တစ်ခါတုန်းက တက္ကသိုလ်ဆီ (YTU)
ဦးဖက်ကလဲ လွမ်း၊ ကိုပေါက်ကလဲ လွမ်းတော့ ကျွန်မလဲ လွမ်းချင်စိတ်ပေါက်လာပါတယ်။ ကျွန်မရဲ့ အမိတက္ကသိုလ်ဖြစ်တဲ့ ရန်ကုန်စက်မှုတက္ကသိုလ်ကို တစ်ခါပြန်လို့ လွမ်းမောမိပါတယ်။ ကျွန်မက သူများတွေထက် နဲနဲပိုလွမ်းသင့်တယ်လို့ထင်ပါတယ်။ ပုံမှန်ကျောင်းသားတွေ ၆ တန်းပဲ တက်ခဲ့တဲ့ကျောင်းကို ကျွန်မက ၈ တန်းအထိ တက်ရောက်ဖြစ်ခဲ့ပါတယ်။
တက္ကသိုလ်ဘဝနှစ်မျိုးနဲ့ ကျင်လည်ခဲ့တဲ့ ကျောင်းတော်ကြီးမှာ အမှတ်ရစရာတွေ အများကြီးရှိခဲ့ပါတယ်။ တစ်တန်းကို လူပေါင်း ခုနှစ်ရာကျော်နဲ့ အတန်း ၆ တန်းဆိုတော့ ကျောင်းသားပေါင်း ၄၀၀ဝ ကျော်နဲ့ အဆောင်တွေနဲ့ စည်ကားခဲ့တဲ့ကျောင်းတော်ကြီးမှာ နောက်ဆုံးမျိုးဆက်တစ်ခုအနေနဲ့ ၁၉၉၈ အထိ ဘီးအီးဘွဲ့အတွက် တက်ရောက်သင်ကြားခဲ့တဲ့ ၅ နှစ်တာ အချိန်တွေက တက်ကြွလန်းဆန်းမှုနဲ့ ငယ်ရွယ်နုပျိုမှုကို ပြန်လည်အမှတ်ရစေခဲ့ပါတယ်။
ဒါပေမယ့် ကျွန်မအခုအချိန်မှာ စိတ်နာမိတာတစ်ခုကတော့ ယောက်ျားလေး ၄၀၀ဝ လောက်မှာမှာ မိန်းကလေးက ၄၀ဝ လောက်ပဲ ရှိတဲ့ ကျောင်းမှာ ကျွန်မ ရည်းစားလေးတစ်ယောက်တောင် မရခဲ့တာကို အခုစဉ်းစားမိတော့ တော်တော်စိတ်နာမိတယ်။ နောင်တရသလိုလိုတောင် ခံစားမိသွားတယ် … 😛
ကျွန်မတို့ မိန်းကလေးတွေက သိပ်မာနကြီးတာပေါ့။ တော်ရုံနဲ့တော့ ဘယ်သူမှ လွယ်လွယ်လက်မခံကြဘူး။ ဒါပေမယ့် နှစ်ကြာလာရင် ပျော့လာကြတယ်။ သနပ်ခါးသွေးတဲ့ပုံပြင်လိုပေါ့ … စာတွေအရမ်းများပြီးခက်လာတော့ မိန်းကလေးတွေအတွက် အခက်အခဲရှိလာပါတယ်။ အဲဒီအချိန်မှာ ဇွဲကောင်းပြီး စာတော်တဲ့ကျောင်းသားတွေအတွက် မဟာအခွင့်အရေးကြီးပါပဲ။ အဲဒီလိုနဲ့ပဲ မိန်းကလေး ၇၀%လောက် အတန်းတူကျောင်းသားတွေနဲ့ ချစ်သူတွေဖြစ်သွားကြပြီး တတွဲတွဲနဲ့ စာအတူလုပ်ကြတော့တယ်။
ကျွန်မက စာလည်းမကြိုးစားဘူး။ အမှတ်များများလဲ မလိုချင်ဘူး။ သူများရှင်းပြတာလဲ မခံချင်တဲ့မာနကရှိတော့ ကျွန်မနားကိုကပ်လို့မရဘူး။ သူတို့ကလဲ လည်ပါတယ်။ စပျစ်သီး ချဉ်တယ်ပေါ့။ ကျွန်မလိုပုံစံကို ကြည့်လို့မရဘူးတဲ့။ ကျွန်မကလဲ အေးအေးဆေးဆေးပါပဲ။ ကိုယ့်စိတ်နဲ့ကိုယ် ထင်တိုင်းကြဲရတာကို အလွန်နှစ်သက်ခဲ့ပါတယ်။ ဘယ်ယောက်ျားလေးကိုမှ ယောက်ျားလေးလို့ကို မထင်ခဲ့ဘူး 😛
နောက်တစ်ကြိမ် ကျောင်းပြန်တက်တော့ ကျောင်းကြီးက ခြောက်ကပ်နေပါပြီ။ သိပ္ပံနဲ့နည်းပညာက ဆရာ ဆရာမတွေ မာစတာနဲ့ ဒေါက်တာဘွဲ့တက်နေသူအနဲငယ်သာရှိတဲ့အချိန်ပေါ့။ ကျွန်မတို့အတန်းမှာ ကျောင်းသားကျောင်းသူပေါင်းမှ ၁၈ ယောက်ပဲ ရှိတယ်။ အရင်တုန်းက ခုံလုထိုင်ခဲ့ရတဲ့စာသင်ခန်းက အသက်မဲ့နေသလိုဖြစ်နေခဲ့တယ်။ ကင်တင်းကို စာသင်ခန်းလုပ်ခဲ့ကြပြီး ကျောင်းစာအပြင် ဘဝအတွေ့အကြုံတွေပါ ဖလှယ်ခဲ့ကြတယ်။ နွေးအေးမှာ အထိုင်နဲပြီး မေတ္တာပေါင်းကူးမှာပဲ လက်ဖက်ရည်သောက်ရင်း အချိန်တွေကုန်ခဲ့ကြတယ်။ အရင်ကကျောင်းတော်ကြီးကို ပြန်လွမ်းလိုက်၊ ရှေ့အနာဂတ်အတွက် ဆွေးနွေးလိုက်နဲ့ လက်တွေ့ကျတဲ့ ကျောင်းသားဘဝနဲ့ အမိတက္ကသိုလ်မှာ ၂ နှစ်ဆက်ပြီး လေ့လာဆည်းပူးခဲ့ရပါသေးတယ်။
အခုတော့ မရောက်ဖြစ်တာကြာတဲ့ ကျောင်းထဲကို တစ်ခါလောက်ပြန်သွားချင်ပါသေးတယ်။ ဆရာ ဆရာမတွေကိုပဲ ပြန်တွေ့ချင်ပါသေးတယ်။ သင်ခဲ့တဲ့စာတွေနဲ့ တကယ့်လက်တွေ့အလုပ်နဲ့ မသက်ဆိုင်ပေမယ့် စဉ်းစားတွက်ချက်ခဲ့ရတဲ့ ဉာဏ်စမ်းပုစ္ဆာတွေကျေးဇူးကြောင့် ဘာအလုပ်ပဲဖြစ်ဖြစ် အခက်အခဲမရှိဖြစ်နေခဲ့တာတော့ အမှန်ပါပဲ။ ကိုယ့်ကိုကိုယ် ယုံကြည်မှုတစ်ခုကို တည်ထောင်ပေးခဲ့တဲ့ နေရာတစ်ခုဖြစ်တဲ့ အမိတက္ကသိုလ်ကြီးကို ကျွန်မရင်ထဲမှာ မှတ်တိုင်တစ်ခုလို အမြဲသတိရအောက်မေ့ ကျေးဇူးတင်လျက်ရှိပါကြောင်း ဒီပို့စ်နဲ့ မှတ်တမ်းတင်လိုက်ပါတယ် …
18 comments
weiwei
June 26, 2011 at 3:50 pm
ကိုပေါက်စကားကို ခဏငှားပြီးပြောရရင်တော့ ခပ်ပါးပါးလေးပဲ လွမ်းလိုက်ပါတယ် …
ခပ်ထူထူလွမ်းလိုက်ရင် အခန်းဆက်ဝတ္ထုရှည်ဖြစ်သွားမှာစိုးလို့ …. 😛
ကိုပေါက်(မန္တလေး)
June 26, 2011 at 4:24 pm
တကယ်လို့များ
မဝေသာ ငယ်ငယ်က မာနမကြီးဘဲနေခဲ့ရင်
ကျောင်းနေဘက်တွေနဲ့ချစ်သူဖြစ် အိမ်ထောင်တွေကျ
အလုပ်တွေရှုပ်တဲ့အိမ်ရှင်မကြီးဖြစ်။
အဲဒီလုများဆိုရင် ……………………
အခုလိုရွာထဲမှာလာလယ်နိုင်တဲ့ ရွာသူတစ်ယောက်ဖြစ်ချင်မှဖြစ်လာမှာနော်။
ရွာသူ ရွာသား တွေအခုလို မိတ်ဆွေဖြစ်ကြတာ ရှေးဘဝက ရေစက်တွေကြောင့်လို့တွေးမိရင်
အတော်ကို ကြည်နူးမိပါတယ်…………….
အခုတလော ပျောက်နေတဲ့ ဇဝနစကားငှားသုံးရမယ်ဆိုရင်
လေထဲက မိတ်ဆွေတွေပေါ့ မဝေရေ……………………..
စိတ်ကူးဆက်ယဉ်ကြည့်လိုက်တာပါနော်…………………………..
weiwei
June 26, 2011 at 4:46 pm
ကျွန်မက ကျောင်းသူဘဝ တော်တော်များများကြုံဖူးတယ် .. သင်တန်းတွေလဲ အများကြီး တက်ဖူးတယ် … အပေါင်းအသင်းတော်တော်များများရှိခဲ့ဖူးတယ် …
အခု လေထဲက မိတ်ဆွေတွေကတော့ တကယ့်ကို ရှေးရေစက်ပဲ ဖြစ်လိမ့်မယ် … အားလုံးကို ခင်ပါတယ် …
forever
June 26, 2011 at 4:33 pm
အဝေးကနေ လွမ်းနေရတာ ပိုကောင်းမှာပါ
R I T ထဲကို အခုနေ ရောက်ခဲ.မယ်ဆိုရင်
စိတ်မကောင်းလွန်းလို. မျက်ရည်တောင် ကျသွားလောက်ပါတယ်
ဟိုတုန်းကတက္ကသိုလ် ဟာ ပုံပြင်တပုဒ် လိုဘဲ ဖြစ်သွားပြီ မဝေဝေရေ…
nature
June 26, 2011 at 5:19 pm
RIT ကျောင်းသူတွေဆိုတော့ T တကားကားနဲ့ အနားမကပ်ရဲလို့နေမှာပေါ့။ လက်ရာမြောက်တဲ့ cartoonbox လေးကိုလည်းသတိရတယ်။
shwe ni
June 26, 2011 at 5:45 pm
ဝေဝေရဲ့ကျောင်းလွမ်းတဲ့ ပိုစ်ကိုဖတ်ပြီး ကျောင်းတက်တုန်းက ကျောင်းသားတွေ ဆိုတဲ့သီချင်းကို သတိရမိတယ် . မူရင်းဘယ်သူဆိုလဲမသိပေမဲ့ သူတို့ဆိုတာကိုမှတ်မိနေတာ
” ၅ဝ ကားကိုစီးကာရယ် ကျောင်းကိုသူလာတယ် အတန်းပြီးချိန်ဝယ် ၄၅ နဲ့သူပြန်တယ် “ဆိုတဲ့သီချင်း
MaMa
June 27, 2011 at 12:59 am
ဝေဝေရေ- လွမ်းလက်စနဲ့ ဗရုတ်သုတ်ခ ဂျီဟောသူ ဘဝလေးပါ လွမ်းပြပေးပါလား။ တစ်ပတ်တစ်ခါ သောကြာနေ့တိုင်း အသစ်လဲတဲ့ ကာတွန်းဘောက်စ်၊ အမြဲတမ်း ထိုင်တဲ့ မော်လမြိုင်ဆိုင် တွေကိုတောင် လွမ်းလာပြီ။
Fresher ဘဝ အမှတ်တရလေးတစ်ခု-
ကျောင်းစစတက်တဲ့နေ့မှာ canteen ဘယ်မှာရှိလဲလို့ အချဉ်ထုပ်ဆိုင်ကိုမေးတော့ ရှေ့တည့်တည့်သွားဆိုလို့ သွားလိုက်တာ ယောကျင်္ားလေးဆောင်ထဲ ဝင်သွားတော့မလို့။ အားလုံးက ပြုံးစိစိလုပ်နေကြတာနဲ့ မဟုတ်သေးပါဘူးဆိုပြီး ဟိုဟိုဒီဒီလိုက်ကြည့်လိုက်တော့မှ Canteen ကလှေခါးကနေ ဆင်းသွားရတယ်။ အောက်ဖက်မှာ။ တော်ပါသေးရဲ့ အဆောင်ထဲ မရောက်ခင်တွေ့သွားလို့။
bigcat
June 27, 2011 at 1:01 am
မဝေက အင်ဂျင်နီယာ၊ ကြောင်ကြီးက အင်ဂျင်ပြာယာ၊ သဂျီးက အင်ဂျင်ဝါယာ၊ ဦးဖက်က အင်ဂျင်တာယာ၊ ဦးပေါက်က အင်ဂျင်ဘာယာ၊ ကိုပုက အင်ဂျင်ကွမ်းယာ၊ ဆူးက အင်ဂျင်သာယာ၊ အီးတုံးက အင်ဂျင်မာယာ၊ hmeeက အင်ဂျင်လယ်ယာ…
ဆူး
June 29, 2011 at 3:38 pm
ဟယ်.. ဘယ်လို ဖြစ်ပြီး အင်ဂျင် ဘွက် ရ သွားရတာလဲ..
fatty
June 27, 2011 at 3:02 am
R I T ခေတ်က ခဏခဏ ရောက်တယ် ဂျီဟောမှာက အမရှိလို့ရောက်တယ်။ မဝေက ညပိုင်းမှာ
ဂစ်တာလာတီးတဲ့သူတွေကို အဆောင်းစောင့် အဖိုးကြီးတွေကနေတဆင့် လက်ဖက်သုပ်လေး
ဘာလေးမပို့ဘူးဘူးလား ..။ ပြောမဲ့သာပြောရတာ ကိုယ်တိုင်တောင်ဝယ်စားရဲ့လားမသိဘူး။
weiwei
June 27, 2011 at 4:47 am
ကျွန်မတို့ခေတ်က ဂျီဟောမှာ အဆောင်ရှေ့ သီချင်းလာဆိုတဲ့သူ ခပ်ရှားရှားရယ် … ဆိုရင်လဲ ကျွန်မနံမည်နဲ့လာဆိုတာမှမဟုတ်တာ … ဘာဆိုင်လို့ လက်ဖက်သုတ်ပို့ရမှာလဲ 😛
ကျွန်မနဲ့တစ်ခန်းထဲနေတဲ့ သူငယ်ချင်းဆီကိုတော့ မုန့်တွေခဏခဏရောက်လာလို့ ကပ်စားကြတာပဲ … 😛
intro
June 27, 2011 at 3:06 am
အင်ဂျင် အာပလာရော မပါဘူးလား?
ရွှေဘိုသား
June 27, 2011 at 4:26 am
ဒါဆို မမဝေ
အမူလွန်သွားတာပေါ.
ကျွန်တော်နဲ.တော.ကွာပါ.ဗျာ
ကျွန်တော်အခုထိ မူနေရတုန်းဗျ
usnczn
June 27, 2011 at 4:50 am
အမူလွန်တဲ့သူတွေ
အမူး လွန်တဲ့သူတွေကိုရှောင်နိုင်ပါစေ။
mozillamedia
June 27, 2011 at 7:05 am
ဪ……
ရွာသူရွာသားတွေက စွယ်တော်ပင် အောက်က အတော်များသားကလား…..
အင်ဂျင်နီယာ အတော်များများက အနုပညာ ဝါသနာပါသူ ဖြစ်လေ့ရှိနေသည်ကို သတိပြုမိပါသည်….
ကျောင်းတော်ကြီးမှာ Gathering ညစာစားပွဲလေးများ ဖြစ်မယ်ဆိုရင် သိပ်ကောင်းမှာပဲ…..
ဂျီဟော ရှေ့ကို (၃)ခါထက် ပိုမရောက်ခဲ့ဘူးပါ….. ကျောင်းသက် (၁၁)နှစ် ရှိခဲ့သူမို့ မခေပါဟု ဆိုချင်ပါသည်…. မိမိ Fresher ဘဝက ဂျီဟောက ဖိုင်နယ် မမ ကို နွေးအေး ဆိုင်မှ ထိုင်မျှော်ရင်း တိတ်တခိုး သဘောကျ ခဲ့ဘူးပါသည်…. အတန်းတူတွေကတော့ အပေါက် အလမ်း သိပ် မတည့်ခဲ့ပါ…. သူတို့စာအုပ် ဌားပြီး Roll No. ပိုကောင်းသွားလို့ နောက် စာအုပ်မဌားတော့သူတွေ…… နေရပ်ပြန်တော့ လက်မတို့ပဲပြန်သွားလို့ စိတ်ဆိုးတဲ့သူတွေ…. တစ်ခါတစ်မျိုး မရိုးအောင် ဘုနဲ့ဘောက် ပိုများသွားပါတယ်… ဘာပဲပြောပြော အတော်လွမ်းဖို့ကောင်းပါသည်……
hmee
June 27, 2011 at 7:52 am
မဝေရေ BE သမားတွေ မာနတော့ အတော်ကြီးပုံပဲနော်။ 🙂 ဘာတဲ့ အာပလာမဟုတ်ဘူး ငါတို့က တကယ်အရည်အချင်းရှိလို့ တက်ခဲ့တဲ့ အစစ်အမှန်တွေဆိုပဲ။ မှီ့ ဘရားသား ပြောနေကြစကားလေ။ အမြဲပဲ မာနကြီးလို့လား မပြောတတ် အသက်သာ ၄ဝ နီးနေတာ အခုထိ လူပျိုကြီး။ 🙂 မှီတို့က လှိုင်မှာတက်ရတာမို့ အရင်ကဆို RIT ကို သွားမယ်ဆို ဟိုင်းလတ်ကားလေးတွေ စီးရင်ရောက်လို့ အတန်းအားချိန်တိုင်း သွားလည်ဖြစ်တယ်။
weiwei
June 27, 2011 at 9:20 am
တလွဲမာနပေါ့ မှီရယ် … အခုတော့ ပြန်တွေးရင် ရယ်စရာဖြစ်နေတာပေါ့ … 🙂
pyoke Gyi
June 27, 2011 at 8:52 am
Do you know ” story of thanakha “?
Now, you are standing , ya dar yu mei ?
Me also remember life of RIT & YIT student.