မိခင်မေတ္တာဆိုတာ တိရစာ္ဆန်တောင်မှ

bigbirdApril 13, 20112min1153

မိဘကို အချိန်ရှိတုန်းပြန်လည်ကြည့်ရှုစောင့်ရှောက်ဖို့ မေ့နေသူတွေအတွက်

သားသမီးကို တိရစာ္ဆန်တောင်မှ ဒီလောက်စိုးရိမ်ပူပန်ပြီးချစ်နေသေးရင် လူသားတွေအဖို့ အဘယ်သို့ဆိုအပ်တော့မည်နည်း။ တောင်ပံတောင်မှ ကောင်းကောင်းမစုံသေးခင် မိဘရင်ခွင်ခြေစုံကန်ထွက်လာတဲ့သားသမီးတွေ ဘယ်တော့များအဖေအမေတို့ဆီကိုပြန်လာပါ့မလဲလို ့ လည်ပင်းကြီးရှည်ထွက်မတက်အောင် နေ့စဉ်စောင့်မျှော်လျှက်ပါပဲ။ ပြန်လာခဲ့ရင်လဲ အစစအရာရာ အစဉ်ပြေနေတဲ့ ကောင်းသောပြန်လာခြင်းကိုပဲ အလိုရှိကြတဲ့သူတွေပါ။ ဒုက္ခရောက်ပြီးပြန်လာခဲ့ရင် သားသမီးတွေထက် ပိုပြီး သောကရောက်ကြရတဲ့သူတွေပါ။ ဒို့အတွက် ဘာတွေများပါလာမလဲဆိုတဲ့ မျော်လင့်ချက်တွေမထားကြပါဘူး။ သားသမီးမျက်နှာကိုမြင်တယ်ဆိုရင်ပဲ စမ်းရေကြည်ထဲက လဝန်းလေးကိုမြင်ရသလို အေးချမ်းပီတိဖြစ်ကြတဲ့သူတွေပါ။ ဒါကြောင့်မို့ မိဘနှစ်ပါးရှိစဉ်ကာလမှာ လုပ်သင့်လုပ်ထိုက်ဆုံးဒါနဖြစ်တဲ့ မိဘနှစ်ပါးအား လုပ်ကျွေးပြုစုစောင့်ရှောက်ခြင်းကို လူတိုင်းပြုလုပ်သင့်ပါတယ်။ တစ်နေ့တစ်ချိန်ကျရင် ကိုယ်လဲ မိအိုဖအိုနေရာ ရောက်လာလိမ့်မယ်ဆိုတာ မေ့မထားသင့်ကြပါဘူး။ မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးခြင်းဟာ မင်္ဂလာတစ်ပါးပါပဲ ။ မိဘတွေက ကိုယ့်အပေါ်ထားရှိတဲ့ မေတ္တာကို သိတက်နားလည်အောင့်မေ့ပြီး မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးလို့ ကုန်ကျသွားတဲ့ငွေကြေးတွေဟာ ကိုယ့်ဆီကို အစပေါင်းများစွာပိုပြီးပြန်ဝင်လာလိမ့်မယ်ဆိုတာ ငှက်ကြီးရဲရဲကြီး အာမခံရဲပါတယ်။ အစတုန်းက အစဉ်မပြေလို့ မိဘကိုပြန်မကြည့်နိုင် ၊ ပြန်မကြည့်နိုင်လေ ကိုယ့်ဘဝက အစဉ်မပြေလေပါပဲ။ အစဉ်မပြေတဲ့ကြားက မရရအောင်ဇွတ်မှိတ်ပြီးမိဘနှစ်ပါးကို ပြန်ကြည့်လိုက်တော ့အစဉ်ပြေမှုတွေက သူ့အလိုလိုဖြစ်လာပါတယ်။ အစဉ်ပြေလာတော့ မိဘကိုပိုပြီးပြန်ကြည့်နိုင် ၊ ပိုပြီးပြန်ကြည့်နိုင်လေ ပိုပြီးအစဉ်ပြေလာလေပါပဲ။ ငှက်ကြီးရဲ့ ကိုယ်တွေ့မို့ အားလုံးယုံကြည်ကြစေရန် မျှော်လင့်ပြီး မိဘနှစ်ပါးအားပြုစုလုပ်ကျွေးကြစေကြောင်းနိုးဆော်လိုက်ပါတယ်။
ငှက်ကြီးငယ်ငယ်ထဲက အခုချိန်ထိ မေ့လို့မရသေးတဲ့ပုံရိပ်တစ်ခုရှိပါသေးတယ်။ပြန်တွေးပြီးမြင်ယောင်လိုက်တိုင်းမျက်ရည်ဝဲမိပါတယ်။ သားသမီးတွေကို လုပ်ကျွေးပြုစုပြီး မောပန်းနေတဲ့အဖေနဲ့အမေဟာ နှစ်ပေါင်းများစွာ စာမလာသတင်းမကြားပျောက်ဆုံးနေတဲ့ ကျွန်တော့ကိုကြီးဆီက ပထမဦးဆုံးပို့လိုက်တဲ့ ပိုက်ဆံ ၃သောင်းကို ကိုင်ပြီး လက်တွေတုန်မျက်ရည်ဝဲနေတဲ့မိဘနှစ်ပါးရဲ့ပုံရိပ်ပါပဲ ။ ငှက်ကြီးတစ်သက် ဘယ်တော့မှ မေ့နိုင်တော့မယ် ထင်ပါဘူး….
ငှက်ကြီး( ၁၃ .၄ .၂၀၁၁)သင်္ကြန်မကြိုနေ ့bigbirdMG@gmail.com

3 comments

  • bigcat

    April 13, 2011 at 4:29 am

    ဆိုးလိုက်တဲ့ခွေးတွေ…။ ကြောင်သည်သာ အိမ်မွေးတိရစာ္ဆန်များတွင် အမြတ်ဆုံးဖြစ်၏…

  • nigimi77

    April 13, 2011 at 6:43 am

    အောင်နက်ကြီးက အဓိက ဇာတ်ဆောင်ပဲ။ 🙂

Leave a Reply