အမျိုးသမီး အလုပ်သမားများအား ပြည်ပနိုင်ငံများသို့ စေလွှတ်ခြင်း မပြုရန် တားမြစ်ထား၊ ပြည်ပရှိ မိန်းကလေးအချို့ အလုပ်အဆင်ပြေသည် ပြောကာ မိန်းကလေးမိတ်ဆွေ အချင်းချင်း ဆွဲဆောင်ခေါ်ယူမှုများ အပေါ် မိဘများ သတိထားလာ

ဦးကောက်April 19, 20111min812

6292a

အမျိုးသမီး အလုပ်သမားများ အား ပြည်ပနိုင်ငံများသို့ စေလွှတ်ခြင်း မပြုရန် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနက တားမြစ်ချက် ညွှန်ကြားချက်များ ထုတ်ပြန်ထားကြောင်း တရားဝင် ထုတ်ပြန်ထားချက်များ အရ သိရသည်။

ယင်းကဲ့သို့ အမျိုးသမီးများ၊ အမျိုးသမီး အလုပ်သမားများအား ပြည်ပနိုင်ငံများသို့ စေလွှတ်ခြင်း မပြုရန် အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနက တားမြစ်ချက် ညွှန်ကြားချက်များ ထုတ်ပြန်ထားကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ အမိန့် ကြော်ငြာစာအမှတ် ၄၉/၂၀၁ဝ နှင့် ၅၁/၂၀၁ဝတို့တွင် ဖော်ပြပါရှိချက် များအရ သိရသည်။

အလုပ်သမား ညွှန်ကြားမှုဦးစီး ဌာန၏တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ခဲ့သည့် ပြည်ပအကျိုးဆောင် လုပ်ငန်း လုပ်ကိုင်သည့်ကုမ္ပဏီ များကိုလည်း ဖျက်သိမ်းအရေးယူမှု ရှိခဲ့ကြောင်းနှင့် တားမြစ်ချက် ဖောက်ဖျက်မှုများကို စုံစမ်းဖော်ထုတ်သည့် ဝန်ကြီးဌာနမှာ ပြည်ထဲရေးဝန်ကြီး ဌာနဖြစ်ကြောင်း သိရသည်။


နိုင်ငံရပ်ခြားမှာ ဘဝတိုးတက်ဖို့ ရှာချင်လို့ အလုပ်သွားလုပ်တာ ကောင်းပါတယ်။ ဒါပေမယ့် နိုင်ငံတကာ အသိအမှတ်ပြု အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုခု ဒါမှမဟုတ် ဘာသာရပ်တစ်ခုခု ကျွမ်းကျင်တတ်မြောက်တဲ့ ပညာရှင်တွေအနေနဲ့ပဲ သွားစေချင်ပါတယ်။ သွားမယ်ဆိုလည်း ပြည်ပက အလုပ်အကိုင် အခွင့်အလမ်း သေချာပြီဆိုမှ ဒီကအလုပ်ကို ထွက်သင့်ပါတယ်။ ဒီက အလုပ်ထွက်ပြီးမှ ဟိုဘက် အလုပ်လည်းမရရင် အလုပ်လက်မဲ့ ဘဝကို ရောက်သွားပါမယ်။


 

အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန၏ ပြည်ပအကျိုးဆောင် လိုင်စင် ရှိသော်လည်း အမျိုးသမီး အလုပ်သမားများအား နိုင်ငံခြားသို့ စေလွှတ်ခဲ့ခြင်းကြောင့် ဖျက်သိမ်းခံရသည့် ကုမ္ပဏီ မှာGlobal Man Power Services Co., Ltd ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ထက်မြက်ကောင်းကျိုး ဆောင်ရွက်သူများ စီးပွားရေးအုပ်စု ကုမ္ပဏီလီမိတက်သည် ပြည်ပနိုင်ငံ များသို့ အမျိုးသမီးများစေလွှတ်ခြင်း မပြုရန် တားမြစ်ချက်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြည်ထဲရေးဝန်ကြီး ဌာနမှ စစ်ဆေးပေါ်ပေါက်ချက်များ အရ ကုမ္ပဏီနှင့် ဒါရိုက်တာများအား အမည်ပျက်စာရင်း ကြေညာခဲ့ကြောင်း လည်း သိရသည်။

လွန်ခဲ့သောနှစ်များအတွင်းက လည်း နိုင်ငံရပ်ခြားတွင် ပင်ပန်း ဆင်းရဲခံ၍ အလုပ်လုပ်ကိုင်နေရသူ အဆင်မပြေသူအချို့ ၎င်းတို့နှင့်နီးစပ်ရာ အသိုင်းအဝိုင်း မှလူငယ်များ ချင့်ချင့်ချိန်ချိန်ဖြင့် ပြည်ပသို့အလုပ် ထွက်လုပ်နိုင်ရန် အွန်လိုင်းမှတစ်ဆင့်  ပညာပေး ကဗျာ ပေးပို့မှုများလည်း ရှိခဲ့ကြောင်း သိရသည်။

ပြည်ပမှအလုပ်အကိုင် အခွင့်အလမ်း မသေချာမီပြည်တွင်းမှအလုပ် ကို စွန့်လွှတ်ခဲ့ကြခြင်းမှာ  အလုပ် အကိုင်ရှာဖွေပေးမည် ဆိုသည့်ကြားခံ ပွဲစားအချို့၏ အာမခံခြင်း၊ နိုင်ငံရပ်ခြားရှိ မိတ်ဆွေသူငယ်ချင်းများမှ တို့အစစအရာရာ အဆင်ပြေသည့် ပုံစံဖြင့်လှမ်းခေါ်ခြင်း၊ အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီအချို့၏ လစာ နှင့် အခွင့်အရေး မက်လုံးပေး ခေါ်ယူမှုတို့ကြောင့်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းရှိမိန်းကလေးများ ၎င်းတို့ မိတ်ဆွေများအား အလွယ်မယုံစေရန် မိခင်များဘက်မှ ပိုမိုသတိထားနားချ နေရကြောင်း သိရသည်။

“ကိုယ်ထင်တာထက် အများကြီးပင်ပန်းတယ်။ လူမှုရေးပြဿနာ တွေလည်း အလုပ်ခွင်မှာ နေ့စဉ်အမျှ ရှိပါတယ်။ အရင်ဟိုက မိန်းကလေးတွေ ဆီကကြားတာ အဆင်ပြေတယ်။ လာခဲ့ဆိုတာချည်းပဲ။ ကျွန်မကတော့ မတတ်သာလို့ သွားရတာ။ ဖြစ်နိုင်ရင် မသွားစေချင်ဘူး” ဟု ဒူဘိုင်းတွင်  အလုပ်လုပ်နေသူ တစ်ဦးက ရှင်းပြသည်။

တစ်ဘက်တွင် အလုပ်အကိုင် မသေချာဘဲ ပြည်တွင်း၌ သေချာနေသည့် အလုပ်ကို မထွက်သင့်ကြောင်း နှင့်ပတ်သက်၍ လူငယ်ရေးရာ ကျွမ်းကျင်သူ အငြိမ်းစား ဆရာမကြီးတစ်ဦး ကလည်း “နိုင်ငံရပ်ခြားမှာ ဘဝ တိုးတက်ဖို့ ရှာချင်လို့ အလုပ်သွား လုပ်တာ ကောင်းပါတယ်။ ဒါပေမယ့် နိုင်ငံတကာ အသိအမှတ်ပြု အသက်မွေးဝမ်းကျောင်း ပညာရပ် တစ်ခုခု ဒါမှမဟုတ် ဘာသာရပ်တစ်ခုခု ကျွမ်းကျင်တတ်မြောက်တဲ့ ပညာရှင်တွေ အနေနဲ့ပဲ သွားစေချင်ပါတယ်။ သွားမယ်ဆိုလည်း ပြည်ပက အလုပ်အကိုင် အခွင့်အလမ်း သေချာပြီဆိုမှ ဒီကအလုပ်ကို ထွက်သင့်ပါတယ်။ ဒီကအလုပ်ထွက်ပြီးမှ ဟိုဘက် အလုပ်လည်းမရရင် အလုပ်လက်မဲ့ဘဝကို ရောက်သွားပါမယ်။ လခကောင်းတဲ့ အလုပ်တစ်ခုရဖို့ဆိုတာ တကယ်တော့ မလွယ်လှပါဘူး။ ဟိုဘက်မှာ မရမှ ဒီဘက်က အလုပ်ကို ပြန်ဝင်ချင်တယ်ဆိုလည်း အလုပ်ရှင်က ကြည် ဖြူနိုင်မှာ မဟုတ်ပါဘူး။ နောက်ပြီး တစ်ဖက်နိုင်ငံမှာ ရောက်နေတဲ့သူ တချို့ကလည်း လူသားချင်းစာနာ တတ်ဖို့ လိုပါတယ်။ ကိုယ် တကယ် အဆင်ပြေလို့ ပြေလည်တယ်ပြောတာ ကိစ္စမရှိပေမယ့် ကိုယ်မပြေလည်တာ ကြီးကို ညာပြောပြီး ကိုယ်အဖော်ရရုံ ကိုယ့်သူငယ်ချင်းကို လှမ်းခေါ်ပြီး ဒုက္ခပေးတာတော့ မကောင်းပါဘူး” ဟု ဆိုပါသည်။

ထို့ပြင် လစာနှင့် အခွင့်အလမ်း မက်လုံးပေးခေါ်ယူတိုင်း ပြည်ပအလုပ်အကိုင်များကို အလွယ်တကူ မယုံကြည်သင့်ကြောင်း၊ ပြည်ပတွင် အလုပ်လုပ်ကိုင်နေသူ အများစုသည် လိုချင်သည့်အလုပ်၊ ပွဲစားကသေချာ ပေါက်ရမည်ဟု ပြောထားသည့် အလုပ်အတိုင်း ကိုက်ညီပြီး သက်သက်သာသာ အလုပ်လုပ်ကိုင်နေရသူများ ၁ဝ ရာခိုင်နှုန်းမျှပင် မရှိကြောင်း နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကိုင်ခဲ့ ဖူးသူအချို့က သတိပေးပြောကြား ခဲ့ကြသည်။

“နိုင်ငံခြားမှာ အလုပ်လုပ်ချင်လို့ ဟိုမှာရှိတဲ့ ကိုယ့်သူငယ်ချင်းကို အဆင်ပြေလား မေးရင် အဆင်ပြေ ပြေ၊ မပြေပြေပြေတယ်လို့ပဲ ပြောကြမှာပါ။ နိုင်ငံခြားမှာ အလုပ်သွား လုပ်ပြီး ကျွန်တော်၊ ကျွန်မဖြင့် အဆင်မပြေပါဘူးလို့ ပြောဖို့ကိုတော့ ရှက်ကြောက်ကြတဲ့ လူများပါတယ်။ ဒါကြောင့် ပြည်ပမှာ အလုပ်သွားလုပ် တော့မယ်ဆိုရင် ကိုယ်တိုင်စဉ်းစား ချင့်ချိန်ပြီးမှသွားစေချင်တယ်။ ကိုယ့် သမီးနဲ့ သမီးမိခင်တွေ အချင်းချင်း သတိပေးလာရတယ်”ဟု မိခင်တစ်ဦး က ဆိုပါသည်။

ပြည်ပ အလုပ်အကိုင်ဆိုင်ရာ အကျိုးဆောင် လိုင်စင်ရရှိသူ၏ တာဝန်နှင့် အခွင့်အရေး အချို့

စဉ် ပြည်ပ အလုပ်အကိုင် ဆိုင်ရာ ဥပဒေပုဒ်မ တာဝန်နှင့်အခွင့်အရေးများ
၂၅(က) အကျိုးဆောင် လိုင်စင်ရရှိသူသည် အကျိုးဆောင် လိုင်စင် စည်းကမ်းချက်များကို လိုက်နာရမည်။
၂၅(ခ) အကျိုးဆောင် လိုင်စင်ကြေးများကို သတ်မှတ်ချက်များ နှင့်အညီ ပေးဆောင်ရမည်။
၂၅(ဂ) စာချုပ်ရှိပါက ယင်းစာချုပ်ပါ သဘောတူထားသည့် တာဝန်များကို အလုပ်သမားအတွက် ဆောင်ရွက် ပေးရမည်။
၂၅(ဃ) အလုပ်သမား၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများ နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာပါက သက်ဆိုင်ရာပြည်ပလုပ်ငန်းရှင်နှင့် ဆက်သွယ်၍ ယင်းရပိုင်ခွင့်နှင့် အခွင့်အရေးများ အပြည့်အဝရရှိ ခံစားနိုင်ရေးအတွက် တာဝန်ယူ ဆောင်ရွက်ရမည်။
၂၅(ဋ) ပြည်ပ အလုပ်အကိုင် ရှာဖွေပေးသည့်အတွက် ဗဟိုကော်မတီက သတ်မှတ်သည့် ဝန်ဆောင်ခကို အလုပ်သမားထံမှ တောင်းခံခွင့်ရှိသည်။

 

2 comments

  • moethidasoe

    April 20, 2011 at 1:11 am

    တွင်းထဲမှာ လက်လက်တွေ မြင်တယ် .. ရွှေတွေ ငွေတွေ ဖြစ်ရမယ် ကျောက်သံပတ္တမြားတွေ ဖြစ်ရမယ် .. လူတွေကလဲ များလိုက်တာ ငါ အရင်ရမှ ဖြစ်မယ် ဆိုပြီး တွင်းထဲ ခုန်ဆင်းခဲ့တယ် .. အောက်ရောက်မှ ဒါတွေဟာ မြွေပွေးမျက်လုံးတွေပါလား .. ဟေုလူတွေ မဆင်းလာကြနဲ့ .. ဒါတွေဟာ မြွေတွေ ..
    ဟာ ဒီလူ တစ်ယောက်ထဲ မောင်ပိုင်စီးချင်လို့ ဖြစ်မှာ .. ခုန်ဆင်းကြပြန်တယ် .. ဟုတ်တယ်ဟေ့ မြွေပွေးတွေ ..
    တကယ်က အဝေးရောက်သူတွေ ပြောတာ မှန်တယ် .. မြွေပွေးတွေ .. ဒါပေမယ့် ကျန်တဲ့လူတွေ အထင်မှာ ဒီလူ ငါတို့ကိုကျတော့ မရစေချင်လို့ ပြောတာ ထင်ပြီး ဆိုက်လိုက်ကြတယ် ..
    မယုံမရှိကြနဲ့နော် .. စေတနာနဲ့ သူတို့ ပြောကြတာ နားထောင် ..

Leave a Reply