ရတနာ….
ရတနာဆိုတာ ပါဠိစကားလုံးပါ။ အဓိပ္ပါယ်ကတော့ နှစ်သက်ကြည်နူးမှုကို ဖြစ်စေတဲ့အရာလို. ဆိုလိုတာပါ။ ဒါကြောင့် လူတွေ လိုချင်တက်မက်တဲ့ ရွှေ၊ ငွေ၊ ကျောက်မျက်ကို ရတနာလို့ ခေါ်တာပါ။ အဲဒီလိုပဲ သားသမီးတွေကိုလည်း သားသမီးရတနာလို. တင်စားခေါ်ဝေါ်ကြပါတယ်။
“သမီး အိပ်ပျော်နေပြီလား” ဆရာမရဲ့ မေးသံကြောင့် မိမိ အိပ်မပျော်ကြောင်း မိမိလက်ကို အားပေးဖို့ ကိုင်ထားတဲ့ ဆရာမလက်ကိုပဲ တင်းနေအောင် ဆုပ်ပြလိုက်ပါတယ်။ ဆရာမက မျက်နှာပေါ် အုပ်ထားတဲ့ အဝတ်အစိမ်းကို လှပ်ပေးပြီး “သမီး ကြည့်ပါဦး” တဲ့။ ဆရာမလက်ထဲမှာ အနှီးဖြူဖြူလေးနဲ့ ထွေးထားတဲ့ နီတာရဲရဲ ကလေးလေး။ “အိုး…ကျွန်မရဲ့ သားလေး” ။ “ကလေးက ရပေါင်နဲ့ ၆အောင်စ ၊ မနက် ၁ဝနာရီ ရ မိနစ်မှာ မွေးတာ ၊ ယောက်ကျားလေး၊ အင်္ဂါစုံတယ်” ဆရာမက တရစပ်ပြောပြီး သားလေးကို ကြည့်လို့ မဝခင် အပြင်ကို ခေါ်ထုတ်သွားပါတယ်။ အပြင်မှာ စိုးရိမ်တကြီး စောင့်နေရှာတဲ့ ကို၊ ကို့အမေ ပြီးတော့ ကျွန်မအမေ ဆီကိုလေ။
“သားလေးကျွန်မသားလေး၊ ကျွန်မလောကကြီးထဲကို ရောက်ခဲ့တယ်ဆိုတာ သက်သေခံမဲ့ ကျွန်မရဲ့ သက်သေခံလေး”လို့ ရေရွတ်ရင်းနဲ့ သားလေး လောကထဲ မရောက်ခင်က အဖြစ်အပျက်တွေဟာ သူ့ထက်ငါ အလုအယက် အတွေးထဲကို ပြေးဝင်လာပါတယ်။
“မဟုတ်ဘူး ..ကို တခုခုတော့ တခုခုပဲ” ကျွန်မစိတ်တိုတိုနဲ့ ပြောတော. “ခက်နေပါပြီ ခင်ရယ်” လို့ ကို က ဂရုဏာစွက်တဲ့ အသံနဲ့ ပြောပါတယ်။ သားသမီး လိုချင်လွန်းတဲ့ကျွန်မ အိမ်ထောင်သက် တနှစ်ကျော်ထိ ကလေးမရလို့ အလိုမကျ ဖြစ်နေရတာပါ။ “တချို့တွေများ မကျွေးနိုင်လို့ ၊ မလိုချင်လို့ တားနေရင်းနဲ့ လာနေလို့ ဖျက်ရတယ် ဖျက်လို့ သေတာတွေလည်း ကြားရတယ် ။ ခင်တို့မှာ ကျွေးလည်း ကျွေးနိုင်တယ်။ ဆင်လည်းဆင်နိုင်တယ် ။ဒါကို ဒီကလေးတွေ တယောက်တောင် ဘာလို့ မလာရတာလဲ။” တဖျစ်တောက်တောက် ပြောနေတဲ့ ကျွန်မကို ကိုက မချိသွားဖျဲ ရီပြနေပါတယ်။ ကျွန်မတို့ နှစ်ယောက် ချစ်သူဖြစ်ပြီး အတော်ကြာမှ လက်ထပ်ဖြစ်တာပါ။ လူ့လောကထဲကို ဘာမှမသိပဲ ရောက်လာမဲ့ ကလေးလေးကို ပြည့်ပြည့်စုံစုံ ဖြစ်စေချင်တာမို့ နှစ်ယောက်သား အတော်ပြည့်စုံမှ လက်ထပ်ဖြစ်တာပါ။ ဒါပေမဲ့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်လှပါဘူး ဘာအတားအဆီးမှ မပြုလုပ်ထားပါပဲ တနှစ်ကျော်တဲ့အထိ သားသမီးမရတဲ့အတွက် ဘာကို ဒေါသဖြစ်မှန်းမသိ ဖြစ်နေတာပါ။ အများအကြံပေးလို့ ဘုရားမှာ သားဆုပန်ဆိုလည်း ရောက်တယ်။ ကုလားဘုရားမှာ တောင်းရတယ်ပြောလည်း တောင်းတယ်။ ကျန်းမာရေး ရှု.ထောင့်ကလည်း လိုအပ်တာတွေ အစုံပါပဲ။ လိုချင်လွန်းလို့ မရတာများလား လို့ဆိုပြီး စိတ်ဖြေပါတယ်။ လမ်းသွားရင် အမွှာကလေးလေးတွေ တွေ့ရင် “ကို..ရယ် သူတို့များ ကံကောင်းလိုက်တာ နှစ်ယောက်တောင်နော်။ ခင့်မှာတော့ တယောက်တောင် ဘယ်ဆီနေမှန်း မသိဘူးလို့ ” မျက်ရည်တဝဲဝဲ ပြောရင် ကို..က ကျွန်မကို သနားမဆုံးပါဘူး။ “ခင်ရယ် ကလေးမရှိတော့ ကို တို့ ပိုလွတ်လပ်တာပေါ့” လို့ ပြောတဲ့ သူ့နှစ်သိမ့်အသံဟာ အသက်မပါမှန်း နှစ်ယောက်လုံး ရင်ထဲက သိနေတယ်လေ။ သူ့ မိသားစုမှာ သူတယောက်ပဲ အိမ်ထောင်ကျသလို ကျွန်မဘက်မှာလည်း ကျွန်မက တစ်ဦးတည်းသော အိမ်ထောင်ကျသူမို့ နှစ်ဖက်စလုံး ကလေးလေး တယောက်ရရင်ဖြင့် ဆိုပြီး ရူးသွပ်နေကြတာပါ။ ကျွန်မ အိမ်မရောက်တာ ကြာလို့ ကို့ ကိုယ် စုံစမ်းခိုင်းရင်ဖြင့် ကျွန်မညီမလေးတွေမှာ ခယ်အိုကို မရှက်နိုင်တော့ဘူး။ “မမမှာ အခုထိ ကိုယ်ဝန်မရှိသေးဘူးလားလို့ ” ဝိုင်းမေးကြတယ်တဲ့လေ။ ယောင်းမတွေကလည်း နင်တို့ကလည်း ကလေးလေး တယောက်တောင် အဖြစ်ရှိအောင် မမွေးနိုင်ကြဘူးလို့ စတတ်တယ်။ အဲဒီလို ကလေးရူးသွပ်နေသူတွေဆီ ကလေးလေးက ဘာလို့မလာတာလဲလို့ စဉ်းစားရင်း အိပ်ရေးပျက်ရပေါင်း များလှပါပြီ မိန်းမတို့ သဘာဝ ရက်ကျော်ရင်ဖြင့် ရင်တထိတ်ထိတ်နဲ့ ရှိများရှိပြီလားပေါ့။ မဟုတ်ဘူးလို့ သိလိုက်ရရင်ဖြင့် လူဟာ မျှော်လင့်ချက်မဲ့သလို ခံစားရပါတယ်။ အဲဒီလို ပင်ပင်ပန်းပန်း ဖြတ်သန်းလာရပြီး တနှစ်ခွဲလောက်ရှိတော့ သားလေးကို ကိုယ်ဝန်စလွယ်ရပါပြီ။ ကိုယ်ဝန်ရှိနေပြီလို့ သိတဲ့နေ့က ဝမ်းသာလွန်းလို့ တနေကုန် ထမင်းကို မဆာပါဘူး။ ကိုယ်ဝန်ဆောင်နဲ့ ပတ်သက်တဲ့ စာအုပ်လည်း ဖတ်လွန်းလို့ ကြေနေပြီး အလွတ်တောင်ရသလို ဖြစ်နေပါပြီ။ ၃လ ကျော်တော့ ဘာမှစားလို့မရတော့ပဲ ဟင်းအနံရတာနဲ့ အန်လို့မဆုံးပါဘူး။ လူလည်းဖြူဖျော.ပြီး အမြဲမောနေလို့ အိပ်ရာမှာပဲ ခွေနေရတာပါ။ အိပ်ရာမှာခွေနေရင်း စဉ်းစားမိတယ် အမေ တယောက်ရဲ့ ဘဝဟာ တကယ်ကို မလွယ်ပါလားလို့။ အထိုင်အထလည်း သတိထား၊ ပူလွန်း၊ အေးလွန်းတာများ စားရင် ကလေးက ဆတ်ဆတ်တုန်အောင်ခံရတယ်ပြောလို့ အမြဲသတိနဲ့ ဆင်ခြင်နေရတယ်။ အရင်က အမေ့ ကျေးဇူးလို့ ငါသိတာတွေ ဟာ အပေါ်ယံရှပ်ရှပ်ပါလားလို့ တစိမ့်စိမ့်တွေးပြီး အမေ့ကို ပိုချစ်လာပါတယ်။ အရင်က အမေ့ကျေးဇူးကို ငါသိတာ တပြားဖိုးလောက် ဒါကိုငါက တကျပ်ဖိုးလောက် သိတယ် ထင်နေပါလားလို့ တရိပ်ရိပ်တွေးမိပါတယ်။ လရင့်လာတာနဲ့အမျှ ဒုက္ခတွေက ပိုကြီးလာတာပါ။ ကလေးနဲ့ ရေမွှာရည် အလေးချိန်ကိုပါ လှုပ်ရှားတိုင်း အပိုသယ်ရလို့ အလွန်ပင်ပန်းပါတယ်။ ကိုယ်လေးလက်ဝန်ဆိုတာ ဒါကိုခေါ်တာ နေမှာလို့ တချက်တချက် အတွေးပေါက်မိပါတယ်။ အထိုင်အထလည်း လေးလံတာမို့ အနားက တခုခုကို အားပြုပြီး ထရ ထိုင်ရပါတယ်။ တရက်တော့ သူငယ်ချင်းတယောက် သတင်းမေးလာပါတယ်။ ကျွန်မကို ကြည့်ပြီး “ခင်ရယ် နင့်ကြည့်ရတာ မသက်သာလိုက်တာ” တဲ့။ ဘေးကခုံကို လက်နဲ့ အားယူပြီး မတ်တပ်ထရပ်တာကို ကြည့်ပြီးပြောတာပါ။ “အမေတွေ ကလေးတယောက် လူ့ လောကထဲ ရောက်ဖို့ ဘယ်လောက်ပင်ပန်းလည်း နင်မြင်ပြီ မဟုတ်လား အမေကို ဒုက္ခပေးဖို့ မစဉ်းစားနဲ့တော့” လို့ ကျွန်မက ပြောတော့ သူလည်း အေးပါဟာလို့ ပြန်ပြောပြီး ရီနေပါတယ်။
ဆက်ရန်…..
7 comments
ဆူး
May 8, 2011 at 4:02 pm
ဆက်ရန်…… ရေးလာမှာကို စောင့်နေမယ်နော်။
maythakhin
May 8, 2011 at 4:43 pm
ဆက်ရန်…….ဆိုတာကိုစောင့်ဖတ်နေမယ်နော်။
bigcat
May 9, 2011 at 2:54 am
သဂျီးက ဖတ်ပြီး မျက်နှာကြီး မဲ့နေတယ်။ ကိုယ်ဝန်ဆောင်လို့ ပင်ပန်းရင် ဖန်ပြွန်သန္ဓေသား မွေးလိုက်ပေါ့တဲ့။ တော်တော်ဆိုးတဲ့ ရုပ်ဝါဒီသဂျီး………
nozomi
May 9, 2011 at 12:04 pm
ကိုကြောင် ဖန်ပြွန်သန္ဓေသားလဲ သဘာဝနည်းအတိုင်း မဟုတ်တာက လွဲလို့ မိခင်က ကိုယ်ဝန်ဆောင်ရတာပဲ မဟုတ်လား
mihninlay
May 9, 2011 at 3:08 am
ဖတ်ဖို ့စောင့်နေမယ်နော်
kopauk mandalay
May 9, 2011 at 11:52 am
ယောက်ျားတွေက ကိုယ့်မိန်းမကို သနားလို့ဆိုပြီး ဝင်ကူလို့မရတာထဲမှာ ဒါလဲပါတယ်နော်။
whowho
December 23, 2011 at 5:42 pm
အားပေးသွားတယ်နော်။