ပဲပင်ပေါက်…..
“ ပဲပင်ပေါက် နဲ့ မဟုတ်ဘူးလားကွ၊ ကြက်သွန် ၊ ဂေါ်ဖီ တွေနဲ့ သုတ်တာ မကြိုက်ဘူးလို့ ပြောထားတဲ့ဟာကိုကွာ”
“တခါတလေတော့ သည်းခံတော်၊ အမြဲတန်းတော့ မထည့်နိုင်ဘူး။ ဈေးကြီးကကြီးနဲ့”
ကျွန်မ ပြန်အော်တော့ သူ့ခမျှာ မစားချင်စားချင်နဲ့ စားရှာပါတယ်။ မကြိုက်လို့ ၊ မစားချင်လို့ အပြင်ထွက်စားလို့လည်း ဒါမျိုးအပြင်မှာ ရမှမရတဲ့ နေရာလေ။ ပိတ်ရက်တိုင်း တခါတလေ မုန့်ဟင်းခါး၊ ရံဖန်ရံခါ မုန့်တီ ၊ ကျွန်မစိတ်လိုလက်ရ ရှိရင်တော့ ခေါက်ဆွဲသုတ်ကို ဖွယ်ဖွယ်ရာရာ သုပ်ကျွေးတတ်ပါတယ်။ အသုပ်သုပ်မယ်ဆို ပဲပင်ပေါက်လေး ရေနွေးဖျောပြီး ထည့်သုပ်မှ။ ကြက်သွန်နီ၊ ဂေါ်ဖီ၊ သခွားသီး ထည့်သုပ်တိုင်း အမြဲစကားအပို ပြောရတယ်။ ကြက်သွန်နီကလည်း လတ်လွန်းလို့လားမသိ ဆားနဲ့နယ်ပြီး ရေဆေးတာတောင် မွှန်တာက မပျောက်တော့ သူကမကြိုက်ဘူး။ ပဲပင်ပေါက်တဗူးကို ဆီတဗူးဘိုးထက် ငွေပိုပေးရတော့ ကျွန်မလည်း အမြဲတော့ ဘယ်တတ်နိုင်မလဲ။ အသီးအရွက် အလွန်ဈေးကြီးတဲ့ နေရာလေ။ ဒါကိုလည်း အသုပ်သုပ်တိုင်း ရှင်းပြရဲ့နဲ့ စားခါနီးတိုင်း ပြသနာလုပ် ဂျီကျတတ်တယ်။ လင်တော်မောင်ကိုလည်း သနားတော့ သနားမိပါရဲ့။ ကျွန်မ ဘယ်လိုဟင်းချက်ချက်၊ ဘယ်လောက်ပဲ အစပ်အဟပ် မတည့်လည်း မငြီးမငြူပဲ စားတတ်သူ ၊ အလွန်နားအေး ပါးအေးနေတတ်သူ ဒီတခုသာ ဂျီများတော့ အရမ်းလည်း အပြစ်မဆိုသာ ပါဘူး။ ဒါနဲ့ သူ့ အကြိုက်၊ သူ့ဆန္ဒပြည့်အောင်၊ သူခံတွင်းတွေ့သလို စားနိုင်အောင် ကျွန်မအတွက်လည်း ဈေးသက်သာအောင် ကျွန်မမှာ ကြံရဖန်ရ ပြန်ပါတယ်။ အဲဒါကတော့ ပဲပင်ပေါက် စမ်းဖေါက်ဖို့ပါ။ ငယ်ငယ်ကတော့ အမေလုပ်တာ မြင်ဖူးနေတော့ လွယ်လွယ်နဲ့ လုပ်နိုင်တယ်လည်း ထင်တာကိုး။ တောမှာတော့ မြို့မှာလို အရန်သင့် ဝယ်စားလို့ မရတာမို့ မိမိအိမ်မှာ စားချင်လျှင် မိမိဘာသာလုပ်မှ စားရမယ်လေ။ အမေကတော့ တစ်တောင်လောက်ရှိတဲ့ ဝါးခြင်းလေးထဲ ကောက်ရိုးခင်း ကောက်ရိုးကာပါတယ်။ ပဲတီစိမ်းစေ့လေးတွေကို ရေနွေးကြက်သီးနွေးလေးနဲ့ တမနက်လောက်စိမ်ပြီး ခြင်းထဲလောင်းထည့် အပေါ်က ကောက်ရိုးပြန်အုပ်ပေါ့။ ပြီးတော့ ရေကပြင်စွန်က သစ်သားရေစည်ဘေးမှာ တင်ထားတယ်။ မနက်တခါ၊ ညတခါ ရေလောင်းပေး သုံးရက်လောက်နေတော့ ပဲစေ့လေးတွေ အပင်ပေါက်လာပါပြီ။ သန်သန်စွမ်းစွမ်း၊ ရှည်ရှည်မျောမျောလေးနဲ့ တခြင်းလုံး ဖွေးနေတာပဲ။ ငယ်ငယ်ကတည်းက အမေ ပဲပင်ဖေါက်တာ ခဏခဏ မြင်နေကျမို့ ရေလောင်းပေး ပေါက်တာပဲလို့ အထင်ရှိတာနဲ့ စစမ်းပြီ။ ရွာမှာလို ဝါးခြင်းမရှိလို့ ကိုယ့်မှာရှိတဲ့ ကော်ဇကာကုံးထဲမှာ ဖေါက်ဖို့ ကြံပါတယ်။ ကောက်ရိုးအစား လင်တော်မောင်ရဲ့ စွပ်ကျယ်အစားထိုး။ မနက်တခါ၊ ညနေတခါ ရေလောင်း။ သုံးရက်ပြည့်တော့ ပဲပင်ပေါက်ဖော်ပါပြီ။ တခါတည်း စိတ်ကိုပျက်သွားတာပဲ။ ပုတိုတို၊ စိမ်းဖန့်ဖန့်နဲ့ ရုပ်ဆိုးလိုက်တဲ့ ပဲပင်ပေါက် တခါမှကို မမြင်ဘူးဖူး။ ဇကာကုံးထဲမှာ စွပ်ကျယ်နဲ့ ထုပ်ပြီး ဖေါက်တာမို့ ထင်ပါရဲ့။ သူ့ခမျှာလည်း ကျင်းကျင်းကျုပ်ကျုပ်ထဲ ပေါက်ရတာဆိုတော့ ဘယ်လာ သန်စွမ်းပါ့မလဲ။ ကျွန်မတို့ ငယ်ငယ် ယာထဲမှာ ကောက်တဲ့ ပဲပင်ပေါက်နဲ့များ ကွာပါ့။
မိုးဦးကျ မိုးစရွာပြီး နောက်နေ့မှာ မြေပဲစိုက်ခဲ့တဲ့ ယာခင်းဟောင်းထဲမှာ မြေပဲပင်တွေ ပေါက်တာမို့ ပဲပင်ပေါက် ကောက်ကျစမြဲပါ။ သူငယ်ချင်းတွေက ခြံဝကနေ “မှီ…ရေ ဘထွေးလှတို့ ယာထဲမှာ ပဲပင်တွေ ပေါက်နေပြီတဲ့ဟေ့ ၊ ငါတို့ သွားမလို့ လိုက်မလား” လို့ လာခေါ်ပါတယ်။ မီးဖိုချောင်ထဲက အမေ့ကို “ အမေ့ လိုက်သွားရမလား” လှမ်းမေး။ အမေ့ရဲ့ “အေး ..လိုက်သွား” ဆိုတဲ့အသံ မဆုံးခင် အိမ်ရှေ့ကပြင်က ခုန်ချ မီးဖိုထရံမှာ ချိပ်ထားတဲ့ ပလိုင်းကို စလွယ်သိုင်းပြီး ပြေးပါတယ်။ “ ဟဲ့ …ကောင်မလေး ခမောက်ဆောင်းသွား ယာထဲမှာ ပူကပူနဲ့ ” လို့ အော်သံကြောင့် နောက်ရင်းပြန်ပြေးပြီး ကပြင်က တိုင်မှာ ချိပ်ထားတဲ့ အဖေ့ခမောက်ကိုယူ မတော်မတည့် ဆောင်းပြီး တပျော်တပါးကြီး ရွာပြင်ကို ထွက်ကြပါတယ်။
မနှစ်က မြေပဲစိုက်ခဲ့တဲ့ ယာဟောင်း ကွင်းစပ်ရောက်တော့ ကွင်းထဲမှာ မြေပဲပင်ပေါက် ရှာသူတွေ အတော်များနေတာ တွေ့ရလို့ အပြေးအလွှား သွားရပါတယ်။ မနေ့က မိုးရွာထားလို့ ရေဓါတ်ရတာနဲ့ မြေပဲပင်တွေကလည်း ပေါက်လိုက်တာ။ ဟိုမှာတပင် ဒီမှာတပင်နဲ့ လုကောက်ရပါတယ်။ တချို့အပင်က မြေပေါ်မှာ ပေါ်နေပေမဲ့ တချို့ကတော့ မြေအောက်မှာ ထွက်ဖို့ အားယူတုန်း။ ခေါင်းလေးပြူနေတာ မြင်တာနဲ့ မြေကို ယက်ဖော် ကိုယ်ဖော်တဲ့နေရာမှာ လေးငါးခြောက်ပင် စုပြုံနေတာတွေ့ရင် ဝမ်းသာမဆုံးဘူး။ လွတ်လွတ်လပ်လပ် ရှင်သန်ရလို့ ထင်ပါရဲ့ သန်မာလိုက်တာ တုတ်တုတ်ခိုင်ခိုင်ကြီးနဲ့ ဖွေးဖွေးကို ဖြူနေတာပါ။ မကြိုးပဲ အရှည်လိုက် အကောင်းတိုင်းရအောင် ညှင်ညှင်သာသာနဲ့ စိတ်ရှည်ရပါတယ်။ လောဘတကြီး အလျှင်စလို နှုတ်ရင် ကျိုးပြီးကျန်ခဲ့နိုင်တယ်။ တယောက်နဲ့တယောက် “ဟဲ့ နင်ဘယ်လောက် ရပြီလဲ၊ ငါတော့ ပလိုင်းတဝက် ရပြီဟ” နဲ့ တယာက်တပေါက် ဝမ်းသာအားရ ပြောတာနဲ့ ဘယ်သူအလျှင် ပြည့်မလဲ မှန်းကြည့်နိုင်ပါတယ်။ အရင်ပြည့်သူတွေက မပြည့်သေးသူကို ကူရှာပေးပါသေးတယ်။ ကျွန်မတို့ အတွက်တော့ ဒါလည်း မိဘကို တဘက်တလမ်းက ကူညီရင် ကစားတဲ့ကစားနည်း တခုလိုပါပဲ။ အားလုံး ပါလာတဲ့ ပလိုင်းတွေ ပြည့်ပြီဆို နေကလည်း မြင့်နေပါပြီ။ အိမ်ရောက်တော့ စကောထဲထည့် အမြီးသင် တုံကင်ကရေကိုနှိပ် တခါတည်း သန့်သွားအောင် ရေဆေး အမေ့ကို ပေးခဲ့ပြီး ရေချိုးဖို့ မြစ်ဆိပ်ကို ပြေးပါတော့တယ်။ ရေချိုးတယ် ဆိုတာထက် ရေဆော့တယ်ဆိုတာ ပိုမှန်မယ် ထင်တယ်။ မြစ်ထဲမှာ အားပါးတရ ကစားပြီးမှ အိမ်ပြန်လာ အဝတ်အစားလဲ မနက်က ကောက်လာတဲ့ ပဲပင်ပေါက်ကြော်၊ ခရမ်းချဉ်သီး အရည်ကျဲချက်နဲ့ လွေးပါတော့တယ်။ အာဟာရအပြည့် လတ်လတ်ဆတ်ဆတ် ပဲပင်ပေါက်ကြော်မို့ ထမင်း နှစ်ပန်းကန် အသာလေး။ ချော့မော့ပြီး ထမင်းကျွေးရတဲ့ကလေး ကြားတောင်မကြားဘူးဖူး။ လွတ်လွတ်လပ်လပ် ကြီးထွားလာတာမို့ ကလေးတိုင်း တုတ်တုတ်ခဲခဲလေးတွေ ကြည့်ပါပဲ။ ဒါနဲ့ ကျွန်မလည်း ပဲပင်ပေါက် နှစ်မျိုးကို စိတ်ကူးထဲ ယှဉ်ကြည့်။ နောက် ကျွန်မတို့ ငယ်ဘဝ၊ ကျွန်မသားလေးငယ်ဘဝ။ တကယ်ကို တခြားဆီပါ။ သားလေးမှာ နေရတော့ တိုက်ခန်း။ ကြည့်စရာက အဖေ၊ အမေ မျက်နှာနှစ်ခု။ ဆော့ရတော့ သက်မဲ့အရုပ်လေးတွေနဲ့။ တခါတရံ အဖေ အမေ အားလပ်လို့ ကစားကွင်းပို့တော့ နာရီဝက် အလွန်ဆုံးတနာရီ။ ဆွေမျိုးညာတိ နတ္ထိ။ ကစားဖော်ဆိုတာ မရှိ။ သားခမျှာ သူငယ်ချင်း၊ ကစားဖော်ဆိုတာ နားကို မလည်တာပါ။ အသင်းအဖွဲ့နဲ့ ကစားတာ ကြုံမှမကြုံဘူးတော့ မကစားတတ်လို့ သူကစားနေရာကို တခြားကလေးလာရင် မိဘတွေ ထိုင်နေတာဆီ ပြန်လာပါတယ်။ သူ့စကားကိုယ်နားမလည် ကို့စကားသူမသိမို့ ဘယ်လာအဖော်က ရှိမလဲ။ ကျင်းထဲကျပ်ထဲ ကြီးရလို့ ထွားကြိုင်းမှုကမရှိ။ သူထမင်းတခါစားဖို့ ကျွန်မမှာ စစ်ပွဲတပွဲ နွှဲရတယ်မှတ်တာ။ ချော့တခါ၊ ခြောက်တလှည့် အမျျိုးမျိုး ကြိုးစားကျွေးပေမဲ့ ထမင်း တပန်းကန် ကုန်တဲ့နေ့ ထုံးတို့ မှတ်ရမလိုပါ။ တွေးမိတိုင်းလည်း မိဘခေါ်ရာနောက် ရွေးချယ်ခွင့်မရှိ လိုက်လာရတဲ့ သူ့ကိုလည်း သနားမိပါရဲ့။ လွတ်လပ်မှုမရှိ ဘောင်နဲ့နေရတဲ့ ဘဝမို့ ကျွန်မဖေါက်တဲ့ ပဲပင်ပေါက်လို များလား။ ကျွန်မတို့ ငယ်ဘဝကရော ဆွေမျိုးအစုံအလင်ကြား ချစ်ခင်စရာ သူငယ်ချင်းများကြားမှာ လွတ်လွတ်လပ်လပ် ပျော်ပျော်ပါးပါး ကြီးထွားလာတာမို့ ယာခင်းထဲက ပဲပင်ပေါက်လို များလားပေါ့။ ရုပ်ဝတ္ထုတွေ ဘယ်လိုတိုးတက်တယ်ပဲဆိုဆို၊ အနေအထား ဘယ်လောက် သာတယ်ပြောပြော စိတ်လွတ်လပ် ပေါ့ပါးမှုကတော့ ကွာခြားလှတာမို့ ကျွန်မအတွက်တော့ ဘဝင်မကျသလိုပါပဲ။ အစကတော့ လင်တော်မောင် စားဖို့ ပဲပင်ဖေါက်တာပါ။ ဒါပေမဲ့ လက်တွေ့မှာတော့ အတွေးပေါက်တာ ကျွန်မ ဖြစ်သွားပါတယ်။
12 comments
AKKO
May 30, 2011 at 9:57 am
ပဲပင်ပေါက်က မဖောက်တတ်လျှင် အဆင်မပြေဘူးလို့ ကြားဖူးတယ်။
နိုင်ငံရပ်ခြားရောက်နေတဲ့ လူတွေအတွက်ကတော့ ရွာက ဟင်းသီးဟင်းရွက်ကို အမြဲတမ်းမဟုတ်လျှင်တောင် တခါတလေ လွမ်းတတ်ကြပါတယ်။
nozomi
May 30, 2011 at 10:18 am
ကောင်းလိုက်တဲ့ အတွေးလေး ကျွန်တော့ဘာသာလဲ အများကြီး တွေးဖြစ်သွားပါတယ် မမှီ စရေးတုန်းက မန်းဘူးတယ် ထင်တယ် မမှီလက်က ဆရာမ ခင်ခင်ထူး ရဲ့ “အညာသူအညာသား ကျွန်မဆွေမျိုးများ”လို စာအုပ်တစ်အုပ် ဖြစ်နိုင်လောက်တဲ့ လက်မျိုး အညာအကြောင်းရော အခုရောက်နေတဲ့ ဒေသနဲ့ပတ်သက်တဲ့ ဒေသန္တရဗဟုသုတ အကြောင်းတွေရော ရေး စာအုပ်ထုတ်ရင်ကောင်းမယ်
kai
May 30, 2011 at 10:19 am
အယ်လ်အေတော့ ..ပဲပင်ပေါက်ပေါပါ့..။ အဓိက ၂မျိုးတောင်တွေ့တယ်..။
ပဲခေါင်းကြီးအမာစား ပဲပင်ပေါက်နဲ့.. မြန်မာပြည်ကလို ပဲပင်ပေါက်..။
တဒေါ်လှလောက်ဆို.. တထုတ်ရတယ်..။ တခါတည်းနဲ့တောင် စားလို့မကုန်..။
ပဲပင်ပေါက်စားတိုင်း.. ငယ်ငယ်က.. မြန်မာပြည်မှာ.. ပဲပင်ပေါက်အမြစ်တွေနွှင်ရတာသတိရမိတယ်..။
မြန်မာပြည်အပြင်ရောက်ကတည်းက… ပဲပင်ပေါက်ဟာ အမြစ်နွှင်စရာမလိုပဲ.. တပင်လုံးစားရတာကိုး..။
hmee
May 30, 2011 at 11:30 am
သဂျီးရေ ဒီမှာက တဒေါ်လာကို အခုဆို ၃.၄၆ ရှကယ်ပေါ့။ အမြင့်ဆုံးဆို ၃.ရရှကယ် လောက်ရတယ်။ ပဲပင်ပေါက်တဗူးကို ပေါရင် ၆ရှကယ်။ ရှားရင် ၈ရှကယ်။ ဆီတဗူးကို ရရှကယ် လေ။ ဆီက ဈေးအကြီးဆုံး ၈.၉၆ လောက်ပေးရတာ။ ပဲပင်ပေါက်တဗူးကို ကြော်စားရင် တနပ်ပဲရတယ်။ ကန်စွန်းရွက် တစည်းကို ရှကယ် ၁၀။ တနှစ်မှာ ၆လလောက်ပဲ ရတယ်။ ကျန်၆လ ရှာလို့တောင်မရဘူး။ ငရုပ်သီးစိမ်း တွေ့တုန်းဝယ်ပြီးခဲထား မဟုတ်လို့ကတော့ ရှာမရဘူး။ မြေထဲပင်လယ် ကမ်းခြေဖြစ်ပြီး ငါးရှားတယ်၊ အုန်းသီးမရှိဘူး။ စွန်ပလွန်သီး ၊ သံလွင်သီးပေါတယ်။ တန်ဖိုးအနိမ့်ဆုံးငွေ ၅ပြားစေ့၊ အကြီးဆုံးငွေ ၂၀၀။ ကိုယ်က ၂၀ဝတန်ပေးရင် မယုံလို့ တခါတလေ ပိုက်ဆံကို ထောင်ကြည့်သေးတာ ဂျုးတွေ ငွေတော့ အတော်မက်တယ်။ ကိုယ့်ဆီမှာ ၂၀ဝတန် ကားခပဲ ရှိတယ် 🙂
ဆူး
May 30, 2011 at 1:24 pm
ပဲပင်ပေါက် အိမ်မှာ ဖောက်စားချင် စိတ်တောင် ပေါက်တယ်။
တထောင်လောက် ရှိတဲ့ ခြင်း ကို သီရိမင်္ဂလာဈေးမှာ ဝယ်တော့ ၆၀ဝ ပေးရတယ်။
ဈေးတွေမျာ တရာဖိုးဆိုရင် တခါကြော်စာပေါ့.. ဈေးသည်တွေ တခြင်းကို ၂၀၀ဝ လောက်ရအောင် ရောင်းတယ်။
မိုက်ကယ်ဂျော်နီအောင်ပု
May 30, 2011 at 2:20 pm
လွပ်လပ်မှု့မရှိတဲ့ ပတ်ဝန်းကျင်မှာပေါက်ဖွားကြီးပြင်းလာတဲ့
ပဲပင်ပေါက်တွေရယ်
တိုက်ခန်းထဲက ကလေးတစ်ယောက်ရဲ့အထီးကျန် ဆုံးရှုံးမှု့အကြောင်းရယ်
မတွေးဘူးတာကိုတွေးတောတတ်တဲ့အတွက်
မဖတ်ဘူးသော စာတစ်ပုဒ်ကို ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးပါဗျာ
ကျွန်တော်လည်း ကိုယ်တွေ့အကြောင်းလေးတွေဖြစ်တဲ့
မြို့ပြနှင့် ကျေးလက်ဒေသအကြောင်းကို စာလေးတစ်ပုဒ်လောက်ရေးမလားတော့စိတ်ကူးမိပါရဲ့
ဒါပေမယ့် ရေးမတတ်လို့ 😀
padonmar
May 30, 2011 at 2:57 pm
မှီရဲ့ ဥပမာနဲ့ဥပမေယျလေးက ကောင်းလိုက်တာ။
ဒါလေးဖတ်ရတော့ တခါက ဒေါ်ခင်နှင်းယုရေးဖူးတဲ့ တရုတ်ပြည်က ဂန္ဒမာပန်းတွေအကြောင်းသတိရမိတယ်။
အဲဒီမှာ ပန်းတွေကပြုစုတာကောင်းတော့ အောင်အောငြ်မင်မြင် အပွင့်တွေစုံလင်နဲ့ပေါ့။ဒါပေမယ့် ပန်းတွေကို ဝါးတွေနဲ့ကပ်ပြီး ကြယ်ပုံတွေဖေါ်ထားခံရတော့ ခင်နှင်းယုက သဘာဝအတိုင်းမဟုတ်လို့ ဘဝင်မကျမိဘူးတဲ့။
မှီ့ကလေးကိုလည်း ဖြစ်စေချင်တဲ့ တဖက်သတ်စေတနာနဲ့ ပုံမသွင်းမိဖို့တော့ သတိထားပေါ့နော်။
ပဲပင်ပေါက်ဖောက်တာ စွပ်ကျယ်နဲ့ထုပ်မထားပဲ ဇကာထဲ ဖြန့်ပြီး အပေါ်က ဖက်လိုမျိုး အလင်းရောင်မရအောင်အုပ်ပေးထားရတယ်။
အလင်းရောင်ရရင် ရှည်မျောမျောနဲ့ စိမ်းသွားတတ်တယ်။
ဇွဲမလျှော့ပဲ ချစ်ချစ်အတွက် ထပ်စမ်းသပ်လိုက်ပါအုံး။
nigimi77
May 30, 2011 at 4:11 pm
အောင်ဘုကြီး ပဲပင်ပေါက် စားပြီး ရူးသွားချေပြီ။
ခင်ဗျားမှ ဟုတ်ရဲ ့လား။
ကိုပေါက်(မန္တလေး)
May 30, 2011 at 4:36 pm
မှီရေ
အတွေးလေးက လှလှ
လက်တွေ့လဲကျ
ဒါမျုုးိလေးများများ ရေးပြစေချင်ပါတယ်နော်။
Shwe Tike Soe
May 31, 2011 at 5:12 am
စားအရေးအသားကောင်းတယ်.. ပဲပင်ပေါက်ထက်
တောရွာအလေ့အထလေးနဲ. ငယ်ငယ်က ကစားဖော်တွေနဲ. အတူပျော်ရွှင်စရာဘဝလေးကိုပြန်အမှတ်ရစေတယ်..
ကြည့်နူးစရာကောင်းတယ်ဗျာ..
ကျွန်တော်လဲ တစ်ခါက ကျွန်တော် အဖေ တာဝန်ကျတဲ့ ရွာဘက်တွေမှာ အဲလို ပဲပင်ပေါက်လိုက်နှုတ်ဘူးတယ်
စာရေးသူပြောသလိုပဲ တကယ်ပျော်စရာကောင်းတယ်ဗျာ..
အဲလို ရွာဓလေ့ တွေက ကလေးကစားကွင်းတွေထက် ပိုပြီး ပျော်စရာကောင်းတယ်…
good
May 31, 2011 at 6:18 am
အိမ်ထောင်စု တခု ရဲ့ မနက်စာ အခြေအနေကနေ အစပြု ရေးထားပုံ၊
ကျပ်ကျပ် ညှပ်ညှပ် ပေါက်လာ ရတဲ့ ပဲပင်ပေါက် နဲ့ တိုက်ခန်းထဲမှာပဲ ကြီးပြင်းလာရရှာ တဲ့ ခလေး၊
မြို့ ပြ နှင့် ကျေးလက်၊
တောဓလေ့ တစေ့ တစောင်း၊
မိမိ ရင်သွေး အခြေအနေ မိဘတွေ သတိပြု နိုင် ဖို့၊
အားလုံး ရေးသာချက်တွေ ကလာင်ကောင်း တလက် ပါပဲ။
MaMa
June 1, 2011 at 12:38 am
မှီ့စာလေးတွေ ဖတ်ရတာ ငယ်ငယ်က တောမှာကြီးလာရတဲ့လူအတွက် တကယ့်ကို ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်ပါပဲ။ ငယ်ငယ်က တောမှာ တစ်နေကုန် ငါးမျှား၊ မြစ်ထဲဆင်း ရေဆော့၊ ဆောင်းတွင်းမနက်အစောကြီး ခရေပန်းလိုက်ကောက်ရတာတွေ၊ သူငယ်ချင်းတွေနဲ့ တောထဲသွား ဖလံတောင်မွေး လိုက်ချိုးတာတွေ၊ မာလကာပင်ပေါ်တက် မာလကာသီး ခူးစားကြတာတွေ သတိရပြီး အပျော်လေးတွေ ကူးစက်လာတယ်။ အစ်ကိုတွေနဲ့လိုက်သွားပြီး လေးဂွနဲ့ ငှက်ပစ်တာ တွေကိုရောပေ့ါ။