Tibet ခရီးစဉ် (၇)
သတ္တမမြောက်နေ့ ခရီးစဉ်ကတော့ ထူးထူးခြားခြား မရှိပါဘူး။ ရှီဂစီမြို့ကနေ မနက်စောစောပြန်ထွက်ခဲ့ကြတယ်။ မနက် ၅ နာရီလောက် စထွက်ခဲ့ကြတာဆိုတော့ မှောင်မှောင်မဲမဲမှာ ကျွန်မတို့လဲ အိပ်ရင်းနဲ့ လိုက်လာကြပါတယ်။ မနက် ၁၁ နာရီလောက်မှာ တိဗက်မြို့တော် လားဆားမြို့ကို ပြန်လည်ရောက်ရှိပါတယ်။ လာဆားမြို့နားရောက်မှ တစ်ရေးနိုးပြီး ဓါတ်ပုံထရိုက်ဖြစ်တယ်။ အဲဒီနေ့ ညနေဖက်ကို ကိုယ်ပိုင်အချိန်သတ်မှတ်ထားတယ်။
နေ့လည်စာ ထမင်းဆိုင်ကောင်းကောင်းတစ်ခုမှာ ထမင်းဟင်းငတ်လာသမျှ အတိုးချပြီး ထမင်းစားလိုက်ကြတယ်။ ပြီးတာနဲ့ တစ်မြို့လုံး လျှောက်လည်ကြပြီး လက်ဆောင်ပစ္စည်းတွေ ဝယ်ကြပါတယ်။
လက်ဆောင်ပစ္စည်းတွေကို ဈေးရုံကြီးတစ်ခုထဲမှာလဲ ဝယ်လို့ရသလို ဘုရားပွဲဈေးတန်းလိုမျိုးမှာလဲ ဝယ်လို့ရပါတယ်။ ခရီးသွားတွေ အရမ်းနဲနေတဲ့အချိန်ဆိုတော့ ဈေးဝယ်ရတာ ကြိုက်သလောက်ဈေးဆစ်လို့ရနေပါတယ်။ တိဗက်ကထွက်တဲ့ အပြာရောင်ကျောက်တစ်မျိုးနဲ့လုပ်တဲ့ လက်ဝတ်ရတနာတွေ၊ တိဗက်ရိုးရာပစ္စည်းတွေ၊ နွားနောက်ချိုနဲ့ အရိုးတွေကနေလုပ်ထားတဲ့ လက်ဆောင်ပစ္စည်းတွေ၊ ရိုးရာစတိုင်ဆွဲထားတဲ့ ပန်းချီကားတွေ၊ ကောဇောတွေ၊ နွားသားရေနဲ့လုပ်ထားတဲ့ ပိုက်ဆံအိပ်၊ ဖိနပ်အမျိုးမျိုး စသဖြင့် စိတ်ဝင်စားစရာ ပစ္စည်းတွေ အများကြီးပါပဲ။ ဓါတ်ပုံမရိုက်ထားလိုက်မိတာကို အခုမှ နောင်တရမိတယ်။
ကျွန်မတို့က မနက်ဖြန်ဆို စီချွမ်ပြည်နယ်ကို ခရီးဆက်ကြအုန်းမှာဆိုတော့ ပစ္စည်းတွေအများကြီး ဝယ်သွားဖို့မဖြစ်နိုင်ဘူးဖြစ်နေပါတယ်။ ပိုက်ဆံကလဲ ခရီးစရိတ်တောင် အနိုင်နိုင်သုံးကြရတာဆိုတော့ တန်ပေမယ့်လဲ များများစားစား မဝယ်နိုင်ခဲ့ပါဘူး။
ဈေးဝယ်ရတာ ပျော်စရာကောင်းပါတယ်။ ပထမဆုံး စဝယ်တုန်းက ဈေးနဲနဲကြီးတယ်။ နောက်တော့ တစ်ဆိုင်ပြီး တစ်ဆိုင် တဖြည်းဖြည်း ဈေးဆစ်ရင်းနဲ့ ဈေးပေါလာတော့ တန်တယ်ဆိုပြီး ထပ်ဝယ်ရင်း ဝယ်ရင်းနဲ့ တော်တော်များသွားတယ်။ ညနေမိုးချုပ်ခါနီးမှ အပြင်မှာပဲ ထမင်းစားပြီး ဟိုတယ်ကို ပြန်လာကြပါတယ်။ အထုတ်အပိုးတွေကို သေသေချာချာပြန်လည်ထုတ်ပိုးပြီး နောက်တစ်နေ့ စီချွမ်ခရီးစဉ်ကိုတွေးရင်း အိပ်လိုက်ကြပါတယ်။
တိဗက်ခရီးစဉ်ကို ဒီမှာပဲနားပြီး စီချွမ်ပြည်နယ်ခရီးစဉ်ကို ဆက်ပါအုန်းမယ် ……
9 comments
ဆူး
April 26, 2011 at 3:44 pm
ပါးနီနီ နဲ့ တိဘက် ဂိုက်တော့ ပုံထဲ ပါလာပြီ။
weiwei
April 26, 2011 at 3:50 pm
ဈေးတန်းထဲမှာ ကင်မရာနောက်ကလူတွေ ကင်မရာရှေ့ရောက်နေတာနဲ့ ဂိုက်ပါတဲ့ ပုံတစ်ပုံပဲ တင်လိုက်ရတယ် …
သူက တိဗက်သူ … နိပေါလ်မှာ အင်္ဂလိပ်စာသင်ထားတာတဲ့ … အင်္ဂလိပ်လိုပဲ ပြောတယ် … သူပြောတဲ့လေယူလေသိမ်းက နားထောင်ရသိပ်ခက်တယ် … တရုတ်လိုပဲပြောပါလို့ပြောတာကို မရဘူး … သူ့ကို ဂိုက်သာလုပ်ခိုင်းရတယ် … သူ့စကားကိုယ်မသိ .. ကိုယ့်စကားသူမသိနဲ့ … 😛
တညင်သား
April 26, 2011 at 5:17 pm
မဝေ ပုံလို့ထင်နေတာ… တိဗက် ဂိုက်မှန်းပြောမှပဲသိတော့တယ်…
ဆူး
April 27, 2011 at 1:19 pm
မဝေက ဒီထက် အများကြီး ချောတယ်.. သိတယ်မလား သန်လျင်သူလေ.. အဟီး..
ကြေညာဝင်တာ.. ဟီးဟီး..
ဆူး
April 27, 2011 at 1:21 pm
ရှင်မွှေးလွန်း တို့ ချောတယ် ဆိုတာ.. သနားတယ်.. အဟီး…
weiwei
April 27, 2011 at 1:29 pm
မကြော်ငြာလိုက်ပါနဲ့ ဆူးရေ …. Not for sale 😛
zoe
April 27, 2011 at 2:54 am
တောင် ခါးပန်း မှာ တိမ်ရစ်သိုင်း နေတာ သိပ်လှတာ ပဲ ။ တရုပ် ပြည် Guilin သွားလည်တုံး က တောင် ထိပ် ကနေကြည့်တော့ တိမ်တွေက ကိုယ့်ခြေထောက်အောက် မှာဆိုတော့ ရုပ်ရှင် ထဲ က နတ်ဘုံ နတ်နန်း ကို တွေး မိတယ် ။
တညင်သား
April 28, 2011 at 3:16 am
စီချွမ် ပြည်နယ်အကြောင်းဆက်ပါအုံး တရုပ် စကားက တေနေရာနဲ့ တေနေရာ မတူဘူးပြောတယ် အဲ့ဒီအကြောင်းလေးပါ ထည့်ရေးပါအုံး …………
weiwei
April 28, 2011 at 5:08 am
စီချွမ်ကို ဆက်မလို့ .. အင်တာနက်လိုင်းက အခြေအနေ မကောင်းပြန်ဘူး …
ဓါတ်ပုံတွေပါတယ်ဆိုတော့ လိုင်းကောင်းတဲ့အချိန်ကို စောင့်ရအုန်းမယ် …
7 nights in Tibet ပြီးတော့ 4 nights in Sichuang ….
တရုတ်စကားတွေက တစ်ဒေသနဲ့တစ်ဒေသ မတူဘူး … လေယူလေသိမ်းကွဲကြတယ် … ကျွန်မတို့က တရုတ်စကားအစစ် (putonghua) ပဲ နားလည်တယ် … ဘယ်ဒေသပဲရောက်ရောက် အဲဒီစကားနဲ့ပြောရင် အဆင်ပြေတယ် ..