၁ဝ တန်းအောင်ပြီးနောက် ဘယ်ဘာသာယူရင် ကောင်းမလဲ ?? Difficult Choice
သူငယ်ချင်းတစ်ချို့ရဲ့ သားသမီးတွေတောင် ၁ဝ တန်းအောင်သွားကြပါပြီ။ အချိန်တွေကုန်တာ တော်တော်မြန်တာပဲနော်။ ဒီနှစ်အောင်တဲ့အထဲမှာ သူငယ်ချင်းတစ်ယောက်ရဲ့သမီးက ၆ ဘာသာဂုဏ်ထူးထွက်တယ်တဲ့။ နောက်တစ်ယောက်ရဲ့ သမီးကတော့ အောင်ရုံပဲအောင်ပါတယ်။ ကျွန်မနဲ့ ကလေးအမေတွေနဲ့ သူငယ်ချင်းတွေဆိုတော့ သမီးတွေကို ဘယ်မေဂျာယူရင် ကောင်းမလဲဆိုတာ ဝိုင်းဝန်းအကြံပေးရင်း ဦးနှောက်တော်တော်ချောင်သွားပါတော့တယ် …..
ကလေးတွေ ဘာကို ဝါသနာပါလဲ ? ဘာကို စိတ်ဝင်စားလဲ ? လို့ အရင်ဦးစားပေးပြီး မေးကြည့်လိုက်ပါတယ်။ သိပ်တော်တဲ့ကလေးတွေ … ဘာကိုမှ စိတ်မဝင်စားပါဘူးတဲ့၊ ဘာဝါသနာပါမှန်းလဲ မသိဘူးတဲ့၊ မေမေကောင်းသလိုပဲ စီစဉ်ပါတဲ့။ ကောင်းရောပဲ ….
စိတ်တိုသွားပေမယ့် ကိုယ်ချင်းစာစိတ်နဲ့ ခွင့်လွှတ်လိုက်ပါတယ်။ ကျွန်မ ၁ဝ တန်းအောင်တဲ့အထိ ဘာဝါသနာပါမှန်း တကယ်မသိခဲ့လို့ပါ။ ဘာဖြစ်ချင်မှန်းလဲ မသိခဲ့ပဲ ခပ်ပေါ့ပေါ့နေခဲ့မိပါတယ်။ ဝါသနာဘာပါမှန်း နောက်မှသိခဲ့ပေမယ့် အဲဒီအချိန်မှာ နောက်ကျသွားခဲ့ပါပြီ။ အဲဒါကြောင့်လဲ အခုကလေးတွေကို နောက်မကျသေးခင်သိရအောင် သေချာမေးနေရခြင်းဖြစ်ပါတယ်။
၆ ဘာသာဂုဏ်ထူးထွက်တဲ့သမီးအတွက် သူလိုချင်တာကို ရွေးချယ်ခွင့်ရှိပါတယ်။ အရမ်းတော်တဲ့ကလေးမို့လို့ ဘာကိုပဲလုပ်လုပ် အောင်မြင်အောင် အဆုံးထိလုပ်နိုင်မယ်လို့လဲ ယုံကြည်ပါတယ်။ ဒါပေမယ့် ဝါသနာက အရမ်းအရေးကြီးပါတယ်။ ဘယ်အသက်မွေးဝမ်းကြောင်းမဆို စိတ်ဝင်စားရင် ကြိုးစားရင် ဘဝတစ်ခုစာအတွက် ဘာမှ အခက်အခဲမရှိနိုင်ပါဘူး။ အမှတ်တွေများလွန်းလို့ ဆရာဝန်လိုင်းယူပြီးမှ ဝါသနာမပါရင် တစ်ဘဝလုံး စိတ်ဆင်းရဲသွားရမှာမဟုတ်လား။ ဒါပေမယ့် ကျွန်မအနေနဲ့က ကြားထဲက ဆုံးဖြတ်ပေးပိုင်ခွင့်မရှိလို့ ကလေးကိုပဲ နားလည်နိုင်သလောက် ရှင်းပြပေးခဲ့ပါတယ်။ ကျွန်မက ပညာရေးမှာ အတွေ့အကြုံရှိတဲ့သူဆိုတော့ အခြားအမေတွေတွေးတာနဲ့တော့ မတူဘူးပေါ့။ သိပ်တော်တဲ့ ကလေးကို သိပ်မြင့်တဲ့ နည်းပညာတွေကို သင်စေချင်တာ ကျွန်မဆန္ဒပါ။ ကျွန်မစိတ်ကူးက ရေကြောင်းတက္ကသိုလ်ကို တက်စေချင်ပေမယ့် သူ့ရှေ့ရေးကိုလဲ ကြည့်ရပါသေးတယ်။ ဘွဲ့ရပြီးနောက် အလုပ်အကိုင်ကို ကျွန်မလဲ အာမမခံနိုင်ဘူးလေ။ နောက်ဆုံးတော့ ကလေးမိဘတွေရဲ့ဆန္ဒနဲ့ ဆရာဝန်လိုင်းကိုပဲ ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အောင်ရုံပဲအောင်တဲ့သမီးအတွက်တော့ စဉ်းစားရ ပိုကျပ်ပါတယ်။ အမှတ်နဲပေမယ့် GTC တက်ချင်ရင် တက်လို့ရပါတယ်။ ဒါပေမယ့် အမှတ်ပေါ်မူတည်ပြီး ရန်ကုန်မှာရနိုင်ဖို့ ခဲယဉ်းပါတယ်။ တခြားနယ်က နည်းပညာကျောင်းတွေမှာ သွားတက်ရလိမ့်မယ်။ ကလေးအမေက သူ့သမီးလေးကို ကလေးလေးလိုပဲမှတ်နေတုန်းမို့လို့ နယ်အဝေးကို စိတ်မချပါဘူး။ ကလေးက စာလဲသိပ်မတော်တာမို့ BE အထိ ရဖို့လဲ မသေချာဘူး။ GTI နဲ့အဆုံးသတ်ပြီး ဘွဲ့မရမှာကိုလဲ စိုးရိမ်ရပါသေးတယ်။ အဲဒါကို ဖယ်လိုက်တော့ ရိုးရိုးမေဂျာထဲကပဲ ရွေးချယ်စရာကျန်ပါတော့တယ်။ သမီးကို ဘာလုပ်ချင်လဲမေးတော့လဲ ဘာမှအဖြေမရဘူး။ ကလေးအမေကတော့ တက္ကသိုလ်မှာ ဆရာမလုပ်စေချင်တဲ့ဆန္ဒရှိနေပါတယ်။ ရိုးရိုးမေဂျာပဲတက်ပြီး မာစတာတက်နိုင်အောင် ကြိုးစားလိုက်ရင်လဲ ရတာပဲလို့ မျှော်လင့်နေပါတယ်။ အခုခေတ်မှာ ရိုးရိုးဘွဲ့လက်မှတ်တစ်ခုနဲ့ ဘာမှလုပ်စားလို့မရဘူးလေ။ ကျွန်မကတော့ စာရင်းကိုင်ပညာရပ်ကိုသင်ဖို့ အကြံပေးပါတယ်။ LCCI level 3 အထိ ဖြေရင်း တက္ကသိုလ်တက်လိုက်ရင် ဘွဲ့ရတဲ့အခါ အလုပ်အကိုင်အတွက် တစ်ဖက်တစ်လမ်းက စိတ်ချရမယ်မဟုတ်လား။ အဲဒီမှာလဲ မေဂျာရွေးတာမှာ သဘောထားကွဲလွဲခဲ့ကြပါတယ်။ ကျွန်မကတော့ သိပ္ပံပညာကို်စိတ်ဝင်စားသူဆိုတော့ physics, chemistry လိုမျိုး ပညာတစ်ခုခုကို ယူစေချင်ခဲ့ပါတယ်။ ကလေးအမေက အင်္ဂလိပ်စာမေဂျာကို ယူစေချင်ပါတယ်။ ကျွန်မက အင်္ဂလိပ်စာဆိုတာ ဘယ်မှာမဆိုသင်လို့ရပါတယ်။ အပြင်မှာ ကိုယ်တိုင်လေ့လာလို့လဲရပါတယ်။ သိပ္ပံပညာဆိုတာကတော့ တက္ကသိုလ်မှာပဲ သင်နိုင်ပြီး နဲနဲပဲတတ်လဲ အမြတ်ပဲလို့ပြောခဲ့ပေမယ့် နောက်ဆုံးတော့ ကလေးအမေဆန္ဒဖြစ်တဲ့ အင်္ဂလိပ်စာနဲ့ပဲ ကျောင်းတက်မယ်လို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။
အဲဒီ ကလေး ၂ ယောက်ကိုကြည့်ရင်း တခြားကလေးတွေ (တိတိကျကျပြောရရင် မိဘတွေ) လဲ တော်တော်ဆုံးဖြတ်ရခက်ကြမှာပဲလို့ တွေးမိလို့ ပို့စ်တစ်ခုရေးလိုက်ပြီး ဘယ်မေဂျာကို စိတ်ဝင်စားတယ် ဘယ်လိုအကျိုးရှိနိုင်တယ်ဆိုတာမျိုးလေး ဆွေးနွေးကြရင် ကလေးတွေအတွက် မျက်စိပိုပွင့်သွားနိုင်မယ်လို့ မျှော်လင့်ရင်း ……။
21 comments
moethidasoe
June 21, 2011 at 9:15 am
ဝေဝေက ကိုယ်တိုင် မဟုတ်ဘူးလို့ ကြွားထားတာ ..
ဟုတ်ပါတယ် .. ကလေးတွေက ဆယ်တန်းသာ အောင်သွားကြတယ် .. ဘာလုပ်လို့ ဘာကိုင်ရမှန်း သိတာ မဟုတ်ဘူး .. သူတို့ခေတ်က အခွံနွှာထားတဲ့ ငှက်ပျောသီးတောင်မှ ပါးစပ်နား ကပ်ပေးမှ စားတတ်တဲ့ ဘဝ ..
တို့ သမီး အကြီးဆုံးက အောင်ရုံတင်ကလေး အောင်တယ် .. ဒီတော့ စာပေးစာယူပဲ တက်စေတယ် .. နောက်ဆက်တွဲ ကွန်ပျူတာ သင်တန်းတွေ အဆင့်တစ်ခုခု ရအောင် တက်စေမယ် .. စာရင်းကိုင်ကို ဝါသနာ ပါရင် LCCI တွေ တက်ခိုင်းမယ် .. ဒါမှ လက်မှတ်တွေ ရပြီး အလုပ် အဆင်ပြေမှာ ..
ဝါသနာ မပါပဲနဲ့ ဆေးကျောင်းတော့ မတက်စေချင်ပါ .. နို့မဟုတ်ရင် တော်၏ရော်၏နဲ့ ပြီးသွားရင် ဖြစ်ဖြစ်မြောက်မြောက် မရှိရင် ရှေ့ရေး မကောင်းပါ
ဆူး
June 21, 2011 at 9:23 am
ကိုယ်တိုင်လည်း ၁ဝတန်း အောင်တော့ ဘာလုပ်လို့ လုပ်ရမှန်း မသိဘူး။
သူများ ကွန်ပြူတာ ဆိုလို့ ကွန်ပြူတာ သင်တန်း တက်စေဖို့ အိမ်နားက MCC မှာ ဆရာမ လုပ်နေတဲ့ အမတယောက်ကို သွားမေးတယ်။ သူက အိုင်တီ တက်ပါတဲ့.. ကွန်ပြူတာ ဆိုတာ မြင်ပဲ မြင်ဘူးတာ ဘာမှ သိတာ မဟုတ်တော့ အိုင်တီ က ဘာသင်လဲ သိတာ မဟုတ်ဘူး။ ဒီလိုနဲ့ Level 1 2 ပြီးသွားတယ်။ ကြာလေ စိတ်မပါလေပဲ.. ကိုယ့်ဟာကို သိလာတယ် မလိုက်ဖက်တဲ့ ဘာသာရပ်ကို မှားမိနေပြီလို့ သိပေမဲ့ အိမ်ကို ပြောပြီး နောက်ဆုတ်မယ် ဆိုတော့ ၁နှစ်ဆိုတာ နည်းလားတဲ့ စိတ်ညစ်လိုက်တာ လွန်ပါရေ.. နောက်ထပ် Level 3 ကို အတင်းဆက်တက်ခိုင်းတယ်။
တနေ့.. အနုပညာ ကွန်ပြူတာ ဒီပလိုမာ ဆိုတဲ့ ကြေညာလေး သတင်းစာမှာ ပါလာတာ မြင်တော့ ကိုယ်နဲ့ နီးစပ်မယ် ထင်ပြီး တက်ချင်လိုက်တာ အရမ်းပဲ.. တော်တော် ပြောယူရတယ်။ သင်တန်းကြေးကလည်း ဈေးကြီးလိုက်တာ လွန်ပါရေ… အိမ်မှာ ဈေးကြိး ပေးပြီး သင်ပေးထားရတာ မတတ်လို့ကတော့နော် ဆိုပြီး ခဏခဏ ကျိန်းခံရတယ်။ လူငယ်ဆိုတာ လူကြီး ပါးစပ်ဖျား မှာ ပြုသမျှ နုရတာ ဆိုတော့ ငြိမ်ခံနေယုံမှ တပါး အခြားမရှိ။ စိတ်ဝင်စားတဲ့ အကြောင်းတွေ ဖြစ်နေလို့လား မသိဘူး ကျောင်းမှာလည်း သူများ နဲ့ ယှဉ်ရင် ပိုပြီး တတ်လွယ်နေတယ်။ နောက်တော့ အလုပ်ပြန်လျှောက်တော့လည်း တန်းတူ လုပ်တဲ့ ဆရာမ တွေ ထက် ပိုသွက်ပြီး အတက်မြန်နေလို့ အမြင်ကတ်ခံရပြီး မျက်မုန်းကျိုး ခြောက်တွန်းခံရတော့တာပါပဲ။
ဒါပေမဲ့ အဲဒီတုန်းက သင်တဲ့ ပညာရပ်က အခုထိလည်း လိုရင် လိုသလို အသုံးချ နိုင်သေးတဲ့ အတွက် စိတ်ဝင်စားတဲ့ အလုပ်ကိုသာ လုပ်သင့်ကြောင်း ဘဝ နဲ့ ရင်းပြီး မန်းလိုက်ပါတယ်။
လင်းဝေကျော်
June 21, 2011 at 9:40 am
ဘာပဲတက်တက် ဘာမှ မတတ်ပါဘူးကွယ်။
တကယ် ကြိုးစားချင်တယ် စဉ်းစားဆင်ခြင်ဉာဏ်လည်းကောင်းတယ်ဆိုရင်တော့
မြန်မာပြည်မှာ ရှေ့နေလုပ်ပါ။ ရှေ့လျှောက် တိုးတက်ဖို့ ရှိပါတယ်။
တိုင်းပြည်မှာလည်း တကယ်လိုနေပါတယ်။
သူလို ကိုယ်လို နေပြီး ကြီးပွားချင်တယ်ဆိုရင်တော့ စီးပွားစီမံတို့ဘာတို့တက်။
အေဘီအီး ကအစ အမ်ဘီအေ အထိ ဆက်တက်နိုင်အောင်လုပ်။
အခု ရန်ကုန်မှာ လည်ပတ်ကျွမ်းကျင် အမ်ဘီအေ တစ်ယောက် က တစ်လ ဝင်ငွေ ဆယ်သိန်းအထက်ရနိုင်ပါတယ်။
ဆယ်သိန်းပေးမယ် ဆိုပြီး ခေါ်တာတွေ အမြဲတွေ့နေရတယ်။
windtalker
June 21, 2011 at 12:43 pm
မှန်လိုက်တဲ့ အဖိုးတန် စကား ပါပဲ ကိုလင်းဝေကျော် ရေ ။ ရှေ ့လျှောက် ရှေ ့နေ တွေ တမုန်း အလုပ် ဖြစ်တော့မည် ။ ယခင်ရှေးပဝေသဏီကလဲ ရှေ ့နေများ တော်လျှင် တော်သလို တတ်လျှင် တတ်သလို ဝင်ငွေဖြောင့်ခဲ့ကြသည် ။ ချမ်းသာခဲ့ကြသည် ။ ရှေ ့နေ တစ်ဦး ၏ ဝင်ငွေ မှာ အပ်ခံ ရသည့် အမှု အကြီးအသေး နှင့် တိုက်ရိုက်ကြနေသည် ဟု ဆိုချင်ပါသည် ။ အမှုငယ်လျှင် ဝင်ငွေ နည်းမည် ။ ကြီးလျှင် ဝင်ငွေများမည် ။ ကျွန်တော် တို ့တစ်တွေ ဂျာနယ်တွေ ထဲ သတင်းတွေ ထဲ ဖတ်ဖူး ကြားဖူး ကြမှာပါ ။ ဒီမိုကရေစီ နိုင်ငံကြီး ဖြစ်သော အမေရိကန် လို နိုင်ငံမျိုးတွင် ဘာလုပ်လုပ် ဘေးလူ ကို စိတ်အနှောင့်အယှက် မဖြစ်အောင် ဆင်ခြင် နေကြရသည် ။ မတော်လို ့တစ်ခုခု များ (အနည်းငယ်သာ ဖြစ်ချင်ဖြစ်မည်) စိတ်ခု စရာ ဖြစ်ခဲ့လျှင် တရားထစွဲ ကြသည် ဟု ကြားဖူးသည် ။ ဥပမာ ဘေးအိမ်က ခွေးက တစ်ညလုံး ဟောင်နေလို ့တရားထ စွဲတာ မျိုး တွေ ကြားဖူး ခဲ့ကြမည် ဟု ထင်ပါသည် ။ ထို ့ကြောင့် ကျွန်ုပ်တို ့ရွာသူ ရွာသား များလည်း တစ်ခုခု ရေးမည် ဆိုလျှင် ဆင်ခြင်ကြရတော့မည် ။ ဒါပေမယ့် မပူပါနဲ ့သူကြီးက ရွာသူ ရွာသားတွေ ဟာ ဘယ်သူ က ဘယ်ဝါ ဆိုတဲ့အကြောင်း ထိန်းသိမ်းပေးထားပါမည် လို ့ကတိပေးထားတယ် ဆိုတော့ ။ ဒန်တန်တန် ( နောက်ခံ တီးလုံးသံ )
antimoe
June 21, 2011 at 1:09 pm
ဝါသနာပါတာ…ရှိကိုရှိပါတယ်။
အံတီမိုးက..ငယ်ငယ်ကတည်းက..လေ့လာရတာ ဝါသနာပါတယ်။
စဉ်းစားရတာဝါသနာပါတယ်။
ရှာဖွေရတာ ဝါသနာပါတယ်။
ရေးတာ…ဖတ်တာ..လေ့လာတာတွေ..လုပ်နေရရင်ကို..ပျော်နေတာမျိုးပေါ့။
ဒါတွေက..အလုပ်နဲ့..ဆက်စပ်နေတယ်ဆိုရင်…အကောင်းဆုံးပေါ့။
ပီကာဆိုရဲ့အမေက..သူ့သားကို..ဒီလိုပြောတယ်..။
သားက..သိပ်တော်တာပဲ…။
ဆရာဝန်လုပ်ရင်..သိပ်တော်တဲ့….ဆရာဝန်ဖြစ်မှာ။
ဘုန်းကြီးလုပ်ရင်…POPEဖြစ်မှာ..။
ပန်းချီဆရာလုပ်တော့..ဟော..ပီကာဆိုဖြစ်တာပဲလေ။
……..
သားကရှေ့နေလုပ်မယ်ဆိုရင်…မိဘက..ရှေ့နေရဲ့မိဘဖြစ်ရမယ်။
သားကဆရာဝန်လုပ်မယ်ဆိုရင်…မိဘက..ဆရာဝန်ရဲ့မိဘဖြစ်ရမယ်။
သားကမင်းသားလုပ်မယ်ဆိုရင်…မိဘက..မင်းသားရဲ့မိဘဖြစ်ရမယ်။
ဆိုလိုတာက…လိုအပ်မယ့်အရာလေးတွေ..ထောက်ပံ့ပေးဖို့ပါပဲ။
intro
June 21, 2011 at 1:18 pm
ဒီအတိုင်းဆို ရွာထဲမှာလဲ လုံခြုံရေးတပ်ဖွဲ့ ဖွဲ့ဖို့ လိုနေပြီထင်တယ်… 🙂
weiwei
June 21, 2011 at 2:14 pm
မိဘတွေချမ်းသာရင် လုပ်ငန်းအဆင်သင့်ရှိရင် အကြောင်းမဟုတ်ပေမယ့် ကိုယ့်အားကိုယ်ကိုးရမယ်ဆိုရင် ပညာတစ်ခုခုရှိနေမှ ဖြစ်မှာမဟုတ်လား … ဘာသင်သင် မတတ်ဘူးတော့မဟုတ်ပါဘူး … ဝါသနာပါရင် ကြိုးစားရင် ရည်ရွယ်ချက်ရှိရင် အောင်မြင်လာမှာပါ .. စိတ်ရှည်ဖို့တော့ လိုတာပေါ့ …
ပြောမယ့်သာပြောရတာ ပညာနဲ့လုပ်စားရတာ အရမ်းခက်ခဲနေလို့ ကိုယ့်ကိုယ်ကိုယ် နမူနာမပြနိုင်သေးဘူး … ကြိုစားရင် ဘာဖြစ်မယ် ညာဖြစ်မယ်လို့ မပြောနိုင်တာကိုတော့ ဝမ်းနည်းမိတာအမှန်ပါပဲ …
PinkCandy
June 21, 2011 at 2:37 pm
အင်း ဓါက်ပြားဟောင်းကြီးပြန်ဖွင့်ရမယ်ဆိုရင်တော့
ဝါသနာမပါတဲ့ ဘာသာရပ်ကို တက္ကသိုလ်မှာ သင်ယူခဲ့ပြီး
ဘွဲ့ရသွားတဲ့အခါ အလုပ်မလုပ်ဖြစ်ဘူး။
တခြားဝါသနာပါတဲ့ ဘာသာကို ထပ်ပြီးလေ့လာတယ်။
ပြီးမှ အလုပ်လုပ်တယ်။
အဲတော့ ဝါသနာမပါတာကိုရွေးမိတာ အချိန်တွေအရမ်းကြန့်ကြာသွားတယ်လို့ထင်ပါတယ်။
weiwei
June 21, 2011 at 2:45 pm
ဝါသနာပါတာကို သိပြီး ပြောင်းလဲနိုင်ခဲ့တာလဲ ချီးကျူးစရာပဲ … တစ်သက်လုံးစိတ်ချမ်းသာဖို့ ခဏတာ အချိန်ပိုကုန်သွားတာလဲ တန်ပါတယ်လို့ ပြောနိုင်ပါတယ် ..
zaw min
June 21, 2011 at 2:54 pm
ဝမ်းမနည်းပါနဲ့ မဝေဝေ၊..မိမိရည်ရွယ်ချက်ရှိသည့်အတိုင်း ဆက်လက်ကြိုးစား
အားစိုက်လုပ်ဆောင်ပါ၊မိမိကြိုစားမူရဲ့ အကျိုးကိုတစ်နေ့ သေချာပေါက်ရမှာပါ။ဘဝ အတွက်ကြိုးစားလုပ်ဆောင်မူတွေထဲမှာ ဝါသနာကအရေးကြီးပါတယ်။သားသမီးမရှိလို့ အဲဒီအပူကဝေးခဲ့ပေမယ့်၊တူတွေတူမတွေကပေါ်လာပါတယ်၊တူမတစ်ယောက်က ဘွဲ့ရပြီးပြီ၊စင်္ကာပူလာချင်တယ် S.pass စုံစမ်းပေးပါတဲ့၊ရိုးရိုးဘွဲ့ပဲဆိုရင် Cleaner,Shop Helper ပဲရမယ်၊ဒါတောင် Day တက်ပြီးရတဲ့ဘွဲ့ဖြစ်ရမယ်၊Agent Fee က s$3500,လစာက s$1000 ဝန်းကျင်တဲ့၊ဆိုတော့ကာ ဘွဲ့ရပြီး လုပ်ရမယ့်အလုပ်နဲ့ အနိမ်ခံရမယ့် ဘဝမျိုးပါပဲ။တစ်ချိန်တုံးက GTI အောင်လက်မှတ်လေးနဲ့ E.P ရပြီး ယခု P.R တွေရခဲ့တဲ့သူငယ်ချင်းတွေအများကြီးရှိပါတယ်။ယနေ့ခေတ်ကပညာရေးကို ငွေနဲ့ဝယ်နေရတဲ့ခေတ်ပါပဲ။မိဘတွေ အတွက်ရင်လေးစရာပါပဲ။
unclegyi1974
June 21, 2011 at 4:11 pm
ဟိုးတုန်းကကလေးတွေက၁ဝတန်းပြီးရင်ဘယ်လိုင်းယူမယ် ဘာလုပ်မယ်
ဆုံးဖြတ်ထားတာရှိတယ်
ဒီခေတ်ကလေးတွေက၁ဝတန်းပြီးရင်ဘယ်လိုင်းယူမယ် ဘာလုပ်မယ်
ဆိုတာဆုံးဖြတ်းထားတဲ့ကလေးကနဲတယ်
ဒါဘာဖြစ်လို့လဲ အဲဒီမှာအဖြေတခုရှိမယ်ထင်ပါတယ်
weiwei
June 22, 2011 at 3:16 am
မိဘတွေက ကလေးတွေကို အစစ အရာရာ အကုန်တာဝန်ယူနေတော့ သူတို့စိတ်ထဲမှာ မိဘတာဝန်လို့ပဲ မှတ်လိုက်ပြီး နောင်ရေးအတွက် မတွေးတော့လို့ပါ အန်ကယ်ကြီးရေ …
ဆူး
June 22, 2011 at 1:08 pm
တွေးဖို့ အချိန်မရလောက်အောင် ကို စာနဲ့ နဘန်းလုံးရတာပါ။
ကစားချိန်မရှိ နားချိန် မလောက်ငှ စွာနဲ့ စာနဲ့ ကျူရှင် ကျောင်းနဲ့ စာ ဖြစ်နေရတဲ့ ကလေးတို့ ဘဝ ကို သနားစရပါ။
bigcat
June 22, 2011 at 1:44 am
စစ်ထဲပို့လိုက်ဗျာ။ နောင်တချိန် စစ်တပ်အာဏာသိမ်းရင် စစ်သမီးတွေ အလှည့်ရောက်လာလိမ့်မယ်။
Yan Shin
June 22, 2011 at 3:10 am
ကျွန်တော်တို့ကိုယ်တိုင် ခုထိကိုယ့်ဘဝ ဘယ်လမ်းနဲ့လျှောက်မလဲ ဝေဝါးဆဲပါ။
ဘာတွေကြောင့်လဲတော့ (မရှင်းလိုပါ) မသိနိုင်တဲ့ အကြောင်းကြောင်းတွေကြောင့် ကြုံသလို အဆင်ပြေသလို လျှောက်နေရဆဲပါ။
(eg. ဘွဲ့ရ အလုပ်လက်မဲ့ ဆရာဝန် ကျူရှင်ဆရာ)
အဲဒီတော့ကာ ကျွန်တော်တို့ ကလေးတွေကို ဘယ်လိုညွှန်မလဲ
မိဘတောင်ဝေဝါး ကလေးက ဘယ်လို ရွေးနိုင်ပါ့မလဲ။
ဒါပေမဲ့ မျှော်လင့်ချက်တော့နဲနဲ သန်းလာသလိုပဲ
၂၀၁ဝ တက္ကသိုလ် ဝင်ခွင့် အမှတ်တွေကို June လထုတ်ဂျာနယ်တစ်စောင်မှာတွေ့လိုက်ပါတယ်။
သေခြာတာတစ်ခုကတော့ ဆေးတက္ကသိုလ် စက်မှု့(နည်းပညာ)တက္ကသို်လ်တွေက ထိပ်ဆုံးနေရာတွေမှာ ရှိမနေတော့တာပါပဲ။
ကျွန်တော်တို့ မိဘတွေက မြင်ကွင်းကျုယ်ကျယ်မြင်လာနိုင်ပြီး ကိုယ့်ကလေးကို ကိုယ့်အမြင်ထဲကို အတင်းမောင်းမသွင်းမိဘို့နဲ့
ကိုယ့်ကလေးကိုတိုင်က သူ့လှေကို သူကိုယ်တိုင် ပဲ့ကိုင်နိင်အောင်နဲ့ ပဲ့ကိုင်နိုင်ခွင့် ရှိလာခဲ့မယ်ဆိုရင်တော့……..
နောက်တစ်ခုက
တော်ပြီဗျို့…. သိပ်ရှည်သွားမယ်။
weiwei
June 22, 2011 at 3:24 am
မိဘတွေရဲ့ အတ္တကလဲ သားသမီးကို ဒုက္ခရောက်စေတယ် … သူတို့တုန်းက မဖြစ်ခဲ့ရတာတွေကို သားသမီးတွေကို အတင်းဖြစ်စေချင်ကြတယ် …. ဇွတ်အတွင်း ပုံသွင်းကြတယ် …
weiwei
June 22, 2011 at 3:54 am
ယောက်ျားလေးတွေအတွက်ကတော့ ရွေးချယ်စရာတွေများလွန်းပါတယ် … သတင်းစာထဲမှာ စာမျက်နှာပြည့် ကြော်ငြာပြီးခေါ်နေတာ အမှတ်စာရင်းတောင် တင်ပြဖို့ မလိုတော့ဘူး …
အခုခေတ်စားနေတာကတော့ သင်္ဘောသားဖြစ်နေတော့ ရေကြောင်းသိပ္ပံကို တက်ချင်သူများတယ် … တစ်နှစ်ထဲနဲ့ သင်္ဘောသားဖြစ်နိုင်တော့ တွက်ခြေကိုက်တာပေါ့ … ရေကြောင်းတက္ကသိုလ်လဲ နံမည်ကြီးတယ် … အမှတ်များမှ တတ်နိုင်ပြီး BE ဘွဲ့လဲပေးတယ် … သင်္ဘောသားလဲလုပ်နိုင်တယ်ဆိုတော့ လူကြိုက်များနေပါတယ် …
etone
June 22, 2011 at 4:00 am
ဝါသနာပါတဲ့ တက္ကသိုလ်တက်ဖို့ကလည်း ချက်ချင်းပိုက်ဆံမရှာနိုင်သေးတော့ မိဘထားနိုင်ရဲ့လား တွေးရသေးတယ်လေ … ။ ဒီခေတ်မှာ အများစု အလွယ်တွေးထားတာကတော့ အမှတ်များလျှင် ဆေးကို ရွေး ၊ အမှတ်နည်းလျှင် အဝေးသင်တက်ပြီးပဲ ဘွဲ့တခုယူတာ များတယ် …။
moethidasoe
June 22, 2011 at 4:10 am
ဟုတ်ပါတယ် ဝေဝေ .. မိဘတွေရဲ့ လောဘလို့ ပြောရင် ရတယ် .. သိပ် ဖြစ်စေချင်လိုက်ကြတာ .. သူတို့ ငယ်ငယ်တုန်းက မဖြစ်ခဲ့တာတွေ .. သားသမီးအလှည့်မှာ သိပ် ဖြစ်စေချင်ကြတယ် ..
လူကြားသူကြားမှာလဲ .. တို့ သမီးက အင်္ဂလန်မှာ .. တို့ သားက စင်္ကာပူမှာလို့ သိပ်ပြောချင်ကြတယ် .. ကလေးတွေအတွက်ကတော့ .. ဘာလုပ်နေသလဲ ဆိုတာကိုတောင် မသိနိုင်လောက်အောင် မိဘတွေရဲ့ ပုံစံခွက်ထဲမှာ နစ်မျောလို့
chitpyae
June 22, 2011 at 6:57 am
ko zaw min ပြောသလိုပါပဲ အခုခေတ်မှာက ပညာကို ငွေနဲ့ဝယ်နေရသလိုပါပဲ ။
သင်တန်းတွေကလည်း ဈေးကြီး တယ်လေ ။ ၁ဝ တန်း ကျောင်းသားတယောက် စရိတ်ကလည်း မလွယ်ပါဘူး ။ တခြားစရိတ် စက တွေကလည်း ကြီးသေးတယ်လေ ….
“ပညာရွှေအိုး လူမခိုး ၊ ရွှေအိုးရှိမှ ပညာရ” လို မျိုး ဖြစ်နေတဲ့ ခေတ်ပေါ့လေ။
moethidasoe
June 22, 2011 at 8:36 am
အဲဒါကြောင့် ပညာတွေ တတ်လာတဲ့လူတွေထဲက ကိုယ် ကုန်ကျတာကို ပြန်လိုချင်တဲ့ စိတ်နဲ့ တွက်တတ်တဲ့ လူ ဆိုရင် ကိုယ်စိုက်ထုတ်ရတဲ့ ပညာကို ကိုက်တယ် မကိုက်ဖူး ဆိုပြီး တန်ဖိုး ပြန်ဖြတ်ကြလို့ လောကကြီးက ပို်ခက်လာတယ် .. တကယ်ဆိုရင် ပညာကို ပြန်ရတာနဲ့ တန်ဖိုး မဖြတ်သင့်ဘူး ထင်တယ်