ဒုက္ခကိုယ်စီ…..
“ဝါ..အစော်ကားခံရတယ်။ အီး….ဟီးဟီး”
ကျွန်မတို့ သူငယ်ချင်းတစု ထိုင်နေရာ အတန်းထဲ ရောက်ရောက်ခြင်း ခုံမှာ ဝင်မထိုင်သေးဘူး မတ်တပ်ရပ်လျှက် ပါးစပ်က ဗလုံးဗထွေးပြော ငိုပါတော့တယ်။
“ဟဲ့…အစော်ကားခံရတယ်တဲ့“ ဆိုပြီး အားလုံးအထိတ်တလန့် သူငယ်ချင်းမ ဘေးဝိုင်းကုန်ပါတယ်။ ပထမအချိန်ကုန်လို့ နောက်ဆရာမဝင်ခင် ဆူညံနေချိန်မို့ တော်သေးတာပေါ့။
“ဘယ်သူလဲ၊ ဘယ်ကကောင်လဲ..ဟဲ့…ပြောစမ်းငါ့ကို” ထစ်ခနဲဆို စိတ်တိုတတ်တဲ့ မောင်မောင်က တမှောင့်။ ဖြစ်လာသမျှ အကြောင်းစုံ မသိရသေးဘူး။ ဒင်းက ဒေါသထွက်နေလို့ သူ့ဝိုင်းဆွဲနေရသေးတယ်။
တယောက်တပေါက် မေးတာများ ကျီးတွေ ဝိုင်းအာနေတာနဲ့တောင် တူသေး။
“ဟဲ့…ပြောလေ ဘယ်မှာဖြစ်တာတုန်း”။ ရှိုက်ကြီးတငင် ငိုနေတာမို့ ကိုယ်ကျိုးတော့နဲပါပြီ ဆိုပြီး အားလုံးမှာ မျက်နှာ အပျက်ပျက်။ အားလုံးထဲမှာ အကြီးဆုံး ဘာပြသာနာဖြစ်ဖြစ် ခေါင်းအေးအေးနဲ့ ဖြေရှင်းတတ်တဲ့ မမော်က ပါးစပ်မှာ လက်ညှိုးကပ်ပြီး မျက်မှောင်ကျုတ်ကာ ခေါင်းကို ခါယမ်းရင်း တိတ်တိတ်နေဖို့ အချက်ပြလို့ စိတ်လှုပ်ရှားနေတဲ့ တဖွဲ့လုံး မီးကို ရေလောင်းလိုက်သလို ငြိမ်သက် သွားပါတယ်။
“ကဲ…ဝါဝါ တိတ်တော့ တိတ်တော့။ ညဉ်း ဘာဖြစ်ခဲ့လဲ။ အကြောင်းစုံကို သေချာ ပြောပြ။ ဒါမှ ဘာလုပ်သင့်လဲ စဉ်းစား ဆုံးဖြတ်ရမယ်။” ငိုတာလည်း အတော်ကြာပြီမို့ မောလည်းမောလို့ ဖြစ်မယ် မျက်ရည်သုတ်ရင်း ခေါင်းမော့လာပါတယ်။ အားလုံးကလည်း သိချင်စိတ်တွေ ပြင်းပြလို့ မျက်လုံးတွေများ အရောင်လက်လို့။ ကျွန်မတို့ ကျောင်းတက်ရတာက လှိုင်တက္ကသိုလ်။ အိမ်ကနေ ကျောင်းကို ကိုယ်ပိုင်ကားနဲ့ လာသူရှိသလို လိုင်းကားနဲ့ လာသူလည်း မနည်းပါဘူး။ ကျွန်မတို့ အဖွဲ့က စုစုပေါင်း ၁ဝယောက်။ ကျားလေး မ ခြောက်ယောက်ပါ။ စိတ်တူ ကိုယ်တူ အလွန်အတွဲညီတာမို့ ကျောင်းမှာ ဘယ်သွားသွား တတွဲတွဲပါ။ ကျွန်မတို့ အထဲမှာ ချမ်းသာသူရှိသလို အလယ်အလတ်တန်းစားလည်း ပါတာမို့ ကိုယ်ပိုင်ကားနဲ့ လာသူရှိသလို လိုင်းကားစီးသူလည်း ပါပါတယ်။ တချို့ကတော့ ကျောင်းကို တိုက်ရိုက်ရောက်တဲ့ကား စီးလို့ရပေမဲ့ အချို့ကတော့ နှစ်ဆင့်စီးမှ ရောက်တယ်။ ကျွန်မကတော့ ( ၅၁) ကားစီး ကျောင်းရောက်ရော။ ဒါတောင် နှစ်မျိုးရှိတာ။ ကျောင်းထဲ မဝင်တာနဲ့၊ ဝင်တာလေ။ မဝင်တဲ့ကား စီးလို့ကတော့ အေဒီမှာ ဆင်းရင်ဆင်း ဒါမှမဟုတ် ကျောင်းကွေ့မှာဆင်း ပြီး ကျောင်းထဲ လမ်းပြန်လျှောက်ရော့ပဲ။ အင်းစိန်ဘက်က လူတွေများဆို လှည်းတန်းအထိစီး ပြီးမှ မင်္ဂလာဒုံဘက်သွားတဲ့ကား ပြန်စီးရတာ။ ကျောင်းဆင်းချိန်ဆို ကျောင်းသူ၊ ကျောင်းသားတွေများ ကျောင်းရှေ့ ဂငယ်ကွေ့မှာ အန်ချထားသလို အပုံလိုက် အပုံလိုက်။ တချို့ဆို တိုးမတက်နိုင်လို့ ကျောင်းကွေ့မှတ်တိုင်ထိ လမ်းလျှောက်ပြီးမှ စီးကြရတာ။ နေရာတွေက တကွဲတပြားမို့ ကျောင်းမှာ ဘယ်လောက်တွဲတွဲ အိမ်အပြန်တော့ လမ်းခွဲ ကိုယ့်လမ်းကိုယ်ပြန်ရတာလေ။ တခါတရံ ကိစ္စရှိလို့ လမ်းကြုံရင်တော့ ကားပါတဲ့ သူငယ်ချင်းက အိမ်ထိ လိုက်ပို့ပေးတတ်ပါတယ်။ နေတာက တောင်မြောက်မို့ အမြဲတော့လည်း ဘယ်ကြုံမလဲ။ ကိုယ့်ခြေထောက်ကိုယ်ကိုး တိုးတက်တဲ့ ခေတ်နဲ့အညီ တိုးတက်ပြီ ပြန်ရတာပေါ့။ ဘယ်လောက်ကျပ်ကျပ် အော်…ခဏပဲလေ သည်းခံသည်းခံ အိမ်ရောက်ဖို့ အဓိကလို့ နှလုံးသွင်း အားတင်းရတာပဲ။ အိမ်အပြန်လမ်းမို့ လူတွေကလည်း ဘယ်လာ မွှေးကြိုင်ပါတော့မလဲ။ တနေ့လုံး အားကုန်ရုန်းခဲ့ပြီမို့ ချွေးနံ တလှိုင်လှိုင်ပေါ့။ အနံပြင်းသူများနဲ့ ကြုံပြီဆို အသက်အောင့်ကာ နေရာ့ပဲ။ ဒီလို အနံတွေက အသာအသက်အောင့်လို့ ရကောင်းပေမဲ့ အသက်အောင့်ရုံနဲ့ ပျောက်မသွားတဲ့ ဒုက္ခက ရှိသေး။ အတော်ကသိကအောက် နိုင်ရတာကိုး။ မလူးသာမလွန့်သာ အခြေအနေများဆို ဒုက္ခက ကြီးမှကြီး။ တကယ့် နှမခြင်းမစာ မတော်တရော်တွေ။ ဘက်စ်ကား စီးတာများ တိုးတက် အပေါ်ရောက် ကားက သယ်သွား လိုရာရောက်ဆင်း လွယ်ပါ့လို့ ထင်ရင်မှားမယ်။ ဘယ်ဟုတ်လိမ့်မတုန်း။ ကားကကျပ်တာ တမျိုး၊ အန္တာရာယ်ကြည့်ရှောင်ရတာတဖုံ။ ကားပေါ်တိုးတက်။ အဲ…ကားပေါ်ရောက်တော့ ဘယ်နားကပ် ရပ်ရမလဲ အခြေအနေ စူးစမ်းရသေးတာပါ့။ မိန်းမအဖော်တွေများ ရှိတာဆိုပြေးကပ်။ အနားမှာ ယောက်ကျားလေး ရှိရင် မျက်နှာကို သေချာ အကဲခတ် အင်း…အန္တရာယ်ရှိပုံ မပေါ်တာ သေချာသလောက် ဒါဆို ကပ်ရပ်လို့ရပြီ။ ဒီလို သေချာစီစစ်တာတောင် တခါတလေ အထင်နဲ့အမြင် တလွဲစီ ဖြစ်သေးတာ။ အင်း…ဟိုကောင်လေးက အရွယ်တူလောက် သိပ်မဟန်ဘူး တော်ကြာ အသားယူနေဦးမယ်။ ရှေ့က အန်ကယ်ကြီးက ဥပတိရုပ်ကောင်းတယ် သူ့နားဆို စိတ်ချရလောက်မယ်ထင် ကပ်ရပ်။ ဘယ့်နှယ့် သူကပိုဆိုး။ ကိုယ်မထင်သူက ညီမလေး ဒီထောင့်မှာ လာရပ် ဆိုပြီး ကိုယ့်အခက်အခဲ ကူညီသေး။ မိန်းခလေးတွေ ဘတ်စ်ကား စီးရတဲ့ ဒုက္ခတွေပေါ့။ အခုလည်း သူငယ်ချင်းမ အဖြစ်က ငိုအားထက် ရီအားသန် ဖြစ်ခဲ့ရတယ်။
ဖြစ်ပုံက ဒီလို။ သူက အင်းစိန်မှာ နေသူ။ ဒီနေ့မနက် အစောမှာ လက်တွေ့ချိန်ရှိလို့ ကျောင်းကို အစောလာရတယ်။ သူက အအိပ်မက်သူမို့ တခါမှ ပထမအတန်းချိန်တွေ မမှီပါဘူး။ ဒီနေ့က မလာမဖြစ်မို့ ပြီးတော့လည်း ကားက နှစ်ဆင့်မို့ အိမ်က အတော်စောစော ထွက်လာရပုံပဲ။ သူ့အိမ်ကနေ လှည်းတန်းကိုစီး ပြီးတော့မှ ကျောင်းထိ နောက်တဆင့်ပြန်စီးပေါ့။ အိမ်က ထွက်လာ ကားပေါ် ရောက် ကားကလည်း ဟိုင်းလတ်မို့ ဘေးတန်းမှာ ထိုင်စရာရတယ်။ နဂိုကတည်းက အအိပ်မက်သူမို့ ကားအလယ်တန်းကိုကိုင်ပြီး ကား ထောင့်မှာ တလမ်းလုံး ငိုက်လာတယ်တဲ့။ ပေါင်ပေါ်မှာလည်း စာအုပ်တွေ ထည့်ထားတဲ့အိတ်ကို တင်ထားတယ်။ ကျွန်မတို့ ကျောင်းတက်စဉ်က အခုခေတ် ယောက်ကျားလေးတွေ လွယ်တဲ့ ဘေးလွယ်အိတ်မျိုးတွေ လွယ်တာ ခေတ်စားခါစ။ အခုလို စလင်းဘတ်တို့ ကျောပိုးအိတ်တို့ ခေတ်မစားသေးပါဘူး။ အိတ်က အတော်ကြီးလို့ ပေါင်ပေါ်တင်ကာ ရင်ဘတ်မှာ မှီထားရတယ်။ သူကလည်း တလမ်းလုံး ငိုက်နေတာမို့ ဘေးမှာ ဘယ်သူထိုင်မှန်း မသိဘူး ဖြစ်ပုံက။ ဆင်ရေတွင်းမှတ်တိုင် ရောက်တော့ ဆင်းရဖို့ နီးပြီလို့ မသိစိတ်က သတိပေးတာနဲ့ သတိလည်း ဝင်လာရော လား ..လား…ဘေးက သကောင့်သား လက်က သူ့ပေါင်ပေါ်ရောက်နေတယ်တဲ့။ ရှေ့က အိတ်နဲ့ ရင်ဘတ်ကြားမှာ ထည့်ထားတယ်တဲ့လေ။ အိတ်က စာအုပ်တွေ တိုလီမိုလီတွေ အလေးချိန်ကြောင့်ရယ် ငိုက်နေတာရယ်ကြောင့် မသိလိုက်ဘူးတဲ့။ သိသိချင်း ဒေါသအမျက် ချောင်းချောင်းထွက်ပေါ့။ တဖွဲ့လုံးမှာ အငယ်ဆုံး၊ စိတ်အထက်ဆုံး၊ မဟုတ်မခံချင်စိတ် အပြည့်ရှိသူမို့ ပွဲကြီးပွဲကောင်းပေါ့။ တခါတည်း ဆံပင်ကိုဆွဲ ပါးကို ဂျပန်ရိုက်ရိုက် တော့တာပဲတဲ့။ ပါးစပ်ကလည်း “ဟဲ့ ..အကောင် ယုတ်မာလှချည်လားဟဲ့” လို့ ပြောလည်းပြော ရိုက်လည်းရိုက်ပြစ် ပါတယ်တဲ့လေ။ အံမယ်..သကောင့်သားက သူဘာမှ မသိသလိုနဲ့ ကြောင်တောင်တောင် လုပ်နေသေးတယ်ဆိုပဲ။ လှည်းတန်းလည်း ရောက်ရော ဒေါသတကြီး ကားပေါ်ကဆင်းရင်း စိတ်ထဲ အခဲမကြေတာနဲ့ အလယ်က ထိုင်ခုံယူပြီး လှမ်းပေါက်သေးတယ်တဲ့။ အာဂ…သူငယ်ချင်းမပါ။ စပါယ်ယာရော တခြားခရီးသည်တွေကပါ “သမီးလည်း စိတ်တိုင်းကျ ရိုက်ပြီးပြီပဲ ကျေနပ်ပါတော့” လို့ ဝိုင်းတောင်းပန် ယူရတယ်တဲ့လေ။ ကားလည်း ကားဂိတ်က ထွက်သွားမှ သတိရလို့ ဘေးပတ်ဝန်းကျင် ကြည့်လိုက်တော့ လူတွေဝိုင်းကြည့်နေတာ မြင်မှ ရှက်လွန်းလို့ အငွေ့ဖြစ်ပြီး ပျောက်သွားချင်တယ်တဲ့။ ရှက်ရှက်နဲ့ ကားငှါးပြီ ကျောင်းရောက်လာတာပါပဲ။ သူ့စကား ဆုံးမှ ဪ..ဂလိုကိုး ဆိုပြီး သက်ပျင်း ချကြရတယ်။
“အမလေးဟဲ့…အစော်ကားခံရတယ် ဆိုလို့ ငါ့နှယ်နော် တလွဲတွေးမိတော့မလို့။ ” တချိန်လုံး ငြိမ်ပြီး နားထောင်နေတဲ့ မိုးက ဝင်ပြောမှ အားလုံးရီနိုင်တော့တယ်။
ဒါနဲ့ပဲ တယောက်တပေါက် ပြောစရာ ခေါင်းစဉ်ရသွားပြီး သူ့အတွေ့အကြုံ ၊ကိုယ့်အတွေ့အကြုံ ဖလှယ်စရာ ဖြစ်သွားပါရော။ အမြဲ ဘတ်စ်ကားစီးရတဲ့ မိန်းခလေးတိုင်း တကွေ့မဟုတ် တကွေ့ အဲဒီဒုက္ခ အနည်းအများ ကြုံဖူးကြတာမို့ တယောက်တမျိုး စုံနေတာပါ။ ကားစီးရင်းနဲ့ပဲ ဘယ်လို ကာကွယ်ရမယ်ဆိုတာပါ တတ်လာပါတယ်။ ကျွန်မတို့ မိန်းမတွေပဲ ဒီဒုက္ခခံရသလားဆိုတော့ မဟုတ်ပါဘူး။ ယောက်ကျားလေးတွေ ခမျှာလည်း ရှိနေပါတယ်။
ကျွန်မတို့ မိန်းမ ခြောက်ယောက် လက်ပံပင် ဆတ်ရက်ကျ ၊ ရေပက်မဝင်အောင် သူကြုံတာ ငါကြုံတာ ပြောနေတာတွေကို ငြိမ်ပြီး နားထောင်နေတဲ့ ဘော်ကြယ်က ရုတ်တရက် ဝင်ပြောပါတယ်။ ဘော်ကြယ်က နာမည်အရင်းမဟုတ်ပါဘူး။ ဘယ်ကျော်မို့ ဘော်ကြယ်လို့ ခေါ်ရင်းက တွင်သွားတာပါ။ သူက စကားသိပ်မပြောဘူး။ ပြောရင်လည်း တခွန်းဆို တခွန်းထိအောင် ပြောတတ်သူပါ။
“အေး..နင်တို့ကလည်း နင်တို့ဘက်ကကြည့်ပြောတာ။ ငါတို့လည်း ငါတို့ ဒုက္ခနဲ့ ငါတို့။ ငါတို့လည်း ဘတ်စ်ကား စီးရတာ လွယ်တာမှတ်လို့။” လို့ ဆိုလာလို့ “အောင်မလေးဟဲ့ နင်တို့ ယောက်ကျားလေးတွေ မှာများ ဘာ ဒုက္ခရှိမှာလဲ ငါးဖယ်က ပြောင်းပြန်” လို့ ခုနကမှ လောလောလတ်လတ် ကြုံခဲ့သူ ဝါဝါက ဒေါသတကြီး ဖြတ်ပြောပါတယ်။ ဝါဝါကို တချက် လှမ်းကြည့်ပြီး ခပ်အေးအေးပဲ သူ့စကားကို ဆက်ပါတယ်။ “ဒီလိုဟ… ငါတို့လည်း ကားပေါ်ရောက်တော့ ရပ်ရမဲ့နေရာ ရွေးရတာပဲ။ မတော် အထင်မှားမှာ စိုးရသေး။ တခါတလေများဆို ရှေ့ကလည်း မိန်းခလေး နောက်ကလည်း မိန်းခလေး ဘယ်ဘက်မှ မရှောင်သာဘူး။ တမျိုးထင်မှာ စိုးလို့ ကျန်တဲ့လက် တဖက် ဘယ်ထားရမှန်း မသိဘူး။ ကိုယ့်ရှေ့မှာလည်း လွယ်လာတဲ့ အိတ်နဲ့ ကာရသေးတယ်။ လူတိုးလို့ အိတ်ဘေးရောက်သွားလို့ ရှေ့ပြန်ဆွဲရ၊ အထင်မှားမှာစိုးလို့ လက်ကို ဂရုစိုက်ရ ၊ ကိုယ့်ပစ္စည်းနဲ့ကိုယ် မတော်ထိမိလို့ ပြသာနာ ဖြစ်မှာကြောက်လို့ ခါးကို ကိုင်းထားရသေး။ ဒါတောင် သံသယ မျက်လုံးနဲ့ လှည့်ကြည့်နေလို့ ဘယ်အချိန် အထင်မှားပြီး ချိပ်စာ၊ ဒေါက်ဖိနပ်စာ မိမလဲ။ မဟုတ်ပဲ အထင်မှား အရှက်ကွဲရမလဲ တွေးချွေးပြန် ရသေးတယ်ဟ၊ ဘယ်မှာ လွယ်မှာတုန်း”တဲ့ သူပြောပြမှ ကျွန်မတို့လည်း ကိုယ်ဒုက္ခပဲ ကိုယ်မြင်နေတာ သတိထားမိတယ်။
ကိုယ်က မိန်းခလေးမို့ နစ်နာစရာရှိ ကိုယ်ပဲ နစ်နာမယ်ပဲ ကိုယ့်ဘက် ကိုယ်ယက်ပြီး တွေးတာကိုး။ တဘက်က ရိုးသားတဲ့သူတွေရဲ့ ဒုက္ခကို မတွေးမိတာ အမှန်ပဲ။ ခဲမှန်ဖူးတဲ့ စာသူငယ်လို မဲမဲမြင်တိုင်း ကြောက်ရတဲ့ အဖြစ်မို့ ကြောက်ကန် ကန်ရင်း အခုလိုရိုးသားတဲ့သူတွေ ဘယ်နှစ်ယောက်များ အချောင်အထင်မှားခံရပြီလဲ မသိ။
ဘော်ကြယ်ပြောပြတဲ့ ယောက်ကျားလေးတွေ ဒုက္ခကို သိပြီးတဲ့ နောက်ပိုင်း ကျွန်မတို့ သူငယ်ချင်းမ တစု အရင်လို မဲမဲမြင်တိုင်း၊ အနားကပ်လာတိုင်း ရန်သူ မထင်တော့ပါဘူး။ အဲ….ဒါပေမဲ့ ရန်သူ သေချာရင်တော့ လာထား ချိပ်ကြိုက်လား၊ ဒေါက်အချွန်ကြိုက်လား ဒါမှမဟုတ် အမြဲပါတဲ့ ခေါက်ထီး ကြိုက်လားပေါ့ ရှင်။
8 comments
ဆူး
June 23, 2011 at 4:39 pm
ဒေါက် အမြင့်ကတော့ လူမမြင်တဲ့ အသံတိတ် လက်နက်ပါပဲ။
ဆူးလည်း ကျောင်းတက်တုန်းက ဒေါက် ဖိနပ် စီးတယ်။ အရေးကြုံလို့ကတော့ ဒေါက်နဲ့ တက်ကြိတ်လိုက်တာ တချက်တည်း တွန့်သွားတာပဲ။ တကယ် ထိရောက်တယ်။
ချိတ်တို့ ဘာတို့က ထုတ်ရတာနဲ့ လက်လှုပ်တာနဲ့ သတိထားမိစေတယ် ထင်တာပဲ။
etone
June 24, 2011 at 2:05 am
ဒီလိုကောင်မျိုးကို အဲ့ဒီလိုလေး တုံ ့ပြန်ပေးမှ ကောင်းတယ်… ။
ငြိမ်နေရင် တနေ့ထဲမှာပဲ နောက်တယောက်စော်ကားခံနေရဦးမယ်… ။ သူ့အပြစ်နဲ့ သူ ခံရတာပဲလေ … မမှီသူငယ်ချင်းအရမ်းတော်တယ်..။
weiwei
June 24, 2011 at 3:03 am
ဆူးတို့လိုတော့ မစွာရဲဘူး … အရင်တုန်းက သန်လျင်ကနေ လှည်းတန်းကို လိုင်းကားနဲ့အသွားအပြန် နေ့တိုင်း လုပ်ခဲ့ဖူးတယ် … အရမ်းစိတ်ပျက်ဖို့ကောင်းတာပဲ … ထိုင်ခုံရဖို့ တော်တော်စောင့်ပြီးစီးထားပြီးမှ ဘေးမှာထိုင်တဲ့လူ လက်သရမ်းလာရင် ဘာလုပ်ရမှန်းမသိဖြစ်ပြီး စိတ်တိုမိတယ် … စိတ်တိုတဲ့နည်းကလဲ ရောက်တဲ့မှတ်တိုင်မှာထဆင်းပစ်လိုက်တာလေ … ကိုယ့်ဒေါသနဲ့ကိုယ် နောက်ကားကျပ်ကျပ်တစ်စီးမှာ မတ်တပ်ရပ်စီးရပြီး တစ်နေကုန် ဒေါသထွက်နေရော …
bigcat
June 24, 2011 at 3:17 am
မိန်းမတွေ မျက်ရည်ကျတိုင်း မယုံနဲ့လို့ အဲဒါကြောင့် ပြောကြတာနေမှာ…. 😛
နွယ်ပင်
June 24, 2011 at 3:27 am
ဟုတ်တယ် မမှီရေ တကယ့်ကို ဒုက္ခကိုယ်စီ နဲ့ပါပဲ . အဲလိုလူမျိုးတွေက ကားကြပ်တဲ့ အချိန်ကိုမှ ရွေးစောင့်နေတက်ကြတာလေ . နွယ်ပင်ကတော့ အဲလိုလူမျိးဆိုသိပ်မုန်းပဲ ဖိနပ်နဲ့လဲ စောင့်နင်းဖူးပါရဲ့ ကိုယ်က ဒေါက်ဖိနပ်မစီးတော့ သိပ်တော့ မထိရောက်ပင်မဲ့ ကိုယ့်ခြေဖနောင့်နာအောင်အထိတော့ စောင့်နင်းပြစ်လိုက်တာပဲ ….
fatty
June 24, 2011 at 5:02 am
အဲဒီကိစ္စတွေက နိုင်တီးဂွိုင်တီးကထဲကဘဲ အခုထိမပြီးကြသေးဘူးလား ..။
manawphyulay
June 24, 2011 at 5:30 am
ဒါကတော့ ဘယ်ချိန်ကပဲဖြစ်ဖြစ် ဒီလိုလူတွေက ဖောင်းပွမှုဖြစ်နေတာကို လေးဖက်ရဲ့။ ဘယ်တော့မှပြီးမယ်ဆိုတာ ရှိပါ့မလား။
antimoe
June 24, 2011 at 1:28 pm
ဂျပန်မှာက…..
ဒီမှာလို…နောက်ကနေ…ထောက်လှမ်းရေးလုပ်တာမျိုး
ဟိုထိ..ဒီတို့…လုပ်တာမျိုးမဟုတ်ပါ။
စကပ်အောက်ကနေ…လက်နှိုက်တာမျိုးပါ။
တက္ကသိုလ်က အသိဆရာတစ်ယောက် ချီကန်း(ထောက်လှမ်းရေး)နဲ့ အလုပ်ပြုတ်သွားပါတယ်။
နာဂါစာကီကရထားပေါ်မှာ အစွပ်စွဲခံရတာပါ။
မမှန်မကန်…ပိုက်ဆံရလိုမှုနဲ့ ….လုပ်တာတွေရှိလို့…
အခုဆိုရင်….ချက်ချင်း….DNAစစ်တာမျိုးတောင်..ရှိလာရပါတယ်။
ဂျပန်အမျိုးသားတွေဟာ….ညနက်..လမ်းပေါ်မှာ မိန်းခလေးတစ်ထဲ..
မျက်နှာချင်းဆိုင်က..လာတာတွေ့ရင်
လာရာလမ်းကို..ပြန်လှည့်သွားပါတယ်။
ပြဿနာကိုကြိုတင်ရှောင်တဲ့…သဘောပါ။
မှီ့ သူငယ်ချင်းလိုလေ။