နောက်ဆုံး စာမေးပွဲ
“အား ရိုးးးးးးးးးး…အေးလိုက်တာ…”
ကားတခါး ခဏဖွင့်တဲ့ အချိန်လေးအတွင်းမှာ စိမ့်ဝင်လာတဲ့ အအေးငွေ့ များက အနွေးထည်အထပ်ထပ် ဝတ်ထားသော ခန္ဓာကိုယ်ကို ဖောက်ပြီး အရိူးထဲထိ စိမ့်ဝင်သွားပါသည်..။
ဒီနေ့မော်စကိုမြို့ရဲ့ အအေးချိန် က (အနှုတ် ၂၅ )လေ..။အပူချိန် ၃၅ လောက်မှာ နေထိုင်ကြီးပြင်းလာတဲ့ အညာသားကျနော့် အတွက်တော့ တကယ့်ကို အဆင်မပြေလှပါ..။ပညာရေး နဲ့ တာဝန်ကြောင့်သာမဟုတ်ရင် ချက်ချင်း မြန်မာပြည်ကို ပြန်ပြေးချင်မိပါတယ်..။
ကားဂိတ်မှာ အအေးဒါဏ်ကို ခုခံရင်း ကားစောင့်နေတဲ့ ရုရှား အများအပြားပါ…။အပြင်မှာ အေးလွန်းလို့ ကားထဲကို မြန်မြန် ရောက်နိုင်အောင် တိုးဝှေ့ လုတတ်နေကြပါသည်…။ထိုအထဲက အဖွားအိုတစ်ယောက်က များပြားလှတဲ့ လူအုပ်ကြီးထဲကနေ ရှိသမျှခွန်အားလေးနှင့် ကားပေါ်ကို ရောက်အောင် ကြိုးပမ်းနေရှာပါတယ်..။ဒါပေမယ့် နောက်ဆုံးတော့ သူလက်လျော့လိုက်ပုံပါပဲ…ရှေ့တံခါးကနေမဝင်တော့ပဲ နောက်တခါး ကနေတက်လာပါတော့သည်..။
ဒီလိုနိုင်ငံတွေမှာက မြန်မာက လိုင်းကားတွေလို စပယ်ယာ မပါပါ..။အရှေ့ပေါက်ကနေ ခရီးသည်က တတ်ရပါတယ်..။ကားလက်မှတ်ဝယ်စီးမယ်ဆိုရင်လည်း ဒရိုင်ဘာထံမှ ကားကဒ်ကိုဝယ်ပြီးတော့ ကားလက်မှတ် စစ်တဲ့ စက်ထဲကို ကားလက်မှတ် ကဒ်လေးထည့်ရပါတယ်…။ ထည့်ပြီးမှလဲ ကားဝမ်းဗိုက်ထဲကို ဝင်နိုင်မယ့် နောက်ထပ်အတွင်း တံခါးတစ်ခုက ပွင့်သွားတာပါ..။ အများစုကတော့ တလစာ ကဒ်တွေဝယ်ထားတာ များပါသည်..။ကျနော်တို့ကတော့ ကျောင်းသားတွေဆိုတော့ အထူးလျော့ဈေးနဲ့ တစ်လစာ ကားကဒ်တွေ ဝယ်လို့ရပါတယ်..။ပုံမှန်ထက်ကို ကျနော်တို့က ၅ ဆလောက်သက်သာပါတယ်…။
အနောက်ပေါက် ကတော့ ဆင်းမယ့် ခရီးသည်တွေ အတွက်သာ အဖွင့်အပိတ်ပြုလုပ်ပေးတာပါ..။ ဆင်းမယ့်ခရီးသည်မရှိရင် လည်း တံခါးက ဖွင့်ပေးပါတယ်..ဒါကြောင့် များသောအားဖြင့် နောက်ပေါက်မှာ လူအဆင်းနည်းလှပါတယ်…အခုဆိုရင် တယောက်မှဆင်းမယ့်လူမရှိလို့ အဖွားအို တတ်လာတာပါ..။
အဖွားအိုကားပေါ်ကို ရောက်ရောက်ချင်းပဲ ပြဿနာက စလာပါတယ်..။ ကားမောင်းသမားက မိုက်နဲ့ လှမ်းအော်နေပါပြီ..။ထိုအဖွားအိုအား ကားလက်မှတ်ကို လာဝယ်ရန် ဒါမှမဟုတ်လဲ ကားလက်မှတ်ပါ ပါက လက်မှတ်စစ်တဲ့ စက်ထဲကို လာထည့်ရန် အော်ဟစ်သတိပေးနေပါတယ်..။အကယ်ရွေ့ တစ်ခုမှ မပါဘူးဆိုရင်တော့ ကားပေါ်ကနေချက်ချင်းပြန်ဆင်းရမယ် ပေါ့..။သူက ပြောရင်းနဲ့ အဖွားအိုတတ်လာတဲ့ ကားတစ်ခါးကိုလဲ ပြန်ဖွင့်ထားလိုက်ပါသေးတယ်…။ထုံးစံအတိုင်း ပဲ လေတွေ ထပ်ဝင်လာတာပေါ့..။ဘေးနားက ခရီးသည်တွေကလဲ အေးလို့ ပွစိပွစိလုပ်နေကြပါတယ်..။
အဘွားအိုကလဲ တုံချိနေတဲ့ သူ့လက်အစုံကို နဲ့ သူ့ရဲ့ဘေးလွယ်အိတ် ထဲကိုနှိုတ်ချွတ်ရှာဖွေ နေပါတယ်…ကြည့်ရတာ သူ့မှာ ကားကဒ် မပါခဲ့ဘူးထင်ပါရဲ့..မေ့ကျန်ခဲ့တာလား ဒါမှမဟုတ် နဂိုကတည်းက မပါတာခဲ့တာလား..။ ဘေးနား က ရုရှားလူမျိုး ခရီးသည်တွေကလဲ တွန်းအားတွေ ပေးနေပါတယ်..။ အော်…ဒီမို့ရေစီလက်သစ်လူငယ်လေးတွေနဲ့ ကွန်မြူနစ် အဖွားအိုတို့၏ ခံယူချက် စရိုက်တွေ ပါလား… ။
ဘေးက အမြင်မတော်တဲ့ ကျနော်က ပဲ လက်မှတ်စစ်တဲ့ စက်ထဲကို ကျနော့်ရဲ့ ကဒ်ကိုသွားထည့်ပေးလိုက်ပါတယ်…ကျနော့်တို့ ကဒ်က ကျောင်းသားတွေ အတွက်အထူး လက်မှတ်ဖြစ်တဲ့အတွက် unlimited ပါ..။
အဖွားအိုက ကျနော့်ကို ကျေးဇူးတင်သလို ကြည့်ပါတယ်..ပြုံးနေတဲ့သူ့သွားတွေကလဲ ကျိုးတိုးကျဲတဲနဲ့ကြည့်ရ ဆိုးလှပါသည်..။ ဒါပေမယ့် သူ့အပြုံးကတော့ လှပနေဆဲပါပဲ..။
ကျနော်ထိုင်နေတဲ့နေရာကိုလဲ သူ့ကိုပဲနေရာ ပေးလိုက်ပါတယ်..။
“မင်းက ဗီယက်နမ်လား…”
သူတို့က ကျနော့်တို့ကို ဗီယက်နမ်နဲ့ အရမ်းမှားကြပါတယ်…
“မဟုတ်ပါဘူး မြန်မာ ကပါ..ဗမာ ပါ..”
“အော်..မင်း ကားကဒ်လေး က ကောင်းလိုက်တာ ဘယ်လောက်ပေးရလဲ…”
“ရုဘယ် ၂၁ဝ ပါ…”
“ဟုတ်လား တကယ်ဈေးပေါတာပဲ ငါ့လဲ ဝယ်ချင်လိုက်တာ ငါ့ကို ရုဘယ် ၅၀ဝ နဲ့ ့ပြန်ရောင်းပါလား..”
ကျနော်ပြုံးမိပါတယ်…။ဘေးနားက ရုရှား တွေကလဲ ပြုံးစိပြုံးစိ ဖြစ်နေပါသည်..။အင်း အဖွားကြီးကတော့ ကျနော့်ကိုနောက်နေပါပြီ..။ ကျနော်လဲ စိတ်ထဲမှာ အတွေးတစ်ခုပေါ်လာလို့ ပြန်ပြောမိလိုက်ပါတယ်..။
“အဘွား ဒီကားကဒ်ကလေ ကျောင်းသားငယ်လေး တွေ အတွက်ပဲ ရောင်းတာဗျ.. ကျောင်းသားကြီးတွေအတွက် မရောင်းဘူး…”
သူ ငြိမ်သွားပါတယ်..ကျနော့်စကားရဲ့ အနက်ကိုလဲ သူမသိသလို ငေးနေပါတယ်..ခုနက ပြုံးစစလုပ်နေတဲ့ ရုရှားတွေလဲ ကျနော့်စကားကို နားမလည်သလို ပြန် စဉ်းစားနေကြပါတယ်…။
“ဟားဟား ကောင်လေးကလဲ..အဖွားက အသက်ပဲ ၈ဝ ကျော်နေပြီ ကျောင်းသား ဘယ်ဟုတ်တော့မလဲ ကွယ့်…”
ကျနော့်အကွက်ထဲ ဝင်လာပါပြီ..ကျနော်လဲ သူတို့ နားလည်နိုင့်မယ့် အလွယ်ဆုံးနဲ့ အရှင်းဆုံးစကားလုံးများကိုရွေးပြီး ပြောလိုက်ပါတယ်..
“ဒီလိုပါ အဘွား…ကျနော်တို့ တိုင်းပြည်က စာရေးဆရာ ရဟန်းတပါးက စာအုပ်တစ်အုပ်ထဲမှာ ရေးထားတယ်လေ..သူကပြောတယ်..ဘဝဆိုတာ ကျောင်းကြီးတစ်ခုပဲတဲ့…ကျနော်တို့ဟာ မသေခင်အချိန်ထိ ဘဝဆိုတဲ့ ကျောင်းကြီးမှာ ပညာတွေ သင်နေကြတာတဲ့..အဖွားက အသက် ၈ဝ ကျော်ပြီဆိုတော့ ကျောင်းသားကြီး ဖြစ်နေပြီလေ…ကျနော်ကတော့ အသက် ၂ဝ ကျော်လေးပဲ ရှိသေးတဲ့အတွက် ကျောင်းသားလေးပဲ ရှိသေးတာပေါ့..မဟုတ်ဘူးလား…”
ကျနော့်စကား သံအဆုံးမှာကား စက်သံမှလွဲရွှေ့ ဘေးပါတ်ဝန်းကျင်မှာ ငြိမ်သက်သွားပါသည်..။ သူတို့ ကျနော့်စကားကို စဉ်းစားနေပုံပါ..။ အဖွားအိုက ကျနော့်ကို ထပ်မေးပါတယ်..။
“နေပါဦး ကောင်လေးရ..ဒီလိုဆို ငါတို့ ကမင်းပြောတဲ့ ဘဝကျောင်းကြီးမှာ ဘာတွေ သင်ကြားနေရတာလဲ…”
“အော်..ကျနော်တို့ဟာ ဒီ ဘဝဆိုတဲ့ကျောင်းကြီးမှာ….လူမှုရေးနဲ့ ပါတ်သတ်ပြီးတော့ ကိုလုပ်ခဲ့တဲ့ အမှုကိစ္စတွေ..စီးပွားရေးနဲ့ပါတ်သတ်ပြီးတော့လုပ်ဆောင်ခဲ့တဲ့ အမှုကိစ္စတွေ ..မိသားစုစားဝတ်နေရေးအတွက်လုပ်ဆောင်ခဲ့တဲ့ အမှု ကိစ္စတွေစတွေမှာ တရားမျှတမှု ဆိုတာ ရှိအောင်ဘယ်လိုလုပ်ရမလဲ …အများကောင်းမှု အတွက် ဘယ်လိုရည်ရွယ်ပြီးလုပ်ဆောင်ရမလဲ ဆိုတာ ကိုသင်ပေးပါတယ်..ပြီးတော့ အများကြီးပေါ့…”
အဘွားအိုက တချက်တွေးနေပါတယ်..ပြီးတော့မှ နောက်ဆုံးမေးခွန်းလို့ထင်တဲ့မေးခွန်းတစ်ခုကို မေးပါတော့တယ်..
“အဲ့ဒီ ကျောင်းကြီးမှာ စာမေးပွဲ ရှိလား…”
“ရှိပါတယ် ခင်ဗျ…”
ကျနော် ပြုံးလျှက်ပြန်ဖြေလိုက်ပါတယ်..
“ဘယ်တော့လဲ …”
“သေဆုံးတော့မယ့် အချိန်ကျမှပါ…”
“ဟေ..ဟုတ်လား..ဒါဆို အဲ့ဒီအချိန်ကျရင် ဘာတွေမေးမှာလဲ ကွယ့်…”
“အော် ကိုယ့်ဘဝ တလျောက်လုံး…ဘဝက သင်ပေးတဲ့ သင်ခန်းစားတွေ ထဲကအတိုင်း ကိုယ် ဘယ်လောက် လုပ်ဆောင်ခဲ့လဲဆိုတာ…အများအကျိုးအတွက် ဘယ်လောက် လုပ်ခဲ့လဲဆိုတာတွေကို မေးတာပေါ့..”
“အော်…”
ဘေးနားမှာ ရှိတဲ့ ရုရှားတွေကပါ သဘောကျသလို ပုံစံမျိုးတွေနဲ့ တုံ့ပြန်ကြပါတယ်…တချို့ ကောင်းလိုက်တာကောင်းလိုက်တာ လို့ ပြောကြသည်…။အဘွားအိုက အတော်ကြာတွေးနေပြီးတော့မှ သူက ကျနော့်ကိုကြည့်ပြီးပြုံးလျှက်ပြောပါသည်…။
“ဒါဆို အဘွားက စာမေးပွဲ ဖြေရဖိုး နီးနေပြီပေါ့နော်…”
“ဒါပေါ့ ပြင်ဆင်သင့်နေပြီ…”
ကျနော်လဲ ပြုံးလျှက်ပြန်ဖြေမိပါတယ်…
ကားပေါ်က ခရီးသည်များအားလုံးပြန်လည်ငြိမ် သက်သွားပါတယ်..။ သူတို့…ကျနော့်ရဲ့ စကားကို စဉ်းစားသုံးသပ်နေပုံပါ…။ ကျနော်လဲ ကျနော့်တိုင်းပြည်မှ စာပေအဆင့်အတန်းကို ဖော်ပြလိုက်ခွင့်ရလို့ ကျေနပ်အားရမိပါတယ်…။
ကားလေးက တရွေ့ရွေ့ မောင်းနှင်နေပါသည်..။ ကျနော်လဲ ငြိမ်သက်မှုထဲ သို့ပြန်လည်တိုးဝင်သွားပါတယ်..။
ပြီးတော့အခုတကြိမ်ဖြေရမယ့် စာမေးပွဲအတွက် ဖြေဆိုရမယ့် အဖြေတွေကို ပြန်လည် စဉ်းစားရင် စာပြန်နွေးနေမိပါတယ်…။အဘွားအို ကိုတချက် ကြည့်မိပါသည်..။သူလဲ ကားပြတင်းပေါက်ကို ငေးရင်း ငြိမ်သက်နေပါတယ်….
အော်…….သူလဲ သူ့ရဲ့နောက်ဆုံးစာမေးပွဲ အတွက် စာပြန်နွေးနေတယ် ထင်ပါရဲ့ ။။။
ကြိုက်လွန်းလို့မျှဝေပါတယ်..ရေသားသူအားမသိပါ…အားလုံးဖတ်ဘို့ပါ…..
5 comments
asiamasters
April 23, 2011 at 10:11 am
သူများရေးထားတာလေးကို ဖတ်စေလိုတဲ့ ဆန္ဒနဲ့ ဖေါ်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ တကယ်တော့ နောက်ဆုံးစာမေးပွဲဆိုတာက သေခြင်းကိုဆိုကြပါတယ်။ ဒါပေမဲ့ သေခြင်းဆိုတာ အသက်ကြီးမှ မဟုတ်ပါဘူး။ မွေးဖွားကတဲက သေခြင်းကို စခဲ့ကြတာဖြစ်ပါတယ်။ အရေးကြီးတာက အသက်ရှင်သန်ခွင့် ရှိနေစဉ် အတွင်းမှာ ပိုမိုကောင်းမွန်အောင်ကျိုးစားရင်း၊ ပိုသိလာအောင်ကျိုးစားရင်းနဲ့ အမြင့်မားဆုံးကိုရောက်ဖို့က လူသားတိုင်းလုပ်ဆောင်ရမှာဖြစ်ပါတယ်.
Foreign Resident
April 23, 2011 at 9:19 pm
Just for your information & knowledge only,
I don’t want to argue about the idea of this article.
But, concerning this,
“ဘေးက အမြင်မတော်တဲ့ ကျနော်က ပဲ လက်မှတ်စစ်တဲ့ စက်ထဲကို ကျနော့်ရဲ့ ကဒ်ကိုသွားထည့်ပေးလိုက်ပါတယ်…ကျနော့်တို့ ကဒ်က ကျောင်းသားတွေ အတွက်အထူး လက်မှတ်ဖြစ်တဲ့အတွက် unlimited ပါ”
It is a crime ( fare evading )
If he really want to help this old lady,
then, pay the bus fare with his own money.
His ticket ( unlimited ) is not legitimate for this lady.
Thanks.
bigcat
April 23, 2011 at 11:43 pm
ခင်ဗျားကိုကြည့်ရတာ ရုရှားပြန်တဦးနဲ့တူတယ်။ ကျုပ်တို့ပြည်သူ့ ရင်ခွင်ထဲကို ခိုဝင်လာတဲ့အတွက် ဂုဏ်ယူပါတယ်ဗျာ…. ပထမဆုံးမန်းတဲ့ အေးရှာမာစတာဆိုတဲ့လူလည်း ခင်ဗျားလို စစ်ဗိုလ်ဟောင်း စီပွားရေးလုပ်ငန်းရှင်တဦးပဲ၊ ဒါပေမဲ့ သူတပါးကို ပုဂ္ဂိုလ်ရေးစွတ်စွဲပီး အနောက်တိုင်းတစ္ဆေ အခြောက်ခံနေရတဲ့ စစ်သားညဉ်ကတော့ ခင်ဗျားလို မပျောက်သေးဘူးဗျို့….. ဘာပဲဖြစ်ဖြစ် ရွာထဲမှာ စာသစ်၊ အတွေးသစ်တွေ ရေးတတ် ဖွတတ်တဲ့သူတွေရဲ့စာကို များများဖတ်ချင်ပါတယ်။
kai
April 24, 2011 at 1:55 am
မူရင်းပို့စ်ရေးသူရဲ့.. အမျိုးဘာသာ သာသနာကို ရဲရဲထင်ရှားပြရဲတဲ့စိတ်ကိုလေးစားမိပါရဲ့..။
ယူအက်စ်မှာဆိုရင်တော့ .. အသက်ကြီးတဲ့သူတွေကို .. စီနီယာစစ်ဒဇင် အခွင့်အလမ်းပေးထားတာမို ့.. ဒီလိုမျိုးဖြစ်ခဲပါလိမ့်မယ်..။
သူတို့က.. ကားခမပေးပဲ တက်စီးလည်း ဘယ်သူမှအရေးတယူနဲ့ ပြသနာမရှာပါဘူး..။
အဲ..ဘေးကကျောင်းသားက သူ့အခွင့်အရေး(ရပိုင်ခွင့်)ကို တခြားသူပေးသုံးလိုက်ရင်သာ ပြသနာတက်မှာ..။
ယူအက်စ်စံနစ်နဲ့..ရုရှားစံနစ်ကို နှိုင်းယှဉ်ပြောလိုရင်းဖြစ်ပါတယ်..။ ပို ့စ်ရေးသူ..တင်သူကို တိုက်ရိုက်ဝေဖန်ခြင်းမဟုတ်ပါကြောင်း..။
search123
April 25, 2011 at 10:50 am
အားလုံးသော လူသားတိုင်းဟာ ဘဝကျောင်းတော်ကြီးမှာ ပညာသင်ကြားနေကြရတဲ့ သံသရာခရီးသည်တွေပါ…။