ရတနာ…(၂)
ဒါတင်ဘယ်ကဦးမလဲ ညဘက်အိပ်ပျော်နေလို့ မတော်တဆ သူ့ဖိမိပြီဆို ကိုယ်တော်က အထဲကလက်သီးစွမ်း၊ ခြေသိုင်းစွမ်းတွေ ပြတာမို့ လန့်နိုးရတာ အကြိမ်ကြိမ်မို့လို့ သတိထားအိပ်ရပြန်ပါတယ်။ ၉လကျော်ထိ နေ့စဉ်စောင်းလျှက် ကသိကအောက် အိပ်ရတာပါ။ ပြီးတော့ လရင့်လာတာနဲ့အမျှ မရိုသေ့စကား အပေါ့ကလည်း မိနစ် ၂ဝလောက်တခါ သွားချင်တာမို့ အိပ်ပျော်မယ်ဖြစ်လိုက် အိမ်သာသွားချင်လိုက်နဲ့မို့ ဘယ်လာနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပါတော့မလဲ။ အမေတွေဘဝ သားသမီးအတွက် အတော်ပေးဆပ်ရတာပါ။ မိမိကိုယ်အပူချိန်၊ သန္ဓေသား ကိုယ်အပူချိန်ရယ်ကြောင့် တခြားသူတွေထက် နှစ်ဆပိုပူတာမို့ နေမထိထိုင်မသာပါ။ ကိုယ်ဝန်ဆောင် အပူချိန် ဘယ်လောက်ပြင်းသလဲဆိုတော့ မြွေကိုက်ရင် ချက်ချင်းမသေပါဘူးတဲ့။ မြွေဆိပ်က အအေးမို့ မိခင်နဲ့ ကလေးရဲ့ အပူချိန်နှစ်ဆကြောင့် ချက်ချင်း အစွမ်းမပြပါဘူး။ ဒါပေမဲ့ ကလေးက မိခင် ဝမ်းမှ ကျွတ်လျှင်ကျွတ်ခြင်း အပူချိန်လျှော့တာနဲ့ မြွေဆိပ်တက်တာမို့ ကလေးမွေးပြီးပြီးခြင်း မြွေဆိပ်ဖြေဆေးကို သတိတရ ထိုးမှ မိခင်အသက်ချမ်းသာရာရမှာပါ။ အဲ့ဒီလောက်ထိ အပူချိန်ပြင်းတာပါ။ နောက်တခု ညနေဘက် ရေချိုးရင် ရေပေါင်တတ်တယ်ပြောတာမို့ (မှန်ချင်မှလည်းမှန်မှာပါ ) ခဏခဏ မချိုးရတာ ပိုအခက်တွေ့စေပါတယ်။ ကလေးလေး အင်္ဂါစုံအောင်၊ ဉာဏ်ရည်ထက်အောင် သောက်လိုက်ရတဲ့ဆေး ပဲလှော်ဝါးရသလိုပါပဲ။ အဆင်ပြေပြေ အန္တာရယ် ကင်းကင်းမွေးနိုင်အောင် ရွတ်လိုက်ရတဲ့ ဘုရားစာ စုံနေတာပါ။
ကလေးလေး လောကထဲ ရောက်ဖို့ရက် နီးလာလေ ရင်ခုန်လေပါပဲ။ အနှီးမှအစ လိုအပ်တာတွေ ဝယ်စုရင်း လူသေးသေးလေးကို မြင်ယောင်ပြီးပျော်ရတာ ဘာအပျော်နဲ့မှ မတူပါဘူး။ အမေ့မေတ္တာတွေပါ။ ကိုယ်တိုင်ကြုံတွေ့ ခံစားရတိုင်း အမေလည်းဒီလိုခံစားရမှာပဲလို့ တွေးမိပြီး အမေ့ကို အမြဲပြေးမြင်မိပြီး ပိုချစ်ပိုအားကိုး တဲ့စိတ်တွေ တဖွားဖွားပေါ်လာပါတယ်။ ကလေးလေးတယောက် လောကထဲရောက်ဖို့ အမေတွေ ဘယ်လောက်ပင်ပန်းလဲဆိုတာ လက်တွေ့ သိလာရလို့ ရင်ထဲမှာ နင့်နင့်နဲနဲကို ပိုချစ် ပိုမြတ်နိုးလာပါတယ်။ ငါ့ ကိုယ် ဒီအရွယ်ထိ ကျွေးမွေးပြုစု လာတာ ဘယ်လောက်ပင်ပန်း လိုက်မလဲလို့ ကိုယ်ခြင်းစာမိပါတယ်။
ဒီလို့နဲ့ သားလေး လူ့လောကထဲ ရောက်မဲ့နေ့ ရောက်လာပါတော.တယ်။ မနက်ကတည်း တအိမ်လုံး ကျွန်မ ဆေးရုံသွားဖို့ စိတ်စောနေကြပါတယ်။ ဆေးရုံဆိုတာ မသွားချင် မလာချင်တဲ့နေရာလို့ ဆိုပေမဲ့ သားသမီးမျက်နှာမြင်တာ အတွက်တော့ မင်္ဂလာပါ။ ဆေးရုံရောက်တော့ လိုအပ်တာတွေ စစ်ဆေးပြီး ကျွန်မနေရမဲ့ အခန်းမှာ နားနေရပါတယ်။ ကျွန်မက အသက်လည်း မငယ်တော့တာမို့ ဗိုက်ခွဲပြီး မွေးရမှာပါ။ နောက်နေ့မနက်မှာ ခွဲခန်းဝင်ဖို့ ၉နာရီလောက်မှာ လာခေါ်ပါတယ်။ ကျွန်မအတွက် စိတ်ပူနေတာမို့ ကလေးလေး လောကထဲဝင်လာမှာကို အပြည့်အဝ မပျော်နိုင်ကြပါဘူး။ ခွဲစိတ်ရင်း ကတိမ်းကပါးဖြစ်ရင် အသက်ပေးရမှာလေ။ အမေဆိုတာ သားသမီးတွေကို မိမိအသက်နှင့် အရင်းတည်ပြီး လောကထဲ အရောက်ခေါ်သူပါ။ ခွဲစိတ်ဖို့ ခါးကိုထုံဆေးထိုးတာ အရမ်းနာတာလို့ ပြောတာကြားဖူးလို့ ခွဲစိတ်ခန်းထဲမှာ အတော်ကိုလန့်နေတာပါ။ ပြီးတော့ ဗိုက်ကိုလည်း ခွဲမှာမို့ သွေးတော့အပျက်သား။ ကိုယ့်သားသမီး အတွက်လေလို့ တွေးပြီးအားတင်းထားရပါတယ်။ ထုံဆေးအစွမ်းမပြသေးပဲ ခွဲများခွဲလိုက်ရင်လို့ မဖြစ်နိုင်မှန်းသိပေမဲ့ ကြံဖန်ပြီး တွေးကြောက်ရတာပါ။ ကျွန်မ ကြောက်နေမှန်း သူ့အတွေ့ အကြုံအရ သိလို့ဖြစ်မယ် ထင်ပါတယ်။ သူနာပြုဆရာမက ခွဲစိတ်ကုတင်ပေါ် တင်လိုက်ပြီးကတည်းက ကျွန်မလက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ပေးထားပါတယ်။ လက်ကို ကိုင်ထားခြင်း ခံရလို့ စိတ်ထဲမှာ ကြောက်စိတ်လျှော့ပြီး အားတော့အရှိသားလေ။ “ အမ မျက်စေ့ပိတ်ထားနော်၊ လှည်းပေါ်ရွှေ့မယ်၊ အမ မူးမှာဆိုးလို့” ဆိုတဲ့ ဆေးရုံဝန်ထမ်းကောင်လေးရဲ့ အသံကြောင့် အတွေးလွန်နေတဲ့ ကျွန်မ လက်ရှိလောကထဲ ပြန်ရောက်လာပါတယ်။ တွန်းလှည်းပေါ်မှာ အိပ်ရင်း အပြင်ထွက်လာတော့ ခွဲခန်းအပြင်မှာ စိုးရိမ်တကြီး စောင့်နေရှာတဲ့ ကို၊ ကို့အမေ နှင့် ကျွန်မအမေ ကို တွေ့ရပါတယ်။ အမေက သူ့မြေးကို လက်မှာပွေ့ထားပြီး သမီးဖြစ်တဲ့ ကျွန်မကို ကြည်ကြည်လင်လင် မြင်ရလို့ အခုမှ စိတ်ချသွားသလို ပြုံးပြီး ကြည့်နေပါတယ်။ အမေ့မျက်နှာမြင်ရတာ အားရှိလိုက်တာလေ။
ကျွန်မ အခန်းထဲရောက်ပြီး ဆီးပိုက်၊ ဒရစ်ပိုက်တွေတန်းလန်းနဲ့ တနေ့လုံး ကုတင်ပေါ်မလှုပ်မရှက်လှဲနေရလို့ ကျောတွေပူတာ မခံစားနိုင်အောင်ပါပဲ။ ည ၁ဝ နာရီကတည်းက ရေမသောက်ရတာမို့ ရေကလည်းငတ်လှပြီလေ။ ညနေ ၄ နာရီမှာမှ ရေကို အစက်ချပေးပါတယ်။ အစားကတော့ မစားရသေးပါဘူး။ အမေတွေရဲ့ သုခလို့ ထင်နေတဲ့ ဒုက္ခတွေပေါ့။ နဲနဲလှုပ်နိုင်လာလို့ အခန်းထဲ ဝေ့ကြည့်လိုက်တော့ ကျွန်မကို စိုးရိမ်ပြီး လှမ်းကြည့်နေတဲ့ အမေ့ကိုတွေ့ရတယ်။ အသက် ၃ဝကျော် ကလေးတယောက်ရနေပြီ ဖြစ်တဲ့ကျွန်မကို အမေကြည့်နေပုံက ပီဘိကလေးလေးကို ကြည့်နေသလိုပါပဲ။ ရင်ဘတ်ခြင်း ထပ်တူကြလာတာမို့ အမေ့သဘောကို ခံစားလာရတာပါ။ ကို ကတော့ ကလေးထည့်ထားတဲ့လှည်း ဘေးမှာရပ်ပြီး အထဲမှာ အိပ်ပျော်နေတဲ့ သားလေးကို ငုံကြည့်နေတာတွေ့ရတယ်။ ပြုံးနေတဲ့ ကို့ မျက်နှာဟာ ကျွန်မတသက် အခုလောက် ကြည်လင်နေတာ မမြင်ဘူးပါဘူး။ ပီတိမျက်နှာ ဆိုတာဖြစ်မှာပါ။ “သားတို့ရုပ်ရည် သီတာမြည်သား ရေကြည်ချမ်းမြ တပေါက်ကလေး ကျရုံမျှနှင့် မိဘတို့ဝမ်း ငြိမ်းစတမ်း” ဆိုတာ တကယ်အမှန်ပါ။ ကြည့်ရှု့လို့ မဝအောင်ပါ။ နောက်နေ့ ကျွန်မ ထိုင်နိုင်တော့ သားကို နို့တိုက်ရမှာမို့ ဆရာမက သင်ပေးပါတယ်။ သားဦးမို့ နို့ကမထွက်တာနဲ့ ဆရာမက ရေခဲအိတ်နဲ့ ခြေတာများ အသည်းခိုက်အောင် နာလှပါတယ်။ “အမလေး ဆရာမရယ် နာလိုက်တာ ဗိုက်ခွဲတာတောင် ဒီလောက်မနာဘူး” လို့ မျက်ရည်သုတ်ရင်းပြောတော့ ဆရာမက “အမေတယောက်ဟာ ကလေးတယောက်အတွက် နာသုံးနာနဲ့ ပြည့်ရမယ်” တဲ့ “ဘယ်လို ဆရာမ” လို့ တအံ့တဩ ကျွန်မက မေးတော့ “ဟုတ်တယ် သမီးရဲ့ (၁) မွေးချင်လို့ ဗိုက်နာတာရယ်၊ (၂) ခွဲမွေးလို့ (သို့) ရိုးရိုးမွေးလို့ နာတာရယ် ၊ (၃) နို့မထွက် လို့ နို့အုံတင်းပြီး နာတာရယ်” တဲ့လေ။ တကယ်ပါ အမေ့ ကျေးဇူး ပြောမကုန်ပါဘူး။ ဆေးရုံကဆင်း အိမ်ရောက်တော့လည်း နားကိုမနားရပါဘူး။ တနေ့လုံး တညလုံး ပေါက်လိုက်တဲ့ ရှုရှုး ၊ ပါလိုက်တဲ့ အီအီး တခါသုံး ဘောင်းဘီဖိုး မတတ်နိုင်တော့လို့ အနှီးသုံးတော့ တရက်တရက် အနှီး ၃ဝလောက်ကို အလျှင်မမှီပါဘူး။ ညဘက် ကိုယ်က အိပ်ပျော်သွားလို့ သူရှုးပေါက်တာ မသိလိုက်လို့ ကြာသွားရင် အအေးမိမှာ စိုးလို့ တညမှ ကောင်းကောင်း မအိပ်ရပါဘူး။ တခါတလေများ လေနာထလို့ ၊ နှာပိတ်လို့ ဆိုရင် တညလုံး ပုခုံးပေါ်တင်ပြီး လမ်းလျှောက်ရပါသေးတယ်။ ကုတင်ပေါ်မှာလည်း သူ့ကိုပွေ့ပြီး ငုတ်တုတ်လည်း အိပ်တတ်လာပါပြီ။ ဘာမှ မပြောတတ် ၊ မဆိုတတ်သေးလို့ အရိပ်တကြည့်ကြည့်နဲ့ နေရပါတယ်။ စူးစူးဝါးဝါး ငိုရင်ဖြင့် ဗိုက်နာသလား၊ ပုရွတ်ဆိတ်ကိုက်သလား၊ နို့ဆာတာလား အဖြေရှာမရရင်ဖြင့် ကျွန်မပါ ရောပြီး ငိုချင်လာတာပါ။ သူ နေမကောင်းဖြစ်ရင်လည်း စိုးရိမ်စိတ်ကြောင့် ကျွန်မမှာ သုံးလေးရက် အိပ်ပျက်ရပါပြီ။ ကို့ကိုယ်တော့ သူ့ခမျာ ရုံးတက်ရမှာလို့ တွေးပြီး မနှိုးရက်လို့ ကိုယ်ပဲ အိပ်ရေးပျက်ရတာပါ။ ထမင်းစားပြန်တော့လည်း ကိုယ်အစားမှားတာနဲ့ ဝမ်းသွားလို့ ငါးကြော်နဲ့ ဟင်းချိုကို တနှစ်လောက် ကန်ထရိုက် ဆွဲထားရပါတယ်။ ဪ.. ငါ့ကိုယ်လည်း ဒီလို အသက် ၃ဝ ကျော်ထိ ပြုစုလာတဲ့အမေ ဘယ်လောက် ပင်ပန်းလိုက်မလဲလို့ တွေးမိပြီး တကယ်ကို ကိုယ်ခြင်းစာတာပါ။ မိဘက ပင်ပင်ပန်းပန်း စောင့်ရှောက်လာတာတောင် “အမေ့ကို ဘယ်သူမွေးခိုင်းလို့လဲ၊ ကိုယ့်ဖာသာ မွေးပြီးတော့ ”လို့ ကျေးဇူးကန်းစကားပြောရင် အမေတွေ ဘယ်လောက်ရင်ကွဲ ရမလဲ။ ဘယ်လိုပုံစံ ၊ဘယ်လိုနည်းနဲ့ မွေးလာပါစေ လူလားမြောက်အောင်တော့ ဒုက္ခခံ ပြုစုလာရတာပါပဲ။ တခါတရံများ ကိုယ်ထမင်းစားနေချိန် သားက အီးအီးပါရင် စားနေတာရပ် လက်ဆေးပြီး သူ့ကိုသန့်ရှင်းပေး ပြီးမှ လက်ပြန်ဆေး ထမင်းဆက်စားပေါ့။ ကို့ သားသမီးမို့ မရွံမိဘူး။ ငါကတော့ ငါ့သားသမီးမို့ ထမင်းစားရင်ကနေ ထပြီး လုပ်ပေးတာ အမေတို့လည်း ငါငယ်ငယ်က ဒီလိုပဲနေမှာ အခုတော့ သားသမီးမို့ မရွံမရှာ လုပ်ပေးပေမဲ့ အမေတို့ အသက်ကြီး အိုမင်းမစွမ်းလို့ အခုလို အီး သေး မနိုင်ရင် ငါထမင်းစားရင်းက ထပြီး လုပ်ပေးနိုင်ပါ့မလား လို့ တွေးမိပါတယ်။ ဒါနဲ့ ကို့ ကိုယ် ပြောပြတော့ “မင်းကလည်း ကပ်သီးကပ်သပ် တွေးတယ်ကွာ” တဲ့။ အတွေးခေါင်တယ်ပဲ ပြောပြော အလေးထားစဉ်းစား ရမဲ့ အချက်ပါ။
သားသမီးကို ရတနာလေးတွေလို့ တင်စားပြီး ချစ်သလို မိဘတွေကို ချစ်နိုင်ပါ့မလား။ ကျွန်မအတွက် သားလေးဟာ မိဘအတွက် တန်ဖိုးရှိတဲ့ ရတနာလေး ဖြစ်စေချင်သလို ကျွန်မ မိဘတွေလည်း ကျွန်မလို ဆန္ဒရှိမှာ မလွဲပါဘူး။ ဒါကြောင့် ကိုယ်တွေ့ ခံစားရလို့ မိဘကျေးဇူးကို အတွင်းကျကျ သိလာလို့ မိဘရဲ့ ခံစားချက်ကို ကိုယ်ခြင်းစာလို့ ကျွန်မလေ ဆုံးဖြတ်ချက်တခု ချမိပါတယ်။ ငါ့သားသမီးအပေါ် မေတ္တာထား ချစ်သလို မိဘကိုလည်း အလေးထား ချစ်မယ်လို့။ မိဘအတွက် ရ..တာနာ သားသမီး မဖြစ်စေပဲ ရတနာလို သားသမီး ဖြစ်စေရမယ်လို့ပါ။ မိဘရှိတဲ့ သားသမီးတိုင်း မိဘ အတွက် ရတနာ အစစ်ဖြစ်ပါစေ။
10 comments
nozomi
May 9, 2011 at 10:57 am
မ မှီ သဘောကျလို့ ကူးထားလိုက်တယ် ကျေးဇူးရှင်လေးတွေ ကိုပြဘို့ ကိုယ်တိုင်ပြောတာက ဒီလောက်ပြည့်စုံမှာ မဟုတ်ဘူး ကလေးတစ်ယောက် ကိုယ်ဝန်ရှိ၊မွေးဖွား၊ပြုစု စောင့်ရှောက်တာမှာ အဖေတွေရဲ့ ကဏ္ဍကလည်း အမေတွေနဲ့ ယှဉ်ရင် စာမဖွဲ့လောက်ပေမဲ့ သေးတော့ မသေးပါဘူး
ကိုယ်တိုင်ကြုံတွေ့လာမှ မိဘကျေးဇူးဘယ်လောက်ကြီးမားတယ် ဆိုတာ သိလာရတယ် ပို ကျေးဇူးဆပ်ချင်လာတယ် ဒါပေမဲ့ တကယ်ယှဉ်လာရင် ကိုယ့်မိဘထက် ကိုယ့်သားသမီးအပေါ်ပိုမိတာပဲ မိဘတွေ ကိုယ့်ကို မွေးဖွား ပြုစု စောင့်ရှောက် ပညာတွေ သင်ကြားပေးခဲ့လို့ ဒီနေ့အခြေအနေဖြစ်လာတာ အဲဒါကြောင့် မွေးနေ့ဆို မွေးနေ့ပွဲလုပ်ဘို့ထက် မိဘကျေးဇူးကို အာရုံပြုကန်တော့ဘို့ ကိုယ်တိုင်ရော သားသမီးတွေရော လုပ်ဖြစ်တယ်
ဒါနဲ့ စကားမစပ် မမှီ သားလေးလဲ တော်တော်ကြီးပြီပေါ့ ဘယ်အရွယ်ရောက်ပြီလဲ မမှီ ရဲ့ မေတ္တာစေတနာ ကြောင့် သူလဲ မမှီတို့အတွက် ရတနာလေးဖြစ်မှာပါ
hmee
May 10, 2011 at 1:20 pm
အမေများနေ့မှာ အမှတ်တရ အမေ့ကျေးဇူး ရေးချင်စိတ်ပေါက်လာလို့ ပို့စ်တင်လိုက်တာ။ စာအရေးကောင်းလို့ ညစာဟင်း မချက်လိုက်နိုင်ဘူး။ ကြက်ဥကြော် စားလိုက်ရတယ်..ဟီးဟီး..။ မှီ့ သားလေးက အခုမှ ၂ နှစ်ကျော်ပဲ ရှိပါသေးတယ်။ စကားက တတ်ကာစမို့ မပီကလာပြောတာလေးကိုပဲ အသည်းစွဲ နေတာ။
ဆူး
May 9, 2011 at 12:29 pm
အလွန်ကောင်းတဲ့ ပိုစ် တခုဖြစ်ပါတယ်။
ရင်တွင်းခံစားချက်တွေနဲ့ သီကုံးရေးထားလို့လား မသိဘူး တော်တော် အနှစ်အရသာ ပါတယ်။
nature
May 9, 2011 at 2:09 pm
ခလေးတွေနို့ဆာချိန်မှာ မိခင်နို့ရည်ဟာအလိုလိုတင်းလာတတ်ပါတယ်၊ မိခင်နဲ့ ခလေးတွေရဲ့ စိတ်ချင်းဆက်သွယ်မှုဖြစ်မယ်ထင်တယ်။
မမလေး
May 9, 2011 at 2:31 pm
မိဘတစ်ယောက်က သားသမီး ဆယ်ယောက်ကို ကျွေးမွေးနိုင်တယ် … သားသမီးဆယ်ယောက်က မိဘကို မကျွေးမွေးနိုင်ဘူးတဲ့ ….
Ko Ko Aung
May 9, 2011 at 3:56 pm
မိဘဆိုတာကတော့ သားသမီးအတွက် ပေးဆပ်ခြင်းနဲ့ချစ်နေကြရတာပါပဲ။
မိခင်တွေကတော့ ဖခင်ထက် ဆယ်ဆလောက် ပိုပေးဆပ်ရပါတယ်။ ဒါက သားကလေး မွေးပြီးတဲ့နောက် ကျွန်တော့ကိုယ်တွေ့ပါပဲ။ ဒါကြောင့်လဲ သားသမီးတွေ နဲ့ပတ်သက်ရင် ကဲတတ် သဲတတ်တဲ့ မိခင်တွေကို နားလည်ပေးမိပါတယ်။ ကျွန်တော့်မိခင် အပါအဝင်ပေါ့။
MaMa
May 10, 2011 at 12:59 am
မှီ့ရဲ့ ပိုစ့်လေးဟာ အမေများနေ့ အမှတ်တရ မှီ့အမေကို ကန်တော့တဲ့ စာစုလေး ဖြစ်သွားတာပေ့ါ သမီးလိမ္မာလေးရေ။
mihninlay
May 10, 2011 at 3:17 am
အမေတွေရဲ ့မေတ္တာကိုပေါ်လွင်အောင်ရေးထားတဲ့အရမ်းကောင်းတဲ့ပို စ့်လေးပါပဲ
weiwei
May 10, 2011 at 6:41 am
ဒီကနေ့မနက် ၆ နာရီခွဲက ကျွန်မ အမတစ်ယောက် သမီးလေးကို ဖွားမြင်ခဲ့ပါတယ် … ညကထဲက သူနဲ့အတူတူဆေးရုံမှာနေပြီး မွေးပြီးတဲ့ဒီမနက်အထိ စောင့်နေရင်း မိခင်ဒုက္ခတွေကို ကိုယ်တွေ့မြင်လိုက်ရသေးတယ် … အသက် ၄၅ နှစ်မှာမှ ကိုယ်ဝန်ဆောင်ပြီး ခက်ခက်ခဲခဲမွေးရတာမြင်ရတော့ မိခင်ရဲ့ဒုက္ခကို စာနာမိမယ် …
maythakhin
May 10, 2011 at 5:18 pm
အမျိုးသမီးတွေဟာ မိခင်လောင်းတွေပါ ။ တစ်ချိန်တုံးက အမေကသမီးဖြစ်ခဲ့သလို ၊ သမီးကလည်း နောင်တချိန်မှာ အမေဖြစ်လာမှာပါ။ အမေ့စေတနာတွေကို သီကုံးထားတဲ့ ဒီစာသားလေးတွေက မိဘကျေးဇူးကို သိသွားတဲ့ သမီးဆိုတာပေါ်လွင်နေပါတယ်။မိဘကျေးဇုူးကို သိတတ်တဲ့ မှီဟာ သားသမီးရတနာအစစ်လေးတွေကို ထာဝရပိုင်ဆိုင်သွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။