ရင်ကွဲတဲ့နေ့…
“ချောင်းထဲမှာ ကလေးတယောက် ရေနစ်လို့တဲ့ဟေ့”
အိမ်ရှေ့လမ်းမမှ အော်သံကြောင့် ရင်ထဲမှာ ထိတ်ခနဲ ခုန်ပြီး လန့်သွားပါတယ်။ မီးဖိုခန်းထဲမှာ အလုပ်ရှုပ်နေတဲ့ ကျွန်မကို စကားလာပြောနေတဲ့ အဒေါ်( အမေ့မောင် အငယ်ဆုံးရဲ့ ဇနီး) နှင့် ကျွန်မ ဘယ်လိုက ဘယ်လို မီးဖိုရှေ့ ရောက်သွားမှန်း မသိပါဘူး။ ဒါဟာ ရွာအတွက် သတင်းဆိုး တခုပါ။
“ဟဲ့…ဘယ်သူ့ ကလေးတဲ့တုန်း”
“အပြုံးကလေးလို့ ပြောတယ်ဟေ့ အကြီးကောင်တဲ့” ချောင်းဆီ ဦးတည်ပြေးရင်း လှည့်အော်သွားတဲ့ စကားကြောင့် “အမလေး…”ဆိုပြီး အဒေါ်တယောက် ကတုန်ကရင် ဖြစ်သွားသလို ကျွန်မလည်း အတော် တုန်လှုပ်သွားပါတယ်။ အဒေါ် နာမည်ကလည်း အပြုံးဖြစ်သလို သားကလည်း နှစ်ယောက်ရှိတယ်လေ။ အဒေါ်တယောက် တုန်တုန်ရင်ရင် သားဇောနဲ့ ပြေးတာ ဖိနပ်တောင် မပါပါဘူး။ ခေါင်းကဘီး ပြည်ပြီး ပြုတ်ကျတာတောင် ပြန်မကေ ာက်နိုင်ပဲ ဆံပင်ကို ပြေးရင်း တပတ်လျှိုထုံးကာ အပူမီး တပွေ့တပိုက်နဲ့ ချောင်းဆီ ဦးတည်ပြေးပါတယ်။ ကျွန်မလည်း အိမ်ပေါ် ပြတင်းပေါက်နားမှာ တုန်တုန်ရင်ရင် ကြောင်ပြီး ရပ်နေတဲ့ အမေ့ကို လိုက်သွားပြီလို့ အော်ပြောရင်း ရင်တုန်ပန်းတုန်နဲ့ ဘယ်လိုက ဘယ်လို ချောင်းကမ်းပါးထိပ် ရောက်မှန်းမသိပါဘူး။ ကျွန်မတို့နဲ့ တခြံထဲ နေတဲ့ အရင်းနှီးဆုံး မောင်ဝမ်းကွဲလေ။
ကမ်းပါးထိပ်မှာ ရပ်ကြည့်နေတဲ့ လူအုပ်ကြီးကို တိုးဝှေ့ပြီး အဒေါ့်ကို ရှာရပါတယ်။ လူအုပ်ကြီးရှေ့မှာ ဆံပင် ဖိုးရို့ဖါးရားနဲ့ တကယ့်အရူးမကြီး လိုပါပဲ။ ကျွန်မလည်း မျက်ရည်တွေ ဘယ်က ဘယ်လို ကျလာမှန်း မသိတော့ပါဘူး။ ပတ်ဝန်းကျင်တခုလုံး တယောက်တပေါက် ဆူညံနေပေမဲ့ ဘာမှမကြားတော့သလို နားတွေအူ၊ မျက်လုံးတွေ ပြာဝေကာ ရင်ထဲမှာ တင်းကျပ်နေသလို ပါ။
ကျွန်မတို့ ရွာက စစ်တောင်းမြစ် ကမ်းပါးက ရွာပါ။ ရေမြေကောင်းလို့ စိုက်ပျိုးရေး ကောင်းပြီး အလုပ်အကိုင် ပေါလို့ မူရင်း ရွာခံအပြင် ရေကြည်ရာ မြက်နုရာ ပြောင်းလာတဲ့လူများလို့ ရွာက ရွာကြီးပါ။ ရွာမှာရှိတဲ့သူ အားလုံး မြစ်ကို အမှီပြုနေတာပါ။ မိုးတွင်းရာသီ ကမ်းပြည့် ကမ်းလျှံ အချိန်က လွဲပြီး ဒီရေပဲသောက်သုံး ကြတာလေ။ ကျန်တဲ့ တနှစ်ပတ်လုံး မြစ်ရေပဲချိုးလိုချိုး သောက်လိုသောက် သုံးလိုသုံး လိုသလို သုံးကြတာပါပဲ။ ရွာရှိ လူ၊ နွား၊ ဝက် အကုန် မြစ်ရေပဲ ချိုးကြတာ။ ကျွန်မတို့ အငယ်က ရွာမှာ ရေတွင်းဆိုတာ လက်ဆယ်ချောင်းတောင် ပြည့်မှ မပြည့်ပဲ။ ဒါလည်း အုတ်တွင်းတွေ မောင်းတံနဲ့ငင်ရတာ။ အခုနောက်ပိုင်းမှသာ အိမ်တိုင်းနီးပါး တုံကင်တွင်းတွေ ရှိလာလို့ မြစ်ကို သိပ်အားမကိုးကြတော့ဘူး။ အရင်ကဆို နေ့လည် ရေချိုးချိန်ဆို မြစ်ဆိပ်မှာ လူအပြည့်။ ကလေး၊ လူကြီး၊ ကျွဲ၊ နွား၊ ဝက် အကုန်စည်တာ။ လူကြီးတွေ အဝတ်လျှော်တုန်း ကလေးတွေ ရေကူး၊ ရေဆော့၊ ရေချိုး။ အချို့ ယောက်ကျား ကြီးငယ်တွေက အိမ်မှာရှိတဲ့နွားတွေ မြစ်ထဲလာ ရေချိုး ပေးတာ။ မနက် ၁ဝ နာရီကနေ ၁၂ နာရီလောက် မြစ်ဆိပ်မှာ လူ အစည်ဆုံး။ ကလေးတယောက် ရေနစ်လည်း နီးရာလူကဆယ် ရေနက်ပိုင်း သွားတာတွေ့လို့ကတော့ အော်ငေါက် ရိုက်ပုတ်လိုက်တာပဲ။ မိဘတွေကလည်း ရိုက်လို့လည်း စိတ်မဆိုးပါဘူး။ လူများ မျက်လုံးများလို့ အဲလို အချိန်ဆို အသေအပျောက် မရှိလှဘူး။ လူသိပ်မရှိတဲ့ ညနေလို အချိန်မျိုး ကလေးအချင်းချင်း မိဘမသိအောင် ရေဆော့ နစ်ကော။ တယောက်နစ်တာ တယောက်သိလို့ ကယ်ရင်း အရွယ်တူမို့ နှစ်ယောက်လုံး နစ်တာတွေ ရှိခဲ့ဖူးတယ်။ တယောက်နစ်လို့ ကျန်တယောက်က အော်ပြီး အကူအညီတောင်း နီးတဲ့သူ၊ ကြားတဲ့သူက မြစ်ထဲခုန်ချ ကယ်ရတာ။ အနီးအနား လူမရှိလို့ နဲနဲ ကြာရင် မြုပ်သွားပြီး ရှာရတာ မလွယ်လို့ အသက်ဆုံးရတာများတယ်။ အဖြစ်အများဆုံးက ရနှစ်၊ ၈နှစ် ကနေ ၁ဝနှစ် ကျော်စတွေ။ ငယ်တော့လည်း မကူးတတ်လို့ မဖြစ်ဘူး။ ကြီးတော့လည်း ကျွမ်းကျင်လို့ မဖြစ်တော့ဘူး။ ရေနစ်တတ်တဲ့ အဲဒီအရွယ်တွေဆို အတော် သတိထားရတယ်။ ကျွန်မလည်း အငယ်က နှစ်ခါလောက် နစ်ဖူးတယ်။ နီးရာလူ ဆယ်လို့ သေကံမရောက် သက်မပျောက်ခဲ့ပါဘူး။ အမေလည်းသိရော လူကြီးမပါပဲ ရေသွားချိုးရမလားလို့ ဂရုဏာ ဒေါသနဲ့ ရိုက်တာ အချိုးရာတွေ ထပ်လို့။ နောက်ထပ် နစ်မှာဆိုးလို့ တော်တော်နဲ့ ချောင်းထဲ ရေချိုး မသွားရဲဘူး။ အဲ…ကြာတော့လည်း ပြန်သွားတာပါပဲ။ အခုလို အော်သံကြားပြီဆို ရေနစ်တာ ကြာနေလို့ ရှာမတွေ့လို့ အသံထွက်လာတာ ဖြစ်လို့ သေချာတာက ပြန်တွေ့လည်း အသက်ပြန်ပါမလာ နိုင်ပါဘူး။ ဖြစ်လေ့ ဖြစ်ထ ကြုံလေ့ကြုံထ ရှိလို့ အားလုံးလည်း သိပါတယ်။ ကလေးတယောက် ရေနစ်သေလည်း သေတုန်းခဏ ကြောက်ကြတာ။ ကြာတော့လည်း ကလေးရှင်မှအပ မေ့ပြီး ပုံမှန်ပြန်ချိုး ကြတာပါပဲ။ တခါကတော့ ကလေးအမွှာနှစ်ယောက် ရေနစ်ရော။ တယောက်နစ်တာကို တယောက်က ကယ်ရင်း နှစ်ယောက်လုံးနစ်တာ။ တယောက်ကတော့ ချက်ချင်းရှာတွေ့တယ်။ မြစ်ထဲက ကမ်းပါး မပြိုအောင် တားထားတဲ့ ရေကာတာ သစ်ချောင်းကို အတင်းဖက်ထားတာကို ရေငုတ်ရှာရင်း သွားတွေ့တာ။ ကျန်တယောက်ကတော့ တော်တော်နဲ့ ရှာမတွေ့ဘူး။ နာရီဝက် နီးပါးကြာပြီမို့ သေပြီး အောက်ဖက်ကို မျောသွားလောက်ပြီလို့ တွက်ဆပြီး လိုက်ရှာဖို့ ပြင်ကြတယ်။ မိဘတွေဆိုတာ အရူးတပိုင်း။ ချောင်းထဲမှာ ရှာနေတဲ့သူတွေလည်း တယောက်ပြီးတယောက် ကမ်းပေါ် ပြန်တက်လာလို့ လူကုန်သလောက် ဖြစ်နေပြီ။ နောက်ဆုံးတယောက် ကမ်းပေါ်တက်ဖို့ လှမ်းလာရင်း “ဟ…ဒီနားမှာ ပျော့စိစိ တခု နင်းမိတယ်ဟေ့“ လို့ အော်ပြီး သူလည်းရေအောက် ချက်ချင်းငုတ်။ ကမ်းပေါ်ကလူတွေလည်း ချောင်းထဲပြန်ဆင်းပြေးပြီး ရှာကြတာ တွေ့ပါပြီ ကျန်တဲ့ အမွှာတယောက်။ ကမ်းပေါ်ရောက်တော့ လူကြီးတယောက်က ကလေးကို ပုခုံးပေါ် မှောက်တင်ကာ ပြေးတော့ ရေတွေ အန်ထွက်လာပါတယ်။ နီးရာအိမ်ပေါ် ပြေးတက် ရေအိုးကိုမှောက် ကလေးကိုရေအိုးပေါ် မှောက်တင် အပေါ်က စောင်တွေ အထပ်ထပ်ထွေး မီးမွှေးပြီး မီးကင်ပေါ့။ ကံကြီးချက် နှစ်ယောက်လုံး မသေပါဘူး။ ရေထဲမှာ ဒီလောက်ကြာတာဆို သေသွားတာများပါတယ်။ အခုတော့ လူပျိုကြီးဖါးဖါး တွေတောင် ဖြစ်နေပါပြီ။
လူတွေကိုတိုးရင်း ကျလာတဲ့ မျက်ရည်တွေကို လက်ခုံနဲ့ သုတ်လျှက်သား သေချာအောင် “ဘယ်သူ့ ကလေးလဲ ” လို့ ဘေးကလူကို မေးတော့ “အပြုံးကလေး အနောက်ဝိုင်းက ကုလားအပြုံးလေ” ဆိုမှ ဟင်းခနဲ ဖြစ်ပြီး ရင်ထဲမှာ နဲနဲပေါ့သွားပါတယ်။ ရွာမှာက နာမည်တူရင် ကွဲပြားအောင် ဝိသေသ တခု ထည့်ပြောတတ်ပါတယ်။ မိန်းမဆို ယောက်ကျား နာမည်တွဲပြောသလို ယောက်ကျားဆိုလည်း ထိုနည်း၎င်းပေါ့။ အပျို လူပျိုုဆို မိဘနာမည် ထည့်ပြောတယ်။ ရေနစ်တာ ကိုယ့်ကလေး မဟုတ်တော့လို့ ကိုယ်က အပူသက်သာပေမဲ့ သက်ဆိုင်သူကတော့ အရူးမီးဝိုင်းပါ။ မိန်းမတွေက ကမ်းပါးထိပ်မှာ ရပ်နေကြပေမဲ့ ယောက်ကျား အားလုံးနီးပါး ချောင်းထဲမှာပါ။ စပြီးနစ်တဲ့နေရာ၊ မျောသွားနိုင်တဲ့ လမ်းကြောင်းတလျှောက်၊ ကလေးတင်နေနိုင်တဲ့ ဒိုက်နေရာတွေမှာ စိုးရိမ်တကြီး ရှာနေကြပါတယ်။ ရေငုတ်သူကငုတ် စမ်းသူကစမ်းပေါ့။ တနာရီ နီးပါးကြာပြီမို့ အသက်ရှင်လျှက် ပြန်မရမှာ အသေအချာပါ။ ကလေးအမေက သားအတွက် ရတက်ပွေနေလို့ ကိုယ့်ကိုကိုယ် သတိမထားနိုင်တော့ပါဘူး။ မြစ်ဆိပ်ကို ပြေးဆင်းတာ ဇောကြောင့် တလိမ်.ခေါက်ကွေး လိမ့်ကျလို့ အားလုံးက “ဟဲ့…ထိန်းကြပါဦးဟဲ့ မပေါ့မပါးကြီးနဲ့” လို့ ဝိုင်းအော်ကြပါတယ်။ အပူတကာ့အပူမှာ အပူဆုံးမီး၊ ဇောတကာဇောမှာ အကြီးဆုံးဇောကို ရင်ဝယ်ပိုက်မိတာမို့ ကိုယ့်မှာ ကိုယ်လေးလက်ဝန်ကြီးနဲ့ ဆိုတာရယ်၊ ပတ်ဝန်းကျင်က လူတွေရယ်ကို မေ့နေပုံပါပဲ။ “တွေ့ပြီတဲ့ဟေ့”ဆိုတဲ့ အော်သံကြောင့် “ဘယ်မှာလဲ” ပြန်မေးကြတော့ “ဘုန်းကြီးကျောင်းထိပ်မှာဟေ့”လို့ ပြန်အော်လို့ အကုန်လုံး ဘုန်းကြီးကြောင်း မြစ်ဆိပ်ကို ပြေးပါတော့တယ်။ ရွာထဲမှာ ဆူညံညံ အော်သံကြားပြီး မြစ်ထဲမှာ လူတွေတရုံးရုံးမို့ ဦးပဉ္ဖင်းက မြစ်ဆိပ်ကမ်းပါးထိပ်က ရပ်ကြည့်ရာက မြင်တာပါ။ ရေအတိမ်ပိုင်းနေရာမို့ ကလေးက တလိမ့်လိမ့် မျောလာတာကို လှမ်းမြင်လို့ မြစ်ထဲဆင်း ဆယ်ထားတာပါ။ အသက်ကတော့ ပါမလာတော့ပါဘူး။ အလောင်းကို သယ်တဲ့လူက အိမ်ကို သယ်သွားတော့ မိခင်မှာလည်း အနောက်ကနေ ယူကြုံးမရ ပူဆွေးရင်း လိုက်ပါ သွားပါတယ်။
အားလုံးလည်း ကိုယ့်အိမ်ကို ပြန်ရာ လမ်းတလျှောက်လုံး စကားကို မပြောနိုင်လောက်အောင် စိတ်မကောင်းကြပါဘူး။ တချို့ကတော့ ကလေးကို ပြစ်ထားရပါ့မလားလို့ မိဘကို အပြစ်တင်သလို တချို့ကတော့ အော်..သူ့ကံပါလာတာကိုးလို့ ဖြေတွေးကြပါတယ်။ ကလေးရှိတဲ့ မိဘတွေကလည်း ကိုယ့်ကလေးကို လူကြီးမပါပဲ ရေသွားမချိုးဖို့ ဥပမာတွေ ပေးကြပေါ့။ ဒီအဖြစ်ဆိုးဟာ ကလေးရှင် မိဘတွေအတွက်တော့ ရင်ကွဲပက်လက် ပါပဲ။ ဘယ်လိုတွေးတွေး ဖြေမဆည်နိုင်တဲ့ ဝမ်းနည်းမှုပါ။ အခုလို အဖြစ်ဆိုးဟာ ဟိုး..အရင်ကလည်း ရှိခဲ့တာပဲ၊ အခုလည်း ရှိနေသလို နောင်ကော……..။
19 comments
windtalker
July 1, 2011 at 12:53 pm
ရေတိမ်နစ်တယ်လို ့ဆိုရမှာပေါ့
MaMa
July 1, 2011 at 1:08 pm
ကျမတို့လည်း မြစ်ဝကျွန်းပေါ်မှာနေတော့ ငယ်ငယ်က မြစ်ထဲပဲ ရေဆင်းချိုး၊ အဝတ်လျှော် လုပ်ကြရတယ်။ မိုးတွင်းဆို မြစ်ထဲမှာ ရေစီးအရမ်းသန်တာ လူကြီးတွေက သတိပေးတယ်။ ဒါပေမယ့် ကလေးတွေဆိုတော့ ဆော့ချင်တာပဲသိပြီး ရေစီးအတိုင်း လိုက်သွားလိုက်တာ ခဏလေးနဲ့ မြစ်ဝရောက်သွားတယ်။ ရေဆန်ပြန်ကူးတာ ဘယ်လိုမှ မရပဲ လက်ပန်းကျတော့မလို့ တွေ့တဲ့အသိ လှေတစ်စီးက လာခေါ်တင်သွားလို့ အသက်ဘေးက လွတ်သွားဖူးတယ်။
ဆူး
July 1, 2011 at 1:22 pm
ဆူး ရဲ့ အမျိုးနီးစပ် ကလေး တယောက်လည်း ရေနစ်သေသွားတာ သိပ်မကြာသေးဘူး။
ကလေးက ရေဆော့နေကျပဲ.. မြစ်ထဲမှာ ချောက်ကို နင်းမိလို့ ဖြစ်တယ်လို့ ပြောတာပဲ
PaukPhaw
July 1, 2011 at 1:23 pm
မကြုံပါရစေနဲ ့ဗျာ..
ဖတ်ရတာတောင် ရင်ပူလို ့..
ရွှေဘိုသား
July 1, 2011 at 2:27 pm
ကိုယ်တိုင်နစ်ဖူးလို. နောက်ပိုင်း ရေကြောင်းခရီးတောင်ကြောက်ကြောက်နေမိတာ
unclegyi1974
July 1, 2011 at 4:26 pm
ရင်ကွဲတဲ့နေ့ဖြစ်ရမယ်လေသားသမီးဇောကိုး
ရေနစ်သေတာတွေကအခုရောနောင်ရောဖြစ်နေမှာပါ
ကံပါလာရင်ရှောင်လို့မရပါဖူး
မှီကောယုံလားမသိ
hmee
July 1, 2011 at 5:41 pm
ဒါနဲ့ သေရမယ်လို့ ကံပါတဲ့သူဟာ ရှောင်လို့ကိုမရပါဘူး။ နောက်တခု လူတွေဟာ ကိုယ့်သင်္ချိုင်းရှိရာ သွားသေရတယ်ဆိုတာကော ယုံလားမေးရင် ယုံပါတယ်။ အသိတယောက် တခါမှ မရောက်ဘူးတဲ့နေရာကို သေခါနီးမှာ အခက်အခဲ အများကြီးကြားက ရောက်အောင်သွားပါတယ်။ အဲဒီနေရာကို ရောက်ရောက်ခြင်း ကောက်ခါငင်ခါ သေရော။ သယ်ဖို့ အခက်အခဲရှိလို့ အသိမရှိတဲ့ အရပ်မှာ သင်္ဂြိုလ် ခဲ့ရပါတယ်။ အမျိုးထဲမှာလည်း ရှိခဲ့ပါတယ်။ သေခါနီး ကိုယ့်သင်္ချိုင်းကို အရောက်သွားတာတွေကိုပါ။
မိုက်ကယ်ဂျော်နီအောင်ပု
July 1, 2011 at 5:24 pm
ရေနစ်ဘူးမှ ရေကူးတတ်တာလေ
ပြောရဦးမယ်
ရေနစ်တဲ့အကြောင်း
တိုက်ဆိုင်မှုလေးတစ်ခုပါ
ခုကျွန်တော်ပြောတဲ့အကြောင်းကို
သက်ဆိုင်သူမိသားစုများဖတ်မိခဲ့ရင် ခွင့်လွှတ်ပေးစေလိုပါတယ်
ကျွန်တော်
တော်တော်ငယ်ပါတယ် အဲ့သည်တုန်းက
ကလေးဟာကိုး
ရေနစ်ပြီးဆုံးသွားတဲ့သူနာမည်က
ချစ်ဦးလို့ခေါ်ပါတယ်
ညနေဘက်လို သူရေနစ်ပြီး အဲ့သည်လိုဘဲအလောင်းကိုရှာကြတာပေါ့နော
အဲ့သည်နေ့
ရေနစ်တဲ့နေရာကို ဖြတ်သွားရတဲ့ ဘောလုံးကွင်းထဲမှာ ဗဟိုရုပ်ရှင်ပြနေပါတယ်
( ဗဟိုရုပ်ရှင်ဆိုတာက ကျွန်တော်တို့ငယ်ငယ်တုန်းက ကွင်းပြောင်တွေထည်းမှာ
နယ်လှည့်ပြီးပြတဲ့ အလကားပြတဲ့ ရုပ်ရှင်တွေပါ)
အလောင်းကိုပြန်သယ်လာတော့
နည်းနည်းမှောင်နေပါပြီ
တိုက်ဆိုင်တာပေါ့နော
သူ့အလောင်းကို သယ်လာကြတာ အဲ့သည်ရုပ်ရှင်နားကလမ်းကိုဖြတ်တဲ့အချိန်မှာ
ရုပ်ရှင်ထဲမှာ အဆိုတော် ဘယ်သူလဲတော့မသိဘူးဗျ
မိန်းမအဆိုတော်ဘဲ
သီချင်းဆိုတာကို ပြနေတဲ့အချိန်ဖြစ်နေတယ်
သီချင်းက
ချစ်ဦးရေ သောကဟူသမျှတူတစ်ကွ
ဘာညာသာရကာ ဆိုနေတာနဲ့တည့်တည့်သွားတိုးတော့
သူ့အမေများ အော်ငိုလိုက်တာ
လူတွေဆိုတာ ရုပ်ရှင်ကိုမကြည့်ဘဲ
ချစ်ဦးအမေငိုတာကိုဝိုင်းကြည့်ကြတော့တာပါဘဲ
မှတ်ချက်။ ။ ချစ်ဦးအမေကတော့ ဒီဆိုက်ကို လာဖတ်ဖြစ်မည်မထင်
ချစ်ဦးမှာ ညီကိုမောင်နှမတွေဘာတွေရှိလားမရှိလားတော့မသိပါဘူး
ကျွန်တော်လည်းသူ့ကိုမသိပါဘူး
သူ့ညီကိုမောင်နှမတွေလာဖတ်မိရင်ခွင့်လွှတ်ပါ
သဂျီးက သူများနဲ့မတူအောင်မန်းရမယ်ဆိုလို့
သူများရေနစ်သေတာတွေလည်း မကျန်အောင်မန်းရပါတယ် ( ဤကားစကားချပ်တည်း 🙁 )
အာဖျံ ကွီး
July 1, 2011 at 5:28 pm
အာဖျံကွီး အိမ်ဘေးကပ်ရပ်ကကလေးတစ်ယောက်လဲ အိမ်ထဲက အုတ်ကန်(ရေကန်)လေးထဲကျသေသွားတယ် …
စမြင်တဲ့သူက ကလေးကိုဆယ်ယူပီး ဆေးရုံကိုပြေးတာပေါ့ ..
ဆယ်ယူလာတော့ ကလေးပါးစပ်မှာ အမြုပ်တွေချည်းပဲ ..
ကိုယ့်ပါတ်ဝန်းကျင်မှာရေမြုပ်သေတာ မမြင်ဖူးဘူး .. ကြားပဲကြားဖူးတော့ ..
ဘာလဲဟ .. ကလေးက ဆပ်ပြာစားလိုက်တာလား .. ဘာလား လို.တောင်ထင်နေလိုက်သေးတယ် ..
နောက်မှပဲ ရေမြုပ်သေမှန်းသိရတာ ..
တော်တော်ချစ်စရာကောင်းပီး သိပ်သွက်တဲ့ ကလေးလေး …
လမ်းမှာသူ.တွေ.တဲ့သူတိုင်းက မချီပဲမနမ်းပဲ မနေနိင်ဘူး ..
အကြောင်းပါလာတော့ အသေဆိုးနဲ.သေရရှာတယ် .. :'(
hmee
July 2, 2011 at 11:47 am
အဲဒါမျိုးလည်း တွေ့ဖူးတယ်။ ကလေးက လမ်းလျှောက်ခါစ။ အမေဖြစ်သူက အိမ်အောက်မှာ ခဏထားခဲ့ပြီး အိမ်ပေါ်တက်သွားတာ။ ပြန်ဆင်းလာတော့ ခြေဆေးဖို့ ထားထားတဲ့ ရေဇလုံထဲ ခေါင်းစိုက်သေနေတာ တွေ့ရတယ်။ ရေမှ တကယ့်ကို နဲနဲလေး တထွှာတောင်မရှိချင်ဘူး။ ကလေးထားခဲ့တဲ့ နေရာနဲ့လည်း လှမ်းတယ်။ ဆော့တတ်နေတဲ့ အရွယ်လေးတွေဆို အရမ်းသတိထားရတယ်။ တချက်မှ အငြိမ်မနေတဲ့ကလေး ငြိမ်နေရင် ကြောက်ရတယ်။ မျက်စိအောက်က အပျောက်မခံတာတောင် တခါတလေ မျက်စိရှေ့တင် ဖြစ်ဖြစ်သွားလို့။
pooch
July 1, 2011 at 7:06 pm
ဝမ်းနည်းစရာကောင်းတယ် ဒီလိုအဖြစ်ဆိုးတွေကြုံရတာ
နွယ်ပင်
July 2, 2011 at 6:05 am
ှမမှီရဲ့ အရေးအသားက ကောင်းသလို ဇာတ်လမ်းလေးကလဲ တကယ့်အဖြစ်ပျက်လို့ထင်ပါတယ်
ရေနစ်သေသွားတဲ့ ကလေးတွေရဲ့ မိဘတွေဘက်က တွေးရင်းစိတ်မကောင်းဖြစ်မိတယ်
villiager
July 2, 2011 at 8:30 am
သ၁း သမီး သေ တဲ့ မိဘ ရဲ့ ခံစားမှု က အဆိုးဆုံး ပါဘဲ
kai
July 2, 2011 at 8:58 am
မြန်မာပြည်မှရေနစ်အသက်ဆုံးတဲ့ ကလေးတွေဘယ်လောက်များရှိမလည်းမသိ…။
အားလုံးကံကို ပုံချနေတော့ကာ..ဒါမျိုးအဖြစ်တွေ.. အခုလည်းရှိဦင်္းမှာပဲ..နောင်လည်းရှိဦးမှာ အသေအချာပါပဲ..။
တကယ်တော့ … အဖြေတွေရှိပါတယ်..။ လူတွေပဲလုပ်ကြရတာပါ..။
ရွာဆိုရင်တေ့ာ ရွာသားတွေ စုပေါင်းလုပ်ကြရမှာပေါ့…။
အဲဒီလို ခဏခဏဖြစ်တဲ့နေရာဆို… စည်းရိုးတွေကာ.. အသက်ကယ်အကျီတွေ..ဘောတွေစုဝယ်..
အစောင့်တယောက်ကို လစာပေးပြီး အငှားချထား.. အရေးပေါ်အသက်ကယ်နည်း..နှလုံးခုန်အောင် လုပ်နိုင်တဲ့ ..အခြေခံကြက်ခြေနီပညာတွေ..မဖြစ်မနေသင့်ခိုင်း.. စသဖြင့်..နည်းမျိုးစုံတွေနဲ့.. အသက်ဆုံးတာတွေတနှစ်ထက်တနှစ် လျှော့ကျလာအောင်… ဖြေရှင်းသင့်တာပေါ့…။
အင်း… အဲဒီလိုပြောခါမှ..
အဲဒီနေရာနတ်ပွဲပေးရမယ်ဆိုပြီး ငွေသိန်းချီသုံး… လူတွေလုပ်အားသုံးလုပ်ကုန်ရင်
….ဒုက္ခ…
hmee
July 2, 2011 at 12:32 pm
သူဂျီးရေ ပြောပြလို့ မရတဲ့၊ နားမလည်နိုင်တဲ့( ကိုယ်တိုင်ကြုံရသူလို) အခက်အခဲတွေ အများကြီးပါ။ ပြောတဲ့သူက ပြောပြလို့ ရပေမဲ့ လက်တွေ့လုပ်နိုင်ဖို့ လိုက်နာဖို့ ဆိုတာက အကြောင်းကြောင်းတွေ အများကြီးရှိပါသေးတယ်။
antimoe
July 2, 2011 at 3:13 pm
ဘိုကိတ်ပဲ….ဆိုတဲ့…ပို့စ်ထဲမှာလည်း….
အများအကျိုးဆောင်တဲ့သူက….ရေထဲမှာ အသက်ဆုံးသွားတာကို…ရင်နင့်စွာ..ဖတ်လိုက်ရတယ်။
အန်တီစုရဲ့ အကိုလည်း….ရေကန်ထဲမှာ ရေနစ်ပြီးဆုံးတာမဟုတ်လား။
နောက်ပြီးတော့…….
ရေကူးလဲ…..တတ်ပါတယ်။
ကုန်းပေါ်မှာလည်းနေနေတာပါ….(ရေထဲမှာဝင်ဆော့နေခြင်းမဟုတ်ပါ။)
ဆူနာမီကြောင့်….နာဂစ်ကြောင့်…..လူတွေအများကြီး…အသက်ဆုံးရှုံးခဲ့ရတယ်။
ကမ္ဘာကြီးပူနွေးမှုကြောင့်လည်း….ဒါတွေ…ဆက်ဖြစ်ဦးမယ်။
ဆိုတော့ကာ…
ရန်သူမျိုးငါးပါးနဲ့…တွေ့ကြုံရ…..သေဆုံးရမှာ……ဆိုတာမျိုးဖြစ်လာရင်
ကြိုတင်ကာကွယ်မှုတွေ…….ဘယ်လောက်ပဲလုပ်လုပ်ပါ။
ဂျပန်နိုင်ငံက….စာကာမိုတိုလျောမ….ပြောခဲ့တာလေး ပြန်တွေးမိပါတယ်။
ကံဆိုးတဲ့သူဟာ…
ရေချိုးကန်(အိုဖုရော)က အထွက်မှာ ခြေချော်ပြီး
ဥကွဲပြီးလည်း……သေနိုင်တယ်…….တဲ့။
(လူဆိုတာသေမျိုးပဲလို့..ပြောချင်တာလားပဲ။)
သူကတော့ တော်လှန်ရေးသမားဆိုတော့….တိုက်ရင်းနဲ့..သေမယ်ပေါ့။
တိုက်ရင်းနဲ့သေတယ်။
ပုန်းရင်းနဲ့သေချင်သေမယ်။
ပွင့်ချင်လွန်းလို့….ပွင့်ရင်းနဲ့သေမယ်။(မည်သူ့ကိုမျှ…မရည်ရွယ်ပါ။)
ကံဆိုးကံကောင်း…..သေခြင်းရှင်ခြင်း…
ရွေးချယ်လို့မရပါ။
သေမယ့်သူက…..သေမှာပါ။
zoe
July 2, 2011 at 3:50 pm
နွေရာသီကျောင်းပိတ် ရက်တွေမှာ ရေနစ်ကြလွန်းလို့ ဒီမှာတော့ ကျောင်းမှာရေကူးသင်တန်း တွေတက်ရတယ် ။ တချို့ကျောင်းဆိုရေကူးသင်တန်းအောင်မှ အတန်းအောင်တာ ။ first-aid လဲသင်ပေးကြတယ် ။ဒါပေမဲ့ ရေမကူး ရဆိုတဲ့နေရာ တွေမှာ ဆရာမိဘ တွေမသိ အောင် ခိုးကူးကြတော့ သေကြတာပါပဲ ။ အရင်ထက် စာရင် သေတဲ့ရာနှုန်း နည်းမလား တော့မသိဖူးပေါ့ ။
bigcat
July 2, 2011 at 4:38 pm
ရေနစ်သေရင် ငါးဖြစ်ဖို့များတယ်။ သဂျီးငါးမျှားရင် မိတဲ့ငါးတွေက အရင်ဘဝက လူတွေပါဗျို့။ အတုံ့အလှည့် ဆိုတာအမြဲရှိတယ် သဂျီးရေ။ သက်သက်လွတ်စား၊ သီတင်းသီလဆောက်တည်၊ သေရည်သေရက် လုံးဝမသောက်နဲ့။
pan pan
July 4, 2011 at 4:02 am
ဖတ်ရတာ ရင်မောလိုက်တာ
ကာယကံရှင်တွေဆိုရင် ရင်ထဲ ဘယ်လောက်ထိခံစားရမလဲ…