မိန်းမဆိုတဲ့ အမျိုး……
တရက်က ကျွန်မအိမ်ကို ခင်မင်တဲ့ မောင်လေးတွေ အလည်လာပါတယ်။ ထုံးစံအတိုင်း ဧည့်သည်ကို စားစရာ တခုခုနဲ့ ဧည့်ခံရမှ ကျေနပ်တဲ့ ကျွန်မ ဘာနဲ့ဧည့်ခံရမလဲ စဉ်းစားရပါတယ်။ ထမင်းချိန်ထမင်း၊ ကော်ဖီချိန်ကော်ဖီ၊ ယမကာလုလင်လေးတွေပါလို့ ယမကာမှီဝဲမယ်ဆိုလည်း အမြည်းတွေ ဖွယ်ဖွယ်ရာရာ လုပ်ပေးပါတယ်။ ကိုယ့်လို ရေခြားမြေခြားမှာ မိဝေးဖဝေး နေရသူချင်းမို့ ကိုယ်ခြင်းစာတာလည်း ပါပါတယ်။ ဪ…သူတို့ခမျာ အလုပ်တဘက်နဲ့ မို့ ဘယ်လိုလုပ် ဖွယ်ဖွယ်ရာရာ စားရပါ့မလဲပေါ့။ ကျွန်တို့ မိသားစုကိုလည်း အတော်ခင်ကြပါတယ်။ ကျွန်မတို့ အိမ်ကို အလည်လာမယ်လို့ ကြိုပြောထားရင် ထမင်းဟင်းပါ ချက်ပြီး သေချာ ကျွေးတာပါ။ သူတို့ကလည်း အကြောင်းသိနေပြီမို့ တကယ့် ဆွေမျိုးအရင်းတွေလို၊ ကိုယ့်အိမ်ကိုယ့်ယာလို အားမနာ ကျတော့ပါဘူး။ တခါတလေ သူတို့ ယူလာတာတွေက ကိုယ်ကျွေးထာထက် များနေလို့ ကိုယ်ကတပြန် ပြန်အားနာယူရပါတယ်။ သူတို့လာတာက နေ့လည်စာ စားချိန်နီးပြီမို့ ထမင်းကျွေးမယ်ပေါ့။ ဒီအရပ်မှာက ရန်ကုန်လို မနက်တိုင်း ဈေးသွားလို့ ရတာမဟုတ်။ ဆိုင်တွေ အားလုံးက ၉နာရီကျော် ၁ဝနာရီ လောက်မှ ဖွင့်တတ်တယ်။ အဲ…သူတို့ ဥပုဒ်နေ့ ဖြစ်တဲ့ သောကြာညနေကနေ စနေ တရက်လုံး တဆိုင်မှကို မဖွင့်ဘူး။ အထိမ်းအမှတ်နေ့တွေ များဆို ယောင်လို့တောင်သွားမကြည့်နဲ့ သေချာတယ် ဘာမှဝယ်မရဘူး။ နောက်ဆုံး ကုန်ကုန်ပြောရရင် သောက်ရေတောင် ကြိုဝယ်ထား မရှိရင် ဘုံဘိုင်ရေ ကြိုသောက်ပဲ။ ဒါကြောင့် ကျွန်မက အမြဲတမ်း တပတ်စာ ဝယ်ပြီး ထည့်ထားတယ်။ မနက်ဖြန်ချက်မယ့် အသားကို ဒီလို ညနေမှ အောက်ကအခန်းထဲ ရွှေ့ထည့်။ ကျန်တာတွေ အကုန်ခဲထား။ ဘယ်လောက်များ ခဲရသလဲဆို ကန်စွန်းရွက်ကို တွေ့တုန်းဝယ်ထား သင်သက်ပြီး ရေဆေး ရေစစ်ကာ ဗူးထဲထည့် ခဲထားပြီး စားရတဲ့ဘဝ။ ရန်ကုန်မှာလို လတ်လတ်ဆတ်ဆတ် ဘယ်စားရမလဲ။ လိုချင်တိုင်းမှ မရတာ။ သူ့အရပ်နဲ့ သူ့ဇာတ်ကိုး။ ကျွန်မ အမျိုးသားက အမြဲစတတ်တယ်။ “ဟ….ရေခဲတောင် အနှစ်တရာ ကြာပွင့် ချက်တာလား” တဲ့လေ။ ရေချိုငါးက မရှိလို့ လူကြုံလေးနဲ့ ထည့်ပေးလိုက်တဲ့ ငါးခူကြော်လေးများဆို အရသာမမေ့ရုံ စားတယ်ဆိုရုံလေး ချွေစားပြီးပြန်ခဲမို့ သူက “ မင်း ငါးခူကြော် နောက် လေးငါးဘဝလောက် ရောက်ပြီးလောက်ပြီ” တဲ့ ကြံကြံဖန်ဖန် ပြောပါတယ်။ တခါတလေများဆို “ ကြည့်လည်းစားဦး မိန်းမရေ ရေခဲထားတာကြာလို့ ကင်ဆာတွေ ဘာတွေ ဖြစ်နေပါဦးမယ်ကွာ” တဲ့။ သူဘာပြောပြော ကျွန်မကတော့ ရခဲတာလေးမို့ အမြတ်တနိုးပေါ့။ အခုလည်း သူတို့လေးတွေ ရုတ်တရက် ရောက်လာလို့ ခဲထားတာတွေ ပျော် အောင်လုပ်ရပါတယ်။ အရင် ကလေး တွေကတော့ ကျွန်မ ချက်ကျွေးတာကို အားနာနာနဲ့ အားပါးတရကို စားကျတာပါ။ ပြောပါသေးတယ် “အမ ရာ…ဒီလို အိမ်ထမင်း အိမ်ဟင်း မစားရတာ ကြာပြီဗျ၊ ကြုံသလို စားနေတာမို့ ကောင်းလိုက်တာဗျာ” တဲ့။ ဘာပဲပြောပြော၊ ဘယ်လိုပဲဆိုဆို ကျွန်မချက်ကျွေးတာကို အားပါးတရ စားတာ မြင်ရတော့ ဝမ်းတော့ အသာသား။ ဒီတခါ ပါလာတဲ့ မောင်လေး တယောက်က “အမ နေနေ… ကျွန်တော် ချက်မယ်” လို့ ဆိုလာပါတယ်။ ကျန်တဲ့ ကလေးတွေကလည်း “ အမ ဖယ်ပေးလိုက် သူက ဟင်းချက်ကောင်းတယ်” တဲ့လေ။ ယောက်ကျားကတော့ “မင်းကိုယ်လုံးကြီး အိပဲ့ အိပဲ့နဲ့ ချက်နေတာ မြင်ရတာ မသက်သာလို့ ဖြစ်မှာပေါ့ကွ” လို့ စပါတယ်။ ကျွန်မလည်း အမြဲ ကိုယ်ပဲ ဒိုင်ခံ ချက်ကျွေးရတာမို့ ဒီတခါတော့ ရေသာခိုမဟဲ့လို့ တွေးပြီး ဇွတ်မတားပဲ အသာတကြည် ဖယ်ပေးလိုက်ပါတယ်။ မီးဖိုချောင် အလုပ်လုပ်နေတာများ မိန်းမဖြစ်တဲ့ ကျွန်မထက်တောင် ကျွမ်းကျင်သေး။ ထမင်းဝိုင်းမှာလည်း သူဟင်းချက်ကောင်းတာ ဝန်မခံလို့ကို မရပါဘူး။ ယောက်ကျားလေးဖြစ်ပြီး ချက်တာများ ကိုယ့်ထက်တောင် သာသေး။ သူကပြောပါတယ် “အိမ်မှာလည်း သူချက်တာ များတယ်ဆိုပဲ၊ သူ့အမျိုးသမီး ချက်တာ စားမကောင်းဘူး ထင်လို့” တဲ့လေ။ တခြားတယောက်က “မိန်းမကြောက်လို့ ချက်ရင်ချက်တယ်ပြောကွာ” လို့ ဝင်ပြီး နောက်တာမို့ ပွဲကျသွားပါသေးတယ်။ သူ့အမျိုးသမီး ချက်ရင် တခါတလေ အစပ်အဟပ် မတည့်လို့ ပြောနေရသေးတယ်လို့ ဆိုပါတယ်။ သူ့ အမျိုးသမီး သူ့လောက် ဟင်းချက်မကောင်းတာတော့ သေချာလောက်တယ်။ သူချက်တာ တကယ်ကောင်းတာ ကိုယ်က အခုပဲ လက်တွေ့လေ။ ဒါနဲ့ ကျွန်မလည်း သူ့ကို အလကား အချောင် ဆရာ ဝင်လုပ်မိပါတယ်။ ကိုယ်လည်း သိပ်တတ်တာလည်း မဟုတ်ပဲနဲ့။ “မောင်လေးရေ… မောင်လေးကို အမ တခုပြောပြဦးမယ်ပေါ့”။ “တခါက အမလေ အမတို့ ရွာကို အလည်ပြန်ဖြစ်တယ်ကွ။ တိုက်တိုက်ဆိုင်ဆိုင် မင်္ဂလာဆောင် တခုနဲ့ ကြုံတယ်လေ။ အမတို့ ရွာမှာ ထုံးစံ တခုလို ဖြစ်နေတာက မင်္ဂလာဆောင်ပြီး နောက်နေ့ ညနေပိုင်းတွေမှာ မင်္ဂလာမောင်နှံက သူတို့ ခင်မင် လေးစားသူတွေကို ဆွေမျိုးမတော်လည်း မုန့်တမျိုးမျိုးနဲ့ လိုက်ကန်တော့တယ်။ အခု မင်္ဂလာဆောင်တဲ့ စုံတွဲက အမတို့နဲ့ ဆွေမျိုးတော့ မတော်ပါဘူး။ ဒါပေမဲ့ ရိုသေမှုရှိလို့ အိမ်ကို ညဘက်မှာ လာကန်တော့တယ်။ ကန်တော့ပြီးတော့ ထုံးစံအတိုင်း ဆုပေးတာပေါ့။ အမကတော့ ခပ်လှမ်းလှမ်းမှာ TV ကြည့်လိုက် သူတို့ကို ကြည့်လိုက်ပေါ့။ အမေကတော့ ခပ်ရိုးရိုးပဲ နေတတ်သလို စကားလည်း တိုတိုပဲ ပြောတတ်လို့ “ဒီလင်ဒီမယား အိုအောင်မင်းအောင် ပေါင်းရပါစေပေါ့”။ အဖေ့အလှည့်ရောက်တော့ အဖေပြောလိုက်တဲ့ ဆုံးမစကား သူတို့တော့ မသိဘူး အမတော့ တခါတည်း စိတ်ထဲမှာ ကျောက်ထက်အက္ခရာ တင်လိုက်သလိုပဲ ဘယ်တော့မှ မမေ့တော့ဘူး” လို့ ပြောပြီး စကား တထောက်နားကာ အကဲခတ်လိုက်တော့ အားလုံးက စိတ်ဝင်တစား ဖြစ်နေပြီ။ “ပြောပါဦး အမရဲ့ ဘာပြောသလဲ” လို့ တယောက်က ရှေ့တိုးလာပြီး မေးပါတယ်။ အားလုံးကလည်း သိချင်နေတာ သေချာနေပါပြီ။ အဓိပ္ပါယ်ရှိတဲ့စကား၊ တန်ဖိုးရှိတဲ့စကားကို စိတ်ထဲမှာ စွဲသွားစေချင်ရင် နားထောင်သူ စိတ်ဝင်စားတဲ့ ဒီလို အချိန်ပြောတာ အသင့်တော်ဆုံးလို့ ဖတ်ဖူးထားတော့ စကားပြန်ဆက်လိုက်ပါတယ်။ “ဒီလို မောင်လေးရဲ့ အဖေက ဘာပြောလဲဆို အစ်ကိုကြီးကို အရင်ပြောတယ်။ လူလေး…အခုမင်းက အိမ်ထောင်သည်ဖြစ်ပြီမို့ အရင်လို နေလို့မရတော့ဘူး။ သွားတာလာတာလျှော့တော့ နှစ်ခါသွားဖို့ ရှိရင် တခါပဲသွား။ တခါသွားစရာ ရှိရင် မသွားဖြစ်အောင်နေ။ သမီးကလည်း ယောက်ကျားကို နေရာတကာ တအားမချုပ်ချယ်နဲ့။ မိဘအိမ် သွားတာဆို မတားပါနဲ့ ယောက်ကျားဆိုတာ ကျန်တာ ခွင့်လွှတ်ရင် ခွင့်လွှတ်မယ် မိဘနဲ့ ပတ်သက်လာရင်တော့ မရဘူး ဆိုတာ မှတ်ထားပါ။ နောက်တခုက သမီးကလည်း မယားဝတ္တရား ကျေပွန်အောင်နေထိုင် ပြုမူပါ။ လူလေးကို တခု အထူးမှာချင်တာကတော့ မိန်းမ ချက်ကျွေးတဲ့ဟင်းကို မကောင်းဘူးလို့ ဘယ်တော့မှ မဝေဖန်ပါနဲ့။ ကောင်းရင်(ကြိုက်ရင်) များများစား၊ မကောင်းရင်(မကြိုက်ရင်) နဲနဲစားပေါ့။ မိန်းမဆိုတဲ့ အမျိုးက စားစေချင်လို့ စေတနာနဲ့ ကြိုးစားချက်ထားတာကို ( မကောင်းတာမှန်ပေမဲ့) မကောင်းဘူး ဝေဖန်ရင် အသည်းကျွဲခတ်သလို နာသွားတတ်တယ်။ လူလေးရေ…. မိန်းမဆိုတာ ယောက်ကျားက သူချက်တာ ကောင်းတယ်သာပြော ထင်းမရှိရင် သူ့လက်ကို မီးစိုက်ပြီး ချက်ကျွေးမဲ့ အမျိုးကွ” လို့ ဆုံးမစကား ပြောလိုက်တယ်လေ”။ ကျွန်မ စကား ဆုံးတော့ တယောက်က “လက်မီးစိုက်ကျွေးတာတော့ စားချင်ပါဘူးဗျာ” လို့ ဝင်ပြောတော့ အားလုံး ရယ်လိုက်ကြတာ။ “အမ စကား မှတ်ထားပြီး မိန်းမကို ညာခိုင်းရမယ်” လို့ တယောက်က ထပ်ပြောတော့ တဝါးဝါးနဲ့ ပွဲကျနေတာ အတော်နဲ့ မပြီးပါဘူး။
“အေးပါ မင်းတို့ သဘောကျနေကျ၊ မင်းတို့ အမက အစ်ကို့ကို အဲဒါပဲပြောပြောပြီး ဥပမာပေးနေလို့ လက်တော့ မီးစိုက်မစိုက် မသိဘူး အစ်ကို့မှာ ဟင်းစားမကောင်းလည်း ကောင်းတယ် လုပ်နေရတာ ကလေးတယောက် ဒီအရွယ်ရောက်တဲ့ အထိပဲဟေ့” လို့ ကျွန်မ အမျိုးသားက ဝင်ပြောတော့ တခါတည်း ပွဲကျပြီး ရယ်သံတွေဟာ ဝါးခနဲ မို့ ပတ်မကြီး တုပ်လိုက်သလိုပါပဲ။ အိမ်ထောင်ကျပြီးသူတွေရော၊ မကျသေးသူတွေရော သာယာပျော်ရွှင်ဖွယ်ကောင်းသော တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် နားလည်မှု ရှိသော မိသားစု ဘဝလေး ပိုင်ဆိုင်ကြ ပါစေလို့ ဆန္ဒပြုလျှက်……..
25 comments
MaMa
June 15, 2011 at 1:27 pm
အမှတ်တရလေးတွေကို မျက်စိထဲမြင်မိအောင် ရေးတတ်ပါပေတယ်။ မှီရဲ့သာယာ ပျော်ရွှင်ဖွယ်ရာ မိသားစုလေးကိုလည်း မျက်စိထဲ မြင်လိုက်မိပါတယ်။
ဆူး
June 15, 2011 at 1:29 pm
အမကလည်း နောက်ဆို ပြောလိုက်.. ထင်းမီးနဲ့ ချက်တဲ့ ခေတ်မဟုတ်တော့ လက်ဆီပေါက်ခံပြီး ချက်ပြုတ် ကြော်လှော်ပေးပါတယ်လို့။ ဟီးဟီး.. (စကားကပ်ပြောတာ ဝါသနာ အရ မြှောက်ပေးလိုက်သည်။)
unclegyi1974
June 15, 2011 at 4:47 pm
ထို့ကြောင့်
ဩောမိန်းမ
bigcat
June 16, 2011 at 2:08 am
မကောင်းဘူး ခဏခဏပြောရင် အချိုမှုန်ကဲလိုက်ပေါ့ဗျာ… 🙂
etone
June 16, 2011 at 4:39 am
မမှီစာရေးတာ အရမ်းကောင်းပါတယ်… ။ အဝေးနေရာမှာ ရောက်နေပေမဲ့ …ကိုယ်ပိုင်မိသားစုလေးနဲ့ ပျော်နေမယ်လို့လည်း ထင်ပါတယ်… ။
ယောကျာ်းတွေက ပိုက်ဆံရှာတယ်ဆိုတဲ့ အကြောင်းပြချက်တခုထဲနဲ့ လက်ဆေးပြီးစားချင်ကြတာ … ။ မိန်းမတွေကတော့ မျက်စိနှလုံးပွင့်ကတည်းက လုပ်ရတဲ့ အလုပ် ညအိပ်တဲ့ အထိ မပြတ်ဘူး … ။ အပြင်ထွက် အလုပ်လုပ်တဲ့ မိန်းမဆိုလည်း အဲ့ဒီလိုပဲ ပိုက်ဆံရှာတာ ချင်းအတူတူ ပြန်လာရင် သူ့ ဝေယျာဝစ္စကလုပ်ပေးရဦမယ်… ဒါကို ပေါ့သလေ .. ငံသလေး လုပ်နေလို့ကတော့ ယောက်မနဲ့ သာ ဗျင်းလိုက်တော့လို့ 😀 😀 😀
နွယ်ပင်
June 16, 2011 at 5:52 am
ဟုတ်ပ etone ရယ်ထောက်ခံပါတယ် ယောက်မနဲ့ ဗျင်းဖို့ကိုလေ 🙂
နွယ်ပင့်ကိုများပေါ့သလေး ငန်သလေးလာပြောလို့ကတော့ သိတယ်မဟုတ်လား ကိုယ့်ဘာကိုယ်ချက်စားလို့ ပြောပြစ်လိုက်မှာ 🙂
မမှီရေ အရေးအသားကအရမ်းကောင်းသလို ပျော်ရွင်တဲ့မိသားစုဘဝလေးကိုလဲ အားကျမိပါတယ်
ဆူး
June 16, 2011 at 6:38 am
အဲဒါကြောင့် တွေ့ဆုံပွဲ ပုံရိပ်မှာ ကျောပေးပြီး ဗလ ပြသွားတာ ဖြစ်မယ် နွယ်ပင်ရေ။
နွယ်ပင်
June 16, 2011 at 8:01 am
ဆူးရေ အဲလို ဗလမျိုးတော့ နွယ်ပင်က အတော်ကြောက်သား ဟိဟိ 🙂
etone
June 16, 2011 at 8:17 am
နွယ်ပင် ကြောက်လည်း ကြောက်လောက်ပါတယ် ဗလပြထားတဲ့ လက်မောင်းက သွားကြားထိုးတံလုပ်လို့ရတယ် … အဟီး 😛 😛
ဆူး
June 16, 2011 at 11:02 am
ကျောပေးပြီး ဗလ ပြတာ ရုပ်မပါသေးဘူးနော်.. မျက်နှာ မူ တဲ့ နောက်ထပ် တပုံ ထပ်တင်လိုက်ရမလား။ အခုထက် ပိုကြောက်သွားမယ်။ ဟိဟိ
fatty
June 16, 2011 at 4:57 am
စံနမူနာယူလောက်တဲ့ အိမ်ထောင်စုလေးအကြောင်းဖတ်ရတာ သိပ်အရသာရှိပါတယ် ..။
တချို့မိသားစုများမှာ ၂ ယောက်လုံးမောနေအောင်အလုပ်တွေလုပ်ကြရ .. stress တွေ ဖိစီးပြီး
တယောက်ကိုတယာက် အကောင်းမပြောနိုင်ကြတော့ပါဘူး … ပြောပြန်ရင်လဲ အကြောမတည့်ကြတော့
နှုတ်ဆိတ်နေလိုက်ကြတယ် … အဲလိုနဲ့ ချောက်သွေ့ဖွယ်ကောင်းတဲ့ အိမ်ထောင်ရေး ဖြစ်သွားတတ်
ကြပါတယ် ..။
တုံတုံ ဒီလိုပုံနဲ့ မိုးကြီးချုပ်လိမ့်မယ် …… စဉ်းစားလော့ ..။
etone
June 16, 2011 at 8:36 am
အဲ့ဒါပေါ့… ဒယ်ဒီဖက်ရယ် ။ အခုတောင် လွတ်လွတ်လပ်လပ် ဘဝမှာ အလုပ်က stress တွေ ပါပါလာပြီး ခဏခဏ စကားရည်လုပွဲ ဖြစ်နေရတယ် ။ လေကြောင်း စစ်ဆင်ရေးတွေ ခဏခဏဖြစ်တယ် ……
နောက်များတော့ ဆိုတဲ့ အတွေးမျိုးဝင်လာတိုင်း ရှေ့မတိုးပဲ နောက်ပြန်လှည့်ချင်မိတော့တယ်… တခါတလေ အာရုံတွေနောက်လွန်းလို့ … ။ ကျောပူလည်း မခံနိုင်ဘူး ၊ နားပူလည်း မခံနိုင်ဘူးလေ စိတ်ရှုပ်လွန်းလို့ …။
နီလေး
June 16, 2011 at 7:57 am
အရေးအသား ကောင်းပါတယ်
eros
June 16, 2011 at 9:52 am
မှတ်သားသွားပါတယ်။ အခုတော့ ချစ်သူရဲ့ ကြည်းရေလေ ပေါင်းစုတပ်မဟာရဲ့ အထူးချေမှုန်းတိုက်ခိုက်စစ်ဆင်ရေးအောက်မှာ ပြားပြားမှောက် အလူးအလိမ့် မရှုမလှ ရှုံးနိမ့် အရှုံးပေးနေရပါကြောင်း
naungnaung
June 16, 2011 at 4:29 pm
အစ်မက မှတ်သားဖွယ်တွေ ပြောနေတာပဲ.. 🙂
အစ်မ အဖေက လည်း ပြောတက်တယ်နော်… လက်တောင်မီးစိုက်ပြီး ချက်ကျွေး မှာ တဲ့…မိန်းမ တော်တော် များက အဲလို ပဲလား ဟင်…
etone
June 17, 2011 at 2:30 am
မနေ ့ ညနေက မမှီရဲ့ ပို့လေး အကြောင်း သူ့ကို ပြောပြတော့ ဘာပြန်ပြောတယ်ထင်လဲ …. ။
လက်ကို ထင်းအဖြစ်နဲ့ စိုက်မဲ့ မိန်းမ ဒီခေတ်မှာ မရှိတော့ဘူးတဲ့လေ … ။ မင်းတောင် အခု အိမ်ထောင်မကျသေးဘူး ဒီလောက်စိတ်တိုတတ်နေတာ ၊ ယူပြီးသွားလျှင် တော့ ပေါင်ဒါဗူးထဲထည့်ပြီး အမှုန့် ကြိတ်မဲ့ အမျိုးချည်းပဲတဲ့ …. 😛 😛
hmee
June 17, 2011 at 7:32 am
အီးတုံးရေ မရသေးလို့ တင်းလို့ရတာပါ။ ရလည်းပြီးရော မိန်းမပြောတာ နားမထောင်ချင်တော့ဘူး။ လုပ်ချင်ရာလုပ်ကြတာပါ။ သူပဲ ပေါင်ဒါဗူးထဲရောက်မလား ကိုယ်ပဲရောက်မလား မပြောတတ်တော့ဘူး။ 🙂 🙂
etone
June 17, 2011 at 8:12 am
အဲ့ဒါလည်း ဟုတ်တယ်… မိန်းမဆိုတာ အခု ယူ ၊ အခုတွဲ ၊ အခုကွဲလို့ ရတာမဟုတ်ဘူး လေ ..။
သိက္ခာတို ့ ပြိတ္တာတို့လည်း ထည် ့ တွက်ရသေးတယ်… ။
လင်ဆိုးမယား တဖားဖားဖြစ်ရင် ဒုက္ခပဲ…ကံကြမ္မာကို ဘယ်သူမှ မမြင်နိုင်ဘူး ….. ။ အခုကောင်းပေမဲ့ နောက်ကောင်းချင်မှ ကောင်းမှာနော်…အဲ့ဒီတော့ ထမင်းကြမ်းပဲ ယပ်ခပ်စားလျှင်ကောင်းမလား မမှီ ။
meelay
June 17, 2011 at 11:42 am
ဟုတ်တယ် အီးတုံရ … ဟိုဟာစဉ်းစား .. ဒီဟာ စဉ်းစားနဲ့၊ ပြီးတော့ ပတ်ဝန်းကျင်မှာ မြင်တွေ့နေရတာတွေနဲ့တင် လန့်နေတယ် …
eros
June 17, 2011 at 10:49 am
ဟုတ်မဟုတ်တော့ မသိဘူး မမှီရေ အခုတော့ ရဖြင့် မရသေးဘူး။ ပြားပြားဝပ်ခံနေရတာပဲ။ အခုနေ eros ကို နေရောင်မှာ ထောင်ကြည့်ရင် ဟိုဘက်ဒီဘက် ဖောက်ထွင်းမြင်နေရအောင် ပြားနေတယ်ပဲ။
hmee
June 17, 2011 at 11:23 am
erose က အလျှော့ပေးလို့ ဖြစ်မှာပါ။ ချစ်လို့အလိုလိုက်မှန်းသိလို့ ဖြစ်ပါလိမ့်မယ်။ မမှီလည်း အခြေအနေအရပေါ့ ကောလို့ရရင် ကောတာပဲ။ဟဲဟဲ …အခြေအနေမကောင်းဘူး ထင်ရင်တော့ အသာလေး ကိုယ့်ကိုပြောနေတာ မဟုတ်သလို ဘာလိုလိုနဲ့ ကုပ်နေလိုက်တယ်။ အပြန်အလှန် ပြိုင်မပြောလို့ တခါမှတော့ ဗူးထဲမရောက်သေးဘူး။ 🙂
hmee
June 17, 2011 at 9:00 am
အိမ်ထောင်သည်တွေက အရွယ်ရှိတုန်း ဆူဆူပူပူနဲ့ ပင်ပန်းပေမဲ့ ကိုယ့်အရိုးကိုယ်မနိုင်ချိန်မှာတော့ သားသမီးကောင်းရင် နောင်ရေးအေးမှာပါ။ လူပျိုကြီး၊ အပျိုကြီးကတော့ အခုတော့ အေးပါရဲ့ နောင်ရေးတွေးရင် ဆွေးရမှာနော်။ ဘာတဲ့ လူပျိုကြီး၊ အပျိုကြီးဆိုတာ ရေအိုးအောက်က ကရွတ်ခွေလိုပဲ အေးတော့အေးတယ် ဒါပေမဲ့ ဆွေးတယ်တဲ့နော်။ နှစ်ခုလုံး အဆိုးအကောင်း ဒွန်တွဲနေတာမို့ ဂွတ်မယ်ထင်ရင် ဒူးသာဒူးပါလို့ 🙂 🙂 🙂
etone
June 17, 2011 at 9:27 am
ကိုယ်က ဆိုးတော့ ကိုယ့်အလှည့်ကျ ဝတ်လည်မှာလည်း ကြောက်တယ် မမှီရဲ့ … ။
ကိုယ့်ကလေးကျမှ သုံးလေးဆလောက်ပိုဆိုးနေလျှင် undo ပြန်လုပ်လို့ မရဘူးလေ … ။
ဘာရယ်မဟုတ်ပါဘူး တွေးကြည့်တာပါ … etone လည်း နို့ဆီဗူးထဲ ဆင်းဦးမှာပဲ … ။
ဆူး
June 17, 2011 at 2:50 pm
အချိန်ရောက်ရင် ဆင်းရမှာပါ.. စိတ်မပူပါနဲ့..
၁ယောက်နဲ့ ၁ယောက် အပြန်အလှန် နားလည် ကြရင် ပြသနာ ဆိုတာ သိပ်မရှိပါဘူး။
မကြိုက်ရင် တခါတည်း နောက်ဖေးက ဓါးမဆွဲပြီး ထွက်သာ ခုတ် နောက်ပိုင်း ဂလန်ကဆန် မလုပ်ရဲတော့ဘူး။ စကားများ တဲ့ အချိန် နောက်ဖေး ဝင်သွားရင်တော့ မောင်မှားပါပြီ လို့ ပြောရလောက်အောင် တခါတည်း အပြန်အလှန် နားလည်အောင် လုပ်ပေါ့။ ဟီးဟီး.. အဲဒီတော့ နောက်ဖေး ဝင်တာ ထမင်းစားထားတဲ့ ပန်ကန် မဆေးရသေးတာ သွားဆေးမလို့ပါလို့ ရှင်းပြလိုက်ပေါ့။
king
June 17, 2011 at 10:56 am
သားသားတို့က နို့ဆီဗူး ဖောက်ရသေးဝူးနော်
😛