အားနာသင့်တဲ့ နေရာမှာ အားနာပါ
မြန်မာလူမျိုး အများစုက အရမ်းကို အားနာတတ်တယ်လို့ ကြားခဲ့ဖူးပါတယ် … လက်တွေ့လည်း တကယ့်ကို အားနာတတ်တဲ့ လူမျိုးပါပဲ … တိုင်းတပါးသား နိုင်ငံခြားကလူတွေနဲ့ တွေ့လျှင် အားနာလို့ ဆိုတာမျိုးနဲ့ ခံခဲ့ရပေါင်းမနည်းတော့ဘူးလေ… ။ ဒီလောက်အားနာတတ်တယ်လို့ သိထားတဲ့ ကျွန်မတို့ လူမျိုးအကြောင်း နည်းနည်းဖွပါရစေဦးနော် … ။
ဒီနေ့မနက်လည်း ထုံးစံအတိုင်း အိပ်ယာထနောက်ကျလို့ ဖယ်ရီမမှီတဲ့ ကျွန်မ ရုံးသွားဖို့ ကမ်းနားလမ်းကိုဆင်းပြီး ရွှေဧည့်သည်ကားစီးပါတယ်… ။ ကားက မကြပ်ပေမဲ့ ခုံပြည့်လူရှိနေလို့ ကားပေါ်တက်တက်ချင်း ကျွန်မနေရာမရဘူးပေါ့ … ။ နောက်တမှတ်တိုင်ကျမှ ဆင်းတဲ့လူရှိလို့ ထိုင်စရာရပါတယ်… ။နေ့တိုင်းလိုလို ဒီအချိန်က လူကြပ်သိပ်နေတဲ့ အချိန်ပါ … ဒီနေကားမကြပ်တာ ဘာလို့များပါလိမ့်တွေးရင်း ….. အရှိန်ပြင်းပြင်းစောင့်အုပ်လိုက်တဲ့ ကားကြောင့် ကျွန်မအတွေးတွေ ပျက်ပြယ်ကုန်ပါတော့တယ်….။ ကားရပ်လိုက်စဉ် …. အသက်ဆယ်နှစ်အရွယ် ကောင်မလေးတယောက်နဲ့ ခြင်းထောင်းကြီးကိုအပြည့်သိပ် ထည့်ကာ တရမ်းရမ်းတက်လာတဲ့ အသက်ငါးဆယ်ကျော် အမျိုးသမီးတယောက် တက်လာပါတယ်… ။ ဒင်းတို့ မှတ်တိုင်မဟုတ်ပဲ ကားတားတာကြောင့် ကားဘရိတ်စောင့်အုပ်တာပါလားလို့ … နားလည်လိုက်တော့တယ်… ။ ကောင်မလေးကိုကြည့်ရတာ လက်ကျိုးထားသလိုမျိုး ကျောက်ပတ်တီးစီးထားတာတွေ့ရပါတယ်… ညာဘက်လက်မို့ ကားပေါ်ရောက်တဲ့ အခါ ဒယိမ်းဒယိုင် ဖြစ်နေတော့တာပေါ့ … ။ ထိုင်စရာနေရာမရှိတာမို့ သူ့ခမျာ ဘယ်လက်နဲ့ပဲ မှီရာကိုကိုင်ရင်း ကိုယ်မယိုင်လဲအောင် ထိန်းနေရရှာတယ်… ။ ကျွန်မနဲ့ ခပ်လှမ်းလှမ်းအနေထားပေမဲ့လူမကြပ်တဲ့ ကားပေါ် ထင်သာ မြင်သာ ရှိလွန်းလှပါတယ်… သူတို့ ကားတားတဲ့နေရာက အရိုးကုဆေးရုံနားမှာမို့ …. ဆေးရုံကဆင်းလာဟန်တူပါတယ်… အဒေါ်ကြီး လက်ထဲမှာ အပြည့်သိပ်ထည့်ထားတာကလည်း ဆေးရုံမှာ သုံးတဲ့ စောင်တွေ ၊ ဓါတ်ဗူးတွေ ၊ ပန်းကန်ခွက်ယောက်နဲ့ မုန့်တွေမို့ပါပဲ … ။
ကျွန်မလည်း မျက်စိထဲဝင်လာတဲ့ မြင်ကွင်းတခုက သာမန်မြင်ကွင်းမျိုးပေမဲ့ … ဘာကြောင့်မှန်းမသိ မျက်စိလွှဲမရဖြစ်သွားခဲ့တယ်… ။ လက်ဒဏ်ရာနဲ့ ကလေးမလေးကို အနီးနားက ထိုင်နေတဲ့ ယောကျာ်း အရင့်မာကြီးများက ဘာလို့ များနေရာဖယ်မပေးကြတာပါလဲ… မြင်လည်း မြင်ရက်ပါတယ် … ကိုယ်နဲ့ မဆိုင်သလိုပဲ မိန့်မိန့်ကြီးတွေ ထိုင်လို့ …. ။ လူတွေ စာနာစိတ် ခေါင်းပါးနေကြပြီလား … ။ မြင်နေရတာ အလွန်အချိုးမကျတာမို့ … ကျွန်မကပဲ နေရာဖယ်ပေးဖို့ စဉ်းစားပြီး မတ်တပ်ထရပ်လိုက်ပါတယ်…။ ကောင်မလေးကို ခေါ်ပြီး “လာလာ ဒီမှာ ထိုင်”လို့ လှမ်းပြောတော့မှပဲ …. ။ စာနာရကောင်းမှန်း သိသွားတဲ့ ကလေးမလေး အ နီးကလူငယ်တယောက်က “အစ်မနေနေ ကျွန်တော့နေရာဖယ်ပေးလိုက်မယ်” ဆိုပြီး သူ့နေရာ ကလေးမလေးကို ပေးထိုင်လိုက်ပါတယ်… ကျန်တဲ့ လူကြီးမင်းများကတော့ တုတ်တုတ်မျှှမလှုပ်ပဲ … တချို့ ဆို အိပ်ချင်ယောင်ဆောင်ကာ မျက်လုံးလေးများပင် မှေးစင်းပြနေပါသေးတယ်… ။
နေရာဖယ်ပေးလိုက်တဲ့ ကောင်လေး မတ်တပ်စီးမှ သတိထားမိတာက သူ့လွယ်တဲ့အိတ်က အရမ်းကို လေးနေတယ်ဆိုတာပါပဲ… ။ သူလည်း မနိုင်တနိုင် လက်ကဆွဲရင်း … ကားယိုင်တာကို ထိန်းနေပြန်တယ်….။ ယောကျာ်းအရင့်မာကြီး မို့ ဘယ်သူကမှ ကူညီချင်တာမဟုတ်လို့ …သူ့အိတ်ကိုယူပြီး ခဏပေါင်ပေါ်တင်ထားပေးမဲ့လူတောင် မရှိသလိုဖြစ်နေပါတယ်… ။ ကျွန်မလည်း ကြည့်ရင်း သံဝေဂရပါတယ်… သူများအကျိုးသာ ဆောင်လိုက်တာ … ကိုယ့်လှည့်ကျတော့စာနာစိတ်မရှိပါလားရယ်လို့ …. ။ ကျွန်မအနေနဲ့ကလည်း အလှမ်းဝေးတာကြောင့် သူ့အိတ်ကိုတောင်းပြီး ကူညီချင်ပေမဲ့ …. ဘယ်လို အိုဗာတင်း မိန်းမလည်း ထင်သွားလို့ကလည်း မဖြစ်တာမို့…. ဒီအတိုင်းပဲ ကြည့်နေပါတော့တယ်… ။
နောက်မှတ်တိုင်တစ်ခုရောက်တော့ အဲ့ဒီကောင်လေးရှေ့ကခုံ လွတ်သွားပါတယ်… ။ အဝေးကကြည့်နေတဲ့ကျွန်မလည်း မဆီမဆိုင်ဝမ်းသာသွားမိတယ်…. ။ တနင့်တပိုးအိတ်ကြီးသယ်ထားရတဲ့ ကောင်လေးကို ကြည့်ရင်း စိတ်မောနေတဲ့ ကျွန်မ သက်ပြင်းချမိလိုက်တယ်… ။ အဖြစ်ပျက်အားလုံးလွန်စွာ လျှင်မြန်လွန်းလှပါတယ်… ။ သက်ပြင်းချလို့ မှ မဆုံးသေးခင်… ကောင်မလေးနဲ့ အတူပါလာတဲ့ အဒေါ်ကြီးက လွတ်သွားတဲ့နေရာမှာ အမြန်ဝင်ထိုင်လိုက်ပါတယ်… ။ သူ့ရဲ့ ခြင်းတောင်းကြီးနဲ့တောင် ကောင်လေးကို တွန်းတိုက်ပြီး ဝင်ထိုင်တာမို့ တိုက်ခံရတဲ့ကောင်လေး အနောက်တောင် ယိုင်သွားရှာတယ်… ။ လဲကျတော့မယ့်အနေထားမို့ ဘေးလူများ ကောင်လေးကို ဝိုင်းထိန်းပေးလိုက်ရတော့တယ်… ။ အလွန်သရုပ်ပျက်လွန်းတဲ့ လုပ်ရပ်ပါ… ။ အားနာတတ်လွန်းတဲ့ ကျွန်မတို့လူမျိုးရဲ့ စိတ်ဓါတ် ဘယ်ကမာ္ဘရောက်သွားပါလိမ့်လို့ တွေးရင်း … လူတချို့ရဲ့ စိတ်တစိတ်တပိုင်းကို နားလည်ခွင့်ရလိုက်တယ်…. ။ တကယ်သာ အဲ့ဒီမိန်းမကြီး သိတတ်လျှင် ကောင်လေးရဲ့ အိတ်ကိုယူပြီး ပေါင်ပေါ်တင်ထားပေးလိုက်ရမှာပါ… အခုတော့ သူ့သမီးကိုနေရာဖယ်ပေးတဲ့လူမှန်းသိလျှက်နဲ့ …. အတင်းနေရာလုထိုင်တယ်… ကျေးဇူးတင်ဖို့ နေနေသာသာ လက်ထဲ မနိုင်မနင်းအထုတ်ပါလာတာတောင် မသိချင်ယောင်ဆောင်ပြီး ငါ့ နေရာ တနေရာ တည်မြဲဖို့ ကိုယ့်အတ္တကိုယ် ရှေ့တန်းတင်ခဲ့တာပါ … ။ သူ့အနေနဲ့ … ကားပေါ်မှာ တဒင်္ဂနေရာလေးရပြီး အဆင်ပြေဖို့ အရေး… မိမိရဲ့ စိတ်ဓါတ်နိမ့်ကျကြောင်း လူသိရှင်ကြား ဖြစ်သွားတဲ့ လုပ်ရပ်ကို ဂရုပြုမိမှာ မဟုတ်ပါဘူး … ။ စိတ်ဓါတ်ဆိုတာမျိုးက ကိုယ်တိုင်က ပြင်ယူမှ ရတာမျိုးပါ … ။ မိမိရဲ့ စိတ်ဓါတ်နဲ့ လုပ်ရပ်က ၊ ကိုယ့်ဘဝမှာ အရိပ်လို ထင်နေမှာ ဖြစ်တာကြောင့် စိတ်ကောင်းကောင်းထားပြီး လိပ်ပြာသန့်သန့် အသက်ရှင်သွားဖို့ အရေးကြီးပါတယ် ။ ရွာသူရွာသားတို့လည်း စိတ်ဓါတ်ပြည့်ဝကြပြီး ကိုယ်ချင်းစာစိတ်၊ စာနာစိတ်တွေ ကိန်းအောင်းနေပါစေလို့ ဆန္ဒပြုလိုက်ပါတယ်…။ ။
16 comments
eros
June 30, 2011 at 4:21 am
ဒီလိုပါပဲ etone ရေ။ ကားပေါ်မှာ မစာနာတဲ့သူတွေက တပုံကြီးပါပဲ။ ကျွန်တော်လည်းပဲ ခဏခဏ ဒါမျိုးကြုံပါတယ်။ ဒါပေမယ့် မစာနာတာထဲမှာ ကျွန်တော်လဲ ပါကောင်းပါမှာပါ။ မနက် အလုပ်ဆင်းရင် ဟိုင်းလပ်လိုင်းကား စီးရပါတယ်။ ခုံပြည့်သွားပါပြီ။ ကားသမားက ထပ်တင်ချင်ပါတယ်။ မိန်ကလေး၊ အမျိုးသမီးတွေက ခုံပြည့်မှန်းသိရဲ့ နဲ့ လိုက်လာပါတယ်။ ခြေနင်းခုံမှာ မတ်တပ်ရပ်ပြီးလိုက်လာပါတယ်။ ကျွန်တော် အားနာပါတယ်။ စိတ်မကောင်းပါဘူး။ ဒါပေမယ့် ကျွန်တော်သူ့ကို နေရာပေးပြီး တွယ်မစီးရဲပါဘူး။ ကိုယ်ကိုတိုင်က ကားခဏခဏ မောင်းနေတော့ ယာဉ်အန္တရာယ်ကြောက်ပါတယ်။ နောက်ကလိုက်လာတဲ့ကားက အရှိန်မထိန်းနိုင်လို့ပဲ ဖြစ်ဖြစ်၊ ဘရိတ် မမိလို့ပဲ ဖြစ်ဖြစ်၊ မိုးတွင်း ဘီးချော်သွားလို့ပဲဖြစ်ဖြစ် ဖြစ်လိုက်ရင်တော့ မတွေးရဲစရာပါ။ မျက်စိရှေ့မှာလည်း မြင်ဘူးလို့ပါ။ တကယ်တော့ ကျွန်တော်သွားတဲ့ လမ်းကြောင်းပေါ်မှာ အဲဒီဟိုင်းလတ် တမျိုးထဲ ရောက်တာမဟုတ်ပါ တခြားရောက်တဲ့ ကားတွေလဲ ရှိပါတယ်။ အဆင်မပြေရင်တောင် ၂ ဆင့် ပြောင်းရင် လွယ်လွယ်ကူကူ ရောက်ပါတယ်။ ဆိုတော့ ကျွန်တော့်ကို ကျွန်တော်လည်း “အတ္တသမား ကျွန်တော်” လို့ တံဆိပ်ကပ်လိုက်ပါတယ်။
etone
June 30, 2011 at 4:33 am
eros ပြောတဲ့အနေထားနဲ့ ကျွန်မပြောတဲ့အနေထား ကွာပါတယ်… eros အနေထားက သူများကို ကူညီချင်တဲ့စိတ်ကြောင့် ကိုယ့်မှာ အန္တရာယ်ရှိနေနိုင်ပါတယ်… ။ eros လုပ်တာ မှန်ပါတယ် … ကိုယ့်အန္တရာယ်အဖြစ်ခံပြီး ကူညီမဲ့လူမျိုးကျတော့လည်း မိုက်ရူးရဲလို့ပဲ ခေါင်းစဉ်တပ်မိမှာပါ … ။
အခုအနေထားလေးက ကားလည်း မကြပ်ပါဘူး ။ သူများကို ကူညီလို့လည်း အလုံးရင်းလျှော့မသွား ၊ အန္တရာယ်လည်း မရှိတာမို့ ထိုင်နေရက်တဲ့လူတွေကို အံ့ဩမိတာပါ ။
pan pan
June 30, 2011 at 9:00 am
ကျမတုန်းကကျတော့ ဟိုင်းလတ်က ခုံမပြည့်ဘူး
တစ်ယောက်စာလွတ်တယ်
ကားပေါ်တက်မယ်လုပ်တော့ ဘေးတန်းမှာတစ်ယောက်ဆင်းတော့ နေရာရတာပေ့ါ
ဝင်ထိုင်မလို့ဟာကို အဲ့ဒီဘေးတန်းက(အတွင်းဘက်က)လူတွေက တယောက်ချင်းစီ အပေါက်ဘက်တိုးကြတယ်
ကားကစထွက်ပြီ၊ ကျမက မတ်တပ်ကြီး ခြေနင်းခုံမှာ
ပြန်ဆင်းလို့လည်းမရတော့ဘူး
နောက်တမှတ်တိုင်ရောက်တော့မှ အလယ်တန်းကလူတွေ နောက်ကိုရွှေ့တော့မှာ ထိုင်စရာရတော့တယ် 🙁
နွယ်ပင်
June 30, 2011 at 4:22 am
etone ရေ ပြောရရင်တော့ အားနာတက်လူမျိုးပင်မဲ့ ဒီလိုနေရာမျိုးကျတော့ လူတွေက ကိုယ်အတွက်ပဲ ကိုယ်ကြည့်ပြီး ကိုယ့်အတ္တကို ရှေ့တန်းတင်ပြီး အားမနာတကြ်ကတော့ပါဘူး အမှန်ကတော့ ဒီလိုလူမျိုးတွေအတွက်က အားနာတယ်ဆိုတာ မရှိလောက်ဘူးထင်တယ် နွယ်ပင်လဲ ခဏခဏကြုံဖူးပါတယ်
weiwei
June 30, 2011 at 4:33 am
စိတ်ပျက်စရာကောင်းတဲ့ မြင်ကွင်းတစ်ခုပါပဲ … မကြာခဏကြုံဖူးပါတယ် … အဲဒါမျိုးမြင်လိုက်ရရင် တစ်နေကုန် စိတ်ထဲဘဝင်မကျဖြစ်ရတယ် … အခုတော့ လိုင်းကားစီးရတဲ့ဒုက္ခလွတ်သွားအောင် စီစဉ်ပေးတဲ့ အလုပ်ထဲက ဖယ်ရီကားကို အထူးကျေးဇူးတင်နေရတယ် …
moethidasoe
June 30, 2011 at 5:06 am
စာထဲမှာ ဖတ်ဖူးတယ် .. ဂျပန်မှာတော့ သက်ကြီးရွယ်အိုကိုသာ ဦးစားပေးတယ် .. မိန်းမလေး ဆိုရင် သန်သန်စွမ်းစွမ်းဆိုရင် ဦးစားမပေးဘူး ..
ဒဏ်ရာနဲ့လူကိုတော့ လူတိုင်းလိုလို ဦးစားပေးသင့်တယ် ဆိုပေမယ့် ..
အခု etone တွေ့ခဲ့တဲ့ ထိုင်ခုံရ လူကြီးမင်းများက
အထက်လူကြီးများကဲ့သို့ ထိုင်ခုံရလျှင် မဖယ်ချင်သော မြန်မာ့ new culture ဖြစ်ကြောင်း ဆွေးနွေးမိပါတယ်
weRone
June 30, 2011 at 5:24 am
အားမနာ တမ်းပြောရရင် ..
ထိုင်ခုံရ လူကြီးမင်းများက
အထက်လူကြီးများကဲ့သို့ ထိုင်ခုံရလျှင် မဖယ်ချင်သော မြန်မာ့ new culture ဖြစ်ကြောင်း ။ ~~ သိပ်ကြိုက်သွားပြီ။ 🙂
mnoe
June 30, 2011 at 5:39 am
ကျွန်မလည်း ကြုံဖူးတယ်။ ကားကလည်းချောင်ပါတယ်။ ရပ်နေတဲ့သူက ယောက်ျားတွေချည်းပဲ။ ထိုင်နေတဲ့ ထဲမှာလည်း ယောက်ျားလူငယ်တွေ လူကြီးတွေပါပါတယ်။ အဲဒီအချိန်မှာ အဘွားကြီးတစ်ယောက် ကတုန်ကယင်နဲ့ တက်လာပြီး ဟိုယိုင်သည်ယိုင်ပေါ့။ ထပေးမဲ့သူလည်းမရှိတော့ အဘွားဒီကိုလာဆိုပြီး ကျွန်မနေရာကိုဖယ်ပေးလိုက်တာ တကယ့်ကို သန်သန်မာမာ ယောက်ျားတစ်ယောက်က အတင်းလုပြီးထို်င်လိုက်တယ်။ စိတ်တိုလိုက်တာ။ etone ရေ မမကတော့ အားမနာသင့်တဲ့နေရာမှာ အားမနာပါနဲ့လို့ ပြောချင်တယ်။ အမှန်ဆို ရှင်ဖယ်ပေး ဒါရှင့်အတွက်ဖယ်ပေးတာ မဟုတ်ဘူးလို့ ပြောပစ်ခဲ့ရမှာ။ နောက်တော့ အားမနာတော့ဘူး။ ဒါပေမဲ့ သူငယ်တန်းတုန်းက လှေကားပေါ်ကပြုတ်ကျပြီး ကျောက်ပတ်တီးနဲ့ ဆေးခန်းသွားပြတော့ လူတစ်ယောက်က ချက်ချင်းထပြီးနေရာပေးတာ ခုထိကျေးဇူးတင်မှတ်မိနေတယ်။ သူ့လိုဖြစ်အောင်လုပ်မယ်လို့ ကလေးစိတ်ကထဲက မှတ်ခဲ့တာ။ အဲဒါမျူးိလည်းရှိပါတယ်။
etone
June 30, 2011 at 6:01 am
အစ်မပြောသလို ဇာတ်လမ်းမျိုးရှိခဲ့ဖူးတယ်… သူငယ်ချင်းနဲ့ ကားတက်စီးတာ သူငယ်ချင်းက ကောင်လေးမို့ etone ထိုင်ဖို့ နေရာဖယ်ပေးတာ ဘေးက မိန်းမတယောက်က ဝင်ထိုင်တယ်… ။ သူ သိပ်ထိုင်ချင်တော့လည်း ထိုင်ပါစေပေါ့ … စိတ်ထဲ အဲ့ဒီလိုထားပေမဲ့ မလှိမ့်တပတ် လုပ်တယ်၊ မျက်နှာပြောင် တိုက်တယ် လို့ တွေးမိပြီး ကားစီးရင်း တနုတ်နုတ်ဖြစ်နေခဲ့တာလေ…. ။ အဲ့ဒီမိန်းမဘေးက ခုံလွတ်တော့ သူက တခြားသူငယ်ချင်းတယောက်ကို လှမ်းလက်တို့တာ မြင်မြင်နဲ့ etone လည်း အတင်းဝင်ထိုင်ပစ်လိုက်တယ်… ။ ကိုယ်က ပြန်လက်စားချေလိုက်ရလို့ ကျေနပ်ရုံရှိသေး … ထိုမိန်းမ ဆင်းမဲ့ မှတ်တိုင်ရောက်တော့ ဆင်းမယ်လုပ်ရော… ဖယ်ပေးတဲ့ကြားက etone ကို ဒူးနဲ့ တိုက်သွားတယ် … etone ကလည်း အသားနာလျှင်၊ ဒေါသထွက်တတ်သူမို့ … မျက်စိထဲ ဘာမှ မမြင်တော့ဘဲ သူ့ဖင်ကြီးကို ပစ်ကန်ပစ်လိုက်တာ … တော်တော်တော့ရုပ်ပျက်ပေမဲ့ … မျက်စိထဲ ဘာမှ မမြင်တော့ဘူးလေ… ။ ဟိုမိန်းမက etone ဆတ်ဆတ်ထိမခံမှန်းသိတော့မှ ရုပ်လေးနဲ့ မလိုက်ဘူး ဘာဘူးပြောပြီး ဆင်းသွားတာ…. သူဆက်ပြီး လေကြောရှည်နေရင် နောက်တချက်ထပ်ကန်မိဦးမှာပဲ … ။အဲ့ဒီကားပေါ် သိတဲ့လူပါလာလျှင် ရှက်စရာအတော်ကောင်းတဲ့ ကိစ္စဖြစ်မှာပါ … 😳 ဒါပေမဲ့… လူအချင်းချင်း ခုတ်ချင်တဲ့ စိတ်ကို မုန်းလွန်းလို့ တုံ ့ပြန်လိုက်တာ … အတူပါလာတဲ့ သူငယ်ချင်းကတော့ ရှက်လွန်းလို့ ခေါင်းမဖော် ၊ အသံတောင် မထွက်ရဲတော့ဘူး … ။
nozomi
June 30, 2011 at 6:09 am
အိတုံး အဲဒီလိုတော့ မလုပ်သင့်ဘူး ဒေါသဆိုတာထွက်တိုင်းမကောင်းဘူး
ဒါပေမဲ့ အဲဒီလို လူတွေက အဲဒီလိုလုပ်မှ ရတာ ချတာချ
(အပေါ်က အကိုတစ်ယောက်လို ဆုံးမတာ ၊အောက်က သူငယ်ချင်းတစ်ယောက်လို လုပ်သင့်တာကို မြှောက်ပေးတာ)
စုံ စုံ
June 30, 2011 at 7:07 am
ကားပေါ်မှာအဲ့လိုမြင်ကွင်းမျိုးလဲခနခနတွေ့ဖူးသလို
ကိုယ်စောင့်နေတဲ့ကားလာလို့ကားပေါ်တက်ခါနီးကျရင်
အတင်းလုတတ်တာမျိုးလဲခနခနကြုံဖူးတယ်
အဲ့အခါမျိုးကျရင်တော့အားနာလို့တော့မဟုတ်ဘူး
စိတ်ပျက်လို့အနောက်ဆုတ်ပေးလိုက်တယ်
အားလုံးတက်ပြီးမှဘဲတက်တော့တယ်
ကားပေါ်ရောက်ရင်လဲဒီလိုဘဲ
အတင်းလုထိုင်တတ်တဲ့သူမျိုးတွေနဲ့ဆိုရင်တော့
ကိုယ်သွားမယ့်ခရီးဘယ်လောက်ဝေးဝေးမထိုင်တော့ဘူး
မတ်တပ်ဘဲရပ်စီးလိုက်တော့တယ်
အဲ့လိုမျိုးကျတော့သူများကိုအားနာလို့တော့မဟုတ်ဘူး
လုနေရတာကိုရှက်လို့အလျော့ပေးလိုက်တာ
ဘာမဟုတ်တဲ့နေရာလေးတခုအတွက်အသည်းအသန်လုယူနေရတာ
သူများတော့မသိဘူးကျမကတော့ရှက်စရာလို့ထင်တယ်
ဆူး
June 30, 2011 at 7:41 am
ကျောက်ပတ်တီး နဲ့ ကလေးမလေး ဆိုလို့.. ကိုယ့်ဟာကို ပြန်မြင်မိတယ်.. တချိန်တုန်းက လက်ကျိုးသွားလို့ နာကျင်မှုတွေ ခါးသီးစွာနဲ့ မငိုပဲ မျက်ရည်တွေ ပါးပြင်ပေါ် တစက်တစက် အလိုလို ကျလာပေမဲ့ ဆေးခန်း သွားရမှာ ခပ်လှမ်းလှမ်းမို့ ဘစ်ကား စီးရမယ် ဆိုတော့ ဒီတိုင်းတောင် နာလွန်းလို့ မငိုပဲ မျက်ရည် ထွက်နေတာ.. လူတိုးရင် နာမှာ စိုးလို့ အဝေးကြီးကို လမ်းလျှောက်လာခဲ့ရတယ်။
ရွှေဘိုသား
June 30, 2011 at 7:54 am
မမအိတုန်ရေ
ကျွန်တော်လည်း ဘုန်းကြီးကျောင်းသားမို.လားမသိဘူး
ဒါမျိုးတွေကြုံရင် တော်တော်စိတ်ပျက်မိတယ်။အသက်ကြီးတဲ.သူလာလို.
ကိုယ်ကထပေးလို. အသက်ငယ်တဲ.လူတွေဝင်ထိုင်ရင် တော်တော်ကိုဒေါသဖြစ်ခဲ.ရတာတွေ
များနေပြီ။
တစ်ချို.မြန်မာလူမျိုးတွေရှိသေးတယ်ဗျ ဘုန်းကြီးတောင် နေရာဖယ်မပေးဘူး
ဘေးက ကုလားတစ်ယောက်ကနေရာဖယ်ပေးတာ။
တော်တော်ဝမ်းနည်းစရာမြင်ကွင်းပါပဲဗျာ
Snowy
June 30, 2011 at 9:47 am
မြန်မာလူမျိုးတွေရဲ့ စိတ်ဓါတ်ကိုတော်တော်လေးပြုပြင်ယူရအုံးမှာ … နိုင်ငံခြားတိုင်းပြည်တွေမှာဆိုရင် ရထားပေါ် Bus ပေါ် ကိုမသန်စွမ်းတဲ့လူကြီး ခြေထောက် / လက်ကျိုးနေတဲ့ လူ ဒါမှမဟုတ် ကလေးချီထားတဲ့ မိခင် ဒါမှမဟုတ် ကိုယ်ဝန်ဆောင်တွေဆိုရင် တက်လာတာနဲ့ အလုအယက်ကိုနေရာဖယ်ပေးတက်ကြတယ် reserved seats ဆိုတာလဲ ရေးထားတယ် … တစ်ခါက Snowy တို့ မိသားစု စင်ကာပူမှာ ရထားစီးတော့ စတက်တာနဲ့ Snowy ဖိုးဖိုးနဲ့ မေ့မေ့ ကိုတောင်နေရာဖယ်ပေးတာ ဝိုင်းတောင်တွဲပေးကြသေးတယ် … Bus ဆိုရင်လဲ ဖိုးဖိုးနေရာမှာ မထိုင်ခင်ထိ လုံးဝမထွက်ဘူး … နောက်ပြီးတော့ wheelchair နဲ့ တစ်ယောက်ထဲ သွားတဲ့လူတွေတောင်ရှိတယ် …. Bus ရပ်တာနဲ့ bus captain / driver ကဆင်းပြီး wheelchair ကို Bus ပေါ်တက်လို့ရအောင် ကူညီပေးတယ် ….
intro
July 3, 2011 at 1:54 pm
ဟုတ်တယ်ဗျာ… စိတ်ဓါတ်တွေက တော်တော်လေးကို ပြင်သင့်နေပြီ… နည်းပညာကလဲ နောက်ကောက်ကျ၊ စိတ်ဓါတ်တွေကလဲ အောက်ကျ နေရင်တော့ ရှေ့ရေးကို ရင်လေး မိပါတယ်….
forever
July 3, 2011 at 2:09 pm
ဘစ်ပေါ်မှာ တခြားလူကိုသနားမိလို.ဒုက္ခတွေ.တဲ.လူတွေ
အများကြီးပါဘဲ စာနာတတ်တဲ.လူကို ချီးကျုးသလိုမစာနာတတ်တဲ.လူကိုလဲ
အပြစ်မမြင်ပါနဲ.သူ.အကြောင်းနဲ.သူတော.ရှိကြတာပေါ.
ဘစ်ကားဆိုတာခရီးသယ်ပါသလိုအကြံသမား ခါးပတ်နိုက် တွေအဖွဲ.လိုက်ပါတတ်တာမျိုးလေ