အခြေအနေမဲ့ သန်းကြွယ်သူဌေး အပိုင်း (၁)
Vikas Swrap ရဲ ့ Q & A ကို ပြန်ဆိုပါသည်။ ဝတ္ထု ရေးဘူးသူ ဘာသာ ပြန်ဘူးမဟုတ်သဖြင့် အလွဲအမှားများရှိပါက သည်းခံတော်မူကြပါကုန်။ထို ဝတ္ထုကို မှီး၍ ရုပ်ရှင် အဖြစ် ရိုက်ကူးထားသော slum dog millionaire ကို အားလုံးကြည့်ဖူးကြပေလိမ့်မည်။ မူရင်း ဝတ္ထုမှာ ရသာတစ်မျိုးပေးနိုင်လိမ့်မည်ဟုယူဆသောကြောင့် အားထုတ် ၍ ဘာသာပြန်ပါသည်။
နိဒါန်း
ကျွန်တော် အဖမ်းခံနေရတာ ဉာဏ်စမ်းအမေးအဖြေ အစီအစဉ်မှာ နိုင်ခဲ့လို့တဲ့။
မနေ့ညက သူတို့(ရဲတွေ)ကျွန်တော့်ဆီရောက်တော့ ခွေးလေခွေးလွင့်တွေတောင် အိပ်ကုန်ကြပြီ။သူတို့က တံခါးကိုဖျက်ဝင်တယ်။နောက်ကျွန်တော့်ကို လက်ထိပ်ခတ်ပြီး မီးနီတဖျပ်ဖျပ် လက်နေတဲ့ ဂျစ်ကားဆီခေါ်သွားကြတာပေါ့။အော်တာဟစ်တာ ဘာညာမရှိပါဘူး။ဘယ်သူမှလည်း သူတို့တဲထဲက ထမကြည့်ကြပါဘူး။ မန်ကျည်းပင်ပေါ်က ဇီးကွက်အို တစ်ကောင်ပဲကျွန်တော် အဖမ်းခံရတာကို ကြည့်ပြီး အော်လိုက်တယ်ထင်မိသလိုပဲ။ ဒရာဗီ မှာ အဖမ်းခံရတယ်ဆိုတာ အများအားဖြင့် မြို့ပတ်ရထားပေါ်မှာ ခါးပိုက်နှိုက်တာတွေ အလစ်သုတ်တာမျိုးတွေလိုပဲ။နေ့တိုင်းလိုပဲ ကံဆိုးတဲ့ ငနဲ ရဲနောက်ပါသွားကြတာ။တချို့လည်း အော်ဟစ် ကန်ကျောက်၊တချို့လည်း အေးအေးငြိမ်ငြိမ် လိုက်သွားတာပဲ။ဘယ်သူမှတော့ ငါ့ကိုဖြင့်ကနေ့ ရဲတွေလာဖမ်းတော့မဟဲ့ ဆိုတာမမျှော်လင့်ပါဘူး။တကယ်တမ်းပြောရရင်လည်း မီးနီတဖျပ်ဖျပ်နဲ ့ ရဲကားတွေရောက်လာပြီး ဖမ်းလည်း အေးတာပဲဆိုတာမျိုး သူတို့တွေးတာပဲ။(ထောင်ထဲ အချုပ်ထဲ နေတာ ပိုတောင်သက်သာတယ် လို့တွေးကြတယ်ထင်တယ်။) ကျွန်တော့်လာဖမ်းတော့ ကျွန်တော် အော်ဟစ်ကန်ကြောက်၊ ကိုယ့်အပြစ်ကင်းကြောင်း ပြော၊အော်ကြီးဟစ်ကျယ်နဲ ့ အိမ်နီးပါးချင်းတွေနိုးအောင်လုပ်။ဒါမျိုးလုပ်သင့်တယ် ထင်မယ်။အဲ့သလို လုပ်လို့ဘာမှဖြစ်မလားဘူးဗျ။ကျွန်တော် အိမ်နီးချင်း တစ်အိမ်ရောက်အောင်ပြေးသွားနိုင်တယ် ထားဦး သူတို့ ကျွန်တော့်အတွက် ဘာကာကွယ်ပေးနိုင်မှာလဲ။မျက်မှုံစုံမွှားနဲ ့ ဘာတုန်းဟဆိုပြီးကြည့်မယ်။ပြီးရင် ဖန်တရာတေနေတဲ့ မှတ်ချက်လေးပြောမယ်။ “ပါသွားပြန်ပဟ တစ်ယောက်” ဆိုပြီး တသမ်းသမ်းတဝေဝေ နဲ ့ ချက်ချင်း ပြန်အိပ်မှာပဲ။ကျွန်တော်ထွက်သွားတော့လည်း ဒီလို အာရှရဲ့အကြီးဆုံး ဆင်းရဲသားရပ်ကွက်ထဲနေတဲ့ သူတို့ဘဝတွေအတွက် ဘာထူးသွားမှာမို့လဲ။မနက်ဆို ရေရဖို့ ထပြီးတန်းစီ ၊ခုနစ်နာရီခွဲ မြို့ပတ်ရထားမှီအောင်ပြေးရတာ မျိုးတွေ ရှိတယ်လေ။
ကျွန်တော်ဘာလို့ အဖမ်းခံရသလဲဆိုတာ ဘယ်သူမှတောင်အလုပ်ရှုပ်ခံမေးမြန်းမှာ မဟုတ်ဘူး။ကျွန်တော် ကိုယ်တိုင်တောင်ဘာကြောင့်မှန်းသေချာမသိဘူး။ရဲသားနှစ်ယောက် ဗြုန်းဒိုင်းကြီး ကျွန်တော့်တဲ ထဲဝင်ပြီးဆွဲမှသာ ငါတော့အဖမ်းခံရပဟတွေးမိတာ။ဘာကြောင့်ရယ်သိတာမဟုတ်ဘူး။ပြောရရင် ခင်ဗျား လုပ်နေ ကိုင်နေတာတွေအားလုံးက ဘာမှတရားမဝင်ဘူးဆိုပါစို့။နောက်ဗျာ..ဒီလိုမျိုး စုတ်ပြတ်မွဲတေပြီး တစ်လက်မစာနေရာ လွတ်လေးရဖို့ အမြဲတွန်းထိုးနေရတဲ့ ၊ချေးယိုသေးပေါက်က အစ တန်းစီနေရတဲ့ ကလေကချေ ကျူးကျော်ရပ်ကွက်ထဲ နေတာမျိုးဆိုပါစို့။ဒီနှစ်မျိုးလုံးမှာ တစ်နေ့ အဖမ်းခံထိမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါဗျာ။အဲ့သလို အခြေအနေမျိုးမှာ တစ်နေ့ခင်ဗျား နာမည်နဲ ့ဝရမ်းပါလာပြီး မီးနီလေးတဖျပ်ဖျပ်နဲ ့ဂျစ်ကား ခင်ဗျားတဲရှေ့ရောက်လာမှာပဲ။အနှေးနဲ ့အမြန်ပေါ့လေ။
တချို့ကတော့ ပြောကြလိမ့်မပေါ့။ဒီကောင် ကိုယ့်ဒုက္ခ ကိုယ်ရှာတာ အဲ့ဒီဉာဏ်စမ်း အစီအစဉ်မှာ သွား ဆတ်ဆော့ မိလို့ လို့။နောက်ပြီး သူတို့က ကျွန်တော့်ကို လက်ညှိုးထိုးပြီးတောင် ဟားကြဦးမှာ။ဒရာဗီက လူကြီးသူမတွေပြောတာ နားမထောင်လို့ ဆိုပြီးလေ။အဲသည့် လူကြီးတွေကဘာပြောသလဲဆိုတော့ ဆင်းရဲ နဲ ့ချမ်းသာ ပိုင်းထားတဲ့ မျဉ်းကို ဘယ်တော့မှ မဖြတ်မိစေနဲ့တဲ့။ကိုယ့်ဘဝ နဲ ့တန်ရာနေဆိုတာမျိုးထင်တာပဲ။နောက်ဆုံးပြောရရင် ခြူးတစ်ပြားမှ မရှိတဲ့ အရက်ဆိုင်စာပွဲထိုးလိုကောင်က ဒီဉာဏ်ကစားပွဲမှာ ဘာသွားရှုပ်ပါလိမ့်ပေါ့လေ။ဦးနှောက်ဆိုတာ ကျွန်တော်တို့လိုငနဲတွေ အသုံးချခွင့်မရှိတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းပါဗျာ။ကျွန်တော်တို့ သုံးဖို့အတွက်က ခြေတွေ လက်တွေရယ်ပေါ့လေ။သူတို့သာ ကျွန်တော် အဲ့ဒီမေးခွန်းတွေဖြေတာကို ကြည့်ဖြစ်မယ်ဆိုရင် ဒါမျိုး ပေါက်ကရပြောနေတာတွေ ၊ထင်နေတာတွေ ပြောင်းသွားနိုင်သဗျ။ကံဆိုးတာက အဲ့ဒီအစီအစဉ်ကို မလွှင့်သေးဘူးတဲ့။နို့ပေမယ့် တချို ့လည်း နားစွန်နားဖျား ကြားကြတာမျိုးရှိသေးတယ်။ဒီကောင် တခုခုတော့ ကောင်းကောင်းထောသွားတယ်ပေါ့။ထီပေါက်တာမျိုးလိုပေါ့ ဘာညာနဲ့။ကျွန်တော်လုပ်တဲ့ဆိုင်က စားပွဲထိုးတွေက ဒီသတင်းကြားတော့ကျွန်တော့် အတွက်ပါတီပွဲကောင်းကောင်းလေး လုပ်ဖို့ဆိုကြတယ်။ကိုယ့်ဆိုင်မှာပဲပေါ့။ကျွန်တော်တို့လည်း သောက်ကြစားကြ ၊ဆိုကြ ကကြနဲ့အတော်တောင်ညဉ့်နက်သွားတယ်။ပထမဆုံးအကြိမ် အနေနဲ ့အဲ့ဒီနေ ့ညက ရမ်ဇီ ရဲ့ ရိုးအီနေတဲ့ အစားအသောက်တွေကို မစားကြဘဲ ကြက်သားဒံပေါက်တို ့ ဆိတ်သားခပတ် တို့ကို ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ကမ်းခြေ ဟိုတယ်ကနေမှာစားကြတာပေါ့။တုန်ချိချိနဲ့ အရက်ကောင်တာကဘိုးတော်ကလည်း သူ့သမီးနဲ ့ပေးစားနေသေးတယ်။စိတ်ဆတ်တဲ့ ကျွန်တော်တို့မန်နေဂျာတောင် လိုလိုလားလားပြုံးလို့။ ကျွန်တော့် အရင်လုပ်ခတွေတောင်ထုတ်ပေးလိုက်သေးတယ်။အဲဒီနေ့ညကတော့ ကျွန်တော့်ကို အရင်ခေါ်သလို သောက်သုံးမကျတဲ့ကောင်တို့ ၊ခွေးဝဲစားတို့၊ခွေးရူးတို ့မခေါ်ဘူးဗျ။
ခု ဂွတ်ဘိုး ဆိုတဲ့ ရဲခေါ်နေတာ ပိုတောင်ဆိုးနေသေးတယ်။ကျွန်တော်ထိုင်နေတဲ့ အခန်းလေးက ၆ပေ ၁ဝပေ အခန်း။သံချေးတက်နေတဲ့ တံခါးတစ်ချပ်ရှိတယ်။သံဇကာတပ်ထားတဲ့ ပြတင်းပေါက်ကြားနေ ထိုးနေတဲ့နေရောင်ထဲမှာ ဖုန်မှုန် ့တွေတထောင်းထောင်းနဲ့ပေါ့။အချုပ်ခန်းက ပူပြင်း ထိုင်းမှိုင်းနေတယ်။ကြမ်းပြင်ပေါ်က အမှည့်လွန်နေတဲ့ သရက်သီး အပိုင်းအစတွေပေါ်မှာလည်း ယင်ကောင်တွေ တလောင်းလောင်းနဲ့။ပူဆွေးနေပုံရတဲ့ ပိုးဟပ်တစ်ကောင်ကလည်း ကျွန်တော့်ခြေထောက်ပေါ်တရွရွ တက်လာနေတယ်လေ။ကျွန်တော် ဆာလာပြီ။ဗိုက်ကလည်း တဂွီဂွီမြည်နေပြီ။
သူတို့ပြောတာတော့ ကျွန်တော့်ကို နည်းနည်းပါးပါး စစ်ဆေးမေးမြန်းစရာရှိတယ်ဆိုတာပဲ။တော်တော်ကြီးကြာအောင်စောင့်ပြီးတစ်ယောက်က ကျွန်တော့် လာခေါ်သွားတယ်။အင်စပက်တာ ဂွတ်ဘိုး ပဲပေါ့။ဒီလူက သိပ်တော့ အသက်မကြီးသေးဘူး။လေးဆယ်ကျော်လောက် ဖြစ်မှာပေါ့။ထိပ်ပြောင်ပြောင်နဲ့။တခေါင်းလုံးပြောင်လုနီးနီးပဲ။မျက်နှာဝိုင်းဝိုင်းကြီးမှာ စက်ဘီးလက်ကိုင်လို နှုတ်ခမ်းမွှေး ကုပ်ကုပ်နဲ့။လမ်းလျှောက်ရင်လေးလေးပင်ပင်ကြီး။ဗိုက်ကသူ့ကာကီဘောင်းဘီ အထက်မှာ စူတွဲကျနေတာပဲ။ “သောက် ယင်ကောင်တွေ” လို့ဆဲဆိုပြီး သူ့မျက်နှာရှေ့ ပတ်ပျံနေတဲ့ ယင်ကောင် ကိုလှမ်းရိုက်တယ်။မထိဘူး။အင်စပတ်တော်ကြီး ကနေ့စိတ်ကောင်းဝင်နေပုံမရဘူးဗျ။ယင်ကောင်တွေကတမျိုး၊ပူတာကတမျိုးနဲ ့တော်တော် စိတ်အနှောက်အယှက်ဖြစ်နေပုံပဲ။သူ့နဖူးက ချွေးတွေစီးကျလာတာကို အင်္ကျီလက်နဲ ့ပင့်သုတ်လိုက်ပြီးတော့ သူ့အတွက် စိတ်အနှောင့်အယှက်အဖြစ်ဆုံး ဖြစ်ပုံရတဲ့ကျွန်တော့် နာမည်ကို ရွတ်ပါလေရောဗျာ။
“ရမ် မိုဟာမက် သောမတ်(စ်)..ဘာနာမည်လဲကွာ၊ ကြောင်တောင်တောင်နဲ ့ဘာသာပေါင်းစုံ နာမည်တွေရောသမထားတာ”
“ကြည့်ရတာ မင်းအမေက မင်းအဖေဘယ်သူဘယ်ဝါမှန်းတောင် သိပုံမရဘူးထင်တယ်”
သူအဲ့လိုပြောနေတာ ဒါပထမဆုံး အကြိမ် မဟုတ်ဘူးဗျ။
4 comments
kai
May 3, 2011 at 7:49 am
– လူကြီးတွေကဘာပြောသလဲဆိုတော့ ဆင်းရဲ နဲ ့ချမ်းသာ ပိုင်းထားတဲ့ မျဉ်းကို ဘယ်တော့မှ မဖြတ်မိစေနဲ့တဲ့။
– “ကြည့်ရတာ မင်းအမေက မင်းအဖေဘယ်သူဘယ်ဝါမှန်းတောင် သိပုံမရဘူးထင်တယ်”
အဲဒီလိုပြန်ထားတာလေးကြိုက်တယ်..။
mgbahlaing
May 4, 2011 at 10:33 am
ကျေးဇူးပဲ ဦးခိုင်ရေ ..အားပေးလို့။
Mobile
February 5, 2013 at 10:10 pm
မောင်ဘလှိုင်ရေ ကျနော်မောင်မိုဘိုင်း ဒီပို့စ်လေးကို စိတ်ဝင်စားလို့
အစကနေ လိုက်ပြီး ကူးယူနေတယ်ဆိုတဲ့အကြောင်းလေးပါ။
Ma Ma
October 25, 2013 at 10:29 am
ဇာတ်သိမ်းပိုင်းကိုဖတ်ပြီး အပိုင်း ၁ ကိုပြန်ဖတ်တာ ပိုအရသာရှိသွားတယ်။
ဇွဲရှိရှိနဲ့ ဘာသာပြန်ပေးတဲ့ မောင်ဘလှိုင်ကို ချီးကျ ူ းပါတယ်။
ကျေးဇူးလည်း တင်ပါတယ်။ 🙂