ကျွန်မနှင့် ပဲသီးများ…
“ယောက်ကျား ခဏ” ဆိုတော့
“ဘာလုပ်ဦး မလို့လဲ” လို့ ပြန်မေးပါတယ်။
“ဟို ဆိုင်က ပဲသီးက နွေပဲသီးလားလို့” ကျွန်မ ပြန်ဖြေရင်း ဆိုင်ထဲကို ဝင်မယ်လုပ်တော့ သူက
“မင်းကလည်း ဝယ်လို့ကို မပြီးနိုင်ဘူး” လို့ အပြစ်တင် စိတ်မရှည်စကား ဆိုပါတယ်။ အဲဒီလိုပဲ ဈေးကို အမြဲတမ်း လိုက်ပို့ပေမဲ့ သူ ဘယ်တော့မှ စိတ်မရှည်ပါဘူး။ ကျွန်မကလည်း ဈေးဝယ်တိုင်း အရစ်ရှည်တာ ပါပါတယ်။ ဈေးသွားမယ်ဆိုတိုင်း အမြဲသတိပေးပါတယ်။ ဝယ်ရမဲ့ ပစ္စည်း စာရင်းတို့ဖို့ပါ။
“မင်း စာရင်းမှတ်ပြီးပြီလား။ အိမ်ပြန်ရောက်မှ ဟိုဟာ ကျန်တယ် ဒီဟာကျန်တယ် မလုပ်နဲ့။” လို့ မမေ့မလျှော့ အမြဲကို ပြောပါတယ်။ ကြာမှာ ကြောက်လို့ပါ။ မိန်းမဆိုတော့ အဓိက လိုအပ်တာတွေ ဝယ်ပြီးပေမဲ့ မျက်စေ့ထဲ မြင်ရာ တိုတိုထွာထွာ ဝယ်ချင်သေးတာကိုး ကြာတာပေါ့။
“ဝယ်မှာဖြင့် ဝယ်လေကွာ ဘာလုပ်နေတာတုန်း” ပဲသီးကို သေသေချာချာ ကြည့်နေလို့ ပြောတာပါ။
“အော်… ဟုတ်မဟုတ် ကြည့်နေတာ မှားမှာစိုးလို့ပေါ့တော့ ။အရင်တခါ မှားတာ မမှတ်မိဘူးလား” ကျွန်မ ပြန်ပြောတော့ သတိရသွားသလို ထပ်မပြောတော့ပါဘူး။
ဒီအရပ်မှာက ကိုယ့်အရပ်လို မဟုတ်။ သူတို့ စားလေ့စားထ ရှိတာထဲကမှ ကိုယ်နဲ့အဆင်ပြေရာ ရှာဝယ်ရတာ။ ဒီကလူတွေက ပီတာလို့ ခေါ်တဲ့ နံပြားလိုဟာထဲ အသားကင်တွေရယ် သခွားသီး၊ ဂေါ်ဖီ၊ မုန်လာဥနီ စတဲ့ အချဉ်တည်ထားတာတွေ ထည့်စားတာ။ သူတို့ အစားမို့ သခွားသီး၊ ဂေါ်ဖီ၊ မုန်လာဥ၊ ပန်းဂေါ်ဖီ၊ ခရမ်းချဉ်သီး တွေက လွယ်လွယ် ဝယ်လို့ ရပေမဲ့ ကျွန်မတို့ စားတာတွေက တခါတရံမှ ရတာ။ ဒါကြောင့် တွေ့တုန်းဝယ်ပြီးစား။ နောက်နေ့မှ စားချင်လို့ မရှာနဲ့ မရှိတော့ဘူး။ ကျွန်မတို့လို အရှေ့တိုင်းသားတွေကို အဓိက ထားရောင်းတဲ့ ဆိုင်မှာတော့ ကိုယ်စားတာတွေ ရှိတတ်တာမို့ မဝင်မဖြစ်။ တခါက ကော်ဗူးလေးထဲမှာ ပဲသီးတွေ ထည့်ရောင်းတယ်။ တဗူး တစ်ဆယ်။ ကျွန်မလည်း ရုတ်တရက် တွေ့လိုက်တဲ့အခါ ဝမ်းသာလွန်းလို့ သေချာမစစ်ပဲ နွေပဲသီး ထင်ပြီး ဝယ်လိုက်မိတယ်။ အိမ်ရောက်တော့မှ ပဲသီးအကြောသင်ရင်း ပဲကြီးသီး အနုလိုလို ဘာလိုလို စိတ်ထဲကထင်သား။ ရွာအလွမ်းပြေ စားမဟဲ့ဆိုပြီး ချက်ချင်းချက် ချက်ချင်းစားတာ။ စားလည်း စားရော ဝါးရတာမာနေမှ သေချာပြီ ဒါ..ပဲကြီးတွေ။ မစားရတာ ကြာလို့ ငတ်နေတာမို့ မလွှတ်ပြစ်ရက်ပဲ အောင့်အီး စားနေလို့ “မင်းကတော့ကွာ” ဆိုပြီး ယောက်ကျားက ရီပါတယ်။ ဒီတခါတော့ တခါသေဖူး ပျဉ်ဖိုး နားလည်မို့ သေချာအောင် စစ်ရတာပါ။ အခုကတော့ ကီလိုနဲ့ ရောင်းတာမို့ ဗန်းထဲက ပဲသီးကို အနီးကပ်ကြည့် ၊ ဆိတ်ကြည့်ပေါ့။ ဒီမှာသာ ရှားရှားပါးပါး ဈေးကြီးပေးဝယ်ရတယ်။ ရွာမှာတော့ မီးဖို မျက်နှာစာမှာ စင်အကြီးကြီး ထိုးပြီး နွေပဲသီးပင် တင်ထားတာမို့ ပေါချက်ကတော့ ပြောမနေပါနဲ့ အောတိုက်ပေါ့။ နေ့ခင်းနေ့လည် အရိပ်ရတာမို့ နွားချည်တတ်တယ်။ ပဲပင်ဆိုတာ နွားအကြိုက်မို့ နွားစားလို့ မရအောင် တမင်ကို မြှင့်ထားတာပါ။
“ဟယ်…ဟင်းစားသည်ကလည်း ရှားလိုက်တာ။ နေကလည်း မြင့်နေပြီ ။ မထူးပါဘူး ငါ့ သမီးရယ် ခရမ်းချဉ်သီး အရည်ကျဲချက်ပြီး နွေပဲသီးလေးပဲ ကြော်စားရအောင်” ဟင်းစားရှာမရတိုင်း အမေကတော့ မြင်းခုံကြီးရွှေ့ပြီး မြင်းခုံပေါ်ကနေ တက်ခူးတော့တာပဲ။ အဖေကတော့ ဘာဟင်းချက်ချက် နွေရာသီမှာဆို ခရမ်းချဉ်သီးချက် မပါမဖြစ်။ သရက်သီး အကင်းလေးတွေ ကောက်လာပြီး ထက်ခြမ်းခွဲ ရေစိမ်ပြီး အမြဲတို့စားတတ်တယ်။ ပြီးတော့ ပြောပါသေးတယ် “ ခရမ်းချဉ်သီးက အူမကြီးကင်ဆာ မဖြစ်ဘူး” ဆိုပဲ။ သူကြိုက်ရင် ကြိုက်တယ် မပြောဘူး။ တရက်ကလေး မပါတာနဲ့ “ဒီမိန်းမတော့ ယောက်ကျား ကြိုက်တာ မချက်ထားဘူး။ အရိုက်ခံရတော့မယ်” ဆိုပြီး အမေ့ကို စတတ်တယ်။
ကျွန်မတို့ ကတော့ တနွေလုံး ခရမ်းချဉ်သီးချက်နဲ့ လွေးရတာမို့ ကြာတော့ မစားချင်တော့ဘူး။ ဒါကြောင့် ဟင်းကောင်းချက်တဲ့နေ့ ခေါင်းမဖော်ပါဘူး။ အခုများတော့ မစားရတာ ကြာပြီမို့ ရှားရှားပါးပါး စားရပြီဆို ဟင်းကောင်းဟင်းမွန်ဖက် စောင်းမကြည့်ဘူး။ ထမင်းစားတော့ နွေပဲသီးဟင်း တမျိုးတည်းနဲ့ နှစ်နှစ်ခြိုက်ခြိုက် စားနေတာမို့ “မင်းအတော်ကြိုက်တယ်နော်” တဲ့။ ရင်ဘတ်ခြင်း မတူလို့ သူမခံစားတတ်ဘူး။ ကျွန်မက တောသူ ကိုယ့်အပင်က ကိုယ့်ဘာသာခူးပြီး ချက်စားခဲ့တာမို့ ငယ်ငယ်က စားခဲ့တဲ့ အရသာကို မမေ့ပဲတခါတရံစားချင်တယ်လေ။ သူက မြို့သား ဒါမျိုး ဘယ်ခံစားတတ်မလဲ။ ကျွန်မပဲ အစွဲအလန်း ကြီးတယ် ထင်ရှာတယ်။
တခါက ကိုယ်တွေ့ ကြုံမှ ကျွန်မလို လူတွေ ရှိသေးပါလားလို့ သူသိသွားတယ်။ သားကို တပတ်တခါ မဖြစ်မနေ ကစားကွင်း လိုက်ပို့ပါတယ်။ အမြဲတမ်း အိမ်ရှေ့ဘက် ၃လမ်းကျော်က ကစားကွင်းကို ပို့နေကျပါ။ တရက်တော့ ယောက်ကျားက ကျွန်မတို့အိမ် အနောက်ဘက် ခပ်လှမ်းလှမ်းမှာ ကစားကွင်း အကြီးကြီး တွေ့ခဲ့တယ် ပြောတာနဲ့ ကစားကွင်း ေ ပြာင်းပါတယ်။ လမ်းလျှောက်ရတာ ဝေးပေမဲ့ ကစားကွင်းက ကြီးပြီး ပစ္စည်း ပိုစုံတာမို့ အပတ်တိုင်း သွားဖြစ်တယ်။ အစကတော့ သတိမထားမိဘူး။ နောက်တော့မှ ခြံစည်းရိုးက နွယ်ပင်တွေဟာ ပဲပင်တွေမှန်း သိလိုက်တယ်။ ဒါပေမဲ့ ပဲသီးတွေဟာ နွေပဲသီးလား၊ ပဲကြီးလား ခွဲမရသေးပါဘူး။ အပတ်တိုင်း ကျွန်မမှာ စိတ်ဝင်စား စရာ တခုကို ဖြစ်လို့။ နောက်မကြာခင် ခရမ်းရောင်၊ အဖြူရောင် အပွင့်လေးတွေ တွေ့တော့ စားလို့ရတဲ့ ပဲ သေချာပြီ။ သီးကင်းလေးတွေ မတွေ့သေးလို့ ဘာ ပဲ မျိုး ဖြစ်မလဲလို့ တပတ်လုံး မမေ့မလျှော့ သိချင်နေတာပါ။ အဲ…တပတ်ကတော့ အသီးလေးတွေ အခိုင်လိုက် သီးနေတာ မြင်မှ “ယောက်ကျားရေ.. ပဲကြီးတွေတော့၊ အစေ့တည်မှ ခူးပြီး ပဲကြီးဟင်း ချက်စားဦးမယ်” လို့ ဝမ်းသာ အားရ ပြောမိတယ်။ အသီးလေးတွေ ငယ်သေးတာမို့ ခူးတော့ မခူးခဲ့ဘူး။ ကစားကွင်းမှာလည်း ဂျုးကလေးတွေ ကစားတာ များတာမို့ ကိုယ့်လို ဘယ်သူမှ ဒီ ပဲပင် စိတ်ဝင်စားမှာ မဟုတ်ဘူးပေါ့။ ဒါက ကိုယ့် အထင်လေ တပတ်သွားလည်း ကြီးမလာ ကြီးမလာနဲ့ ။ မဟုတ်တော့ဘူး သေချာအောင် အနားကပ် ကြည့်မှ မရင့်သေးခင် ခူးသူရှိနေပြီမှန်း သိရတယ်။ ကိုယ်နဲ့ အကြံတူသူ ရှိနေပြီမို့ နောက်တခါ အသီးကြီးချိန်မှန်းပြီး ဦးအောင်ခူးမယ်ပေါ့။ အားမလျှော့သေးပါဘူး။ ဒီလိုနဲ့ ပဲပင်သာ ခြောက်ပြီး သေသွားတယ် ကျွန်မ တခါမှ မခူးခဲ့ရလို့ မြင်သာမြင်ပြီး မကြင်ခဲ့ရပါဘူး။
ကျွန်မတို့ အရပ်မှာဆို ပဲကောက်ရာသီ တရာသီလုံး ပဲကြီးဟင်း၊ ပဲကြီးနှပ် စသည်ဖြင့် ပဲကြီးကို နည်းမျိုးစုံ မရိုးအောင် ချက်တာပါ။ ပဲ ရာသီ တတွင်းလုံး ပဲခြင်းကို ထပ်နေအောင် စားရတာပါ။ ပဲ နယ်မဲ့တလင်းမှာ မနက်က ကောက်လာတဲ့ ပဲတွေကို ဖြန့်ပြီး ခြောက်အောင် နေလှန်းရပါတယ်။ ခြောက်မှ နယ်ရတာပါ။ တမနက်လုံး ပဲကောက်ပြီး နေ့ဆွမ်းစား တုံးခေါက်ပြီဆို ပဲလှည်းတွေ ပြန်ရောက်လာပါပြီ။ လှည်းကို နောက်ပြန်လှန်ချ ယိုင်ပတ် ဖယ်လိုက်တော့ ဝေါခနဲကျလာတဲ့ ပဲ ပုံကြားမှာ လူကြီး၊ လူငယ် အရွယ်စုံ ပဲ အစို ရွေးကြပါတယ်။ ပဲပင်က ပဲခိုင်ကို တခါတည်း သပ်ချတာမို့ အခြောက်တွေ ကြားမှာ အစိုတွေ ရောပါပါတယ်။ နယ်ရင်လည်း မခြောက်သေးတဲ့ ပဲအစိုမို့ ပြားကပ်သွားတာပါ။ တမင်တကာတောင် ရွေးရမှာမို့ စားချင်တဲ့သူ၊ လိုချင်တဲ့သူ ကြိုက်သလောက် ရွေးနိုင်ပါတယ်။ ကိုယ့်အိမ် ပဲကောက်လည်း လာရွေး၊ သူ့အိမ်ကောက်လည်း သွားရွေးတာပါ။ အိမ်ပြန်ရောက်တော့ အခွံခွာ အခွံတွေ နွားသကျင်းထဲထည့် အစေ့ လူစားပေါ့။ ပဲကြီးတွေ ကိုင်လာတာမို့ လက်တွေလည်း စိမ်းရွှေရွှေ အနံကို လှိုင်နေတာပါ။ ပဲ ကြီးအစို သွာရွေးခိုင်းပြီး တခါတည်း ခွာခိုင်းတာမို့ သေချာတာကတော့ နေ့လည် စာ ပဲကြီးဟင်း ဆူးပုတ်ရွက်ခတ်နဲ့ ခရမ်းချဉ်သီးထောင်း စားရမှာပါ။ အဲဒီ့ ရာသီမှာ ဘာဟင်းချက်လဲ ဘယ်အိမ်မေးမေး “ ရဲကိုကိုလေး ထောင်းပြီး ပဲကြီးဟင်းတော့” ဆိုတာနဲ့ “ကော်နီဆီပြန်လေးနဲ့ ပဲကြီးနှပ်တော့” လို့ ဖြေသံကြားရမှာ မြေကြီးလတ်ခတ် မလွဲပါ။ ရဲကိုကို၊ ကော်နီ ဆိုတာ ခရမ်းချဉ်သီးကို တင်စားပြီး ခေါ်တာပါ။ တနေ့လာလည်း ခရမ်းချဉ်သီးချက် တရက်လာလည်း ခရမ်းချဉ်သီးချက်မို့ အခေါ်အဝေါ်မတူအောင် ရဲကိုကို၊ ကော်နီလို့ တင်စားပြီး ခေါ်တာလေ။ သူ့အရပ်နဲ့ သူ့ဇာတ်မို့ စားလို့ကတော့ အကောင်းသားပင်။ တခါတည်း ပဲ ရာသီ မကုန်မချင်း စားရော့ ပဲဟင်း။ ငယ်ငယ်ကတော့ တခါလာ ပဲဟင်း တခါလာ ပဲဟင်းမို့ “အမေရာ …. ဟင်းကောင်းလေးများ ချက်ပါဦး။ အမေ့ကို တရား မစွဲပါဘူး” လို့ ပြောခဲ့တဲ့ ကျွန်မ အခုတော့ အမေ့အိမ် ပြန်ပြီး အမေ ချက်ထားတဲ့ ခရမ်းချဉ်သီး မီးဖုတ်ပြီး ထောင်းထားတာလေးနဲ့ ပဲကြီးဟင်း ဆူးပုတ်ရွက်ခတ် အရည်ချွဲချွဲလေး ဆမ်းပြီး စားချင် သောက်ချင် လှပါတော့တယ်။
18 comments
ဆူး
June 7, 2011 at 4:11 pm
ပဲကြီးနှပ်တော့ ကြိုက်တယ်။ အိမ်မှာ သိပ်မချက်ဘူး။ ဆိုင်က ဝယ်စားလို့ကတော့ ပဲကြီးနှပ် တပွဲ အမြဲ ပါအောင် ဝယ်တယ်။
pooch
June 7, 2011 at 4:49 pm
ကိုယ့်အသိ US က သူငယ်ချင်းအဒေါ်ကတော့ ပဲပြုတ်ထမင်းလုပ်ပြီးရင် အဲဒီက သူငယ်ချင်းအိမ်တွေကို လိုက်
ဝေတတ်တယ်။ သူပြောတာတော့ ပဲပြုတ်ဆီဆမ်း သွားပေးရင် မှိုရတဲ့မျက်နှာလို ပြုံးရွှင်နေကြတာပဲတဲ့။
သူ့အမေကလည်း ဒီက ပဲပြုတ်သည် ဆီက နည်းတောင်းသွားတာတဲ့။ တခါတရံ ဒီကလူတွေက မုန့်ဟင်းခါး
အခြောက်ထုပ်တွေလည်း လူကြုံနဲ့ပို့ပေးရတယ်။ ရေခြားမြေခြားမှာဆိုတော့ ဒေသအစားအစာဆိုတာ
လွမ်းစရာအကောင်းဆုံးပါပဲ။
unclegyi1974
June 7, 2011 at 5:12 pm
အမျိုးသမီးများဈေးဝယ်ကြာတာသဘာဝပါ
ကိုယ့်တွေ့
etone
June 8, 2011 at 6:45 am
အန်ကယ်ကြီးကလည်း မိန်းမတိုင်း ဈေးဝယ်တာ မကြာပါဘူး … ။ etone ဆို ဟင်းသီးဟင်းရွက်နဲ့ အသားငါး ဈေးဝယ်ရတာ ပျင်းတယ် … 🙁 မဝယ်လျှင် ငတ်မှာမို့သာ ဝယ်ရတာ ။ စားချင်တာ မတွေးထားပဲ မျက်စိထဲမြင်တာလေး မြန်မြန်ဝယ်လိုက်ပြီးပြန်လာတယ်… ။ အဝတ်စားဝယ်လျှင်လည်း ပတ်ပြီး လိုက်ကြည့်ရတာ စိတ်ရှုပ်တယ်… ။ etone က လူကသာ မတိုတာ … စိတ်က လက်တဆစ်ရယ် … ။
kai
June 7, 2011 at 6:44 pm
နိုင်ဂျံဂါးနေသူတွေ.. .အိမ်ဝင်းထဲ.. စားပင်စိုက်ရင်..သတိထားကြနော.. မှီမမ လိုအိမ်ရှင်မရန်ကြောက်ရတယ်..။ 🙂
ပြောရရင်.. အယ်လ်အေမှာတော့.. ပဲကြီးရော..ဆူးပုတ်ရွက်ရော.. ပဲပြုတ်ရော.. အကုန်ရပါတယ်.။
ပဲကြိးကို အိနိ္ဒယဆိုင်ကဝယ်ပြီး..ဆူးပုတ်ရွက်ကို.. ယိုးဒယားဆိုင်ကဝယ်နိုင်ပါတယ်..။
ပဲပြုတ်က.. မြန်မာတွေလုပ်ရောင်းတာ.. တထုတ်..၄ဒေါ်လှကနေ..၆ဒေါ်လှ အထိရှိပြီး.. ၁ပေါင်ကျော်လောက် အထုတ်ကို အခဲ(ရေခဲသေတ္တာ)လုပ်ထားတယ်..။
hmee
June 8, 2011 at 6:32 am
တဘက်က ကလေးကစားကွင်း၊ တခြားတဘက်က တင်းနစ်ကွင်း အလယ်က သံဇကာမှာ ပဲပင်ရှိတာမို့ ပိုင်ရှင်မရှိ အပင်ဆိုတာ သေချာပါတယ်။ ဒါကြောင့် ပြစ်မှားတာပါ သဂျီးရာ။ ဒီက အိနိ္ဒယဆိုင်မှာ စားတော်ပဲနှင့် ပဲကြီးက လွဲလို့ ကျန်တဲ့ပဲတွေရတယ်။ ဆူးပုတ်ရွက်ကတော့ လုံးဝမရပါ။ ဒန့်သလွန်ရွက် အခက် ၃ခက်ကို ၁ဝ မို့ ၃ဒေါ်လှလောက်ရှိမယ်။ မတန်ဘူးထင်လို့ ဝယ်ကို မစားပါဘူး။ 🙂
weiwei
June 8, 2011 at 7:18 am
ညနေကျရင် ပဲကြီးနဲ့ ဆူးပုတ်ရွက် ချက်စားလိုက်အုန်းမယ် …. 🙂
လင်းဝေကျော်
June 8, 2011 at 9:10 am
မိန်းမတွေ ဈေးပတ်ရင် ကြာသလားမမေးနဲ့ ဘာလုပ်နေမှန်းကိုမသိတာ။
ကျားနဲ့ မ မတူညီမှု နားမလည်နိုင်မှုတွေထဲ အဲဒါလည်းပါတယ်။
မမှီပြောနေတဲ့ အရပ်က တောင်တွင်းဘက်လားဗျ။
ပဲကြီးတို့ ခရမ်းချဉ်သီးတို့ အလွန်ပေါတဲ့အရပ်ပေါ့။
hmee
June 8, 2011 at 5:35 pm
ဟုတ်ပါတယ် ကိုလင်းဝေကျော်ရေ။ တောင်တွင်းကြီးနားက နင်းကြမ်းနယ်ကပါ။
ကိုပေါက်(မန္တလေး)
June 8, 2011 at 11:34 am
နီးစဉ်ခဏလွယ်လွယ်ရခိုက်
တန်ဘို့းမထား မေ့တာများသည်။
ဝေးလျှင်မရ ရှားပါမှ
လိုချင်သမျှ ကိုယ်မရတော့
လွမ်းတသသနဲ့နေရသည်၊
ဪ လောကီ လောကီ
bigcat
June 9, 2011 at 2:18 am
ကျနော့်အမျိုးတယောက်က တောင်တွင်းကြီးသား၊ ဆွေကြီးမျိုးကြီးထဲက၊ သူ့ဆိုလူတိုင်းသိတယ် ပြောတယ်။
eros
June 9, 2011 at 2:34 am
ဘာလုပ်စားလို့လဲ ဆြာကြောင်ရဲ့။
bigcat
June 9, 2011 at 3:07 am
သူကြီးမျိုးထဲကပါဗျာ၊ အန်တီမှီတော့ သိမယ်ထင်တယ်..
တညင်သား
June 9, 2011 at 3:34 am
မမမှီ အရင်ပို့စ်တွေမှာ သံလွင်မြစ်လို့ ရေးထားသလားလို့ အခု တောင်တွင်းကြီးဘက် ဆိုတော့ စပ်စုတယ်လို့ မထင်ပါနဲ့ မြစ်က ဘယ်ကနေ ဘယ်လိုစီးလဲ စဉ်းစားမရတော့ဘူး….:) အော် …အငြာသာထေးတွေကိုးးးးး
hmee
June 9, 2011 at 6:56 am
ခက်တော့ ခက်နေပြီကွယ်…..L ဆိုင်းဇီ သီချင်းပါ။ 🙂 တောင်တွင်းကြီး အရင်မြင်လို့ အတွေးတွေ လမ်းလွဲကုန်ပြီ။ နင်ကြမ်းနယ် ပါဆို။ ဘုရင့်အာဏာစက်လည်းလွတ် အင်္ဂလိပ်အာဏာစက်လည်း လွတ်လို့ နင်းကြမ်းလို့ ခေါ်တဲ့နေရာလေ။ အင်္ဂလိပ်-မြန်မာစစ်ဟာ သူ့မှာရှိတဲ့ သစ်ကြောင့် ဖြစ်ရတယ်ဆိုပဲ။ တခါက ဆူးကိုတောင် ထမင်းစားဖိတ်မယ် ပြောထားသေးတယ်။ စစ်တောင်းမြစ်လို့ ပြောထားတာပါ ကိုတညင်သားရယ်။ စစ်တောင်းအစ ပေါင်းလောင်းကတဲ့။ ပေါင်းလောင်းချောင်းနဲ့ ငလိုက်ချောင်း ဆုံပြီးမှ စစ်တောင်းခေါ်တာလေ။
ဆူး
June 9, 2011 at 1:16 pm
ထမင်းစား ဖိတ်ရင် ပဲကြီးနှပ်တော့ ပါပစေနော်.. ဆူး က ပဲကြီးနှပ် သိပ်ကြိုက်တာ..
အိမ်မှာ သိပ်မချက်လို့ ဆိုင်က ဝယ်စားတဲ့ အချိန် ဆိုင်မှာ စားတဲ့ အချိန်ဆို ပဲကြီးနှပ် အမြဲ ပါအောင် ဝယ်စားတယ်။
eros
June 9, 2011 at 1:36 pm
ပဲတကာ ပဲထဲမှာ ကြော်စားရတဲ့ ပဲတောင့်ရှည်တော်တော်မုန်းတယ်။
ကျန်တဲ့ပဲတွေကိုတော့ကြိုက်ပါတယ်။ ပဲစဉ်းငုံ၊ ကုလားပဲ၊ ပဲနီပဲဝါ၊ ပဲကြီး၊ မောင်မခေါ်ပဲ၊ မြေပဲ၊ ပဲပုတ်၊ မတ်ပဲ၊ ဗိုလ်စားပဲ အကုန်ကြိုက်တယ်။ ပဲရှိရင် စားလို့ဖြစ်ပြီ။ ပြီးခဲ့တဲ့ စနေ တနင်္ဂနွေကတောင် ဝက်နားရွက်ပြာဖြစ်လို့ ဝက်သားဟင်းမစားရလို့ ၂ရက်လုံး ချစ်တီးပဲဟင်းနဲ့ နှစ်ပါးသွားလိုက်တယ်။
ပဲဟင်းကစားတာများရင် လူတော့ ဝ လာတယ်။ ဝိတ်ကလဲ ရိတ်ခနဲ ရိတ်ခနဲ တက်လာတယ်။ ဗိုက်လဲ နည်းနည်းပူလာတယ်။
တညင်သား
June 9, 2011 at 5:25 pm
မရှင်းလို့ မေးမိတာနော်. စိတ်မဆိုးပါနဲ့…..မေးတာတောင် မှားနေသေးတယ် ဟဲဟဲ ……:)