ဧည့်သည်ဗျို့

Ma MaJune 25, 20111min28619

မိုးရာသီကို ရောက်လာပါပြီ။

တစ်နှစ်ပတ်လုံး ရောင်းရေးဝယ်တာတွေနဲ့ အလုပ်များပြီး ပင်ပန်းခဲ့ရတဲ့ မောင်ကြောင်ဖားဟာ အလုပ်ပါးတုန်း ခွင့်ယူပြီး အပန်းပြေခရီးသွားဖို့ စဉ်းစားလိုက်ပါတယ်။

ဘယ်ကိုသွားရင်ကောင်းမလဲ စဉ်းစားလိုက်တာ သဘာဝရဲ့ အရသာတွေကို အပြည့်အဝ ခံစားနိုင်တဲ့ တောရွာလေးကို သွားဖို့ စိတ်ကူးရသွားတယ်။

အဲဒီမှာ မတွေ့တာကြာပြီဖြစ်တဲ့ ဇာတိရွာလေးမှာ နေကြတဲ့ အမေ့ရဲ့ အမျိုးတွေကို သွားသတိရလိုက်တယ်။

ရွာက အသွားအလာ ခက်ခဲတော့ ကိုယ်ကလည်း မရောက်ဖြစ်။ သူတို့တစ်တွေကလည်း မလာနိုင်၊ မလာတတ်ကြဘူးလေ။

ကဲ ပြောနေကြာတယ် ခုပဲ သွားလိုက်တော့မယ် ဆိုပြီး အမေ့ကို ပြောပြီး မနက် ၈နာရီမှာ အဝေးပြေးဂိတ်သွား၊ ရွာနဲ့နီးတဲ့နေရာကို ရောက်နိုင်တဲ့ကားစီးပြီး ထွက်လာခဲ့တယ်။

ပုသိမ်ရန်ကုန်လမ်းမကြီးပေါ်က ရွာကိုသွားတဲ့လမ်းဆုံမှာ ဆင်း၊ ထော်လာဂျီစီးပြီး၊ တစ်ဖက်ကမ်းကို လှေငှားပြီး သွားလိုက်တာ ရွာကို ညနေ ၄နာရီလောက်မှာ ရောက်ပါလေရော။

တစ်ရွာလုံး အမျိုးတွေချည်းပေမယ့်လို့ အသက်အကြီးဆုံးဖြစ်တဲ့ အဖွားလေး (အဖွားရဲ့ ညီမ) အိမ်မှာ တည်းလိုက်ပါတယ်။

မြို့ကအမျိုး ရောက်လာတယ်ဆိုပြီး ရွာထဲမှာ ချက်ခြင်း သတင်းပြန့်သွားတယ်။ အဲဒီတော့ အဒေါ်တွေ၊ ဦးလေးတွေ၊ မောင်နှမ ဝမ်းကွဲတွေ ရှိရှိသမျှ အမျိုးတွေ ရောက်လာကြတယ်။

ငယ်ငယ်ကတည်းက ရွာကထွက်သွားတာမို့ မတွေ့တာကြာပြီဆိုတော့ မှတ်မိတဲ့လူလည်းရှိ၊ မမှတ်မိတဲ့လူတွေကလည်း ဘယ်သူ့သားလည်း ဆိုပြီး မေးကြမြန်းကြ ပြောကြဆိုကြ၊ အမေ့နာမည် ကြောင်မ မို့လို့ ကျွန်တော်နာမည် မောင်ကြောင်ဖားဖြစ်ရတာတွေ၊ ရွာမှာနေတုန်းက အကြောင်းတွေ ရှေးဟောင်းနှောင်းဖြစ်တွေပြောကြနဲ့ စည်ကားနေတာပေ့ါ။

ညစာအတွက်လည်း သူ့အိမ်လာစား။ ငါ့အိမ်လာစားနဲ့ တစ်ယောက်တစ်ပေါက် ခေါ်ကြပေမယ့် အဖွားလေးအိမ်မှာတည်းတော့ အဖွားလေးအိမ်မှာပဲ စားမယ်လို့ ပြောလိုက်ပါတယ်။

ခဏနေတော့ အဖွားလေးသား ဦးလေး အိမ်ပေါ်ကဆင်းသွားတယ်။ မကြာပါဘူး။ အိမ်အောက်က ကတော်ကတော်နဲ့ ကြက်ဖမ်းသံ ကြားရတော့တာပါပဲ။

တောမှာဆိုတော့ ဟင်းစားက မြို့မှာလို အချိန်မရွေး ဝယ်လို့မရတာကြောင့် ဧည့်သည်လာပြီဆိုရင် မွေးထားတဲ့ ကြက်ကိုဖမ်းပြီး ချက်ကျွေးကြရတာပေ့ါ။

ဒီလိုနဲ့ ရွာမှာ တစ်ပတ်လောက်နေတာတောင် အမျိုးတွေအိမ်ကို စုံအောင် မစားလိုက်ရပါဘူး။ တစ်အိမ်တစ်မျိုးနဲ့ လာပို့တဲ့ ပို့ဆွမ်းတွေကတော့ ပေါလို့ပေ့ါ။

မောင်ကြောင်ဖားတစ်ယောက် မြို့ကို ပြန်တော့မယ်ဆိုတော့ ရှိရှိသမျှ အမျိုးတွေကို ရန်ကုန်လာလည်ဖို့နဲ့ ဘုရားဖူးလိုက်ပို့ပေးမယ့်အကြောင်း ပြောဖြစ်ပါတယ်။

ပြန်တော့မယ်ဆိုတော့ တစ်ယောက်တစ်မျိုး အိမ်ပြန်လက်ဆောင်တွေ ယူလာပေးကြတာ ငှက်ပျောခိုင်တွေ၊ ကြက်ဥတွေ၊ အုန်းသီး၊ ပိန္နဲသီးတွေ၊ ကောက်ညှင်းနဲ့ ငါးပိငါးခြောက်တွေစတဲ့ တောထွက်ကုန် စုံလို့ပေါ့။

ပေးလိုက်တဲ့ ပစ္စည်းတွေ များလွန်းလို့ တစ်ယောက်တည်း မနိုင်လို့ အစ်ကိုဝမ်းကွဲတစ်ယောက်က တောင်းနဲ့ထည့်ပြီး ကားလမ်းပေါ်ရောက်တဲ့အထိ လိုက်ပို့ပါတယ်။

အိမ်ပြန်ရောက်တော့ အမေ့ကို ရွာကအမျိုးတွေ ဝတ္တရားကျေတဲ့အကြောင်း၊ ရွာမှာ လိုလေသေးမရှိ ပြုစုကြတဲ့အကြောင်းတွေ ပြန်ပြောပြပြီး နောက်တစ်ခါကျရင် အမေနဲ့ နှစ်ယောက် သွားကြမယ်ဆိုပြီး ပြောဖြစ်ကြတယ်။ ရွာလက်ဆောင်တွေ မနိုင်မနင်း သယ်လာပြီး တစ်လလုံး အူစိုရလို့ ရွာအကြောင်း စကားကြုံတိုင်း ပြောဖြစ်သလို ရွာကိုလည်း တမ်းတမ်းတတ ဖြစ်နေရတာပေ့ါ။

 

 

 

 

တို့တောရွာ

19 comments

  • nozomi

    June 25, 2011 at 8:31 am

    မမ ပြောမှပဲ အညာကအမျိုးတွေ သတိရလာပြီ သူတို့ဆီပြန်သွားရင် ကိုယ်ကပါတာနဲနဲ ပြန်ပေးကြတာကအများကြီး တော်ပါတော့လို့ပြောယူရတယ်

    ဒီထဲကကြောင်ဖားနဲ့ ရွာထဲက ကိုကြောင်ကြီးနဲ့ ဘာတော်လဲ

  • usnczn

    June 25, 2011 at 10:14 am

    အမေ့ရွာ ကရှမ်းပြည်မြောက်ပိုင်း မိုင်းမု ဆိုတဲ့ရွာပါ။
    အမေက ငယ်ငယ်ထဲက ရွာက ထွက်ခဲ့တာ။
    ကြာဆို နှစ်၃ဝကျော်လေ။ကျွန်တော်နဲ့မှ သူ့ရွာကိုပြန်ရတာ။
    အောက်လင်းမီး ခေါင်းပေါ်ရွက် ရွာထဲ ညဘက် တအိမ်တက်ဆင်း
    အမျိုးတွေကို နှုတ်ဆက်ရတယ် ။ရှမ်းလိုပြောကြတာ ဘာမှနားမလည်ပါ။
    ဆန်ဆစ် ပိုင် ဆန်ပီ ဆိုတာ ခဏခဏကြားလို့ မေးကြည့်တော့ အမေထွက်သွားခဲ့တာ
    သုံးဆယ့်သုံးနှစ် ကြာပြီ ဆိုတာ သိရတယ်။
    ဧည့်သည် လုပ်ရတာ တခါတခါတော့ အားနာစရာဘဲ။

  • parlayar46

    June 25, 2011 at 12:09 pm

    ကျုပ်ငယ်ငယ်က နယ်မှာနေတာမို့ ကိုယ့်ဆီဧည့်သည်လာရင် ပျာပျာသလဲပေါ့။
    ကိုယ်က ရန်ကုန်ကအမျိုးတွေဆီ ဧည့်သည်သွားလုပ်တဲ့အခါမှာတော့ ကိုယ့်တုန်းကလိုမဟုတ်ဘူး။
    အဲသည်တုန်းကတော့ ဒါကို သိပ်ဘဝင်မကျမိဘူး။
    နောက်ပိုင်း ကိုယ်က မြို့ပေါ်နေတော့မှပဲ နဲနဲ နားလည်လာသလိုပဲ။

    • MaMa

      June 25, 2011 at 3:47 pm

      မြို့ကိုလာလည်တဲ့ ဧည့်သည်အတွက် ဒုတိယပိုင်း ရေးနေပါတယ်။

  • မမရေ
    တောနေလူတန်းစားက ပညာမတတ်ပေမယ့် ပကတိရိုးသားကြပါတယ်။
    နေရာတကာ အရှုံးအမြတ်မတွက်ဘူးလေ။
    ကျနော်တို့မြို့နေလူတန်းစားကတော့ အဲလို ရုးိရင်ရှိသမျှပြောင်အောင်အလိမ်ခံလိုက်ရမှာသေချာပေါက်ပါဘဲ။

  • ဆူး

    June 25, 2011 at 1:49 pm

    ကိုကြောင်ဖား အိမ်ကို တရွာလုံး မြို့ကို အလည် လာရင် ဘယ်လို လုပ်မလဲ မသိဘူး။
    အိမ်တံခါး ပိတ်ပြီး ထွက်ပြေးမလား မသိဘူး။

  • bigcat

    June 25, 2011 at 2:27 pm

    ကြောင်ဖားကျားဖောင်
    အလကားကောင်
    တားချင်ပေါင်ကွဲ့
    များခြင်ထောင်ထဲ
    ဖျားချင်ယောင်ဆောင်
    ဝင်တဲ့မောင်…

  • shweminthar

    June 25, 2011 at 3:12 pm

    MG ရွာထဲက ရွှေမင်းသားအိမ်ကိုလဲ လာလည်နော်။
    ကျနော်လဲ ဧည့်ဝတ်ကျေချင်လို့ပါ။

  • ရွှေဘိုသား

    June 25, 2011 at 3:12 pm

    အင်းရွာသားတွေလည်း ရွှေဘိုရောက်ရင်လာခဲ.ကြနော်
    သနပ်ခါးကတော. ကြိုက်သလောက် အပင်တွေလှဲယူလို.ရတယ်
    လိပ်စာကတော. ရွာထဲကကောင်မလေးတစ်ချို.သိတယ် သူတို.မေးလိုက်နော်

  • naywoonni

    June 25, 2011 at 5:07 pm

    ကိုယ့်ဆီလာတဲ့သူကိုကျတော့ ဘာပါသေးလဲ …တဲ့ ကိုယ်ကသူ့ဆီရောက်သွားတော့ ဘာကျန်သေးလဲတဲ့ ဧည့်သည်လာတာနဲ့ ဧည့်သည်သွားလုပ်တာလေးက ချစ်စရာပါ… ကိုယ့်ဖို့ချည့်ပဲ….

  • kai

    June 25, 2011 at 9:21 pm

    အခုဆောင်ဦးလှိုင်၊ စည်သူလွင်၊ ဟဲလေး၊ အဲလက်စ်တို့… ယူအက်စ်ရောက်နေတယ်လေ…။
    သူတို့တွေ နေရ စားရတာအဆင်ပြေပုံမရပါဘူး..။
    ဧည့်သည်တွေကို . ..ယူအက်စ်နေ မြန်မာတွေတာဝန်မကျေနိုင်ကြ(တော့)ပါဘူး..။

    အဲဒါလေး.. သတိတရနဲ့ရေးလိုက်တာပါ…။

  • MaMa

    June 26, 2011 at 3:46 am

    အဲ- သဂျီးကတော့ ပညာရှိပီပီ ဧည့်သည်ကို မလာခင်က ကြိုပြီး တားနေပြီ။

  • weiwei

    June 26, 2011 at 3:53 am

    အခု ရန်ကုန်မြို့မှာတောင် နိုင်ငံခြားလို ဖြစ်နေတာကို သတိထားမိတယ် … ကျွန်မက မြို့သူမဟုတ်တော့ ရန်ကုန်ရောက်ခါစက အံ့ဩစရာတွေ တော်တော်ကြုံခဲ့ရသေးတယ် .. အခုတော့ အသားကျသွားပြီ …

  • monmon

    June 26, 2011 at 6:39 am

    နယ်တွေမှာက ထမင်းချက်ထားရင် တစ်ယောက်စာဆိုတာ မသိသာဘူး… ဘယ်သူဝင်စားစား… ရန်ကုန်မှာကတော့ ဧည့်သည်တစ်ယောက်လာရင် ထပ်ချက်ရတာနဲ့၊ လူတစ်ယောက်စရိတ်ဆိုတာတွေနဲ့ ထည့်တွက်နေရတယ်..

    ဪ.ဒါနဲ့ စကားမစပ် (ဦးသုမောင်စကားကို ခဏယူသုံးမိပါသည်)… ရွှေဘိုသားရေ.. သနပ်ခါးတစ်ပင်လောက် royal express နဲ့ ပို့လိုက်ပါလား….

  • nature

    June 26, 2011 at 10:25 am

    ဇာတ်လမ်းပမာလေးတခုနားထောင်ဘူးတယ်။ တခါလာတော့ ရွှေဧည့်သည်၊ ၂ခါလာတော့ငွေဧည့်သည်၊ ၃ခါလာတော့ ..ဟင်း…..ဧည့်သည်တဲ့။
    အိမ်သာလို့ဧည့်လာတာပါ။ ဧည့်သည်များတတ်တဲ့အိမ်က ဦးစီး အိမ်ရှင်တွေဟာ လူမှုရေး ကောင်းတဲ့သူတွေဖြစ်ကြပါတယ်။

  • pan pan

    June 26, 2011 at 11:20 am

    ရွာကလူတွေက ဧည့်သည်လာရင် ပျော်ကြတယ်။
    ရန်ကုန်မှာတော့ များသောအားဖြင့် ဧည့်ကြောက်ကြတယ်နော်။
    ဒါကလည်း အခြေအနေ အရပ်ရပ်ကြောင့် ဆိုတော့….။
    မနှစ်ကများ ရွာပြန်တုန်းက အိမ်လည်ပြီး ထမင်းလိုက်စားခဲ့ရတာ။ 😀

  • နယ်ကလူတွေဆီ မြို့ကလာရင် မပြန်နဲ့အုံးနော်လို့ တားကြတယ်။
    မြို့ကလူတွေဆီကို နယ်ကလူလာရင် ဘယ်နေ့ပြန်မှာလဲ လို့ အရင်မေးကြတယ်
    ကိုယ်တွေ့ပါဗျာ။

  • MaMa

    June 26, 2011 at 2:05 pm

    ကိုပေါက်ရေ- စောင်းပြောတာတော့ မဟုတ်ပါဘူး နော်။ ကျမက တောသားပါ။

  • padonmar

    June 27, 2011 at 4:08 pm

    တောသားတွေလည်း မြို့မှာအနေကြာရင် မြို့လေဖြစ်သွားတာပါဘဲ။
    ဒါကြောင့် ရန်ကုန်ကိုလာမလည်ကြနဲ့သိလား၊ 😀 😀 😀

Leave a Reply