သင် အားနာတတ်ပါသလား …

meengelayJune 9, 20111min845

သင်..အားနာတတ်ပါသလား…????မကောင်းသော အားနာခြင်းမျိုးများ”

(၁) စိတ်ထဲ၌ ရှိသည့်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောမထွက်သော အားနာခြင်းမျိုး

စိတ်ထဲရှိသည်ကို ပွင့်ပွင့်လင်းလင်း ပြောမထွက်သော အားနာခြင်းမျိုးသည်

မကောင်းသော အားနာခြင်းမျိုးဖြစ်သည်။ အောက်ပါ ဥပမာများကို ကြည့်ပါ။

(က) လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ဝိုင်းထိုင်၍ နေ့လည်စာ စားချိန်တွင်

မျက်နှာချင်းဆိုင် ထိုင်စားနေသူတဦး၏ မေးစေ့တွင် ထမင်းလုံးကပ်နေသည်။ သင်က

ပြောရမှာကို အားနာနေသည်။ သင်ပြောလိုက်လျှင် ထိုသူ ရှက်သွားမှာကိုလည်း

စိုးရိမ်နေသည်။ သို့သော် ထိုထမင်းစေ့ ကပ်နေခြင်းကို မြင်နေရသူတိုင်း၏

စိတ်တွင် ကသိကအောက်နှင့် မသက်သာ။ ဤကိစ္စမျိုးတွင် အားနာနေ၍ မပြောခြင်းသည်

မကောင်း။ ပွင့်ပွင့်လင်းလင်း ပြောလိုက်ခြင်းဖြင့်

အားလုံးပြေလည်သွားနိုင်သည်။

(ခ) တစုံတယောက်က သင့်ထံမှ ပိုက်ဆံချေးငှားသည်။ တကယ်တော့ သင်က မချေးချင်။

သို့သော် ငြင်းရမှာ အားနာ၍ ချေးလိုက်သည်။ (ပြီးတော့ သင်က

ငွေပြန်တောင်းရမှာကိုလည်း အားနာနေဦးမည် ဖြစ်သည်။) ထိုနေ့မှစ၍

ငွေပြန်မရမချင်း သင်မပျော်တော့။ ဤနေရာတွင်လည်း အားနာခြင်းသည် သင်၏

ပကတိစိတ်အရင်းခံကို ကွယ်ဝှက်၍ မပြတ်မသား ဆုံးဖြတ်ခြင်းမျိုးဖြစ်ရာ

ကုသိုလ်မရသည့်အပြင် အကုသိုလ်အား ဝယ်ယူသကဲ့သို့ဖြစ်သော အားနာခြင်းမျိုး

ဖြစ်သည်။

ဤနေရာတွင် စကားစပ်လျဉ်း၍ စာရေးသူ၏ အတွေ့အကြုံတခုကို

ပြန်လည်ဖောက်သည်ချချင်ပါသည်။ တနေ့တွင် မိတ်ဆွေတယောက်အား

စင်ကာပူလေဆိပ်သို့ လိုက်ပို့ရာတွင် မြန်မာလူမျိုးတဦး၏ ငြီးတွားသံကို

အောက်ပါအတိုင်း ကြားခဲ့ရပါသည်။

“စိတ်ညစ်တယ်ဗျာ။ သူ့အိမ်က ထညက် (ထန်းလျက်) လေးပိဿာကြီးတောင်

ထည့်ပေးလိုက်လို့ တလမ်းလုံး လက်မောင်ပြုတ်မတတ် ဆွဲလာရတယ်”

ထိုစကားကို ကြားရသည့်အချိန်မှစ၍ အိမ်ပြန်ရောက်သည်အထိ စာရေးသူမှာ

တွေးမိတိုင်း အူယားလှသဖြင့် အသံထွက်၍ မရယ်မိအောင် အောင့်ထားရ၏။

လူကြုံပေးသူကလည်း အားမနာပ ထည့်ပေးပြီး၊ သယ်သူကလည်း အားအနာလွန်ကာ

သယ်လာခဲ့ပြီးမှ ကွယ်ရာတွင် စကားတင်းဆို ငြီးတွားနေခြင်း ဖြစ်သည်။

(၂) ကိုယ်ရသင့်ရထိုက်သည်ကို တောင်းဆိုရမှာ အားနာခြင်းမျိုး

ဤသည်မှာ မြန်မာအများစုတွင် ဖြစ်တတ်သော အားနာမှုမျိုး ဖြစ်သည်။ အကြွေး

ပြန်တောင်းရမည်ကို တွန့်ဆုတ်နေကြသည်။ မိမိ၏ အားလပ်ရက်ခွင့်ကို ယူရန်

တွန့်ဆုတ်နေကြသည်။ ကျူတန်းစီရာ၌ မိမိရှေ့တွင် ကြားဖြတ်၍ တန်းစီသူကို

မလုပ်ရန်ပြောဖို့ ဝန်လေးကြသည်။ မိမိနှင့် ချိန်းဆိုထားသောအချိန်တွင်

တိကျစွာ ရောက်မလာသူအား ထောက်ပြသတိပေးရန် တွန့်ဆုတ် အားနာနေတတ်ကြသည်။

ဤအားနားခြင်းသည် လောဘနည်းခြင်းကြောင့်လည်းမဟုတ်၊ ခန္တီပါရမီနှင့်

ပြည့်ဝနေခြင်းကြောင့်လည်းမဟုတ်။ မြန်မာ့ယဉ်ကျေးမှုဟုကား လုံးလုံးမျှပင်

မဆိုသင့်။ ဤအားနာခြင်းမျိုးသည် လူပုဂ္ဂိုလ်တဦးချင်း၏

ကိုယ်ရည်ကိုယ်သွေးနှင့်သာ ဆိုင်ပေသည်။ တခြားအကြောင်းကြောင့် မဟုတ်ဘဲ

မိမိရသင့်ရထိုက်သည်ကို မသိလောက်အောင် ထူ၍ အ၍ န၍သာ ဖြစ်နိုင်ပေသည်။

မိမိတွင် ထိုသို့သော အားနာမှုမျိုးရှိက သတိထား၍ ချေဖျက်သင့်သည်ဟု

ထင်ပါသည်။

(၃) မိမိတာဝန်နှင့် အားနာခြင်းကို မခွဲခြားတတ်ခြင်း

လူတို့သည် အဖွဲ့အစည်း၊ အသိုင်းအဝိုင်းနှင့် နေထိုင်၍

အလုပ်လုပ်ကိုင်သောအခါ မိမိ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ခံစားချက်တို့ကို

ဘေးချိတ်၍ မိမိ၏ တာဝန်ကို ကျေပွန်အပ်၏။ သင်၏ အလုပ်ကို ထမ်းဆောင်ရာတွင်

အားနာခြင်းကို ဘေးချိတ်ထားရမည်။ သင်သည် ရဲအမှုထမ်းဖြစ်ပါက သင်၏ ဆွေမျိုး၊

မိတ်ဆွေ ရာဇဝတ်မှု ကျူးလွန်သည်ကို တွေ့လျှင် သင် အားနာ၍မရ၊ ဖမ်းရမည်။

သင်သည် ကျောင်းဆရာဖြစ်က သင့်သူငယ်ချင်း၏သား စာမေးပွဲမဖြေဆိုနိုင်သည်ကို

အားနာသည်ဆိုကာ အအောင်ပေး၍ မဖြစ်။ သင်သည် တရားသူကြီးဖြစ်က သင့်မိတ်ဆွေကို

အားနာ၍ အပြစ်လျှော့ပေါ့ခြင်း လွှတ်ပေးခြင်း မပြုရ။ တာဝန်နှင့်

အားနာခြင်းကို အထက်ပါအတိုင်း ခွဲခြားသင့်သည်ဟု ယူဆမိပါသည်။

ယခုအခါ စာရေးသူတို့ မြန်မာပြည်တွင် နည်းမမှန်သော အားနာမှုများက နေရာအနှံ့

ကြီးစိုးနေရာ ရံဖန်ရံခါ အမှားနှင့် အမှန်ကိုပင် ဝေဖန်ပိုင်းခြားမှု

မရှိနိုင်လောက်အောင်အထိ ဖြစ်နေသည်ကိုပင် ကြုံကြရပေသည်။

* သင်သည် ဘတ်စ်ကားစပယ်ယာက နည်းမကျ လမ်းမကျ ဟိန်းဟောက်သည်ကို

မျက်နှာအောက်ချ၍ ခံနေပေမည်။

* သင်သည် ဈေးတွင် အသားသည်က အလေးခိုးသည်ကို

သိသိနှင့် ပြန်မပြောဝံ့ဘဲ ငုံ့ခံနေမည်။

* သင်သည် ကျောင်းဆရာဖြစ်ကတိုင်းပညာရေးမှူး၏ သမီးမင်္ဂလာဆောင်အတွက် လက်ဖွဲ့ရန်ဆိုကာ သင့်လစာမှ

ဖြတ်တောက်လိုက်ခြင်းကို ပြန်မပြောဘဲ ငြိမ်ခံနေမည်။

* သင်သည် သာသနာရေးအတွက်အကြောင်းပြကာ ဘယ်ကမှန်းမသိ၊ ဖြတ်ပိုင်းနှင့် လာရောက် အလှူခံလျှင်

စိတ်မပါဘဲနှင့်လည်း အားနာ၍ ထည့်လိုက်ပေမည်…

စသည့် နည်းမမှန်သော

အားနာမှုကြောင့် မြန်မာ့လူ့အဖွဲ့အစည်းတွင် အကျည်းတန် အရုပ်ဆိုးသောအဖြစ်အပျက်များနှင့် ကြုံတွေ့နေရခြင်း ဆိုလျှင်ပင် လွန်မည်မထင်။

ဤသို့လျှင် မိမိရသင့်ရထိုက်သော အခွင့်အရေးများကို တောင်းရကောင်းမှန်းမသိ၊

စူးစမ်းရကောင်းမှန်းမသိ၊ မေးမြန်းရကောင်းမှန်းမသိ၊ နည်းမမှန်သော

အားနာမှုနှင့် ကြောက်ရွံ့မှုတို့၏ ပိန်းပိတ်မှုအောက်တွင်

နှစ်ကာလရှည်မြင့်စွာ နေထိုင်လာကြရသောအခါ အင်မတန် ဆိုးညစ်သော လူတစုက

ဤပျော့ကွက်များကို အသုံးချ၍ မိမိတို့၏ အခွင့်အရေးများကို ထိပါးလာသောအခါ

မိမိတို့မှာ တွန်းလှန်နိုင်သော သတ္တိမရှိတော့သော အခြေအနေသို့

ဆိုက်ရောက်သွားတတ်ချေသည်။

ထို့ကြောင့် မြန်မာတို့အနေနှင့် တမျိုးသားလုံးအကျုိုးစီးပွားကို

မျှော်တွေးကာ နည်းမှန်လမ်းမှန် အားနာသင့်ကြပေသည်ဟု

တိုက်တွန်းရေးသားလိုက်ပါသည်

5 comments

  • king

    June 9, 2011 at 7:53 am

    ဟုတ်ရယ်
    အားနာတော့ဝူးးးးးးးးးး
    လာပြောသမျှ လက်ခံတော့ဝူး
    (မှတ်ချက်။ မိန်းမပျိုလေးများ၏ ရည်းစားစကားလာပြောခြင်းများမပါ) 😛

  • fatty

    June 9, 2011 at 9:03 am

    ကျနော် ကြိမ်ပြိးပြောတာပါ တက္ကသိုလ်ကျောင်းသား ဘဝတုန်းက မိန်းကလေးတယောက် ကျနော့ကို
    ရီးစားစကားလာပြောဖူးတယ် ..။ ကျနော်မှ မကြိုက်တာဘဲ ဒါပေမဲ့ အားနာလိုက်တာဗျာ ..
    သူ့ခမျာ ပြောသာပြောရတယ် မျက်နှာကလည်းနီရဲလို့ ..။ သူ့စိတ်ထဲရှိတာကို ပြောရဲတာတော့ချီးကျူး
    စရာဘဲဗျာ .. ရုပ်ကလေးက အတော်လှတယ် … ဒါပေမဲ့ ပွင့်နဲ့ တဆိုဒ်ထဲဘဲ။

  • MaMa

    June 10, 2011 at 12:33 am

    အားနာရင် ခါးပါတတ်တယ်နော်။ အဲဒါကြောင့် အားနာသင့်မှ နာရာ၏။

  • manawphyulay

    June 10, 2011 at 2:11 am

    ဟဟဦးဖက်က အားမနာတတ်ဘူးမလား။ အဲချိန်ကသာ အားနာတတ်ရင် ခု ပွင့်ပုံစံနဲ့ သူနဲ့ ဟဲဟဲ…..

  • weRone

    June 10, 2011 at 4:33 am

    အားနာတတ်တာ က ကောင်းတော့ မကောင်း ..
    ဒါပေမဲ ့ အာမနာတတ်ပဲ နဲ တုတ်ထိုး အိုးပေါက် ပြောတတ်တာလည်းမကောင်းပြန်ဘူး.

Leave a Reply