ပြန်မရနိုင်သော နိဗ္ဗာန်ဘုံ….
ကျွန်မတို့ ရွာလေးဟာ အညာအရပ်ဒေသက ရွာလေးမို. တကယ့် ရွာဓလေ့ ရွာစရိုက် အပြည့်ခံစား စံစားရတဲ့ ဒေသလေးပါ။ တနှစ်ပတ်လုံး တရွာလုံး မိမိအလုပ်နှင့် မိမိအလုပ်ရှုပ်နေပေမဲ့ နွေရာသီများ ရောက်ရင်တော့ဖြင့် အားလုံးနီးပါး ပူပြင်းတဲ့နေကြောင့် အနားယူကြပါပြီ။ မိုးမကျမှီ အထိ အေးအေးလူလူ လူရောနွားပါ အနားရတာပါ။ ကျွန်မတို့ ကလေးလေးတွေလည်း အတန်းတင်စာမေးပွဲ ပြီးပြီမို့ အခုခေါတ်လို ကျုရှင်မရှိတာမို. မီးကုန်ယမ်းကုန် ကဲခွင့် အပြည့်ရပါပြီ။
ကျွန်မတို့ အရပ်ဒေသဟာ အညာဒေသမို့ နေကအလွန်ပြင်းပါတယ်။ အိမ်တိုင်းနီးပါးကလည်း သွပ်မိုး ၊သစ်ကာနဲ့ သက်ကယ်မိုး ထရံကာကများပြီး အုတ်ခံအိမ် နည်းပါးတာမို. မီးလောင်မှာ အလွန်ကြောက်ရတာပါ။ မြင်မြင်သမျှ ရှိရှိသမျှ အိမ်တွေ သစ်ပင်တွေ သစ်ရွက်တွေကလည်း နေအပူကြောင့် ကြွပ်ရွနေတာများ ဟင်း..မီးတပွားကျလို. ကတော့ဖြင့်လို့ မာန်တတင်းတင်းနဲ့ ရန်ဆောင်နေသလိုတောင် ထင်ရပါတယ်။ မြို့ဒေသလို တရပ်ကွက်နဲ့ တရပ်ကွက် ဆက်နေတာမဟုတ်ပဲ ကွင်းပြင်မှာ စုထားသလို ရှိနေတဲ့အတွက် မီးလောင်ရင် ဘယ်ကနေ သတင်းရလို့ လာမှန်းမသိတဲ့ ကိုရွှေလေပြင်းကလည်း ဝင်ရောက်အားပေးလို့ တရွာလုံး ပြောင်တဲ့ အဖြစ်တွေ ရှိလို့ မီးကို အလွန်သတိထားပါတယ်။ ကျွန်မငယ်ငယ်က ကျွန်မတို.ရွာဘေးကရွာ မီးလောင်တာများ တရွာလုံး ကုန်တာပါ။ မီးကလောင်နေတုန်း လေကလည်းပြင်းတာမို. တချို့များ ငါ့အိမ်နဲ့ သုံးလေးအိမ်ခြားသေးတယ်ဆိုပြီး အိမ်ပေါ်တက် ပစ္စည်းသည်တာ ခဏနဲ့ရောက်လာပြီး လှေကားတွေလောင်သွားလို. အိမ်တိုင်ကို ဖက်ပြီးချောဆင်းရတယ်တဲ့။ အိမ်တိုင်ဆိုတာလည်း အညာအရပ် သစ်ပေါတဲ့ဒေသမို. အလုံးလိုက် အိမ်တိုင်လုပ်လေ့ရှိပါတယ်။ သူခိုးခိုးရင် အစုတ်ကျန်မယ် မီးခိုးရင်တော့ အစုတ်ပါ အပြုတ်မကျန်တယ် ဆိုတဲ့ မီးသီချင်းထဲကလို တကယ်ကို ခြေလွတ်လက်လွတ်မို့ မီးဆို အတော်ကြောက်တာပါ။ ဒါကြောင့်မို. နွေရာသီရောက်ရင်ဖြင့် ရွာလူကြီးကိုယ်တိုင် ကျပ်မတ်ပြီး စီမံချက်နဲ့ကို လုပ်ကိုင်ပါတယ်။ ရွာလူကြီးက သူ့အိမ်ကနေ မိုက်နဲ့ဗျို့ဟစ်တာပေါ့။ အိမ်ပေါ်မှာ၊ အိမ်မီးဖိုဆောင်မှာ မည်သူမှ ထမင်းဟင်း ချက်ခွင့်မပေးတော့ပါ။ မိမိအိမ်ဘေး (သို့) အိမ်အောက်ကို ဆင်းပြီးချက်ကြရန် နွေရာသီ နေပြင်းပြီမို. မီးသတိရှိရန် စသည်ဖြင့် သတိပေးပါတယ်။ နှစ်စဉ် နှစ်တိုင်း လုပ်နေကျမို့ အားလုံးလည်း အိမ်ပေါ်ကမီးဖို အိမ်အောက်ရွှေ့ရပါပြီ။ မရွှေ့ကလို့လည်းမရဘူးလေ။ ပထမ သတိပေး နောက်ထပ်သတိပေး အဲ..ပြီးရင်တော့ လာပြီ ဒဏ်ငွေ။ တယောက်ပေါ့ရင် တရွာလုံးထိမှာမို့ အမှန်တကယ်ကို အရေးယူတာပါ။ အိမ်အောက်မှာလည်း ဒီအတိုင်းရိုးရိုး မြေပေါ်မှာ ချက်ခွင့်မပေးပါဘူး။ မီးကျင်းတူးရပါသေးတယ်။ လေးပေ ခြောက်ပေ အကျယ် နှစ်ပေ အနက် ကျင်းတူးရပါတယ်။ အဲဒီကျင်းကိုမှ ကျင်းနှုတ်ခမ်း အပေါ်မှာ သစ်သား (သို့) ထရံကာထားရပါတယ်။ နောက်ဆုံး သတ်မှတ်ချိန်ကျော်တာနဲ့ ရပ်ရွာမီးကင်းအဖွဲ့က တအိမ်ပြီးတအိမ် လိုက်လံ စစ်ဆေးတယ်။ ထိထိရောက်ရောက်ကိုလည်း ဒဏ်တပ်တာမို့ အိမ်တိုင်း မဖြစ်မနေ လုပ်ရတာပေါ့။ နောက် မိုးဖြိုင်ဖြိုင် ကျချိန်ထိ အိမ်အောက်မှာ ချက်စားရတယ်။ နောက်တခုကတော့ မီးသံချောင်းခေါက်တာပါ။ ဘယ်အချိန်တည်းက စခဲ့တဲ့ဓလေ့မှန်း မသိပါဘူး။ ကျွန်မငယ်ငယ် လူရယ်လို့ သိတတ်လာချိန်ကတည်း ကနေ ယနေ့အထိ ဒီဓလေ့ မပျောက်သေးပါဘူး။ မီးသံချောင်းက ရွာက ကြီးတာမို့ ရွာအစမှာ တခု ရွာအလည်မှာ တခု ရွာအနောက်ပိုင်းမှာ တခု သုံးခုရှိပါတယ်။ သံချောင်းကို နေ့လည် ၁၂နာရီမှာ ၁၂ချက် တခါနဲ့ ညနေ ၄နာရီမှာ ၄ချက် တခါ ခေါက်ပါတယ်။ ၁၂နာရီကတော့ဖြင့် နေ့လည် မီးသတ်ချိန်ဖြစ်ပြီး ၄နာရီကတော့ဖြင့် ညနေ မီးပြန်မွှေးလို့ ရပြီလို့ အသိပေးတာပါ။ အဲဒီ့ အတော်အတွင်းမှာ မီးလာစစ်ပါတယ်။အချိန်မတော် ဧည့်သည်လာလို့ ထမင်းကျွေးရမယ်ဆို လူကြီးအိမ်ကို သွားရောက် အသိပေးပြီးမှ ချက်ရပါတယ်။ မီးဖိုထဲဝင်ပြီး သေသေချာချာစစ်တာပါ။ မီးခဲတောင် ကျန်လို့မရတာမို့ ရေလောင်းပြီး သတ်ထားရတယ်။ အဲဒီ့အချိန် မီးသံချောင်းခေါက်တာက တခါခေါက်နှစ်ချက် ဆင့်ခေါက်ပါတယ်။ မီးလောင်ပြီ ဆိုရင်ဖြင့် ဆက်တိုက်ဆက်တိုက် ခေါက်တာပါ။ အကြိမ်အရေ အတွက် မရှိပါဘူး။ ကိုယ့်အရပ်ဓလေ့မို့ အားလုံးလည်းသိပါတယ်။ မီးလောင်ပြီ ဆိုရင်ဖြင့် မီးသံချောင်းခေါက်သံ ကြားတာနဲ့ တပြိုင်နက်ထဲ ဘယ်ကလည်း ဘယ်မှာလောင်တာလည်း မေးပြီး ယောက်ကျားတွေကတော့ ရေပုံးတွေနဲ့ မီးလောင်တဲ့နေရာကို မီငြိမ်းဖို. ပြေးတာပါပဲ။ မိန်းမတွေကတော့ ပစ္စည်းသိမ်း ကလေးတွေစုပြီး အခြေအနေ ဆိုးတာနဲ့ ရွာပြင်ကို ပြေးဖို့ အသင့်ပါပဲ။ ကျွန်မတို့ ကလေးတွေလည်း မီးသံချောင်းအသံ ကြားတာနဲ့ ကစားနေတာ ရပ်ပြီး ကိုယ့်အိမ်ကို ပြန်ပြေးရတာပေါ့။ ရင်တွေလည်း တဒိန်းဒိန်းခုန် အမေထားတဲ့နေရာမှာ အမေပေးထားတဲ့အထုပ်လေးတွေပိုက်ပြီး ဘယ်အချိန်ပြေးရမလဲကို အသင့်အနေ အထားနဲ့ စောင့်နေရတယ်။ များသောအားဖြင့်တော့ မီးကိုငြိမ်းနိုင်တာမို့ ခဏနေတော့ အဖေရေပုံးကို လက်တဖက်က ဆွဲပြီး အိမ်နီးချင်းတွေနဲ့ အတူပြန်လာပါတယ်။ နောက် တလလောက်အထိ ဒီအကြောင်းပြောလို့ မဆုံးပါဘူး။ ရွာမှာရှိတဲ့ အမေတို့လို အိမ်ထောင်ရှင်မတွေကတော့ နွေရာသီဝင်လာပြီ ဆိုရင်ဖြင့် ဗီဒိုထဲမှာ သေတ္တာထဲမှာ ဘာမှ မထားတော့ဘူး။ အကုန်လုံး အထုတ်တွေ ထုတ်ထားပါတယ်။ ကျွန်မတို့ကိုလည်း ဘယ်အထုတ်ကတော့ အရေးကြီးဆုံးပဲ ဆိုပြီးပြထားပါတယ်။ တောင်းတတောင်းထဲမှာလည်း ဆန် ၊ဆား၊ ဆီ လိုအပ်တာတွေ နည်းနည်းဆီ ထည့်ပြီး အသင့်ပြင်ထားတယ်။ တကယ်လို့ မီးကိုမနီုင်ပဲ တရွာလုံး ကုန်ရင်ဖြင့်လို့ပါ အဆုံးထိတွေးပြီး ရိက္ခာပြင်ထားတာပါ။ အခုအချိန်ထိ အဲဒီလိုပါ။
ကျွန်မတို့ ကလေးတွေအတွက် ကစားခွင့်ရတဲ့ အချိန် အပိုင်းကလည်း နေ့လည် မီးငြိမ်းသံချောင်းခေါက်သံနဲ့ ညနေမီးမွှေးခွင့်ခေါက်တဲ့ အသံကြားမှာပဲ ကစားရပါတယ်။ ကျန်အချိန်တွေမှာတော့ မိဘကို မိမိနိုင်သလောက် ကူညီရတာမို့ အဲဒီ့ကြားချိန်မှာ အရိပ်ကောင်းကောင်းမှာ စုပြီး တနေ့တမျိုးမရိုးအောင် ဆော့နည်းပေါင်းစုံကို ဆော့တာပါ။ အခုခေါတ်တော့ဖြင့် ဒီလို အခွင့်အရေး မရကြတော့ပါဘူး။ရွာတွေမှာ အရှေ့ပိုင်း ၊အနောက်ပိုင်း၊ တောင်ပိုင်း ၊မြောက်ပိုင်း စသည်ဖြင့် ခွဲခြားခေါ်ဝေါ်တတ်ပါတယ်။ ကလေးတွေလည်း ကိုယ့်အပိုင်းနဲ့ကိုယ် စုပြီးကစားသလို တခါတခါနယ်လွန်ပြီး သူများအပိုင်းမှာလည်း သွားရောက် ကစားတတ်ပါတယ်။ ကလေးတွေ အုပ်လိုက် စုမိပြီ ဆိုရင်ဖြင့် ကစားရင် ငြင်းကျ အော်ကျမို့ ဆူညံနေတာပါပဲ။ လူကြီးတွေကလည်း နေ့လည် တရေးတမော အိပ်စက်အနားယူတာမို့ ဆူညံသံတွေကြောင့် အိပ်မရရင်ဖြင့် နှင်ထုတ်ပါတယ်။ ကျွန်မတို့လည်း ညနေမီးသံချောင်းခေါက်သံ မကြားမချင်း ဟိုကနှင်လိုက် နောက်တနေရာပြောင်းလိုက် အဲဒီနေရာက ထပ်နှင်ရင် နောက်ထပ်တနေရာ ထပ်ပြောင်းပြီး ကစားကြတာပါပဲ။ အရိပ်ကောင်းကောင်းသစ်ပင်ရှိတ ဲ့အိမ်ရှင်ကတော့ အမြဲ ဒုက္ခခံရတာပေါ့။ အီဆွတ်ခုံ၊ ရှပ်လို့ ခေါ်တဲ့ သစ်သား အဝိုင်းလေးတွေကို တဖွဲ့က ထောင်တား နောက်တဖွဲ့က ပြစ် တဲ့ ကစားနည်း၊ မန်ကျည်းစေ့တွေကို ဇယ်ခုတ်၊ ဇယ်တောက်၊ စုံမ ဖွက်၊ ဒီ ထိုးနည်း စသည်ဖြင့် တနေ့တမျိုးစုံအောင် ကစားကြတယ်။ ညနေ မီးသံချောင်းခေါက်ရင်ဖြင့် လူစုခွဲရပါပြီ။ မခွဲပဲ ဆက်ကစားနေရင် ပြန်ချိန်မှာ ပြန်မလာရကောင်းလားလို့ အမေတွေက ကစားတဲ့နေရာ စုံစမ်းပြီး လိုက်လာကာ ကျောပြင် ဗျောတင်မှာမို့ လူစုခွဲကိုခွဲရပါတယ်။ ပြန်ခါနီး နောက်တနေ့ ဘယ်လို ကစားမယ်ပါ ကြိုတင်တိုင်ပင်ခဲ့ပါသေးတယ်။ ကစားပွဲမှာ ကိုယ့်အသင်းက ရှုံးထားလို့ လက်မှာ အိုးမည်း အကွင်းခံထားရတာတွေကိုလည်း ချောင်းထဲဆင်းပြီးဖျက်ရပါသေးတယ်။ ကွင်းဖြူးဖြူး ဖုန်ထူထူမှာ ကစားကျတာမို့ အားလုံးလည်း မျောက်ဖြူပုံလေးတွေ ပေါက်နေပါပြီ။ ကျွန်မလည်း အိမ်ပြန်ရောက်တော့ ကိုယ့်တာဝန်ဖြစ်တဲ့ အိမ်ရှေ့ တုံကင်မှ ရေကိုနှိပ်ကာ မီးဖိုသုံးရေဖြည့်ပေးရပြီး ညီမလေးကတော့ ကြမ်းတိုက်ရပါတယ်။ ကျွန်မရေခပ် ဖို့အတွက် အမေက ရေပုံးအသေးလေးကို ဝယ်ပေးထားပါတယ်။ ငယ်ငယ်ကတည်းက မိမိလုပ်နိုင်တဲ့ တာဝန်ကို ယူတတ်အောင် ကျင့်ပေးနေပုံလို့ အခုကြီးတော့မှ နားလည်လာပါတယ်။ ကျွန်မလည်း အလုပ်ပြီးတော့ ရေလည်း အတော် စိုချွဲနေပါပြီ ။ ရေချိုး အဝတ်အစားလဲ အမေပြင်ပေးတဲ့ ညစာကို စားပါတယ်။ တနေကုန် အားရှိသလို စိတ်တိုင်းကျ ကစားခဲ့တာမို့ ညစာ ဟင်းမကောင်းလည်း နှစ်ပန်းကန်လောက်တော့ အသာလေးပါပဲ။ ထမင်းစားလို့ မပြီးခင် မျက်လုံးကလည်း စင်းလာပါပြီ။ တနေကုန် ပင်ပန်းသမျှ တချိုးတည်း အိပ်ပျော်သွားပါတော့တယ်။
ကျွန်မ အခုနောက်ပိုင်းရွာပြန်ရောက်တော့ ကျွန်မတို့ငယ်ငယ်ကလို ကလေးတွေ ကစားတာမတွေ့ရတော့ပါဘူး။ ကျွန်မလည်း အမေ့ကို မေးကြည့်ပါတယ်။ အမေပြောတာကတော့ ညဉ်းတို့ ငယ်ငယ်ကတော့ ဒီလောက် စီးပွားရေး မကျပ်တည်းတာမို့ ကလေးတွေ လွတ်လွတ်လပ်လပ် ကစားနိုင်တာပေါ့။ အခုကလေးတွေ ခမျှာ ကစားချင်ရှာမှာပါပဲ ဒါပေမဲ့ စီးပွားရေးကမပြေလည် ကျပ်တည်းတာမို. သူတို့လေးတွေလည်း နိုင်ရာအလုပ် ဝင်လုပ်ပြီး မိဘကို စားဝတ်နေရေးအတွက် ငွေရှာပေးနေရတယ်တဲ့။ ကျွန်မလည်း အမေ့စကားကို ကြားရတော့ ရင်ထဲမှာ မွန်းကျပ်သွားသလို ခံစားခဲ့ရပါတယ်။ တိုးတက်လာတဲ့ခောတ်ကြောင့် တိုးတက်လာတဲ့ လူဦးရေကြောင့် ဘယ်သူ့ကို အပြစ်တင်ရမှန်းကို မသိတော.ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဘာ့ကြောင့်ပဲဖြစ်ဖြစ် ငယ်ရွယ်ချိန်မှာ ရခဲ့တဲ့ ကျွန်မရဲ့ နိဗ္ဗာန်ဘုံလေးကို အလွမ်းပြေတောင် မြင်ခွင့်မရတာမို့ အတော်ကို စိတ်မကောင်းဖြစ်ရပါတော့တယ်။
7 comments
nozomi
April 28, 2011 at 11:21 am
ကျွန်တော်လဲ ငယ်ဘဝကို အညာမှာကြီးခဲ့ရတော့ ပိုစ်လေးဖတ်ပြီး ငယ်ဘဝကို ချက်ချင်းရောက်သွားတယ် မီးမသုံးရအချိန် ဧည့်သည်လာလို့ အမေကြီက ခိုးချက်နေတုန်း စစ်တဲ့အဖွဲ့တွေနဲ့ တိုးလို့ ပြာယာခပ်သွားရတာကို သတိရမိသေးရဲ့
သဘာဝကဖန်တီးပေးမှုကြောင့် လူတွေရဲ့ အရည်အသွေး အရည်အချင်းတွေ ပြောင်းလဲသွားစေတယ်ဆိုတာကိုလည်း စဉ်းစားမိတယ်
အညာကလူတွေက သဘာဝအနေအထားကြောင့် အခြားဒေသက လူတွေထက် မီး နဲ့ ပတ်သက်လို့ ကြိုတင်ပြင်ဆင်တာ အဆင်သင့်ဖြစ်တာ တုန့်ပြန်တာ ပိုကောင်းကြတယ် မမှီး ရောက်နေတဲ့ အစ္စရေးလဲ ပတ်ဝန်းကျင်ကြောင့် စစ်ရေး အသိ သတိ ကျွမ်းကျင်မှု တွေက အေးအေးဆေးဆေး နေရတဲ့ နိုင်ငံတွေထက် ပိုတော်နေပြန်ရော စင်ကာပူကတော့ သဘာဝသယံဇာတ ဘာမှ မရှိလို့ ငါတို့မလုပ်ရင်တော့ မရဘူး မကူးရင်နစ်မှာဘဲ ဆိုပြီး လုပ်ကြလို့ ပိုတိုးတက်တာလား မြန်မာပြည်က သဘာဝကတော်တော်များများပြည့်စုံအောင် ဖန်တီးပေးထားတော့ မလုပ်လဲ ရပါတယ်ကွာ ဆိုတဲ့အကျင့်ကြီးပါလာပြီး ပျင်းရာက ဖျင်းလာကြတာလား…………..
hmee
April 28, 2011 at 12:26 pm
nozomi ရေ ဆယ်မိုင်ကလို့ အရင်တခါက ဖတ်လိုက်ရတယ်။ ဟုတ်လား။ အမမှီလည်း ရန်ကုန်မှာနေတုန်းက ဆယ်မိုင်မှာနေတာ။ အလက (၁၂) ကျောင်းနားမှာနေတာ။ တရပ်ကွက်တည်းသားခြင်း မိတ်ဆွေဖွဲ့တာ။
nozomi
April 29, 2011 at 3:34 am
အညာလဲတူ အခုနေတာလဲ တူ ဆိုတော့ မမှီ ပြန်လာရင် မြို့နယ်တူ မိတ်ဆုံစားပွဲလေးလုပ်မယ်လေ …..
ဆူး
April 28, 2011 at 11:24 am
ဆူး ငယ်ငယ်က.. ညနေ ၆နာရီ ဆို အိမ်ပေါ်ကဆင်းဆော့ကြတယ်။ တလမ်းလုံးမှာ ရှိတဲ့ ကလေးတွေ အားလုံး ဆင်းဆော့ကြတော့ ယောကျားလေးကော မိန်းကလေးကော.. အရေအတွက် မနည်းဘူး အယောက် ၂ဝ လောက်များ ရှိမလားဘဲ.. လူနေထူထပ်တဲ့ ရပ်ကွပ်မှာနေတာ ဆိုတော့.. အဲလိုဘဲ.. တအိမ်ကို ခလေး တယောက် အနည်းဆုံး ရှိကြတယ်လေ။ အုပ်စုဖွဲ့ပြီး ဟိုတစု ဒီတစု ကစားကြတယ်။ အသက်မတိမ်းမရိမ်းတွေဘဲ.. ည၉နာရီ လောက်ဆို အိမ်ပေါ်တက်ပြီး လူစု ခွဲကြတယ်။ အဲဒါ ည ဘက် ဘဲ ရှိသေးတယ်။
နေ့လည် နေ့ခင်း ကျောင်းပိတ်ရက်ဆို အိမ်လည်ထွက်ပြီး ဆော့တယ်။ ဘေးပတ်ဝန်းကျင်မှာ အားလုံးက ရွယ်တူဘဲ။
၆တန်းလောက်နေတော့ အိမ်ပြောင်းသွားတော့.. သူငယ်ချင်းဆိုတာ တယောက်မှ မရှိတော့ဘူး။ အခု အထိပါဘဲ။ သူငယ်ချင်းဆိုတာ အွန်လိုင်းမှာဘဲ ရှိတယ်။
ငယ်ငယ်က တော်တော် ပျော်ဖို့ ကောင်းတယ်။
ညနေ ကစားပြီး တက်လာရင် မောလိုက်တာလည်း လွန်ရော.. ရေတဗူး အသာလေးဘဲ သောက်ချ ပလိုက်တာ..
ကြိုးခုန်တာများဆိုရင်.. အမြင့်ကို သူများထက် ပိုခုန်နိုင်တယ်။
တနေ့ တနေ့ အိမ်မှာ ကြိုးတားပြီး အခုန်လေ့ကျင့်တာ ဆိုတော့….
weiwei
April 29, 2011 at 4:31 am
ကျွန်မတို့ ငယ်ငယ်က ရပ်ကွက်ထဲမှာ ရွယ်တူတွေစုပြီး ကစားနည်းမျိုးစုံကစားကြတယ် … လပြည့်ညလိုမျိုးဆို ညဉ့်နက်တဲ့အထိ ထုတ်စီးတိုးကြတယ် … ကစားလွန်တာ လက်ကျိုးတဲ့အထိပဲ …
အခု မျိုးဆက်သစ်တွေခေတ်မှာ … ရပ်ကွက်ထဲက ရွယ်တူကလေးအချင်းချင်းတောင် တစ်ယောက်နဲ့တစ်ယောက် မသိကြတော့ဘူး … လမ်းမပေါ်ထွက်ကစားနေတဲ့ ကလေးတွေလဲ မရှိတော့ဘူး … ကလေးတွေ မြေကြီးဓါတ်ရအောင် ခြံဝင်းထဲမှာ ကစားဖို့အချိန်သတ်မှတ်ပေးနေရတယ် …
ဆူး
April 29, 2011 at 5:04 am
မီးသတိပေး ဆောင်းပါး လေး ဆိုတော့.. ဖတ်နေတုန်းက သီချင်း တပုဒ် နားထဲ ကြားမိတယ်။…
ဟိုဘက်ခြံက ကြက်ဖ နဲ့ ကျုပ်ကြက်မ နဲ့ ညား..
အဲဒီ သီချင်းထဲကလို ကျုပ်တရွာလုံးက ဝိုင်းငြိမ်းကြ ကျုပ်ရှို့တဲ့ မီးခင်ဗျ…
hmee
April 29, 2011 at 6:27 am
ဆူးရေ မမှီ အရမ်းကြိုက်တဲ့ သီချင်း။ အရိုးရဲ့ သီချင်းလေ။ နားထောင်လွန်းလို့ အိမ်ကြီးသခင်က တော်ပါတော့ကွာလို့ ပြောယူရတယ် …. း) း)…