုက်ပြီး သေသွားတယ်။ သဂျီးပြောသလိုဆိုရင် ပစ္စုပ္ပန်ဝါဒရဲ့ ‘သူ’ ဆိုတာ ‘ဒဏ်’ နဲ့ မကွာဘူးထင်တယ်။ သဂျီးသိရင် ဖြေပါအုံး….
        တဆက်ထဲမှာပဲ ပစ္စုပ္ပန်ဝါဒကိုမေးချင်တာ အတိတ်ဘဝမရှိဘူးဆိုရင် လူဝင်စားတွေ၊ အခြားဝင်စားတွေက ဘယ်လိုလုပ်မလဲ။ တချို့ဖြစ်ရပ်တွေမှာ လူဝင်စားရုံတင်သာမက အရင်ဘဝက ဖြစ်ရပ်တွေ၊ ဖွက်ထားတဲ့ ပစ္စည်းဥစ္စာတွေကအစ ပြန်ပြောနိုင်တာ တိတိကျကျ မှတ်တမ်းနဲ့ရှိတယ်နော်။ ဆိုတော့ ဝေ့လည်ကြောင်ပတ် မဖြေဘဲ တိတိကျကျ အဖြေပေးနိုင်သလား။

  • moethidasoe

    April 20, 2011 at 1:46 am

    မိုးပြာလို့ ပြောကြရင်တော့ အခု နိုင်ငံတော်က အဓမ္မ ဝါဒီအဖြစ် သတ်မှတ်လိုက်ပြီ ..
    တခြား ဆိုရင်တော့ မပြောတတ်ပါ ..
    အဓိက က ကိုယ်လုပ်တဲ့ကံ ကိုယ်ပြန်ခံရမယ် ဆိုတာပါ ..
    ဘုရားတောင်မှ ဘုရားစင်စစ် ဖြစ်နေတဲ့အချိန်မှာ အနည်းငယ်ကျန်နေသေးတဲ့ ဝဋ်ကို ပြန်လည် ပေးဆပ်ခဲ့ရတယ် ..
    အရှင်မဟာမောဂ္ဂလန်တောင်မှ ဖွတ်ဖွတ်ညက်ညက်ကျေအောင် အထုအထောင်းခံရပြီးမှ ပရိနိဗ္ဗာန် စံဝင်ရတယ် ..
    ဒါကြောင့် အကုသိုလ်တရားတွေ များနေရင် … တရားကို အသေအချာ လုပ်ရင် အပါယ်က ဝေးတယ်လို့ ဘယ်လိုပဲ ပြောပြော .. ဝဋ် ဆိုတာ ခံရဦးမှာ ..

  • nigimi77

    April 20, 2011 at 2:16 am

    ကျန်တာတွေတော့ သိပ်မသိဘူး။ ညက ကြည့်တဲ့ Agora ဆိုတဲ့ ရုပ်ရှင် ကောင်းတယ်။

  • char too lan

    April 21, 2011 at 8:26 am

    ashinariya က နှစ်ယောက်ကွဲသွားတာလား စစ်ကူရသွားတာလား 🙂
    အကျိုးကိုပယ်တဲ့ ဒိဌိ၊ အကြောင်းကိုပယ်တဲ့ဒိဌိ၊ အကျိုးအကြောင်းနှစ်မျိုးလုံးကိုပယ်တဲ့ဒိဌိ (အမည်းကံအဆင့်) ဆိုပီး မှတ်သားဘူးပါတယ်

    – သူ့မှာရှိတာနဲ့ သူ့ကိုအကောင်းဆုံးဖြစ်အောင်ကူညီပေးတာ မေတ္တာပါ။
    မိမိဖြစ်စေချင်တဲ့အတိုင်း ဖြစ်အောင်လုပ်တာကိုတော့ လောဘလို့သာခေါ်ရမယ်။
    (ဖားအောက်တောရ နိုင်ငံတကာသာသနာပြုကျောင်းတော်ကြီး ဓမ္မဒါနလက်ကမ်းစာစောင်မှ)

  • eros

    April 22, 2011 at 3:31 am

    ဟေဟေ့ သုဘလုလင်ရဲ့ အဖေဘာဖြစ်သွားလည်း ဘုရားက သုဘလုလင်ရဲ့ အိမ်ကခွေးလေးကို ဘာပြောခဲ့လဲ။ အဲဒီခွေးလေးက ဘာလုပ်ခဲ့လဲ သုဘလုလင် မြတ်စွာဘုရားကို ဘယ်လို ပြုမူခဲ့တယ် ဆိုတာ စိတ်ဝင်စားစရာပဲ။ သုမေဓာရှင်ရသေ့က ဘာလဲ ဆိုတာလဲ စိတ်ဝင်စားစရာပဲ။ ဃောသက သူဌေး အကြောင်းလဲ ဖတ်ဖူးပါရဲ့။

    • kosicca

      April 22, 2011 at 3:52 am

      သေတဲ့လူတွေ ဘာဖြစ်သွားတယ်၊ ညာဖြစ်သွားတယ်ဆိုတဲ့ ဇာတ်လမ်းတွေဟာ ဘုရား ပရိနိဗ္ဗာန်စံပြီး နောက်မှ ဘုရားဟောတယ်ဆိုပြီး ဝင်လာတဲ့ ဇာတ်လမ်းတွေပါ။ အဲဒါတွေကို အဋ္ဌကထာတွေလို့ ခေါ်ပါတယ်။ ဘုရားဟောမူရင်းတရားတော်နဲ့ အဋ္ဌကထာဆရာတွေက မိမိတို့ နဂိုအယူအဆ အတွေးတွေနဲ့ ပြန်ချဲ့ကားတာတွေကို ကွဲပြားဖို့လိုပါတယ်။

      ဘုရားက သူဟောလိုတဲ့ တရားသဘောပေါ်လွင်အောင် အဲဒီခေတ်က လူနားလည်လွယ်မယ့် ဇာတ်လမ်း၊ ပုံပြင်လေးတွေနဲ့ တန်ဆာဆင်ဟောခဲ့တာပါ။
      ဇာတ်လမ်း၊ ပုံပြင်ဆိုတာ တကယ့်အဖြစ်မှ မဟုတ်တာ။ တင်စားပြောထားတာပဲ။

      အဲဒါတွေကို ဘုရားမရှိတော့မှ စိတ်ကူးယဉ်သမားတွေက ဘုရားပဲ ဖြစ်ခဲ့သလိုနဲ့
      ဖန်တီးလိုက်တော့ ဇာတ်တော်ဆိုပြီးဖြစ်သွာတာကို သိစေချင်ပါတယ်။

      နို့မဟုတ်ရင် မင်းသိင်္ခရဲ့ ဆားပုလင်းနှင်းမောင်ကို အပြင်မှာ လိုက်ရှာသလို ဖြစ်နေမှာဆိုးလို့။

      • eros

        April 22, 2011 at 9:15 am

        သုမေဓာ ရှင်ရသေ့က ဘာလဲဟင်။

        • kai

          April 22, 2011 at 9:46 am

          လွန်ခဲ့တဲ့ လေးသချေင်္နဲ့ ကမ္ဘာတသိန်းဆိုတဲ့ မဖြစ်နိုင်တဲ့ ဂဏန်းကြီးထည့်ထားတော့… အဲဒါ မဖြစ်နိုင်တဲ့ တင်စားချက်တခုလို့ပဲ..ရိုးရိ်ုးတွေးမိပါတယ်..။

          လော့ဂျစ်နဲ့စဉ်းစားရင်ကို တော်တော့်ကို ..ကိုးလို့ကန့်လန့်ကြီးဖြစ်နေပါတယ်..။
          ဒါမျိုးတွေက .. မြန်မာပြည်တွင်းက ဖန်တရာတေအောင် ရိုက်သွင်းခံထားရသူတွေအတွက်အဆန်းမဟုတ်ပေမဲ့.. တခြားလူမျိုးတွေအတွက်တော့… ဗုဒ္ဓရဲ့ တကယ့်တရားစစ်တွေကို မလေ့လာချင်လောက်အောင်ကို… စိတ်ပျက်သွားစေတဲ့.. အဖြစ်တွေပဲ..။
          ဒါမျိုးတွေနဲ့ ..ဗုဒ္ဓသာသနာကို သိမ်ငယ်အောင်လုပ်လိုက်စေပြိး ဖျက်စီးလိုက်တာပဲလို့ မြင်မိတယ်..။
          ရည်ရွယ်ချက်ရှိရှိနဲ့..ရာစု နှစ်ပေါင်းများစွာ လုပ်ကြံခဲ့တာလို့တွေးမိတယ်..။

  • nigimi77

    April 22, 2011 at 3:40 am

    ဘယ်သူ အကူအညီလိုလဲ ? လက်နက်ကြီး ဝိုင်းကူပစ်ပေးမလို ့

    • ashinariya

      April 22, 2011 at 10:01 am

      ဘုရားဟောပါဠိတော်နှင့် တဆင့်ပြန်ဖွင့်တဲ့ အဋ္ဌကထာကျမ်းတွေကို ကွဲကွဲပြာပြားသိဖို့ လိုပါတယ်။

      အဋ္ဌကထာဆရာတွေပြောတိုင်း ဘုရားဟောနဲ့ ထပ်တူပဲဆိုပြီး ယူမိနေမယ်ဆိုရင် အဋ္ဌကထာမှာ လမ်းဆုံးနေမှာပါ။

      ဥပမာ တိုင်းမှူးနဲ့ သူ့ ရုံးက ရုံးလုလင်ကို တစ်တန်းထဲ ထားလို့ သင့်ပါ့မလား။

      ရုံးလုလင်က သူထင်ရာပြောတိုင်း တိုင်းမှူးကပြောတယ်လို့တော့ မယူသင့်ဘူးပေါ့။

      အဲဒီလိုပဲ အဋ္ဌကထာဆရာတွေပြောတိုင်း ဘုရားဟောနဲ့ ထပ်တူပဲဆိုတာကော သင့်တော်ပါ့မလား။

      သုမေဓာ ရှင်ရသေ့ဆိုတာ ဇာတ်လမ်းတစ်ခုပါ။ အဋ္ဌကထာဆရာတွေလုပ်မှပဲ
      ဘုရားပဲဖြစ်ခဲ့သလိုလိုနဲ့ ဇာတ်တော်တွေဖြစ်ကုန်ကြတာ သီဟိုဠ်ခေတ်ကစခဲ့ကြတာပဲ။

  • pisikway

    April 22, 2011 at 10:00 am

    အဖေကမှာထားတယ် .. ဘာသာရေးနဲ့ နိုင်ငံရေးကို မဆွေးနွေးနဲ့တဲ့။ ဝါဒတွေကွဲနေရင် ချစ်သူက မုန်းသူဖြစ်သွားမယ်တဲ့။ :p

    • mggwa

      April 22, 2011 at 10:22 am

      အဲဒီလောက်လဲ စိတ်မပူပါနဲ့လေ။

  • nature

    April 22, 2011 at 2:27 pm

    Amie ရေ ကျေးဇူးတင်ပါတယ်၊ အဖိုးတန် http://dhammadownload.com ဆိုတဲ့ website လေးကိုပေးလို့၊ဝင်ကြည့်ပြီးပါပြီ၊ တော်တော်ကောင်းတဲ့ website လေးပါဘဲ။

  • nature

    April 22, 2011 at 2:42 pm

    မျက်စိလည် လမ်းမှားနေကြလို့ အမှန်မြင်အောင် လမ်းညွှန်ရင်းမှန်တာတွေပါမှားကုန်တော့မှပဲ။

    • ashinariya

      April 23, 2011 at 11:54 am

      အဲဒီလမ်းကို သေသေချာချာလျှောက်ကြည့်ပြီးမှ ဝေဖန်သင့်ပါတယ်။
      ရောဂါကို ရောဂါမှန်မသိရင် မပျောက်ချင်သလို
      လမ်းမှားကို လမ်းမှားမှန်း မသိရင် လမ်းမှန်ကို ဘယ်တော့မှ မရောက်နိုင်ပါဘူး။

      နောက်ထပ်ပြီး လမ်းမှန်ကို မလျှောက်ဘူးရင်လည်း လမ်းမှားကို မသိနိုင်ပါဘူး။
      လမ်းမှန်ကို လျှောက်နိုင်ကြပါစေ။

  • bigcat

    April 22, 2011 at 11:19 pm

    နိကဏ္ဌ တိတ္တိဆရာကြီး၏ ကံကံဟု ပညတ်သတ်မှတ်မှု မရှိ၊ ဒဏ်ဒဏ်ဟုသာ ပညတ်သတ်မှတ်လေ့ရှိကြောင်း” ပြန်လည်လျှောက်ထား၏။ ထိုအခါ မြတ်ဗုဒ္ဓက “””””“ဒီဃတပဿီ သို့ဆိုလျှင် သင်တို့ဆရာ ပြောသည့်အတိုင်း ဒဏ်ဟုဆိုလျှင် မကောင်းမှုပြုခြင်း၊ မကောင်းမှုဖြစ်ခြင်း၌ အဘယ်မျှလောက်သော ဒဏ်တို့ကို ပညတ်သတ်မှတ်သနည်း..”ဟု ထပ်မံ မေးတော်မူသဖြင့် ဒီဃတပဿီက “အရှင်ဂေါတမ… ကာယဒဏ်၊ ဝစီဒဏ်၊ မနောဒဏ်ဟူသည့် ဒဏ်သုံးပါးကို သတ်မှတ်ပေးပါကြောင်း”””” နှင့် အရှင်ဘုရား၏ ပစ္စုပ္ပန်ကံပြတ်သော အယူဝါဒတို့သည် မည်သို့ကွဲပြားသည်ကို သိလိုပါသည် အရှင်ဘုရား…

Leave a Reply