လူစိမ်း…

nainaiApril 30, 20115min380
တောအုပ်တစ်ခုလုံးအဝါရောင်သန်း၏။
ထို့အတူ  တောင်တစ်ခုလုံးကိုလည်း အဝါရောင်အဖြစ်မြင်ရ၏။
နွေ၏လေသည် ဥဩငှက်၏အလွမ်းရင့်ရင့်ကဗျာတစ်ပုဒ်ကို
ထုပ်ပိုးသယ်ဆောင်ကာ၊ ဟိုမှဒီသို့အလုပ်များလျှက်ရှိ၍နေသည်။
အဝါရောင်ဝတ်ရုံလွှမ်းခြုံထားသော အရွက်ကြီးငယ်အသီးသီးတို့ ၊တစ်ဖြောက်ဖြောက်အသံပေးကာ
အလုအယက်ခုန်ဆင်း၍ နွေအား အပြိုင်အဆိုင်အသက်သွင်းလျှက်ရှိသောကြောင့်
သစ်တောတစ်ခုလုံးလိုလိုသည် အဝါရောင်ကတ္တီပါစ၏ အဖိုးအခဖြင့်
နွေရောင်တောက်ကာ ဟောင်းနွမ်းလှပ လျှက်ရှိနေတော့သည်။
ဤကဲ့သို့ ဟေမဝါတစ်ခုလုံး နွေရင့်ရင့်၏ နုတ်ဆက်ပွဲအတွက် အားတက်သရော လှုပ်ရှားပျော်ရွှင်နေကြချိန်၊
အဝါရောင်လွှမ်းသောရွက်ကြွေများအထဲမှ အနီရောင်မြေကြီးလမ်းအထက်၊
နွေ၏အခင်းအကျင်းများကိုမစားသုံးပဲ၊မရပ်မနားလမ်းလျှောက်လာသော ကောင်လေးတစ်ယောက်၏ပုံစံမှာအစိမ်းရောင်ဆန်လွန်းလှပေသည်။
လူစိမ်း…

မှန်ပေ၏
စိမ်းမည်ဆိုလည်းစိမ်းလောက်စရာပင်
အကြင်သူသည်…..လူစိမ်း….ဖြစ်၏။

မျက်ဝန်းများကကြင်နာမှုနှင့်ပြည့်နေသယောင်နှင့်
နှုတ်ခမ်းများကပြုံးယောင်သန်း၏။
အမူအယာအားဖြင့်နှစ်လိုဖွယ်ရှိသလောက်
အသည်းနှလုံးကားအစိမ်းရောင်အတိဖြစ်သည်။

သူ…သည်…
အသည်းနှလုံးအစိမ်းနှင့်လူ……
လူစိမ်း…ဖြစ်လေသည်။
အစုံစုံသောအရောင်အသွေးတို့ဖြင့်ကပ်ညိလိမ်းကျံထားသော
ပန်းအပွင့်ပွင့်တို့သည်
အပြိုင်ပြိုင်အဆိုင်ဆိုင်ဖြင့် ထိုလူစိ်မ်းအား
ဧည့်ဝတ်ကတိပြုကြ၏။
ဧည်ဝတ်ကျေသူရောမကျေသူများပါ
လတ်ဆတ်စိမ်းလန်းသောအထိအတွေ့ကိုထိုလူထံမှပြန်ရကြသည်။
ရင်းနှီးဖေါ်ရွေသော၊နုနယ်ပျိုမြစ်သည့်တုန့်ပြန်မှုကြောင့်ထိုလူစိမ်းအားနှစ်ချိုက်ကြသည်မှာ
ဆန်းလှသည်ဟုဆိုနိုင်မည်မထင်။
ဆန်းလှသည်။ ထိုသူနှင့်ထိတွေ့  မိသမျှနေရာတိုင်း….
သေသောသူများရှင်ကြ၏ ။
ပုန်းသောသူများ ပေါ်ကြ၏ ။
ထိုသူဖြတ်သန်းခဲ့ ရာလမ်းတစ်လျှောက် ၊သစ်တောတစ်ခုလုံး
အဝါရောင်မှပြောင်းလည်းကာ သစ်လွင်စိမ်းလန်းလျှက်
အရာအားလုံး…..”
ဟောင်းရာမှသစ်
ရင့်ရာမှနု
ပမ်းရာမှလန်း
ခပ်ဆန်းဆန်း ဖြစ်ကုန်ကြ၏ ။

ထိုသှု အတွက်ဂုဏ်ပြုတေးတစ်ပုဒ်
လက်တမ်းစပ်ကာ ကိုရွှေဖားတို့ သီဆိုကြသည် ။
ထက်ကောင်းကင်မှလည်း ရံဖန်ရံခါ သူ့ အတွက် ဩဘာပေး၏ ။
ထိုလူစိမ်း၏ ဂုဏ်သီတင်းကြီးမားလှပေစွ ။

သို့သော်
တစ်ချို့သောပန်းပွင့်များနှင့်သစ်ပင်များမှ
ထိုလူ့စကားတီးတိုးကြားရသည်။
ထိုလူစိမ်း……..ပန်းတောသို့ရောက်သည်…

အလှဆုံးဝေပြ၏…….မခူး
အနှိမ့်ချဆုံး…….ကြွေပြ၏…..မကောက်
အစွန်းကုန်ဆွဲဆောင်ကြသော်လည်းရနံ့အားဖြင့်မရနိုင်
ထိုလူအသည်းမာလှပေစွ။
ထိုသူအဘယ်သို့နည်း??????

ပန်းပျိုးသူလည်းမဟုုတ်
ပန်းချိုးသူလည်းမမည်
လင်းလက်ချိုမြိန်သောပန်းအပွင့်ပွင့်တို့သည်လည်း
ထိုလူစိမ်း၏အစိမ်းရောင်အောက်ပျော့ညံ့ကုန်ကြလေတော့သည်။
အစိမ်းရောင်…….
ဆန့်ကျင်ဘက်(၂)ခုကိုပေါင်းစပ်ထား၏။
အဓိပ္ပ္ပါယ်(၂)မျိုးဖေါ်ဆိုနိုင်၏။
ပုံစံ(၂)မျိုးသရုပ်ဖေါ်၏။
ခင်မင်နှစ်လိုစွာပေါင်းသင်းရန်အတွက်လတ်ဆတ်စွာစိမ်း၏။
ရင်ခုန်ခြင်း၊မြတ်နိုးခြင်းနှင့်ချစ်ခြင်းတရားများအတွက်မူရက်စက်စွာစိမ်း၏။
အသည်းနှလုံးကားတစ်စုံတည်းသာဖြစ်သည်။
ထိုသူ….လူစိမ်းဖြစ်သည်။
အသည်းနှလုံးသည်လည်းအစိမ်းရောင်တောက်နေ၏။
အဘယ်ကြောင့်ဆိုသော်လူစိမ်းဖြစ်သောကြောင့်ဖြစ်သည်။
လူစိမ်းတစ်ယောက်၏တန်ဖိုးထားတတ်ခြင်းကို
လူစိမ်းများကသာနားလည်ပေလိမ့်မည်။
လူစိမ်းများ၏ချစ်တတ်ခြင်းကိုလည်းလူစိမ်းများကသာ
သိနိုင်လိမ့်မည်ဖြစ်သည်။
ထိုသူ၏အစိမ်းရောင်ကိုလူတိုင်းမြင်လွယ်ကြ၏…
ထိုအစိမ်းရောင်၏အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့်
ထိုကောင်လေး၏အစိမ်းရောင်နှလုံးသားထဲမှ တန်ဖိုးထားအပ်သောအရာတစ်ခုကို
မူမြင်လွယ်ရန်ခက်ခဲလှပေသည်။
အစိမ်းရောင်နှလုံးသား………….
ချစ်ရသူအတွက်၊မိုးဦးကျသစ်ရွက်များလို့စိမ်းလန်း၏။
ချစ်ပသူများအတွက်မူအစိမ်းရောင်ချယ်သောဆူးခက်သက်သက်မျှသာဖြစ်၍၊
အစိမ်းရောင်ရှိသောအေးစက်မာကျောသည့်တခါးသေတစ်ချပ်နှင့်တူ၏။
ချစ်ရသူအတွက်မီးပွိုင့်မှအချက်ပြမီးအစိမ်းရောင်ကဲ့သို့၊ခွင့်ပြုခြင်းသဘော၊ခွင့်လွွှှတ်ခြင်းသဘောဆောင်၍၊
အခြားသူများအတွက်မူဥပေက္ခာပြုခြင်း၊စိ်မ်းကားခြင်းသဘောဆောင်သောအစိမ်းရောင်ဖြစ်လေသည်။
အမြဲမရပ်မနားသွားနေသောခရီးကြောင့်……..
ပတ်ဝန်းကျင်အသစ်များကြောင့်………………
အယူအဆပိုင်ဆိုင်မှုအသစ်များကြောင့်…………
ထိုကောင်လေးသည်လူစိမ်းအမြဲဖြစ်၍နေပေသည်။
အမြဲတစေလည်းသစ်လွင်လတ်ဆတ်နေမည်ဖြစ်သည်။
သင်တို့သည်လည်းလူစိမ်းများဖြစ်န်ိင်ကြ၏။

အသစ်သစ်သောအချိန်များကြောင့်ဖြစ်သည်
အသစ်သစ်သောနေရာများကြောင့်ဖြစ်သည်
အသစ်သစ်သောခံစားချက်များကြောင့်လည်းဖြစ်ပေလိမ့်မည်။
သင်တို့လည်းအစိမ်းရောင်တောက်နိုင်ကြ၏။
အဓိပ္ပါယ်ကိုမည်သို့ဖွင့်ဆိုပါမည်နည်း?????
ဤအရာကား…………..သင်တို့၏အလိုအတိုင်းသာဖြစ်လေတော့သည်။

……………………………………………
အစိမ်းရောင်ကောင်လေး(သို့)……..နိုင်……….

အရာအားလုံးတိတ်ဆိတ်နေ၏ ။
မျက်လုံးများဖွင့်လိုထားသော်

လည်း အမြင်အာရုံတွင် ဘာမှမထင်ဟပ်ခဲ့
ခြေလှမ်းများ၏ဦးတည်ရာအတိုင်း
စီးမြောရင်းစိတ်၏ခေါ်ဆောင်ရာသို့လိုက်ပါခဲ့မိ၏ ။

ကောင်လေး….နေကောင်းရဲ့လား…………

ကြင်နာစွာဖြင့်နှုတ်ဆက်သော ..သူ့အသံကြောင့်ပတ်ဝန်းကျင်ကိုသတိပြုမိလိုက်သည် ။
ငယ်စဉ်ကတည်းက….အကြိမ်ကြိမ် ရောက်ခဲ့ဘူးသောအရပ် …….
မရောက်တာကြာပေမယ့်
ယခုတိုင်မပြောင်းလဲသောနွေးထွေးမှုများဖြင့် နှုတ်ဆက်လာသူ ……..

ဟုတ်ကဲ့ ကောင်းပါတယ်ခင်ဗျာ…………..

ကျွန်တော်စိတ်ညစ်သောအချိန်တိုင်း ဒီနေရာလေးကို ရောက်ဖြစ်ခဲ့၏ ။
အထီးကျန်ဆန်သည်ဟု ခံစားရတိုင်း ရောက်ဖြစ်ခဲ့၏။
တစ်ချိန်က..ဒီနေရာလေးမှာ
ကျွန်တာ်ခံစားရသမျှကိုသူ့ကိုပြောပြနေခဲ့ဘူးသည်။

ကျွန်တော်ပြောသမျှကိုပြုံးပြီးနားထောင်ပေးတတ်သူ ။
ကောင်းသည်ဆိုးသည် မဝေဖန်တတ် ၊စကားနည်းသူတစ်ယောက်ဖြစ်ခဲ့သည်။
အကောင်းဆုံးနားထောင်ပေးခဲ့သူတစ်ယောက်ဖြစ်ခဲ့သည်။
နှစ်အတန်ကြာမှ….. စကားသံအချို့ကို သူ့ထံမှ ကြားခဲ့ရသည်။

သူပြောသောစကားကို နားဖြင့်မကြား နိင် …
အသည်းနှလုံး သက်သက်ဖြင့်သာ နားဆင်နိင်သည်။
သူသည်သဘာဝတရားနှင့်အညီ  အသက်ရှင်နေထိုင်တတ်သူ
…သူနှင့်ခင်မင်ခွင့်ရပြီးမှသဘာဝတရားကို ပိုပြီးအလေးအနက်ထားမိခဲ့၏ ။
ပိုပြီး နှစ်သက်မြတ်နိူးတတ်လာခဲ့သည်။

ကျွန်တော်ဖြတ်သန်းကြီးပြင်းခဲ့ရသော ဘဝထိုထိုကား ၂၄ နှစ်ဟူသော အချိန်ကာလ နှင့်မမျှအောင် ပင်ပန်းခဲ့၏ ။
ရှုပ်ထွေးခဲ့၏ ။
ဒီအတောအတွင်း သူ့ကိုမေ့ထားခဲ့မိ၏။
ယခုရောက်လာခဲ့ခြင်းမှာလည်းဘာကြောင့်မှန်းမသိပေမယ့် မသိစိတ်ထဲမှာ တစ်ခုခုဖြစ်နေခဲ့ခြင်း
ကြောင့်ဖြစ်မည်။
ကျွန်တော်က မေ့ထားခဲ့သော်လည်းသူကမူ မြင်မြင်ချင်းနှုတ်ဆက် ခဲ့သည်။
သူ၏နွေးထွေးမှုကြောင့်လည်း ကျွန်တော်စိတ်သက်သာရာရခဲ့၏။

သူကား…………

မိတ်ဆွေကောင်း  ပီသသူ
ကိုယ့်ကိုယ်ကိုရှက်မိသည်။

XDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXD

ကြယ်ကလေးများ၏တေးသံကိုနားဆင်
ညအခါမှသာ တိတ်တိတ်လေးထုတ်လွှင့်တတ်သောပန်းတစ်ချို့၏
ရနံ့တို့ကိုစားသုံးရင်း မြက်ခင်းပေါ်လှဲအိပ်မိသည် ။
သဘာဝ၏အရသာကိုအပြည့်အဝခံစားရင်း
သူနှင့်စကားတွေအများကြီးပြောနေခဲ့မိသည်။

ကမာ္ဘကြီးပူနွေးလာမှုလည်းပါ၏၊ဘေဂျင်းအိုလံပစ်အကြောင်းလည်းပါ၏ ။
အထူးသဖြင့် သူမအကြောင်းကိုပိုပြီးပြောဖြစ်ခဲ့မိသည်။
ကျွန်တော့ခံစားမှုများကို လစ်လျှုရှုခဲ့ပြီး အရာရာတိ်ုင်းသူမစိတ်ကြိုက်ဖြစ်စေခဲ့ကြောင်း ၊
ဘယ်လောက်ချစ်မိကြောင်း ၊
မည်မျှမြတ်နိုးကြောင်း ၊
သူမကိုပြောပြချင်ခဲ့သော်လည်းမပြောပြဖြစ်ခဲ့သောစကားအခွန်းတိုင်းကို
ရင်ဖွင့်ပြောပြနေခဲ့မိသည်။

သူ ……ကျွန်တာ်မျက်နှာကိုစေ့စေ့ကြည့်ပြီးနားထောင်နေခဲ့သည်။
ဘာမှမပြောခဲ့…………

မည်မျှပြောနေခဲ့မိမှန်းမသိ………….
ကျွန်တော့်စကားများဆုံးသောအခါမှ
သူ……တစ်ခွန်း ချင်း ပြောလိုက်သည်…..

ကောင်လေး…မင်း..အသည်းကွဲနေပြီ…….

အထိတ်တလန့်ဖြင့် ကျွန်တာ့်ရင်ဘက်ကို ငုံ့ကြည့်လိုက်မိသည်။
ကျွန်တော့အသည်းနှလုံး နေရာမှာဘာမှမရှိ ဟာလာဟင်းလင်းဖြစ်သလိုခံစားရသည်။
အရာရာတိုင်း ခံစားချက်မဲ့သလိုခံစားရ၏။

သူသည် လူတွေအကြောင်းကိုကျွန်တော့်ထက်ပိုသိသူ
အတွေ့ အကြုံရင့်ကျက်သူ….
ကိုယ့်ကိုယ်ကို ညာလို့ရသော်လည်း သူကိုညာလို့မရခဲ့……….

XDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXD

နွေခေါင်ခေါင်ကြီး ရုတ်တရက်….မိုးရွာချလိုက်တာ…..
ဖားတွေတောင်အော်ဖို့မေ့နေခဲ့တယ်လေ…..

ကောင်းကင်ကတစ်ပျော်တပါးခုန်ဆင်းလာကြတဲ့ မိုးစက်တွေက
အဖေါ်အပေါင်းအပြည့်နဲ့ ကျွန်တော့်ကိုလှောင်ပြောင်နေကြသလို….
အရာရာဟာစိုစွတ်လာခဲ့ပေမယ့် ကျွန်တော့်ရင်ဘက်ထဲမှာတော့ ခြောက်သွေ့နေခဲ့တဲ့ ညတစ်ညပေါ့ ။

XDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXD

ကောင်လေး……………

ခေါ်သံကြောင့် သူ့ကိုမော့ကြည့်မိသည် ….
ကြင်နာလှစွာဖြင့်ကျွန်တော့်ကိုပြုံးပြီးကြည့်နေသော
ရင့်ကျက်လှသော သူ၏ဟန်ပန်တို့ကိုမြင်လိုက်ရသည်…
တဖန်  သူသည် အကြည့်ကိုတစ်နေရာသို့လွှဲလိုက်ပြန်သည် ။

ထိုနေရာသို့ကျွန်တော့် ကိုကြည့်စေချင်ကြောင်းမပြောပေမယ့် နားလည်လိုက်၏်….

ရေကန်ကြီးတစ်ခုပါ…..
အိပ်ပျော်နေသောကြာပန်းများဖြင့်ပြည့်နေသောကန်လည်းဖြစ်၏ ။
ညအချိန်တွင်အိပ်လေ့ရှိကြပြီး
နံနက်ခင်းရောက်မှအပြိုင်အဆိုင်ဖူးပွင့်တတ်သောသဘာဝကို
ငယ်စဉ်ကတည်းကသိပြီးဖြစ်သည်။
သူတို့အိပ်ရေးပျက်မည်စိုးသောကြောင့် နှုတ်မဆက်တော့ပါ ။
သေချာစွာစူးစိုက်ကြည့်မိတော့သည်။

တခဏအတွင်း
ရေကန်ထဲတွင်မိုးရေတို့က
လောဘတကြီးနေရာယူလာကြတော့သည်။

မိုးကား  မိုးပြေး… သို့သော်..သည်းလှ၏…

XDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXD

မိုးတိတ်သွားပြီ….

ကြာပန်းတို့သည်
နောက်ထပ်မြင့်တက်လာသောရေမျက်နှာပြင်အထက်သို့ ရောက်ရန်မိမိတို့၏ရိုးတံတို့ကို ရှည်ထွက်လာစေရန်အားထုတ်ရပေတော့မည်။
မကြာခင်အာရုံတက်ပေတော့မည် ….

မိမိတို့၏ရိုးတံကိုရှည်ထွက်ရန် အားမထုတ်နိင်သောကြာပန်းတို့သည်. နောက်ထပ်ဖူးပွင့်ခွင့်ကိုရ
နိင်တော့မည်မဟုတ်တော့ပေ ။
ရေထဲတွင်ကျန်ခဲ့လျှင် ငါး ၊ လိပ် တို့၏အစာဖြစ်သွားနိင်သည်။
ကျွန်တော့၏ ဘဝသည် ကြာပန်းတစ်ပွင့်ဖြစ်ခဲ့လျှင် ယခုခံစားနေရသော ခံစားချက်များ၊ အခက်အခဲများ၊ အချစ်၊အလွမ်းများ သည် ၊ မိုးရေစက်တို့ဖြစ်ပေလိမ့်မည် ။

ဘဝကို ဘယ်လိုဖြစ်စေချင်ပါသလဲ ?
ရေပေါ်မှာပွင့်မလား ?
ရေအောက်မှာ ကျန်ခဲ့မလား ?

ကျွန်တော် အံ့ဩထိတ်လန့်စွာ ၊ကျေးဇူးတင်စွာဖြင့် သူ့ကိုမော့ကြည့်လိုက် မိသည်….
( သူကား…………
ဘာမှမပြော….….. ထုံးစံအတိုင်း မိန့်မိန့် ကြီး  ပြုံးလျှက်နေ ၏ )

XDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXD

ကသုက်ကရက်နှင့်ထပြန်သော ညဉ့်ငှက်တစ်ကောင် ၏ပြာယီးပြာယာနိ်င်မှု နှင့်အတူ ကျွန်တော်
ကြားလိုက်ရသည်ကား လူသံတစ်ချို့ ….
အိမ်မှလူများ ကျွန်တော့ကို လိုက်ရှာနေကြပေပြီ ။

မိုးရေများစိုရွှဲနေသော်လည်း ကျွန်တော်မချမ်းတော့ပါ …
မေ့လို့မရနိင်လောက်အောင်သိပ်ချစ်နေခဲ့သော်လည်း
သူမကို …..အဆိပ်သင့်အောင် မလွမ်းတော့ပါ ။

အရုဏ်သစ် နေမင်းကြီး အားကြိုဆိုရန် .ကြာဖြူတစ်ပွင့်လိုလွတ်လပ်စွာ ဖူးပွင့်မည်။
မျှော်လင့်ခြင်း ၊ တမ်းမက်ခြင်းကင်းစွာဖြင့် လွတ်လပ်စွာချစ်သွားမည်။
ပေါင်းဆည်းခွင့်ရှိရင်တော့ပေါင်းကြရမှာပေါ့
ကျွန်တော် အရှုံးပေးခဲ့ခြင်းမဟုတ်
ချစ်တတ်သွားခြင်းသာဖြစ်သည်၊
သဘာဝတရားကိုနားလည်သွားခြင်းသာဖြစ်သည်။
ဘဝဆိုတာက….အချစ်တစ်ခုတည်းမှမဟုတ်တာ
ရည်မှန်းချက်တွေ ၊အိမ်မက်တွေအတွက် အသက်ရှင်ကြရမှာပါ..
ကိုယ့်အတွေးနှင့်ကို်ယ် ကျေနပ်စွာပြုံးရင်း …………….

XDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXD

ပြန်တော့မယ်နော်………………..
သူကား….ဘာမှပြန်မပြော….သူ၏ခန္ဓာကိုယ်မှ လွယ်ပိုးထားသော…
ခရေပန်းတချို့ကိုကျွန်တော့်အတွက်  ချွေချရင်း…..နှုတ်ဆက်လိုက်ပါသည်
ရေလိုအေးလို့ ပန်းလိုချမ်းမြေ့နိ်င်ပါစေ…..

XDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXD

ကျွန်တော် ချစ်တဲ့ခရေပင်ကြီးနဲ့ ကျွန်တော်မြတ်နိုးတဲ့ ကြာပန်းလေးတွေအကြောင်း၊ ကျွန်တော်သိပ်ချစ်သော ချစ်သူတစ်ယောက်အကြောင်း ကျွန်တော်ဘဝရဲ့ တစ်စိတ်တစ်ပိုင်း ကိုသရုပ်ဖေါ်ထားတာဖြစ်ပါတယ်။