ဘာဖြစ်တာလဲ ဘာပျက်တာလဲ What

dayandnight


ငယ်စဉ်က တရားစခန်းဝင်ပြီး ပြန်ထွက်လာတော့ လူတွေဘာကြောင့် သစ္စာလေးပါးတရားကို တပြေးညီ လက်မခံနိုင်ကြသလဲကို အတ္တနဲ့ စူးစမ်းမိပါတယ်။ ဘာသာခြား မြန်မာသူငယ်ချင်း တဦးက ငါတို့လည်း ဘုရားရှိခိုးရင် မမြဲလို့ရွတ်တယ်၊ ဖြစ်ပျက်လို့ မင်းတို့ပြောတဲ့ ရုပ်ဝတ္ထုတွေ ကာလကြာလို့ ဟောင်းနွမ်းပျက်ဆီးသွားတာ ဘာဆန်းလည်းလို့ ရင်းရင်းနှီးနှီး ပြောပါတယ်။ ကိုယ်သိတဲ့ အသိကလဲ အပြင်မှာ မြင်တွေ့ကြားသိရတဲ့ အရာတွေ အကြောင်းအမျိုးမျိုးနဲ့ ပျက်သွားတာကို ဖြစ်ခြင်းပျက်ခြင်း ဆိုတော့ မကျေနပ်တာကလွဲလို့ ကြေလည်အောင် မဖြေရှင်းနိုင်ခဲ့ပါ။
ဖြစ်ပျက် (မမြဲ၊ ဆင်းရဲ၊ အစိုးမရ) တွေကို ရှိနေ၊ ဖြစ်နေတဲ့ အရာတွေ ပျက်သွားတဲ့အခါ ဥပမာ- ပစ္စည်းတခု ကျကွဲရင်၊ လူသေရင် ပြောလေ့ရှိတယ်။ တရားစခန်းဝင်တဲ့ မိတ်ဆွေများကို မေးရင်လည်း ပြောင်းလဲဖောက်ပြန်တဲ့ ရုပ်ကြီးကို စိတ်နဲ့ကြည့်ပြီး ဖြစ်တယ်ပျက်တယ်၊ ညောင်းတယ် တောင့်တယ်၊ ကျင်တယ်ထုံတယ် မှတ်တယ်။ အဲဒါ အများစုသိကြတဲ့ ဖြစ်ခြင်းပျက်ခြင်းပါ။ ဒါနဲ့ပဲ ဝိပဿနာ ကမ္မဌာန်း ငါတော့ ရှုနေတယ်လို့ ကျေနပ်ကြတယ်။ ဘုရားဟော သင်္ခါရဒုက္ခတော့ မမြင်ကြဘဲ မိမိကံအလျောက် ဖြစ်ပျက်နေတဲ့ ရုပ်တရား နမ်တရားတွေကို ဖြစ်တယ်ပျက်တယ် ရှုနေကြတော့ ကိုယ်တိုင်လည်းမမြင် သူများက မေးရင်လည်း ယောင်ဝါးဝါးပဲပေါ့။
ဒီပို့စ် ရေးမိတာကလည်း ရွာထဲမှာ မိုးပြာဂိုဏ်းနဲ့ ပတ်သက်လို့ ပေးထားတဲ့လင့်ခ်ကို ဖတ်ပြီး ပညတ်၊ပရမတ်နဲ့ပတ်သက်ပြီး ဆူနာမီဆရာတော်ကို ဝိုင်းနှိပ်ကွပ်တာတွေ့လို့ ပရမတ်ဖက်မှ အားဖြည့် ဆွေးနွေးခြင်းပါ။ ပညတ်ပယ်ခိုင်းတာနဲ့ ဥပါဒါန်အစွဲဖြုတ်ခိုင်းတာ ကွဲစေချင်ပါတယ်။ ဖြစ်ပျက်တလုံးပဲ ပိုင်ပိုင်နိုင်နိုင်သိရင် နိဗ္ဗာန်မြင်နိုင်ပါတယ်။ အာနာပနကိုပဲကြည့်ပါ။ ပညတ်သဘော ဝင်လေထွက်လေ၊ ရှုတယ်ထုတ်တယ်၊ ထိတယ်သိတယ်ဆိုပြီး မှတ်တာ သမထ၊ သမာဓိတည်ပါတယ်။ ပညတ်သဘော အားလုံးကို ခွာပြီး ဖြစ်ပြီးပျက်၊ ခံစားပြီးပျက် ဆိုတာကို ဆင်ခြင်နေလိုက်မှ နုပဿနာဖြစ်ပါတယ်။ သွား လာ တွေး ထိုင် မြင် ပညတ်သဘောတွေ တပ်ပြီးရှုနေရင် သတိပဌာန်သမာဓိနဲ့ မရှိတဲ့ပညတ်ဘောင် ထဲမှာသာ ရှိသေးတာကို သတိပြုမိဖို့ပါ။
ရုပ်ကဖြစ်ပျက်သည် မဟုတ်၊ နာမ်ကလည်း ဖြစ်ပျက်သည် မဟုတ်၊ သူ့သဘော သူဆောင် ပြောင်းလဲနေခြင်းပါ။ မရှိတဲ့ ရုပ်၊ နာမ် နောက် နင်းကန်လိုက်ကြတဲ့အခါ သတိပဌာန် သမာဓိသာဖြစ်ပြီး ဖြစ်ပျက် နုပဿနာညဏ် မဖြစ်တော့။ မှတ်ရမှာက ရုပ်ဖောက်ပြန်တိုင်း နာမ်ခံစားခြင်းဆိုတဲ့ ပြောင်းလဲ ဖောက်ပြန်နေတဲ့ ရုပ်တရားကို သိမှုနာမ်က သွားတိုက်ဆိုင်တိုင်း ဖြစ်တဲ့ ပစ္စုပ္ပန်ခံစားမှု ဝေဒနာများသာ ဖြစ်ပါတယ်။ သေမှသာပြီးမဲ့ ဖြစ်ချုပ်တရားတွေကို သင်္ခါရဒုက္ခလို့မြင်ပြီး မရှိတဲ့ ပညတ် ခံစားမှုတွေကို ခွာရပါတယ်။ သေသွားပြီးတော့လည်း နောက်ဘဝမှာ ခန္ဓာတခုထပ်ရပြီး သံသရာ လည်ပြန်ပါလားလို့ သိပါတယ်။
ကြုံလို့ပြောရရင် သဲအင်းဂူဆရာတော်ကြီးကို ဒကာမတယောက်က သူ့ခင်ပွန်းသေသွားလို့ ငိုပြီးဆွမ်းကျွေးလာပင့်တော့ ဆရာတော်က သေတယ် ပျက်တယ်ဆိုတာ ဘုရား၊ ရဟနာ္တများမှာသာ ဖြစ်တယ်။ ပျက်ပြီးရင် တဖန်ပြန်မဖြစ်တော့။ ဒကာမကြီး အမျိုးသားက ဖြစ်ပြီးချုပ်သွားတာ၊ ချုပ်ပြီးရင် ဇာတိအသစ်ပြန်ဖြစ်တယ်၊ ပုထုဇဉ်တိုင်း ကြုံရမဲ့တရားလို့ ဆုံးမပါတယ်။ ပညတ်သဘောထက် ပရမတ် သဘော ဆိုလိုရင်းကို သိကြဖို့ပါ။ အသုံးအနှုန်းကတော့ ဘာပဲဖြစ်ဖြစ် ရပါတယ်၊ ဒါပေမဲ့ ပညတ်ပေါ်မှာ အမှားနဲ့စရင် ဘယ်တော့မှ မှန်မှာမဟုတ်တော့။ အများက ဖြစ်တယ်ပျက်တယ်လို့ ဇွတ်မှတ်ကြပေမဲ့ ဖြစ်ပျက်ပညတ် စကားလုံးနဲ့ သူ့ရဲ့ဖြစ်ချုပ် သဘာဝကို မကွဲလို့ သင်္ခါရသဘောနဲ့ လွဲကြပါတယ်။
ဖောက်ပြန်ပြောင်းလဲနေတဲ့ သဘောမျှသာရှိတယ်၊ ဖြစ်လိုက်ချုပ်လိုက်နဲ့ ဘယ်တော့မှ မဆုံး ဆိုတဲ့ ပညာညဏ်ဖြစ်မှသာ သူ၊ငါ၊ကိုယ်၊လက်၊ခြေထောက် ဆိုတာမဖြစ်တော့လို့ အရာရာကို တရား သဘောနဲ့ ဆင်ခြင်နိုင်ပါတယ်။ အဲဒါ ဘုရားဟောတဲ့ ဖြစ်ခြင်း ပျက်ခြင်းပါ။ ပစ္စုပ္ပန်ဝေဒနာကို ငါတပ်ပြီး မြင့်မြတ်၊ ယုတ်ညံ့တယ်နဲ့ ပညတ်တပ်မိပါလား။ ပညာတတ်လည်း မာန်မထောင်နဲ့၊ ငတုံးငအ ဖြစ်ခဲ့ဖူးတယ်။ သူဌေးဖြစ်လည်း မပျော်နဲ့ သူဖုန်းစား ဖြစ်ခဲ့ဖူးတယ်၊ မြေလျှိုး မိုးပျံတဲ့ တန်ခိုးရှင်ဖြစ်လို့ မာန်မကြီးနဲ့၊ လူတိုင်းဖြစ်ဖူးတယ်။ နောင်လည်း ဖြစ်အုံးမှာလို့ အမှန်ကို သိပါတယ်။ သံသရာဆိုတာ ဒီလိုနဲ့ လည်နေတာပါ။
ဆူနာမီဆရာတော် ကို စစ်ဆေးမေးမြန်းခဲ့ကြသော ဆရာတော်များနှင့် ပညာရှင်များ သို့ မေးမြန်းချက် အမေး(၉)ခုhttp://trueanswer.multiply.com/journal/item/5/5

8 comments

  • weiwei

    April 16, 2011 at 7:00 am

    ခေါင်းမူးနေတုန်း ဖတ်လိုက်မိတာ ပိုမူးသွားတယ် …

    • bigcat

      April 16, 2011 at 11:06 pm

      မူးတာကိုမူးတယ် မှတ်နေရင် သတိပဌာန်ဗျို့၊ ဝိပသနာရှေးရှုတဲ့ သမာဓိတည်တယ်၊ ဒါပေမဲ့ မူးတယ်ဆိုတဲ့ ပညတ်ဘောင်ထဲမှာ ရှိနေသေးလို့ နုပသနာညဏ်မဖြစ်နိုင်ဘူး။ ပညတ်မူးခြင်းကိုခွာပြီး ဖြစ်ပြီးချုပ်သွားတဲ့ သဘောလေးကို ဆင်ခြင်နေမှသာ နုပသနာညဏ်ဖြစ်နိုင်တယ်။ အားစိုက်ပြီး ဖြစ်ချုပ် သို့မဟုတ် ဖြစ်ပျက်လို့ အတင်းမှတ်နေရင်လည်း သမာဓိဗျို့။ သူ့သဘောသူဆောင်ခြင်းကို သဘောလေးမျှသာလို့ ခံစားသိနေရမှာ။ အရမ်းနူးညံ့သိမ်မွေ့ပါတယ်။ ပြောလို့၊ ဖတ်လို့ ဆွေးနွေးလို့ သိရန်အလွန်ခက်တဲ့ သဘောတရားလေးပါ။ သိသွားရင်လည်း ခရီးဆုံးအထိတောက်လျှောက် လိုတရဓာတ်လုံးလို သုံးနိုင်လို့ အလွန်ကျေးဇူးများပါတယ်။

      • weiwei

        April 17, 2011 at 2:33 pm

        လွယ်လွယ်လေးပဲ မှတ်ပါတယ် … မူးတယ်လို့ခံစားရတဲ့အခါ မူးတယ်ဆိုတဲ့စိတ်ကလေးမှာတင်ရပ်ပြီး မူးတယ် မူးတယ် လို့ မှတ်နေလိုက်ရင် မူးတာလေးပျောက်သွားပါတယ် … မမြဲဘူးဆိုတဲ့သဘောပေါ့ …
        ဒိဌေ ဒိဌ မဒံ (စာလုံးပေါင်းအမှန်မသိ) ဆရာကြီး ရွှေဥဒေါင်းရေးတဲ့ စာအုပ်ထဲကလိုပေါ့ … ပစ္စုပ္ပန်တည့်တည့်ရှုပြီး တခြားစိတ်တွေ မဝင်အောင် သတိရတဲ့အခါမှာ ကြိုးစားလေ့ရှိပါတယ် …

        • bigcat

          April 17, 2011 at 8:51 pm

          အကြောင်းသတ် အကျိုးသတ်ဆိုပြီး နှစ်မျိုးရှိတယ် အန်တီဝေရဲ့။ မသိမှု အဝိဇ္ဇာအကြောင်းကြောင့် စွဲရတဲ့ ငါညောင်းတယ်၊ မူးတယ်၊ ကိုက်တယ် စတာတွေကို ပယ်ရှုနိုင်မှ အကျိုးပရမတ်သစ္စာ သင်္ခါရပြောင်းလဲခြင်းကို မြင်ကောင်းတယ်။ ဖြစ်ရခြင်းအကြောင်း မပယ်ဘဲ ဖြစ်နေတဲ့အကျိုးတွေချည်ပဲ ပယ်သတ်နေရင် ဈာန်တရားလိုပဲ အကုသိုလ်ငြိမ်းတယ်၊ ဒါပေမဲ့ ရေသောက်မြစ်မပြတ်လို့ အကုသိုလ် မသေဘူး။ သစ်ပင်လှဲထားပေမဲ့ ပင်စည်မတူးမိရင် အချိန်ကြာတဲ့အခါ အသစ်ပြန်ပေါက်လာသလိုပေါ့။

  • ဆူး

    April 16, 2011 at 8:10 am

    ဆရာတော်ကြောင်ကြီး ရုပ်နာမ် ဖြစ်ပျက် ဟော ရင်းနဲ့ မာန်မထောင်နဲ့ ရောက်သွားပြီ။

  • bigbird

    April 16, 2011 at 1:51 pm

    ဖတ်လို့ကောင်းပါတယ်မဝေရာ…ဆိုလိုရင်းကိုတော့ ရေးရေးလေးသဘောပေါက်ပါတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 17, 2011 at 6:00 pm

    အမှန်တိုင်းပြောရရင်
    ကျွန်တော်ကတော့ ဖြစ်ပျက်တာကို ခုထိမမြင်နိုင်သေးဘူးဗျ
    သဘောကိုတော့သိနေတယ်လို ့ဆိုရမလားဘဲ
    ဒါပေမယ့် အနိစ္စသဘောရှုတဲ့နေရာမှာတော့
    တော်တော် လေးအားသန်တယ်
    လူ ့ဘဝကြီးဟာ ဘာမှ မဟုတ်ပါလားဆိုတာကိုပေါ့လေနော
    တစ်ယောက်နဲ ့တစ်ယောက် မြင်တာခြင်းတော့တူမယ်မထင်ဘူးဗျ
    ပြောလို ့သာပြောတာပါ
    တစ်ခါတစ်လေ ကိုယ့်ကိုယ်ကိုယ်
    ပလန်လက်ပြီးတော့ ရုပ်ခန္ဓာကို အနိစ္စရှု ့နေတုန်း
    ခုနေ ငါ အာသဝေါကုန်တဲ့ အကြောင်းကိုရရင် ယူမလားလို ့
    ကိုယ့်ကိုယ်ကိုယ်မေးခွန်းပြန်ထုပ်လိုက်တော့
    ယူသေးဘူး
    အာသဝေါမကုန်ခင် ဒေါ်လာထုပ်ကြီး ဆယ်ဘီးကားနဲ ့ အစီးရှစ်ဆယ်လောက် လာ
    ပျိုကညာတွေနဲ ့ပျော်ပါးသောက်စား
    အချိန်တန်လို ့သေရတော့မယ်ဆိုမှ ကုန်ရောဟယ်အာသဝေါ

  • True Answer

    April 18, 2011 at 4:04 am

    အလွန်ကောင်းတဲ့ ပိုစ်လေးပါ။ သဲအင်းဂူဆရာတော်ကြီးတရားတွေ တော်တော်နာထားတယ်ထင်တယ်/ ကျေးဇူးပါပဲ ဒီလိုပိုစ်လေးတွေများများရေးပေးပါ။ အားပေးလျှက်

Leave a Reply