မှတ်စိမ့်သောငှာ..သုဇနက..တင်ပြအပ်ပါ၏
သုဇနကဏ္ဏ
(၁)သူတော်မြတ်မှပေါင်းဖက်ကြ၊မိတ္တပြုကြရာ
သူတော်တရားသိသူများ၊မြတ်ထားမယုတ်မာ။
(၂)သူယုတ်မာလျဉ်းပေါင်းဖက်ခြင်း၊ဝေးကင်းရှောင်ကြဉ်လော့
ပေါင်းဖက်အပ်မှန်သူမြတ်ထံ၊နာခံဆည်းကပ်လော့၊
နေ့ညဉ့်ပတ်လုံးကုသိုလ်ထုံး၊နှလုံးမူပြုလော့
သင်္ခါရပေါင်းမမြဲကြောင်း၊မစောင်းအောင့်မေ့လော့။
(၃)ရေသဖန်းမှည့်အပကြည့်၊ဆင်းပြည့်လွန်နီမြန်း
အတွင်း၌မူပိုးလောက်ထူ၊မြင်သူကြောက်ခမန်း
သူယုတ်နှလုံးဤတူနှုန်း၊ဖြစ်ထုံးနည်းမှီငြမ်း။
(၄)ပိန္နဲမှည်ရော်ပြင်ပနော်၊ဆူးသော်ထင်စေမူ
အတွင်းဝယ်မှာချိုမြိန်စွာ၊ရသာပြည့်စုံဟူ
သူတော်နှလုံးဤတူနှုန်း၊နည်းထုံးမခြားဟူ။
(၅)စန္ဒကူသစ်ခြောက်သွေ့လစ်၊ရင်းဖြစ်နံမစွန့်
စစ်မြေရောက်ဆင်လူ့မှောက်တွင်၊နှိပ်အင်မှန်မစွန့်
စက်ယန္တရားရောက်သော်ငြား၊ချိုအားကြံမစွန့်
သူတော်ကဝိဆင်းရဲဘိ၊မိမိကျင့်မစွန့်။
(၆)ခြင်္သေ့ဟူပေမွတ်သိပ်စေ၊ပဏ္ဏေမြက်မစား
ကြုံလှီကာမူမစားဟူ၊နည်းတူဆင်အသား
မျိုးနွယ်စောင့်တတ်အမျိုးဇာတ်၊မြင့်မြတ်သူမှာကား
မိမိဆင်းရဲရောက်သော်လည်း၊ကြဉ်မြဲမှုယုတ်များ။
(၇)လောကတွင်ဦးစန္ဒကူး၊အထူးဧကြည်မြ
ထို့ထက်တဖုံငွေလယုန်၊အပုံချမ်းမြေ့လှ
သူတော်နှုတ်မြွက်စကားထွက်၊ထို့ထက်သီတလ။
ဆက်လက်ဖေါ်ပြပါမည်။