ဝိုင်းကာဝန်း ဖြေရှာလို့ရယ် စိတ်ကူးတွေ ဖလှယ်ကြရာဝယ်…
လူသားမိဘနှစ်ဦးမှ လက်နှစ်ဖက်ကြားတွင် ဦးခေါင်းတစ်လုံး၊ အောက်ပိုင်းတွင် ကိုယ်ခန္ဒာကို နှစ်ခြမ်းဖြဲပြီး သွားလာနိုင်စေရန်အတွက် ခြေထောက်နှစ်ချောင်းဖြင့် မွေးဖွားလာခဲ့သူ ဘယ်သူမဆို “လူ” ဟူသည့် မျိုးနွယ်ဝင်တစ်ယောက်အဖြစ် အလိုအလျောက် သတ်မှတ်ခြင်း ခံရပြီးဖြစ်လေ၏။ သို့သော် လူ့ပါတ်ဝန်းကျင်က လက်ခံသည့် လူသားတစ်ယောက် မဟုတ်သေးပါ။
လောကကြီးသို့ အငိုသံဖြင့်စတင်ဝင်ရောက်လာသည့် လူသားတစ်ယောက်အား အဘယ့်အတွက်ကြောင့်များ အသက်စောစီးစွာ ရှူနေကြသည့်သူများမှ ဝမ်းသာအဲလဲ ကြိုဆိုနေကြပါသနည်းဟု ကျွန်တော်အတော်အတန်လေး အသက်အရွယ်ရလာသောအခါ ဘုကျကျ စဉ်းစားဖူးလေ၏။ ဒီလိုဖြစ်မည်ထင်ပါ၏။ သူတို့လိုပဲ လူ့လောကကြီး ဆင်းရဲခြင်းအပေါင်း၊ သုခအပေါင်းတို့ကို မျှဝေခံစားမည့် သတ္တဝါတစ်ကောင် မွေးဖွားလာခြင်းဟု ပျော်ရွှင်နေကြခြင်းဖြစ်မည်ထင်ပါ၏။ ငါ ဟူသော အသိဉာဏ်လေး မရှိသေးခင်အချိန်ထိ ကျွန်တော်သည် ချမ်းသာခြင်းသုခ အပြည့်အဝရှိနေသော ဘာမှန်းမသိသည့် ရုပ်လဲမရှိ၊ နာမ်လဲမရှိသော ဘာဆိုဘာမှ မရှိသော ကျွန်တော်ဖြစ်နေမည်ထင်ပါ၏။ အဆိုတော်တစ်ယောက်၏နာမည်(အငဲ) ကို အာပြဲကြီးဖြင့် အော်ခေါ်ပြီး လူ့လောကအတွင်းရှိ လေကိုရှူ၊ အမေ့နို့မှထွက်သည့် သွေးရည်ကြည်များကို သောက်သုံး၊ ကျေးဇူးတရားများ ကိုယ်ကမလိုချင်ပါပဲ ပြန်ဆပ်မရအောင်တင်၊ မစားလျင်လဲဖြစ်သော မြေကြီးမှဖြစ်သော အစားအစာများကို စားသုံးပြီးသကာလ ကျွန်တော်သည်ကား ဟိုအယူအားဖြင့် အပြစ်သား၊ နောက်တစ်မျိုးအယူအားဖြင့် ကံကိုသာ မိခင်၊ ဖခင်တော်ပြီး ရင်မောခြင်းများစွာ၊ လူ့လောက စည်းမျဉ်းများဖြင့် ချုပ်နှောင်ထားခြင်းခံရသော ပစ္စုပ္ပန် အကျဉ်းသားတစ်ယောက်သာ ဖြစ်လေတော့၏။ (ဒီနေရာတွင် ကျမ်းတတ်အကျော်အမော်များ ဖြစ်ကြသည့် ရှည်လျားထွေပြားသော နာမည်ရှိသူ၊ ဆံပင်ရှည်ကြီးဖားလျားချထားသော ကတုံးဆံပင်နှင့် လူသားများက ကျမ်းကိုင်ပြောမည်ကိုလည်း ကြောက်ရသေး၏) အကြောင်းမရှိပါ။ ထိုသူများ၏ ခနဲ့တဲ့တဲ့ (ဒဲ့ပြောချင်းမဟုတ်သော) စကားသံများကို ဖတ်ရသည်ကလည်း ကျမ်းဂန်အလိုအားဖြင့် မင်္ဂလာတစ်ပါးပေမလား။
လိုရင်းကို ဆက်ပါမည်။ သူကြီးလဲ ဖတ်စေလိုပါသည်။ (စကားချပ်)
ဘဝတွင် ချစ်ကောင်းတစ်ခွက်ကို သောက်သုံးဖူးသူဟူသမျှ မည်သည့်ကော်ဖီမျှ ခါးသည်မထင်ပါ( ဘာမီတွန် အမှုန့်ကြိတ် ဖျော်တိုက်ခံရသော ကောင်မလေးများကိုမဆိုလို)၊ လူယောကျာ်းနှင့် လူမိန်းမမှ မွေးဖွားလာသော ကျွန်တော်သည်ကား လူသား စင်စစ်တစ်ယောက်အဖြစ် သတ်မှတ်ခံသင့်ပေသည်မဟုတ်ပါလား? ခုတော့ ထိုသို့မဟုတ်၊ ထိုလူသားနှင့် ထိုလူမိန်းမတို့မှ အကြောင်းမသင့်သောကြောင့် မပေါင်းဖက်ဖြစ်ကြတော့ပဲ တစ်ကွဲတစ်ပြားစီ တည်ရှိနေကြခြင်းကြောင့် “ငါ” အရင်းစစ်ဖြင့် ချစ်ခင်အပ်သော အနှီမိန်းမသားမှ လက်သင့်မခံနိုင်ခြင်း၊ နေရပ်လိပ်စာ ဖြည့်ရန်မျှပင် မတတ်နိုင်သော “ငါ” ဟူသည့် အတ္တဘောကြီးအား ခင်မင်ရင်းနှီးသူ မရှိခြင်း၊ ရင်နှင့်ရင်းပြီး ချစ်ပါသော်ငြား ကိုရီးယားအလွမ်းဇာတ်ကားများကိုသာ ခံစားတတ်သော မတည်မြဲသည့် နာမဝိသေသနတစ်ခုမှ ခါးခါးသီးသီး ငြင်းဆိုခြင်း ခံရသည့် အသင်လူသားတစ်ယောက်အနေနှင့် ထို ” မောဟ “ကြီးကို ဆက်လက် ဖက်တွယ်ထားသင့်ပါ၏လော?
ကျွန်တော်သည်ကား များမကြာမှီကာလတွင် အဖမြေ( အမိမြေဆိုတာ မုန်းလို့ ) သို့ ခြေအစုံ နင်းရတော့မည် လူသားတစ်ဦး ဖြစ်တော့သည်တကား။ မိမိကိုယ်မိမိ ” လူ ” တစ်ယောက်အဖြစ်နှင့် ပြုမူသင့်သည်လော? တိရစ္ဆာန်တစ်ကောင်ကဲ့သို့ အိပ်၊ စား၊ မေထုန် သာ ပြုကျင့်သင့်သည်လော? ဝိုင်းဝန်း အဖြေညှိပေးကြပါကုန်….
ရှူံးနိမ့်မှုများနဲ့.. လူ
(ခေတ္တလူ့ပြည်)
One comment
photwenty
May 30, 2011 at 3:07 am
လူဆိုရင် တော. လူနဲ.ဆိုင်တဲ.အလုပ်တွေပဲလုပ်ရမှာပဲလေ