အချိန်ကကုစားပေးခြင်း Vs အရာအားလုံးကိုတိုက်စားသွားမယ့်အချိန်
ဟိုတစ်နေ့က မနွယ်ပင်ရဲ့ “တစ်စုံတစ်ရာကိုတိုက်စားသွားမယ့် အချိန်” ဆိုတဲ့ပို့စ် နဲ့ အောက်ကဆက်ရေးတဲ့ကွန်မန့်လေးတွေကိုဖတ်ကြည်ပြီး ဒီအတွေးလေးတစ်ခုတွေးလိုက်မိလို့ ပြန်ရှဲတာပါ။ ကွန်မန့်အနေနဲ့တင်ရင် အရမ်းရှည်နေမှာဆိုးလို့ အခုလိုပို့စ် အသစ်တစ်ခုဖွင့်လိုက်တာပါ။ တစ်ခုပြောပြချင်တာက မနွယ်ပင်ကိုကော အဲဒိမှာ ကွန်မန့်ရေးတဲ့သူတွေကိုကော ဝေဖန်ခြင်းမဟုတ်ပါဘူး။ ထပ်တွေးမိလို့ပေါ်လာတဲ့ အတွေးလေးတွေကို ပြန်ဝေမျှခြင်းမျှသာပါပဲ။
ကျတော်ပေးထားတဲ့ခေါင်းစဉ်လိုပါပဲ
အချိန်ကကုစားပေးခြင်းနဲ့ အချိန်ကတိုက်စားသွားခြင်းဟာ မတူပါဘူး။ ကျတော်စဉ်းစားမိသလောက် အချိန်ကကုစားပေးခြင်းဆိုတာဟာ အချိန်က ရည်ရွယ်ချက်ရှိရှိနဲ့ ရောဂါတစ်ခုခု (သို့) ခံစားချက်ကို ပျောက်ကင်းအောင်လုပ်ပေးလိုက်တာပါ။ လူအကုသခံလိုက်ရတာပါ။ ဆိုရရင် အချိန်ကသမားတော်၊ ပါဝင်တဲ့သူက လူနာပေါ့ 🙂
နောက်တစ်ခုက အချိန်ကတိုက်စားသွားတယ်ဆိုတဲ့ကိစ္စပါ။ ဒါကတော့ ဖြစ်စဉ်တစ်ခုကိုရည်ညွှန်းခြင်းလို့ သဘောသက်ရောက်လိမ့်မယ်ထင်ပါတယ်။ အချိန်ကာလတစ်ခုအကြာမှာ တစ်စုံတစ်ခုဟာ မှေးမှိန်ပျောက်ကွယ်သွားခြင်းကိုဆိုလိုတာပါ။
ကျတော်ကိုယ်တိုင်လည်း အဲဒိပို့စ် နဲ့ ကွန်မန့်တွေကိုမဖတ်ကြည့်မိခင်အထိ အဲဒါကိုမကွဲပြားခဲ့ပါဘူး။ အများပြော ပြောသလိုပဲ အချိန်ကကုစားပေးပါလိမ့်မယ်ဆိုတဲ့ စကားကိုပြောခဲ့တာပါပဲ။ စကားအရတင်စားပြောခြင်းဆိုတာကိုနားလည်ပါတယ်။ ဒါပေမယ့် ကြာလာတဲ့အခါမှာ အဲလိုတင်စားပြောခဲ့တာကိုပဲ တင်စားထားခြင်းအဖြစ်မေ့ပျောက်ပြီး အတည်မှတ်လာခဲ့တာတွေရှိပါတယ်။ အဲဒီလိုတွေးမိလို့လဲ ဒီပို့စ်ကို ရေးဖြစ်တာပါ။
…..
တွေးကြည့်ရင်တော့ အရှင်းကြီးပါ။
တကယ်တော့ပျော်ရွှင်စရာ၊ ဝမ်းနည်းစရာ၊ စိတ်ညစ်စရာ၊ ဝမ်းသာစရာစတဲ့ ခံစားချက်တွေကို အချိန်က ကုစားပေးနိုင်တာမဟုတ်ပါဘူး။ အချိန်ဆိုတာ ဖြစ်စဉ်တစ်ခုပါ။ ပျော်ရွှင်စရာ၊ ဝမ်းနည်းစရာ၊ စိတ်ညစ်စရာ၊ ဝမ်းသာစရာစတဲ့ ခံစားချက်တွေမှေးမှိန်သွားခြင်း၊ ပျောက်ကွယ်သွားခြင်း၊ ဆက်လက်တည်ရှိနေခြင်းဆိုတာ ဖြစ်ပေါ်ခံစားနေရတဲ့သူအပေါ်မှာပဲမူတည်တာပါ။ အားလုံးသိတဲ့အတိုင်းပါပဲ ကိုယ့်သက်တမ်းတလျှောက် လုပ်ဆောင်ခဲ့တဲ့အရာတွေ ၊ လုပ်ဆောင်မှုရဲ့ ရလဒ်ဖြစ်တဲ့ ကောင်းခြင်း၊ ဆိုးခြင်းတွေကို ပျာ်ရွှင်စရာ၊ ဝမ်းနည်းစရာ၊ စိတ်ညစ်စရာ၊ ဝမ်းသာစရာ စသဖြင့် ခံစားမှုအဖြစ်ကျတော်တို့ပြောင်းလဲခံစားကြပါတယ်။ အဲဒိခံစားချက်တွေ၊ ရလဒ်တွေဟာလဲ အတိမ်အနက်အလိုက် မှတ်ညဏ်တစ်ခုအနေဖြင့် ရှိနေကြပါတယ်။ မှတ်ညဏ်အတိမ်အနက်တွေဟာလဲ ခံယူတဲ့သူရဲ့ သတိပြုမှု၊ မပြုမှုအပေါ်မှာ အများကြီးမူတည်ပြီးတော့မှ မှတ်မိနေတာပါ။ အဲဒိအထဲမှာတစ်ချို့ မှတ်ညဏ်တွေကတော့ တမင်ကိုမှတ်မိနေအောင်လုပ်ယူထားရတာတွေလည်းပါဝင်ပါတယ်။ ဒါပေမယ့်အားလုံးသိကြတဲ့အတိုင်းပါပဲ ရှပ်ထွေးပွေလီလှတဲ့ လူ့လောကကြီးမှာ အဲဒိမှတ်ညဏ်တွေကလည်း အမြဲတိုင်းမတည်မြဲနိုင်ပါဘူး။ အသစ်ကြုံတွေ့လာရတဲ့ ရလဒ်တွေ ခံစားချက်တွေအရ၊ နောက်တစ်ခုက ခန္တာဗေဒအရ အရင်မှတ်ညဏ်အဟောင်းတွေဟာ ပျောက်တဲ့ဟာပျောက်၊ ပျယ်တဲ့အရာပျယ်၊ ပျက်တဲ့အရာပျက်သွားရပါတယ်။ နောက်တစ်ခုကတော့ အရင်ကျော်ဖြတ်ခဲ့ရဘူးတဲ့ အခက်အခဲကြီးတစ်ခုဟာ အခုအချိန်ပြန်တွေးကြည့်ရင် ရယ်စရာဖြစ်နေတက်ပါတယ်။ တစ်ကယ်လို့ ရယ်စရာတစ်ခုမဖြစ်ခဲ့ရင်တောင်မှ လက်ရှိတွေ့ကြုံနေရတဲ့ အခက်အခဲလေး တစ်ခုလောက်တောင်မှ သူ့ကိုနေရာမပေးနိုင်တော့ပါဘူး။ အဲဒိလိုပါပဲ အရင်ကအရမ်းပျာ်ရွှင်စရာကောင်းတယ်ဆိုတဲ့ခံစားချက်တွေကလဲ ပြန်တွေးကြည်ရင်ပြုံးစရာလောက်ပဲရှိနေတော့တာဟာ ပြီးခဲ့ပြီးတဲ့အရာတစ်ခုရဲ့ထုံးစံပါပဲ။ နောက်ထပ်အရေးကြီးတဲ့တစ်ချက်ကတော့ ဖြတ်သန်းလာခဲ့တဲ့ဘဝအတွေ့အကြုံတွေအရ ဒါဟာပျော်ရွှင်စရာ၊ ဒါဟာစိတ်ညစ်စရာရယ်လို့ မိမိရင်ဆိုင်ရတဲ့ရလဒ်အပေါ်မှာ သုံးသပ်တဲ့ စံနှုန်းပြောင်းလဲသွားလို့လဲဖြစ်ပါတယ်။ အရင်ကကိစ္စတစ်ခုကို ပြန်ခံစားခြင်းဆိုတဲ့ဖြစ်စဉ်ကို သေသေချာချာပြန်တွေးကြည့်ရင် ဦးနှောက်ကမှတ်ထားတဲ့ ဖြစ်စဉ် (သို့) ရလဒ်လေးတစ်ခုကို ပြန်တွေးပုံဖေါ်ပြီး မှ ပြန်ခံစားခြင်းပါ။
ဆိုတော့……. ခံစားချက်ဆိုတာ ရင်ဆိုင်ရတဲ့ရလဒ်အပေါ်မှာ သုံးသပ်တဲ့စံနှုန်းအပေါ်လိုက်ပြီးပြောင်းလဲတက်ပါတယ်။ အဲလိုပါပဲ အဲဒိခံစားချက်အတိမ်အနက်အပေါ်မူတည်ပြီး မှတ်သားတက်တဲ့မှတ်ညဏ်ကလဲ ခန္တာဗေဒ အရကော နောက်ထပ်တွေ့ကြုံရတဲ့အရာတွေအပေါ် အာရုံစိုက်ရတဲ့အတွက်ကော အချိန်နှင့်အမျှပြောင်းလဲတက်ပါတယ်။ အထူးသဖြင့်တော့ ပြီးခဲတဲ့ကိစ္စတွေ တစ်နည်းအားဖြင့် မှတ်ညဏ်အဟောင်းတွေဟာ အချိန်ကာလအလိုက်မှေးမှိန်ပျောက်ကွယ်သွားတက်ပါတယ်။ ဒါဟာ အချိန်ကကုစားပေးခြင်းမဟုတ်ပါဘူး။ မိမိဘာသာ ဖြစ်ပျက်သွားတဲ့ဖြစ်စဉ်တစ်ခုပါ။ အဲဒိလို်ပြောင်းလဲသွားဘို့ မိမိရဲ့ မှတ်သားထားတဲ့မှတ်ညဏ်အတိမ်အနက်အပေါ်မူတည်ပြီး အချိန်ကာလတစ်ခုအထိ ဆောင့်ဆိုင်းရတာပါပဲ။ ကျိန်းသေတဲ့အချက်တစ်ခုကတော့ အချိန်ကြာလာတာနဲ့အမျှ အရင်ကဖြစ်ခဲ့တဲ့ ခံစားချက်တွေဟာ နဂိုကလောက်မခံစားရတော့တာပါပဲ။ အဲလိုဖြစ်ဖို့ တစ်နှစ်ကြာရင်ကြာမယ်၊ ဆယ်နှစ်၊ အနှစ်သုံးဆယ်၊ အနှစ်…… စသဖြင့်အတိမ်အနက်အလိုက်၊ စံနှုန်းပြောင်းလဲမှုဖြစ်စဉ်အလိုက် အချိန်ကြာသွားမှာပါပဲ။ သေချာတာကတော့ အရင်ကဝမ်းသာလုံးဆို့ခဲ့တဲ့ကိစ္စက ရယ်စရာ၊ ပြုံးစရာလောက်ဖြစ် ၊ အရင်က ရက်လကြာအောင်မျက်ရည်ဖြိုင်ဖြိုင်ဖြစ်ခဲ့ရတဲ့ ကိစ္စတစ်ခုဟာ အခုအချိန်မှာ ပြန်တွေးကြည့်ရင် မျက်ရည်ဝဲစရာ၊ အံကြိတ်စရာလောက်သာ ဖြစ်တော့မှာကိုသတိထားမိမှာပါ။ နောက်ဆုံးအနေနဲ့တင်ပြရရင် အတည်မြဲခြင်းပါပဲ။ ဟိုးလွန်ခဲ့တဲ့အနှစ် ၂၅၀ဝ ကျော်လာက်ကတုန်းကတော့ အရှင်ဂေါတမက အစိုးမရခြင်း၊ မတည်မြဲခြင်းဆိုတာတွေ အတွက် စကားလုံးတစ်ခုဖော်ထုတ်ပြခဲ့ဖူးပါတယ်။ …..အဲဒါကတော့ “အနတ္တ”……ပါ ။
3 comments
nature
June 21, 2011 at 4:40 pm
(ကျိန်းသေတဲ့အချက်တစ်ခုကတော့ အချိန်ကြာလာတာနဲ့အမျှ အရင်ကဖြစ်ခဲ့တဲ့ ခံစားချက်တွေဟာ နဂိုကလောက်မခံစားရတော့တာပါပဲ)….
သေသေချာချာတွေးကြည့်ရင် evolution ပြောတာလည်းကောင်းပါတယ်။
pooch
June 21, 2011 at 4:47 pm
ဟုတ်ကဲ့ မှတ်ထားပါ့မယ်ရှင့် 🙂
evolution
June 22, 2011 at 3:43 am
ဟုတ်ကဲ့ပါခင်ဗျ 🙂