အခြေအနေမဲ့ သန်းကြွယ်သူဌေး -အပိုင်း(၁၅)
ဖာသာ တီမိုးသီ နဲ့ကျွန်တော် သွေးသားမတော်စပ်ဘူးဆိုတာရယ် ၊ကျွန်တော့်ကို ဒီကျောင်းထဲမှာ နေခွင့်ပြုတာ
သူ့စေတနာကြောင့်ဆိုတာကျွန်တော် ကောင်းကောင်း နားလည်လာတဲ့အခါ ကျွန်တော့်အပေါ်တင်နေတဲ့ သူ့ကျေး
ဇူးကြွေးတွေ ပြန်ဆပ်ဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့တယ်။အဲဒီမှာကျွန်တော် သူ့အတွက် တောက်တိုမယ်ရ အိမ်အလုပ်လေး
တွေ စလုပ်ပေးတယ်။အဝတ်ဟောင်း ခြင်းထဲက အဝတ်တွေယူပြီး အဝတ်လျှော်စက်ထဲထည့်တယ်။အဝတ်လျှော်
စက်ရှေ့ ငုတ်တုတ်ထိုင်ပြီး အထဲက စည် လည်နေတာကြည့်ပြီး ဒီအဝတ်တွေ ဘယ်လိုများ ဖြူစင်သန့်ရှင်းသွားပါလိမ့်လို့
ကျွန်တော် တွေးတွေးနေတာ။ဖုန်တွေတက်နေတဲ့ စာအုပ်တွေ အဝတ်လျှော်စက်ထဲ တစ်ခါထည့်ကြည့်ဖူးတယ်။
မီးဖိုချောင်ထဲက ပန်ကန်းဆေးကန်မှာ ပန်းကန်တွေဆေးပေးတယ်။ကြွေထည်တစ်ချို့တော့ ကွဲတာပေါ့ဗျာ။
အသီးအရွက်တွေလှီးချွတ်ပေးတယ်။လက်တွေဘာတွေ ပြတ်တာရှတာတော့ရှိသပေါ့လေ။
ဖာသာ က ဘုရားကျောင်းပုံမှန်တက်တဲ့ လူတွေနဲ့ ကျွန်တော့် ပေးတွေ့တယ်။မစ္စစ် ဘန်နီဒစ် ဆိုတဲ့
အဘွားကြီးဆို ဘာသာရေး သိပ်လုပ်တာပဲ။ဘုရားကျောင်းကိုနေ့တိုင်းလာတယ်။နေပူပူ မိုးရွာရွာ အမြဲလာတာ။နောက် သူ
လမ်းဘေးက လူသွားစင်္ကြန်ပေါ်မှာ ချော်လဲပြီး တော့ နမိုးနီးယားနဲ့သေသွားတော့မှသာ မလာတော့တာ။သူ့အဖေ
နှလုံးရောဂါရှိတယ်လို့ အောဟစ်ငိုယိုပြောတတ်တဲ့ ဂျက်စီကာ။ဒေလီက ဩစတေးလျ စစ်သံမှုး ဗိုလ်မှုးကြီး ဝါ့ခ်။
သူနဲ့ဖာသာနဲ့စကားပြောရင် နားကိုမလည်တာ။ဘာတွေပြောနေမှန်းမသိဘူး။နောက် မစ္စတာလောရင့်။သူနဲ့ငါးမျှား
တစ်ခါလိုက်ဖူးတယ်။ငါးတစ်ကောင်မှ မရလို့ ဈေးထဲက ထရောက်ငါးကြီးတစ်ကောင်ဝယ်ပြီး သူမိန်းမကို
ညာပေးတာ။
ကျွန်တော်တွေ့တဲ့လူတွေကတော့ ဖာသာတီမိုးသီ ကို အင်မတန် ချီးကျူးကြတာပဲ။ဖာသာက ဒီနယ်
တကြောမှ အရင့်အရင်တုန်းကရှိခဲ့သမျှ ဖာသာတွေထဲမှာ အတော်ဆုံး အကောင်းဆုံးတဲ့ဗျ။ဟုတ်မှာပါ။
ဆွေမျိုးတွေဆုံးလည်း ဖာသာက အေးအေးငြိမ်ငြိမ်ပဲ။လူနာတွေဘာတွေဆိုလည်း သွား အားပေးတယ်။
ကူညီတယ်။ပိုက်ဆံလိုတဲ့သူချေးတယ် ငှားတယ်။အနူတွေကိုလည်း အစားအသောက်တွေလှူတယ်။သူ့မျက်နှာ
ကလည်း အမြဲ ပြုံးနေတာ။ပြဿနာကြုံပြီဆိုလည်း သူ့မှာ ဖြေရှင်းဖို့တစ်ခုခုရှိနေတတ်တာပဲ။သာရေး နာရေး
တွေဆိုလည်း သူ့နေရာနဲ့သူ သင့်တော်တဲ့ သမ္မာကျမ်းစာက ကောက်နှုတ်ချက်လေးတွေ ပြောဖို့ အဆင်သင့်ပဲ။
အင်း..တနင်္ဂနွေ တစ်ရက်ဗျ..။ကျောင်းထဲမှာ လူတွေစုံစုံညီညီ စုစုဝေးဝေးနဲ့။အဲ..ဒီနေ့တော့ စင်မြင့်ပေါ်က
စားပွဲနောက်ရပ်နေတာ ဖာသာတီမိုးသီ တစ်ယောက်ထဲတော့ မဟုတ်ဘူး။လူတစ်ယောက်က သူနဲ့အတူရပ်နေတယ်။
အဲဒီလူက ဘုန်းကြီးဝတ်စုံနဲ့ လည်းစည်း အဖြူပတ်လေးနဲ့ပေါ့။သူ့ကြည့်ရတာ ဘုန်းကြီးနဲ ့မတူပဲ လက်ဝှေ့သမားနဲ ့
ပိုတူသလိုပဲ။ဖာသာ တီမိုးသီ က မိတ်ဆက်ပေးတယ်လေ။
“ကျွန်တော်တို့ အနေနဲ့ ဟောဒီက ဘုန်းတော်ကြီး ဖာသာဂျွန်လစ်တဲလ် ကိုကြိုဆိုခွင့်ရတာ ဝမ်းမြောက်စရာပါပဲ။
ဖာသာ ဂျွန်ကတော့ကျွန်တော်တို့ စိန့်ဂျိုးဇက်ကျောင်းမှာ တွဲဖက်ဘုန်းတော်ကြီး အနေနဲ့ လာရောက်ခဲ့တာပါ။
ခင်ဗျားတို့ မြင်တဲ့အတိုင်းပဲ ဖာသာဂျွန်ကကျွန်တော့်ထက်တော်တော်ငယ်ပါတယ်။သိက္ခာတော်ဘွဲ့တောင်
လွန်ခဲ့တဲ့ ၃နှစ်လောက်ကမှ အပ်နှင်းခံခဲ့ရတာပါ။ဒါပေမဲ့ ဖာသာဂျွန်မှာ အတွေ့အကြုံတွေအများကြီးရှိပါတယ်။
ဒါ့ကြောင့်…ဒီမှာ ဝတ်ပြုတဲ့ လူငယ်လူရွယ်တွေနဲ့ ကောင်းကောင်းကြီး အဆင်ပြေလိမ့်မယ်
ဆိုတာ ကျွန်တော်ပြောရဲပါတယ်။သူတို့ကတော့ ကျွန်တော့်ကို ခေတ်ဆွေးကိုယ်တော်ကြီးလို့
နောက်ကွယ်မှာ သတ်မှတ်ထားတာလေ။ကျွန်တော်လည်း သိပါတယ်။”
အောက်က ပရိသတ်ဆီက ရယ်သံတွေထွက်လာတယ်လေ။
အဲဒီညနေမှာ ဖာသာ တီမိုးသီ က ဖာသာဂျွန်ကို ညစာ စားဖို့ဖိတ်တယ်။ပြင်တာ ဆင်တာ အဖိုးကြီး
ဂျိုးဇက် လုပ်ဖို့ပါပဲ။ဒါပေမဲ့ ကျွန်တော်က ဖာသာတီမိုးသီ သဘောကျအောင် လုပ်ချင်အားကြီးသွားတယ်လေ။
စွတ်ပြုတ် ပန်းကန်လုံးကြီးကို မီးဖိုခန်းထဲကနေ သိုင်းကွက်နင်းပြီး မလာတာ။ဘာမှကောင်းကောင်း
မတတ်သေးတဲ့ ခုနစ်နှစ်သားလေး ဆိုတော့ စားပွဲပေါ်မှာ စွတ်ပြုတ်ပန်းကန်လုံးကြီးဘယ်လိုချပေး
ရမှန်းမသိဘူးလေ။အဲဒီတော့ဗျာ..စွတ်ပြုတ်ရည်တွေက ဖာသာဂျွန့်အပေါ် ဖိတ်စင်သွားပါလေရောလား။
သူလည်း ဗြုန်းခနဲထရပ်လိုက်ပြီး သူ့ပါးစပ်ကပထမဆုံး ထွက်လာတာက-
“ဟ သောက်ကျိုးနည်း”တဲ့..။ဖာသာ တီမိုးသီကတော့ မျက်ခုံးတစ်ချက်ပင့်လိုက်တယ်။ဘာမှတော့ မပြောဘူးဗျ။
အဲ့လိုဖြစ်ပြီး သုံးရက်လောက်ကြာတော့ ဖာသာ တီမိုးသီလည်း ပိတ်ရက်ရလို့ အင်္ဂလန်ကို ပြန်သွားတယ်။
ကျောင်းနဲ့ ကျွန်တော့်ကို ဖာသာဂျွန့် လက်ထဲ ထားခဲ့တာပေါ့။နှစ်ရက်လောက်ကြာတော့ ဖာသာဂျွန်
ကျောင်းပေါ်က ဆင်းလာတာတွေ့လို့ ကျွန်တော် ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်ပါတယ်။
သူကတော့ ကျွန်တော့်ကို အဖက်မတန်သလိုပဲ ကြည့်ပြီး-
“မင်း..ဟိုနေ့က ငါ့ပေါ် စွတ်ပြုတ်တွေ ဖိတ်ကျအောင်လုပ်တဲ့ မိဘမဲ့ ငဒူ ကောင်လေး မို့လား..
ဖာသာတီမိုးသီ မရှိဘူးနော် မင်းကြပ်ကြပ်သတိထား..ငါကြည့်နေမှာ..ကြားလား”
************************
အဘိုးကြီး ဂျိုးဇက်က ကျွန်တော့်ကို ဖာသာဂျွန့် အခန်းထဲ နွားနို့တစ်ခွက်သွားပို့ခိုင်းတယ်။အဲ့ဒီချိန်
သူတီဗီကြည့်နေတာ။
“သောမတ်စ်.. လာကွ”
သူခေါ်တာနဲ့ကျွန်တော်ဝင်လာလိုက်တယ်။
“ငါနဲ့ရုပ်ရှင်ကြည့်မလား”
သူမေးလို့ တီဗီကို ကျွန်တော်လှမ်းကြည့်မိတယ်။အင်္ဂလိပ်ရုပ်ရှင်ဗျ။ဘုန်းတော်ကြီးတွေအကြောင်းပဲ
ထင်တာ။ဘာလို့ဆို အနက်ဝတ် ဘုန်းကြီးတစ်ပါးက အဖြူဝတ်ဘုန်းကြီးတစ်ပါးကို စကားပြောနေတဲ့
အခန်းကိုး။တော်သေးတာပေါ့။ဖာသာဂျွန်ကဘာသာရေးရုပ်ရှင်တွေကြိုက်ပုံပဲ။ကောင်းတယ်
လို့တွေးနေတုန်း နောက်တစ်ခန်းပြောင်းသွားတော့ ကျွန်တော်လည်း ပြူးပျာသွားတယ်။ကျွန်တော့်
အရွယ်သာသာလောက် ကောင်မလေးတစ်ယောက် ကုတင်ပေါ်မှာ ငုတ်တုတ်လေးထိုင်လို့။ကြည့်ရ
တာ ပုံမှန်တော့မဟုတ်လောက်ဘူး။မျက်လုံးတွေ လည်နေပြီး မျက်နှာကလည်း ကြောင်
တိကြောင်တောင်နဲ့လေ။အနက်ဝတ်ဘုန်းကြီးက လက်ဝါးကပ်တိုင်ကိုင်လို့ အဲ့ဒီကောင်မလေး
အခန်းထဲဝင်လာတယ်။လက်ဝါးကပ်တိုင် နဲ့ပြလိုက်တော့ ငတိမလေးကစပြီး လွှတ်တော့
တာပဲ။ဟာ..ပြောလိုက်တဲ့ အယုတ္တ အနတ္တစကားတွေဆိုတာ ပယ်ပယ်နယ်နယ်
တစ်တစ်ခွခွတွေချည်းပဲ။မိန်းကလေးသံတော့မဟုတ်ဘူးဗျ။ယောက်ျားသံကြီး။
ပြာအက်အက်နဲ့။ကျွန်တော်လည်း နားထဲ လက်ချောင်းထည့်ပြီး ပိတ်ထားလိုက်တာပေါ့။
ဖာသာ တီမိုးသီ က အဲဒီလို ညစ်တီးညစ်စုတ်စကားတွေ နားမထောင်ရဘူးလို့ ပြောထားတာကိုး။
အဲ..ချက်ချင်းပဲ ပြောတာရပ်ပြီး စရယ်(ရီ)တော့တာပဲ။အရူးမ ကျနေတာပဲဗျာ။နောက်
တော့ သူ့ပါးစပ်ကြီးတအားဖြဲပြီး အစိမ်းရောင် ပျစ်ချွဲချွဲဟာတွေ ကိုရှေ့က ဘုန်းကြီးပေါ်ကို
ဝေါခနဲ အန်ထုတ်ပစ်လိုက်တာ။အဲဒါကြည့်ပြီး ကျွန်တော်တောင် အန်ချင်လာတယ်။ကျွန်တော် ဆက်
မကြည့်နိုင်တော့လို့ အခန်းထဲက ပြေးထွက်လာခဲ့တာပေါ့။ဖာသာဂျွန်ရဲ့ ဖျစ် ရီလိုက်တဲ့အသံ စူးစူးက
နောက်မှာ ကပ်ပါလာသေးတယ်။
“ပြန်လာခဲ့ဟ ..ငအလေး..ရုပ်ရှင်ပဲဟာကို”
အဲဒီနေ့ညကတော့ အိပ်မက်ဆိုးတွေ မက်တာပဲ။
6 comments
kai
May 30, 2011 at 10:10 am
အစအဆုံးပြီးသွားမှ.. တတွဲထဲဖြစ်အောင် လင်ခ်တွေပြန်လုပ်ပေးမယ်နော..။
အားလုံးအတွက်ပါ..။
ခုတော့… စောင့်လိုက်ဦးမယ်…။ ဆန့်တငင်ငင်ဖြစ်လွန်းလို့ပါ…။
babymay
May 30, 2011 at 10:45 am
စိတ်ကောလက်ကောရှည်ထားရတယ်နော်—ဟင်းဟင်း—
မောင်ဘလိူင်
May 30, 2011 at 10:49 am
ဦးခိုင်ရေ..ကျွန်တော်လည်း ရေးသာရေးနေရ ဖတ်မဲ့သူမရှိဘူးထင်တာနဲ ့
အားလျော့ချင်ချင်ပဲ။အရင်က Reading Count ကြည့်လို့ရသေးတယ်။
ခု မရတော့ဘူးနော်။
kai
May 30, 2011 at 7:21 pm
အဲဒါအမှန်တော့ မထွက်ပါဘူး..။ မြန်မာပြည်က ကြည့်တာတွေတော်တော်များများ.. အိုင်ပီလိပ်စာတူတာမို ့.. တခါဖတ်တယ်လို့သာ တွက်တာများတယ်..။ ဒါပေမဲ့ ပြန်တင်ပေးပါ့မယ်..။
ပြီးခဲ့တဲ့လက.. မြန်မာပြည်က ၆သောင်းကျော်ကြည့်ပြီး… စင်္ကာပူက..ယူအက်စ်ကို ကျော်သွားပြီ…။
1. Myanmar [Burma] 61,880
2. Singapore 9,575
fatty
May 30, 2011 at 12:26 pm
ကျနော်တို့ဖတ်ပါတယ်ဗျ ..။ အဆုံးသတ်ကိုမျှော်နေတာ …။
bigcat
May 30, 2011 at 8:23 pm
သဂျီးက ကိုဘလှိုင် အားရှိအောင် တမင်count reader ကို ဖျက်ပေးထားပါတဲ့။ 😀 ကျနော့်ပို့စ်တွေမှာလည်း မမြင်ရဘူး။ ပြောတာတော့ ဖတ်သူများလွန်းလို့ ပေးထားတဲ့ နံပါတ်ဂဏန်းနေရာတွေနဲ့ မဆန့်တော့လို့ ဖြုတ်ရတယ် ဆိုတာပဲ။