လူငယ်များ၊ Games၊ နိုင်ငံ့အနာဂါတ်
ကျွန်တော်ငယ်စဉ်က Game များများစားစား မကစားဖူးပါ။ အရွယ်ရောက်လာသောအခါတွင်လည်း အလုပ်နှင့် ကျောင်းနှင့် မနည်းအချိန်လုနေရသောကြောင့်လည်း မကစားဖြစ်ခဲ့ပါ။ ယခုလိုအချိန်ဆိုလျင်တော့မူကား ဆိုဖွယ်ရာမရှိတော့ပြီကို သဘောပေါက်လောက်မည် ထင်ပါသည်။ ပြောရမည်ဆိုလျင် ကျွန်တော်လည်း ငယ်စဉ်က သူများတွေ ကစားနေကြစဉ် မိမိကိုယ်တိုင် လိုက်ပါကစားချင်သော်လည်း ငွေကြေးမပြည့်စုံမှုကြောင့် မိမိအိမ်တွင်လည်းမရှိ၊ အပြင်တွင်လည်းမကစားခဲ့သောကြောင့် Game ကစားခြင်း၏ Feel ကို ယခုတိုင်အောင် မခံစားတတ်ပါ။
တစ်ခါကဖြစ်မည်ထင်ပါ၏။ Game ကစားခြင်းဖြင့် လူငယ်များ၏ ဖြတ်ထိုးဉာဏ်ကို ပိုမိုကြွယ်ဝလာစေနိုင်ကြောင်း ဖတ်ဖူးပါသည်။ ဖြစ်နိုင်ပါသည်။
ယခုရက်ပိုင်းတွင် ငယ်စဉ်က သူငယ်ချင်းတစ်ဦးနှင့် ပြန်လည်ဆုံတွေ့ဖြစ်သည်။ ၎င်း၏အသက်မှာ ၃ဝ ကျော်နေပြီဖြစ်သည်။ အိမ်ထောင်မရှိ၊ တစ်ကိုယ်တည်း အဆောင်တွင်ငှားနေသူဖြစ်သည်။ ကျွန်တော်နေထိုင်ရာတိုက်ခန်းတွင် ဟိုဘက်အခန်း၊ ဒီဘက်အခန်းနေထိုင်ကြပြီး ရုတ်တရက် ပြန်လည်ဆုံတွေ့ကြခြင်းဖြစ်သည်။ မှတ်မိစရာပင်မရှိ၊ မျက်ကွင်းများညိုနေသည်။ သူသွားစရာရှိသည်ဟုဆိုသဖြင့် လိုက်သွားရာ Cyber Game ဆိုင်ဖြစ်သည်။ Slide တံခါးအား တွန်းဖွင့်လိုက်သည်နှင့် ဆေးလိပ်ငွေ့များနှင့် အနံ့အသက်ပေါင်းစုံဦးစွာပထမ တိုးထွက်လာလေသည်။ ထို့နောက်တွင်မတော့ ဆဲသံ၊ ဆိုသံ၊ Keyboard နှိပ်သံ၊ ခလုပ်နှိပ်သံများဆူညံစွာဖြင့် လူငယ်၊ လူရွယ်ပေါင်းစုံကို တွေ့ရတော့သည်။ ဆိုင်အတွင်းတွင် ပြုလုပ်ထားသော ထပ်ခိုးတွင် လောကကြီးကို အဆက်ဖြတ်၊ ဆူညံသံများကို ဂရုမစိုက်အား နှစ်ခြိုက်စွာအိပ်မောကျနေသူများကိုပါ မြင်ရသည်။ တစ်ခါမျှ မမြင်ဖူးခဲ့ပါ။ အကျိုးအကြောင်း မေးကြည့်ရာတွင် သူငယ်ချင်းက တစ်ခုချင်းစီ ရှင်းပြလေသည်။ ဒါလေးတောင် မသိရသလားဟူသည့် မျက်လုံးမျိုးဖြင့်ဖြစ်သည်။ ထိုသူများကစားနေကြသည်မှာ Warcraft (ခေါ်) DotA (ခေါ်) Hero ဟုခေါ်ကြောင်း၊ လူအများ Network ချိတ်ပြီး စုပေါင်း ကစားရသည့်အကြောင်း၊ အလွန်စွဲမက်စရာကောင်းကြောင်း (ဒါတော့ဖြစ်နိုင်ပါသည်)၊ နေ့လည်နေ့ခင်းတွင်ကစားလျင် နာရီနှင့်တွက်ပေးရပြီး တစ်ညလုံးဆော့လျင်မူ ၁၀၀ဝ သာပေးရကြောင်းနှင့် ထိုအိပ်ပျော်နေသူများမှာ တစ်ညလုံး ကစားနေကြသူများဖြစ်ကြောင်း ပြောပြသဖြင့် ထိုစဉ်အခါမှ လုံးစေ့ပါတ်စေ့ နားလည်သွားတော့သည်။
ဒါကတော့ သူတို့အမြင်၊ သူတို့ခံယူချက်ကို ရှင်းပြနေုခြင်းဖြစ်ပါသည်။ ကမ္ဘာကြီး ဘယ်လောက်ကျယ်သလဲ၊ တစ်ခြားတိုင်းပြည်များတွင် လူငယ်များ ဘာတွေလုပ်နေကြသလဲဆိုသည်ကို မလေ့လာခြင်းကြောင့်ဟု မြင်မိသည်။
ဆက်ပါမည်.. ကျွန်တော့်ဘက်က အမြင်တွေကို။ Game ကစားနေကြသူများဦးစွာပထမ ဆုံးရှူံးသည်မှာ ငွေကြေးဖြစ်သည်။ ထိုငွေကြေးများကို ၎င်းတို့ကိုယ်တိုင်ရှာဖွေထားခြင်းဖြစ်ချင်ဖြစ်မည်၊ မိဘငွေကြေးများ ဖြစ်ချင်ဖြစ်မည်။ ထိုငွေများသည် တိုင်းပြည်၏ GDP ထဲမှပင် ယုတ်လျော့သွားခြင်းမဟုတ်ပေလား။ ဒါကတစ်ချက်ဖြစ်သည်။ နောက်ထပ်ဆုံးရှူံးသည်မှာ ၎င်းတို့၏ တန်ဖိုးရှိလှသောအချိန်၊ ငယ်ရွယ်နုပျိုခြင်းများကို တန်ဖိုးမဲ့စွာ ကုန်ဆုံးစေခြင်းဖြစ်သည်။ ဒီနေရာမှာ ဂျပန်နိုင်ငံအကြောင်းကို လူတော်တော်များများသိရှိပြီးဖြစ်သည့်အားလျော်စွာ အတုယူစရာရှိသည်ကို ပြောပြလိုသည်။ ၁၉၄၅ ခုနှစ်တွင် ဂျပန်ပြည်စစ်ရှူံးပြီး တိုင်းပြည်တစ်ခုလုံးမှာ ဘာမှမကျန်တော့သည့်အနေအထား၊ ပြာပုံဘဝမှ အနှစ် ၆ဝ ကျော်ကာလ ယနေ့ခေတ်တွင် ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့သည်မှာ ထိုခေတ်က လူငယ်များ ကြိုးစားခဲ့ခြင်းကြောင့်ဖြစ်သည်ကို အဘယ်သူ ငြင်းဝန့်မည်ထင်သနည်း။ ယနေ့ခေတ်လူငယ်များ ယခုအတိုင်းသာ ဆက်သွားနေကြမည်ဆိုလျင် နောင်မျိုးဆက်တစ်ခုတွင် မြန်မာနိုင်ငံသည်….. နောက်ထပ်မျိုးဆက်တွင်လည်း…. နောင်တွင်လည်း….
တိုင်းပြည်၏ ကုန်ထုတ်စွမ်းအားကို ဖော်ဆောင်နိုင်သော လူငယ်၊ လူရွယ်များသည် ကုန်ထုတ်လုပ်နိုင်ခြင်းမရှိသော စစ်မှုထမ်းများအဖြစ်သော်လည်းကောင်း၊ သာသနာ့ဝန်ထမ်းများအဖြစ်နှင့်သော်လည်းကောင်း ရှိနေကြပါသည်။ ကျန်ရှိသည့် လူငယ်၊ လူရွယ်များမှ အတော်များများသည်လည်း တိုင်းတစ်ပါးတွင် သွားရောက်အလုပ်လုပ်ကိုင်နေကြခြင်းဖြင့်လည်း တိုင်းပြည်တွင် ကုန်ထုတ်စွမ်းအား မရှိသလောက်ပင်ဖြစ်သည်။ ယခုအခါ လမ်းမများ၊ သင်တန်းများ၊ ဈေးဆိုင်များ၊ ရပ်ကွက်များတွင် အများဆုံးကျန်ရှိနေကြသည်မှာ မိန်းကလေးများဖြစ်ကြောင်း အတော်လေးသတိပြုမိသည်။ ရင်လေးစရာပင်ဖြစ်တော့သည်။ ထိုအထဲကမှ ကျန်ရှိနေသေးသည့် ကျောင်းနေအရွယ်၊ ကျောင်းပြီးကာစ လူငယ်အတော်များများမှာလည်း Game ဆိုင်များ၊ Tea ဆိုင်များတွင် လတ်လျား၊ လတ်လျားရှိနေကြသဖြင့် နောင်မျိုးဆက်တစ်ခုကို မြှင့်တင်ဖို့ရန်မဆိုထားနှင့်…..
(စာဖတ်သူများတွင် လူငယ်များပါ ပါရှိနေသည်ကို တွေ့သဖြင့် တွေးမိစေရန် ရေးသားလိုက်ပါသည်။)
10 comments
lusoegyikoko
June 16, 2011 at 10:04 am
မှန်ပါတယ်။ဒါပေမယ့် ဘယ်ကစပြီး ဘာလုပ်မှာလဲ။ပြသနာ က်ိုဆုံးထိလိုက်ဖို့လိုပါတယ်။လူငယ်တွေက်ိုပြောနေလု့ိ ပြီးမှာမဟုတ်ပါဘူး။ဘယ်ကစပြင်ရပါမလဲ။။။။။။။။။
weRone
June 16, 2011 at 10:14 am
ဂိမ်း ကစားတာကတော့ တကယ့်ကို ပျော်စရာကောင်းပါတယ်။ ဒါပေမဲ့ အတိုင်းအတာ တစ်ခုထိပဲ ကောင်းပြီး လွန်လာရင်တော့ မကောင်းတော့ပါဘူး။
နီလေး
June 16, 2011 at 10:30 am
တစ်ချို့ဆို ဂိမ်းဆော့လို့ စာမေးပွဲတွေကျပြီး တက္ကသိုလ်ကို ရနှစ်လောက်တက်ရတဲ့လူတောင်ရှိတယ်
nigimi77
June 16, 2011 at 10:36 am
ကျုပ်က ကိုရီးယား အကြောင်းပဲ သိတော့ သိတာပဲ ဝင်ရွှီးလိုက်မယ်။
ကကြီးတွေ အရင် ဆင်းရဲတဲ့ အချိန်က ကျုပ်တို ့လိုပဲ အာရပ်နိုင်ငံတွေမှာ သွားပြီး အလုပ်လုပ်ကြတယ်။
ပိုက်ဆံရော ပညာပါရှာကြတယ်။ ရလာတဲ့ ပိုက်ဆံနဲ ့သားသမီးတွေကို နိုင်ငံကြီးတွေကို လွတ်ပြီး ပညာသင်ခိုင်းတယ်။
သားသမီးနဲ ့ မိဘကြားမှာ ကတိထားကြတယ်။ ပညာတတ်ပြီးရင် ကိုယ့်တိုင်းပြည်ကို ပြန်လာပြီး နိုင်ငံတိုးတက်ဖို ့ကို
ပါဝင် ဆောင်ရွက်ဖို ့အတွက်ပေါ့။ တကယ်လဲ ပြန်လာကြပါတယ်။ နိုင်ငံခြားမှာ အလုပ်သွားမလုပ်နိုင်တဲ့ မိဘတွေကျတော့
နိုင်ငံအတွင်းမှာပဲ အလုပ်ကို သေလောက်အောင် ကျိုးစားလုပ်ကျပြီး သားသမီးတွေကို ပညာသင်ပေးတယ်။
ဂျပန်တွေကို အားကျတာရယ် နာခဲ့ရတာတွေရယ် ပေါင်းပြီး နိုင်ငံသားတိုင်း သူတို ့နိုင်ငံ တိုးတက်ဖို ့ကို အစွမ်းကုန် အားထုတ်
ကြတယ်။ ပြည်ပက ယူဆောင်လာတဲ့ အတတ်ပညာတွေ၊ ငွေကြေးတွေကို အသုံးပြုပြီး အရာရာကို ပြည်တွင်းမှာ ထုတ်လုပ်နိုင်
အောင် လုပ်ခဲ့ကြတယ်။ ပြည်တွင်းမှာ သုံးစွဲနိုင်တဲ့ အပြင် ပြည်ပကို တင်ပို ့ရောင်းချနိုင်ခဲ့တယ်။ ပြည်ပဝင်ငွေ များစွာရလာတဲ့ အပြင်
ပြည်တွင်းမှာလဲ အလုပ်အကိုင် နေရာပေါင်းများစွာ ပေးနိုင်ခဲ့တယ်။
ဂျပန်လဲ စစ်ပြီး ကာလမှာ ရုန်းထွက်လာတယ်။ ဒါပေမဲ့ ဂျပန် ရုံးတာနဲ ့ကိုရီးယား ရုံးတာ မတူကြဘူး။
သူတို ့က နိုင်ငံချစ်စိတ် အရမ်းပြင်းထန်တယ်။ ဒါကြောင့် နိုင်ငံကို တိုးတက်အောင် ဘာလုပ်မယ် ဆိုတဲ့ ရည်မှန်းချက်က
ပြည်သူပြည်သားတိုင်းမှာ ရှိတယ်။ သူတို ့ဆီမှာလည်း အလွန်ဆိုးဝါးတဲ့ အစိုးရတွေ အုပ်ချုပ်ခဲ့တာပဲ။
ကျောင်းသား ကျောင်းသူပေါင်းများစွာကို သတ်ပစ်ခဲ့တဲ့ အစိုးရလည်း ရှိခဲ့ဘူးတာပဲ။ ဘယ်လို အစိုးရကပဲ အုပ်ချုပ် နိုင်ငံရဲ ့အနာဂါတ်
ဟာ ပြည်သူတွေရဲ ့ လက်ထဲမှာပဲရှိတာ။ ဟုတ်ပြီ လက်ထဲမှာ ဆိုတာ ဘာလဲ။ တိုင်းပြည် တိုးတက်ဖို ့ ရည်မှန်းချက်ဆိုတာက ဘာလဲ။
အမှန် အတိုင်းပြောရရင် ဗမာပြည်မှာ အဲဒီလို လူတွေဟာ တကယ်ကို ပမာဏ သေးငယ်တဲ့ လက်တစ်ဆုပ်စာပဲ ရှိလိမ့်မယ်။
မျိုးဆက် တလျှောက်လုံးမှာ အရည်အချင်းပြည့်ဝတဲ့ မိဘတွေ မရှိခဲ့ဘူး။ သူတို ့ရဲ ့ဦးဏှောက်တွေဟာ အလွန်ကို ရိုးရှင်းခဲ့တယ်။
ရိုးရှင်းတာဟာ အလွန်ကို ကျဉ်းမြောင်းတဲ့ ဘောင်တခု အတွင်းမှာပဲ ကျင်လည်ခဲ့တယ် ဆိုတာပဲ။ အပြင်မှာ ဘာရှိလဲဆိုတာကို မကြည့်
ကြဘူး။ ဘယ်နိုင်ငံမှာမှ အစိုးရက ပြီးပြည့်စုံတဲ့ နိုင်ငံတိုးတက်မှုကို မဆောင်ရွက်နိုင်ဘူး။ ဒါက ပြည်သူတွေ ကိုယ်တိုင်က လုပ်ယူရမှာ။
အဝတ်အားတွေ ဘယ်လိုပဲ တနေ ့တထည် ပြောင်းလဲ ဝတ်နေ၊ ရေမချိုးတဲ့ ကိုယ်ခန္ဒာကြီးက နံနေဦးမှာပဲ။ အစိုးရတွေ ဘယ်လို ပြောင်း
ပြောင်း ပြည်သူပြည်သားတွေက မပြောင်းလဲရင်လည်း နိုင်ငံဟာ ပိုပြီး ဆုတ်ယုတ်သွားမှာပဲ။ အစိုးရ အဖွဲ ့မှာ ပါဝင်နေတဲ့ လူတွေဟာ
ပြည်သူပြည်သားထဲကနေပဲ ဖြစ်လာတာ။ ဘယ်သူကတော့ မကောင်းဘူးဆိုတာက ကိုယ့်ဘာသာကို ခေါင်းမော့ပြီး တံတွေးထွေးနေ
တာနဲ ့ အတူတူပဲ။ ပြည်သူပြည်သားတွေ မကောင်းရင် အစိုးရလဲ ဒီအတိုင်းပဲ။ ဒီတော့ တိုင်းပြည်က တနေ ့တခြား ယိုယွင်းလာရာမှာ
ကူညီအားဖြည့် လောင်စာတိုက်ပေးနေတာတွေလဲ အဲဒီ နိုင်ငံသားတွေ ကိုယ်တိုင်ပဲ။
အသိညဏ်နဲ ့အတွေးအခေါ် အားနည်းနေမှုဟာ နိုင်ငံယိုယွင်းမှုရဲ ့အဓိက တရားခံပဲ။
ပုဒုံမာ ရေးတဲ့ မြန်မာငွေမာနေတဲ့ ပိုစ့် မှာ ကွန်မန် ့တွေကို ကြည့်လိုက်တာနဲ ့ ဘယ်လောက် % ဟာ ဘယ်လို အတွးခေါ်မျိုးရှိနေတယ်
ဆိုတာတွေ ့လိမ့်မယ်။ နဲနဲ အလုပ်များနေလို ့နောက်ပြီးမှ ဆက်ရွှီးတော့မယ်။
nature
June 16, 2011 at 1:55 pm
မိတ်ဆွေတယောက်ရဲ့သားက game ကစားတာတော်တယ်၊ အဖေကသူဌေး၊ သားဖြစ်သူက game ပြိုင်ပွဲ အတွက် လေ့ကျင့်နေတာ ညလုံးပေါက်၊ဆုကြေး၁ဝသိန်းအတွက်တဲ့၊ အဖေကပြောတယ် သိန်း၂ဝ ပေးမယ်၊ game မဆော့နဲ့တဲ့။
game တွေဟာစိတ်ကိုစွဲလမ်းစေပါတယ်၊ ကျနော်လည်း game တွေကိုစွဲစွဲ လမ်းလမ်း ဆော့ပါတယ်။ game ကစားလို့နိုင်သွားရင် ငါလုပ်နိုင်တယ် ဆိုတာလေးကို ပျော်ရွင်ဂုဏ်ယူပြီး ဒါလေးကိုပဲစွဲလမ်းနေတာပါ။ game ကို စ ကစားတာကတော့ battle city, rambo ကတည်းကစစွဲခဲ့တာပါ။
game ကစားရင် ဘာကောင်းကျိုးရှိလဲ။
စိတ်ကိုကြေနပ်ပျော်ရွှင်စေပါတယ်။
ဘာ ဆိုးကျိုးရှိလ။ဆိုး ကျိုးကတော့အများကြီးပါ။ အချိန်ကုန်တယ်၊ ငွေကုန်တယ်၊ အိပ်ရေးပျက်တယ်၊ လူသတ်တဲ့ game တွေဆိုကစားရင် စိတ်ပါ ကြမ်းလာတယ်၊ ပညာရှာနေတဲ့လူငယ်တွေ ရဲ့ရှေ့ရေးကရင်လေးစရာပါ။ ဘယ်သူမပြုမိမိမှု ဆိုသလို မိမိရဲ့ကောင်ကျိုးဆိုးကျိုးကို ဆောင်ရွက်သူဟာမိမိ ကိုယ်တိုင်ပါပဲ။
လက်ဦးဆရာဖြစ်တဲ့ မိဘတွေက အချိန်ကန့်သတ်ပေးသင့်ပါတယ်။
မင်းပြည့်ရှိန်
June 16, 2011 at 7:20 pm
လူငယ်များ..Games.. နိုင်ငံ့ အနာဂတ်
ကစားပွဲသည်.. လူငယ်များအတွက်.. ဉာဏ်ကွန့်မြူးရာ..
သို့ပါသော်ငြား.. ကစားပွဲတွင်…အချိန်ကုန်နစ်မြုပ်ခြင်းသည်… လူငယ်များအတွက် ဘဝနစ်မွန်းရာ..
တစ်နေ့တစ်ခြား များလာတဲ့ ဂိမ်းဆိုင်တွေ…. PS2, PS3 , ကွန်ပျူတာဂိမ်း ဆိုင်.. စသည်တို့သည်…
အဓိကကျသော နေရာများ..
အချို့သော ဂိမ်းဆိုင်များသည်… ထူးချွန်သော..(အဆော့တော်သော) ဂိမ်းကစားသူ လူငယ်များကို
မြှူဆွယ် (မုန့်ဖိုးပေး… ထမင်းကျွေး) ပြီး.. ဆိုင်မှာနေ.. ဆိုင်မှာစားစေပြီး… ခေါ်ထားလေ့ရှိနေပါပြီ..
ထို ကလေးမှတစ်ဆင့်.. မိမိတို့ဂိမ်းဆိုင်.. နာမည်ရရန်တစ်မျိုး…. လူစိတ်ဝင်စားရန်တစ်ဖုံ ကြိုးစားပြီးသကာလ.. အခြားလူငယ်များကို လည်း..ဂိမ်းကစားရာတွင် အားကျလာစေရန်…နှင့်.. ထိုကလေးကဲ့သို့သော အခွင့်အရေးကို မက်မောလာစေရန်.. ထိုမှ အချိန်များများ ၎င်းတို့ ဂိမ်းဆိုင်တွင် ဂိမ်းဆော့စေရန် ရည်ရွယ်လုပ်ဆောင်လာကြပါသည်…
အထူးသဖြင့် ထိုအဖြစ်အပျက်များကို တက္ကသိုလ်နားနီး ဂိမ်းဆိုင်များတွင် အတွေ့ရများနေလျက်ရှိပြီး…
အချို့ ကျောင်းသားများသည် ကျောင်းစာသင်ချိန်ပင် အပျက်ခံလျက် ဂိမ်းဆော့ခြင်း အလေ့အထ ကူးစက်ခံနေရပါသည်… ဂိမ်းရောဂါ အစွဲခံနေရပါသည်..
အချိန်မီ ပြုပြင်နိုင်ခြင်း မရှိပါက… စာမေးပွဲကျခြင်း.. အစားအသောက်ပျက်..အအိပ်ပျက်လျက်..ကျန်းမာရေးချို့ယွင်းခြင်း…. ငွေကုန်ကြေးကျ များခြင်း တို့နှင့်ကြုံတွေ့နေရပြီး
ဘွဲ့ယူလမ်းကြောင်း…. ပညာသင်ခရီးကို အနှောင့်အယှက်ဖြစ်စေလျက်.. လူငယ်တို့၏ အနာဂတ် ကိုခြိမ်းခြောက် ထိပါးစေလျက်ရှိနေပါသည်…
သို့ပါသောကြောင့်…
ထိုကဲ့သို့သော ဂိမ်းဆိုင်များကို ရှာဖွေဖော်ထုတ် သတိပေး.. အရေးယူသင့်ပါသည်…
intro
June 17, 2011 at 2:42 am
အမငီး… ပြောရက်လိုက်ကြတာ… ပြောရက်လိုက်ကြတာ….၊ ပြောနေတာ အားလုံးက အားလုံးနီးပါး အမှန်တွေ ဖြစ်နေတော့ မပြောသာဘူးပေါ့…. 😛
etone
June 17, 2011 at 3:52 am
ဂိမ်းကစားတာ မျက်စိညောင်းပေမဲ့ မကစားရလျှင် မနေနိုင်အောင်ပဲ စွဲလန်းတယ် … တခါတလေ အိပ်ရေးပျက်ခံပြီး ဂိမ်းဆော့တယ် ။ ကိုယ်ကြိုက်တာကိုယ်လုပ်တာပဲ သူများကို အနှောက်ယှက်မပေးရင် အေးဆေးပဲ မဟုတ်ဘူးလား ။ 😀
windtalker
June 17, 2011 at 4:39 am
မှန်လိုက်တဲ့ ပို ့စ်ပဲ ဗျာ ။ ကျွန်တော် မောင်ပေ ကိုယ်တိုင် ညနေ ခင်း အလုပ်အားလုံး ပြီးပြီ ဆိုတာ နဲ ့ ထိုင်နေကြ net game shop ကို ပြေးတော့တာပဲ ဗျို ့။ ညည ဆို ပုံမှန် ၁၂နာရီခွဲ လောက်မှ ပြန်တယ် ။ ဆိုင် မှာ ဂိမ်းတင် မက ADSL Wimax ရယ် ချိတ်ပေးထားတဲ့ အခါ ကြ ၊ MG ဖတ် ဖေ့ဘုတ် သုံး ချက်တင်း ထိုင် လိုက် ၊ ဂိမ်းဆော့ လိုက်နဲ ့ညည အလုပ်ကို ရှုပ်နေတာပဲ ။ တစ်လတစ်လ ရသမျှ ဝင်ငွေ ရဲ ့ထက်ဝက် ကျော် ဟာ ဂိမ်းဆိုင် ကို ပဲ လုပ်ကျွေးနေတယ် ဗျို ့။ အိမ်ပြန်ရအောင် ကြတဲ့ အခါလည်း အိမ်မှာက မီးမလာ ၊ မီးမလာ တော့ စာဖတ်လို ့မရ တော့ ဂိမ်းဆိုင် မှာ သွားသွားထိုင်ရင်း အခုတော့ စွဲလန်းသူ တစ်ဦး ဖြစ်မှန်းမသိ ဖြစ်နေပေါ့ ။
padonmar
June 18, 2011 at 4:09 pm
game တွေက လူငယ် အထူးသဖြင့်ယောင်္ကျားလေးတွေကို ဖျက်တယ်။ကိုရီးယားအခန်းဆက်ကားတွေက မိန်းကလေးတွေရော မိန်းမကြီးတွေကိုပါ ဖျက်တယ်လို့မြင်ပါတယ်။ အကျိုးနဲ့ အပြစ်မှာ အပြစ်ကပိုများနေသလိုဘဲ။