လိပ်ပြာလွှင့်ဖူးကြလား
ဒီနေ့ မေးလ်ထဲကို ဝင်လာတဲ့ subject လေးတခုကြောင့် ကျွန်မစိတ်တွေ လှုပ်ရှားသွားခဲ့ရပါတယ်… ။ သုံးလေးနှစ်မက ကျွန်မဆက်မကြိုးစားတော့ဘူးလို့ …. ဆုံးဖြတ်ထားတဲ့ ကိစ္စအကြောင်းပါပဲ … ။ လိပ်ပြာလွှင့်ခြင်းအကြောင်းလေးပါ … ။ ကျွန်မ ကျောင်းပြီးလို့ အားနေတဲ့ အချိန်တုန်းက စာအုပ်တချို့တလေ ဖတ်ဖူးပါတယ်… ။ အပြောနဲ့တင် မယုံပဲ လက်တွေ့ စူးစမ်းချင်တဲ့ စိတ် ဓါတ်ခံရှိသူမို့ … လိပ်ပြာလွှင့်ခြင်းနဲ့ ပတ်သတ်တဲ့ စာအုပ် ၊ ဆောင်းပါး ၊ မြန်မာဘာသာနဲ့ရော … အင်္ဂလိပ်ဘာသာနဲ့ပါ ဖတ်မိတဲ့ အခါ … အရမ်းကို စိတ်ဝင်စားနေခဲ့တာပေါ့ … ။ မသိစိတ်နဲ့ နေရာမျိုးစုံကိုသွားနိုင်တယ်လို့ ဖော်ပြထားပြီး … ကိုယ်တိုင်လည်း ကျင့်ကြံလျှင် ရပါတယ်တဲ့ … ကျွန်မလည်း မယုံတဝက်ယုံတဝက်နဲ့ ကျင့်ကြံမိပါတယ်… ။ ခေါင်းအုံးနဲ့ ခေါင်းထိထိချင်း အိပ်ပျော်သွားတတ်တဲ့ ကျွန်မက ဘယ်လိုမှ မသိစိတ်ကို ကိုယ်ထဲက ခွဲထုတ်မရခဲ့ပါဘူး … ။ ကြာလာတော့ လိပ်ပြာလွှင့်ခြင်း လေ့ကျင့်မှူကို ကျွန်မ အယုံကြည်မဲ့လာခဲ့ပါတယ်… ။ မဖြစ်နိုင်တာ လျှောက်ရေးထားတယ် အမှတ်နဲ့ … ပေါ့ပေါ့တန်တန်ပါပဲ … ။
ကျွန်မ ကိုရီးယား ဘာသာစကားတတ်တဲ့ အခါ သင်တန်းဆရာ (ဆရာ့နာမည် မရေးတော့ပါဘူး … ကိုရီးယားဘာသာစကားကို နှစ်ပေါင်းများစွာ သင်ခဲ့တဲ့ ဝါရင့် ဆရာတယောက်ပါ … မြန်မာလူမျိုးပါ လက်ရှိလည်း သင်တန်းတွေ ပို့ချနေတုန်းပါ … ) ဆရာနဲ့ စကား လက်ဆုံကျရင်း … ဆရာက သူ့ အမူအကျင့်အကြောင်းကို အမှတ်တမဲ့ ဖွင့်ပြောမိတဲ့အခါ … ကျွန်မစိတ်တွေ ပြန်လှုပ်ရှားမိပြန်တယ်… ။ ဆရာပြေတာ .. သူ လိပ်ပြာလွှင့်ခြင်း အတတ်တတ်တယ်ဆိုတာပါပဲ … ။ အထူးတလည် သင်ယူထားတာ မဟုတ်ပဲ ပါရမီကိုကပါလာတာမျိုးပါတဲ့လေ… ။ ကျွန်မအပါဝင် တခြား သူငယ်ချင်း အများစုတွေကတော့ ဆရာပြောတာ မယုံကြပါဘူး…
ဆရာပြောပြတာကလေ …. သူ ညည အိပ်ပျော်သွားပြီဆိုလျှင် အ ိပ်မက်တစ်ခုထဲကိုပဲ စွဲမြဲစွာ မက်ပါသတဲ့ .. အိပ်မက်ထဲမှာ တိမ်တွေလို ..အာကသလို နေရာမျိုးမှာ မျောလွင့်နေရပြီး …. ကြောက်စိတ်လည်း လုံးဝမဖြစ်ပါဘူးတဲ့ … အိမ်မက်ထဲမှာ သူနဲ့ အတူ တချို့သော သက်ရှိ အရာဝထ္ထုတွေ မျောလွင့်နေတာကို တွေ့တဲ့အခါ ကောက်ယူ ကြည့်လျှင် နိုင်ငံတကာက ငွေကြေးတွေပါပဲတဲ့ … သူ့လက်က လွှတ်လိုက်တဲ့အခါ ခုဏက ကိုင်ဆုတ်ထားတဲ့ ငွေကြေးက ဆက်လက်စီးမျောနေပါရောတဲ့လေ… သူ့တသက်နဲ့ တကိုယ် အမေရိကန်ဒေါ်လာနဲ့ ကိုရီးယားငွေကလွဲလို့ တခြား ဘာအတန်မှ သူမသိပဲနဲ့ … အိပ်မက်ထဲမှာ မျောလွင့်နေတဲ့ ငွေကြေးတွေကို ကြည့်ရင်း စိတ်ထဲ ဘယ်နိုင်ငံက သုံးတဲ့ ငွေလဲဆိုတာ သိပါသတဲ့ … ဆရာ့စကားဆုံးတဲ့ အခါ … အားလုံး တညီတညွတ်တိုင်း ဝိုင်းအော်လိုက်တာကတော့ … မယုံပါဘူးတဲ့လေ … ဟုတ်ပါတယ်…ဘယ်လိုမှ ယုံနိုင်စရာမကောင်းလို့ပါ… ။
ဆရာကလည်းပြောပါတယ်… ယုံချင်မှယုံတဲ့ … ငါတကယ်ကို အိပ်မက်မက်နေခဲ့တာ အနှစ် အစိတ်လောက်ရှိပြီတဲ့လေ … အိပ်မက်တခုထဲကိုပဲ စွဲမြဲစွာ မက်ပါသတဲ့ … ။ အိပ်မက်ထဲ တစ်ခါတစ်လေ … သွားလာနေရင်း … မျောလွင့်တာကို ရပ်ချင်ပြီလို့ စိတ်မှန်းယုံနဲ့ … ရောက်ရှိတဲ့နေရာမှာ ရပ်လိုက်လျှင် နိုင်ငံတနိုင်ငံရဲ့ အထင်ကရနေရာမျိုးတွေ ရောက်သွားတတ်ပါသတဲ့ … ထူးခြားတာက သူ့အိပ်မက်ထဲမှာ ဘာ သက်ရှိမှ မတွေ့ပဲ … အဲ့ဒီနေရာကို လည်ခွင့်ရခဲ့တာပါပဲ… သူမယုံလို့ စာအုပ်တွေ ထဲ ရှာဖတ်ကြည့်တော့ …. သူရောက်ခဲ့တဲ့နေရာရဲ့ မြင်ကွင်းနဲ့ အထိမ်းမှတ် ပုံစံတွေက စာအုပ်ထဲကနဲ့ တထေရာတည်း တူနေတာပါ … ။ သူ့ကိုယ်သူလည်း အံ့ဩရပါတယ်တဲ့လေ… ။ လေယာဉ်ခမကုန်ပဲ နိုင်ငံ အတော်များများကို သူရောက်ဖူးခဲ့လို့ပါတဲ့… ။ ကိုရီးယားဘာသာ စကားသင်တန်းလာတတ်တဲ့လူတွေထဲမှာ နိုင်ငံခြား သဘောင်္သားတွေပါတယ်… သူတို့ရောက်ဖူးတဲ့ နေရာလေးတွေ ပြောပြလျှင် … ဆရာပြောတာနဲ့ တူနေပါတယ် … သူတို့လည်း ဟုတ်တယ် မှန်တယ်လို့ချည်းပဲ လက်ခံထားကြရတော့တယ်… ။ အိပ်မက်ထဲမှာ ရောက်ဖူးတယ်ဆိုတာကို ဘယ်သူမှတော့ လက်မခံကြပါဘူး … ။ ဆရာကလည်း မုသားပြောမဲ့လူမျိုးမဟုတ်ပေမဲ့ … ကျွန်မတို့ ဘယ်သူမှ မယုံပါဘူး … ။
တနေ့ကျတော့ ဆရာက ဆိုလာပြန်ပါတယ် …. မင်းတို့ကိုပြောပြီး သိပ်မကြာဘူး …. ငါ့အိပ်မက်ထဲမှာ … ငါ့လိုစီးမျောနေတဲ့ သက်ရှိတယောက်တွေ့တယ်တဲ့… သူကငါ့ကိုပြုံးပြလို့ သေချာကြည့်တော့ မြန်မာလူမျိုးပဲတဲ့… ။ ငါတို့ စကားတွေ ဖောင်ဖွဲ့ခဲ့သေးတယ်… ဘယ်နိုင်ငံက ဘယ်ရေကန်နားမှာလည်း မသိဘူး … ။ဆရာကတော့ ပြောရှာပါတယ် .. ကျွန်မကိုက သံသယစိတ်နဲ့မှတ်မထားမိလို့ပါ … ။ တနေ့ ဆရာ လ္ဘက်ရည်ဆိုင်ထိုင်တော့ ရှေ့စားပွဲက ကြိုရောက်နှင့်နေတဲ့လူက သူ့ကို ပြုံးပြတယ် …. ဆရာ့စိတ်ထဲတော့ သိသလိုလိုပဲပေါ့ … ။ ခေါင်းထဲမှာတော့ ဘယ်မှာ သိတဲ့ အသိလဲ …အချဉ်ဖမ်းတာလား မသိဘူးဆိုပြီး တည်တည်နေတဲ့အခါ … ထိုလူက စားပွဲဝိုင်ကနေ ကူလာသတဲ့… သူ့ရှေ့ထိုင်ပြီး ဟိုနေ့က လိပ်ပြာလွှင့်ရင်း ဆုံခဲ့ကြောင်း ၊ ရေကန်နားမှာ စကားတွေပြောခဲ့ကြောင်းပြောတော့မှ … အာ ဟုတ်တယ်ဟုတ်တယ် မှတ်မိပြီဖြစ်ရော …။
ဆရာက အိပ်မက်ထဲကလူနဲ့ အပြင်မှာဆုံတာ အထူးဆန်းတယ်လို့ ပြောတော့ … အိပ်မက်မှမဟုတ်တာတဲ့ …မသိစိတ်က လိပ်ပြာလွှင့်နေခြင်းပါတဲ့… ။ အိပ်မက်ထဲမှာသာဆို တဦးတယောက်အိပ်မက်ထဲ နောက်တယောက်က ရောက်နေသည့်တိုင် မသိနိုင်ပါဘူးတဲ့ … လိပ်ပြာလွှင့်ခြင်းသည် ကြိုးစားသင်ယူလျှင်ရကြောင်းပြောကာ ထိုလူနဲ့ လမ်းခွဲခဲ့တယ်လို့ … ဆရာကပြောပါတယ်… ။ ဆရာ့အသက် ငါးဆယ်ကျော်ပါပြီ … အနှစ်အစိတ်လောက် လိပ်ပြာလွှင့်နေခြင်းကို အိပ်မက်မက်ခြင်းရယ်လို့ ထင်ခဲ့မိတာပါတဲ့… လွန်ခဲ့တဲ့ လေးငါးနှစ်ကတည်းက အိမ်မက်လည်း ထပ်မမက်တော့သလို … အခုတော့လည်း လိပ်ပြာလွှင့်ချင်တယ်ဆိုတာတောင် ဘယ်လို လုပ်ရမှန်းမသိပါဘူးတဲ့လေ… ။
ဆရာ့စကားကြားပြီး စာအုပ်ဖတ်ဖူးတဲ့ ကျွန်မ တစခန်းပြန်ထလို့ လာပါပြီလေ… ။ လိပ်ပြာလွှင့်ခြင်းအကြောင်းလေး ပြန်လုပ်ကြည့်ဦးမှပဲ … လေယာဉ်ခမကုန်ပဲ နိုင်ငံစုံလည်လို့ရတာ နည်းတဲ့ အခွင့်ရေးလားလို့ လေ…. ဒီလိုနဲ့ … သင်တန်းသာ ပြီးသွားတယ် ကျွန်မလေ့ကျင့်မှူ မအောင်မြင်ပါဘူး … အိပ်လိုက်တာနဲ့ … မိုးလင်းထိ မသိစိတ်ရော ၊သိစိတ်ရော တုပ်တုပ်မျှမလုပ်တော့ဘူးလေ… ။
သင်တန်းပြီးလို့ သွားစရာမလိုတဲ့ အချိန် လိပ်ပြာလွှင့်ခြင်းပြောဖူးတဲ့ ဆရာ့အကြောင်းတောင် မေ့မေ့ပျောက်ပျောက်နေတဲ့ အချိန်… လေ့ကျင့်မှူမပါပဲ … ကျွန်မဆန္ဒမပါပဲ … လိပ်ပြာလွှင့်သွားတဲ့ ညတညရှိခဲ့ဖူးတယ်… ။ အိပ်တုန်းကတော့ သာမန်အိပ်လိုက်တာပါပဲ … ။ နောက်တာ့ …. ကျွန်မလှေစီးရသလို တငြိမ့်ငြိမ့်လေး ခံစားရတယ်… ။ လူကလည်း ဖလုပ်တင်း ဖြစ်နေတဲ့ပုံစံပါ… ပေါ့ပါးလတ်ဆတ်နေတာတော့ အမှန်ပဲ… သတိပြန်ဝင်တဲ့ အချိန် အောက်ငုံကြည့်တော့မှ အယ်… ငါ့ ခန္ဓာကိုယ်ကြီး အိပ်နေတာပါလားတွေ့တော့တယ်…… လိပ်ပြာလွှင့်တာ သိရကာ အရမ်းတုန်လှုပ်သွားပြီး …သူများလိုလျှောက်တောင် မသွားရသေးဘူး …ကိုယ်ခန္ဓာထဲ ပြန်ကပ်လို့မရမှာစိုးလို့ … အတင်းကို ကိုယ့်ကိုယ်ပေါ်ကိုယ် ဒိုင်ဗင်ဒိုးလိုက်တယ်… ။ သံလိုက်ဓါတ်တူချင်း တွန်းကန်သလို ကိုယ်နဲ့ စိတ်တသားထဲဖြစ်ဖို့ အတော်လေးကပ်တာတောင် ပြန်ပြန်ခွာထွက်နေတုန်းလေ… ။ ကြောက်ကလည်းကြောက်တာမို့ ပျော်စရာလို့တောင် မခံစားလိုက်ရပါဘူး … အားကုန်ကိုယ်ထဲ ကပ်လိုက်တော့မှ … ဝရုန်းသုန်းကားဖြစ်သွားတော့တယ်… ထမင်းလုံးတစ္ဆေခြောက်သလို ခံစားမှူမျိုးဖြစ်ပြီး … နိုးလာတော့တယ်… ကျွန်မကြုံခဲ့ရတာ စိတ်စွဲလို့ အိပ်မက်မက်တာလား … လိပ်ပြာလွှင့်သွားခဲ့ခြင်းလား မသိပါဘူး … ဒါပေမဲ့ ပထမဆုံးအတွေ့ကြုံကြောင့် ကြောက်လွန်းတဲ့ အသိက ဘာနဲ့မှ လဲမရတာမို့ … ထပ်ပြီး လိပ်ပြာလွှင့်ချင်တဲ့စိတ်ပျောက်ဆုံးသွားပါတော့တယ်… ။ လေယာဉ်ခမကုန်ပဲ ကမ္ဘပတ်ဖို့ မပြောနဲ့ … ကိုယ်နဲ့ မသိစိတ် ခဏလေး အိပ်မက်လိုလို ၊ တကယ်လိုလို ကင်းကွာသွားချိန်မှာတောင် အတော်လေ း ထိတ်လန့်သွားခဲ့တာမို့ … နောက်ဘယ်တော့မှ ဆက်ကြိုးစားမှာ မဟုတ်တော့ပါဘူး … ။
ကျွန်မမေးလ်ထဲကို ဝင်တဲ့ စာကလေးရဲ့ လင့်ကတော့ …
http://forverfriends.ning.com/profiles/blog/show?id=2863689%3ABlogPost%3A4639672&xgs=1&xg_source=msg_share_post
30 comments
pan pan
July 5, 2011 at 8:09 am
အဲဒါ အခန့်မသင့်ရင် အသက်ပါသွားတဲ့လူတွေရှိတယ်ဆိုပဲ
susunosuki
July 6, 2011 at 1:36 pm
အသက်ပါမပါတော့ မသိဘူး။ မိန်းမတစ်ယောက် သူများရသွားတဲ့ ကြောင်းတစ်ခုတော့ ကြားဖူးတယ်။
တစ်ခါတုန်းက စာရေးဆရာတစ်ယောက်ရှိတယ်။ သူက ထူးထူးခြားခြား လိပ်ပြာလွှင့်နိုင်တယ်။ အဲဒီအစွမ်းနဲ့ပဲ လေယာဉ်ခ မကုန်ပဲ ကမာ္ဘကျော် အထိမ်းအမှတ် နေရာတော်တော်များများကို ရောက်ဖူးခဲ့တယ်။ သူ့ရဲ့ သူမတူတဲ့ စွမ်းအားကို သဘောကျပြီး ကျိတ်ဂုဏ်ယူနေတာပေါ့။
တစ်နေ့တော့ စာရေးရင်းနဲ့ပဲ ပျင်းပျင်းရှိတာနဲ့ ကိုယ့်ကိုယ်ကိုယ်လိပ်ပြာလွှင့်မိတယ်။ သိပ်မကြာပါဘူး။ အိမ်ပြတင်းပေါက်ကနေ သူ့ထားခဲ့တဲ့ သူ့ခန္ဓာကိုယ်မှာ ထူးခြားတာ တစ်ခုဖြစ်နေတာကို တွေ့လိုက်ရတယ်။
အမှန်ဆို အိပ်ပျော်နေရမယ့် ခန္ဓာကိုယ်က စာဆက်ရေးနေတာပဲ။ သူ အထိတ်တလန့် ဖြစ်သွားပြီး အနားတိုးသွားတော့ ဟိုဟာကြီးက လှည့်လာတယ်။
”အောင်မယ်လေး” ”မင်းဘယ်သူလဲ”
”သိပ်မကြောက်ပါနဲ့ ငါညိုကြီးပါကွ”
သူသိပ်ကြောက်သွားတယ်။ ညိုကြီးဆိုတာ ကသူတို့အိမ်နားက ဆိုက္ကားဆရာတစ်ယောက်။ တစ်နေ့ အရှိန်ပြင်းကားတစ်စီးက ညိုကြီးဆိုက္ကားကို ဝင်တိုက်လို်က်တော့ ဆိုက္ကား ပျက်စီးသွားတယ်။ ညိုကြီးလည်းသေသွားတယ်။ ရုတ်တရက်သေတော့ အစိမ်းသေပေါ့။
”မင်းငါ့ခန္ဓာကိုယ် ထဲဘာဝင်လုပ်နေတာလဲ”
”မင်းကြည့်ရတာ ပြာယီးပြာယာနဲ့ ကွာ ကိုယ့်ဖာသာကိုယ့်ခန္ဓာကိုယ်ထဲ မနေပဲ လျှောက်ထွက်ထွက်သွားတာကို စပ်စုတာကိုကွ။ ငါမင်းကို ဟိုရှေ့က ပိတောက်ပင်ပေါ်က စောင့်ကြည့်နေတာကြာပြီ။ ငါလည်း ခန္ဓာကိုယ် တစ်ခုဝင်ဖို့ လိုနေတာနဲ့ အတော်ပဲ။ ဒီခန္ဓာကိုယ် ကိုငါယူလိုက်ပြီ။”
”ဟေ့လူ ခင်ဗျား အဲသလိုမလုပ်နဲ့လေဗျာ၊” ”ခင်ဗျား” ”ခင်ဗျား”
သူတို့ပြောဆိုနေတုန်း သူမိန်းမ အခန်းထဲဝင်လာတာတယ်။
”မောင်ရေ မအိပ်သေးဘူးလား။ ညည့်နက်နေပြီလေ။”
”အေးအေးအိပ်မယ်လေ မောင်ပြီးပါပြီ။”
ညိုကြီးက ပြောပြောဆိုဆိုနဲ့ ထိုင်ခုံကထပြီး သူ့မိန်းမကို ပုခုံးဖက်ပြီး သူတို့ အိပ်ခန်းထဲလှမ်းဝင်တယ်။ သူ့မှာသာ သွေးရူးသွေးတမ်း။ ဒေါသထွက်လိုက်တာမှ ငယ်ထိပ်ရောက်နေပြီ။ ညိုကြီးကို တားမယ်ဆိုပြီး သူပါအိပ်ခန်းထဲ လိုက်ဝင်မယ်လုပ်တော့ ညိုကြီးက
”မင်းခုထိ စပ်စုဦးမလို့လား”
(ဖတ်ဖူးတဲ့ ဟာသတစ်ခုပါ။ ဆက်စပ်နေလို့ ပြန်ရေးလိုက်တာ။ မူရင်းစာရေးဆရာတော့ မမှတ်မိတော့ဘူး။ )
နွယ်ပင်
July 5, 2011 at 9:03 am
အဲတာ တကယ်ရှိတာလား အရင်က စာအုပ်တွေထဲမှာတော့ ဖတ်ဖူးတယ် ဒါပေမဲ့
သိပ်မယုံခဲ့ဘူးလေ …
R Ga
July 5, 2011 at 9:52 am
ဆရာတာရာမင်းဝေ ဝတ္တုတစ်ပုဒ်မှာဖတ်ဖူးတယ်။အဲဒီထဲကဇာတ်ကောင် က အဲဒီလိုလိပ်ပြာလွင့်နည်းကျင့်နေတာ အတော်ကြာပြီတစ်နေ့သူအောင်မြင်လည်းအောင်မြင်သွားရော သူအိမ်ကိုသူပြန်လာတဲ့အချိန်မှာ သူခန္စာကိုယ် ထဲကိုအခြားတစ်ကောင်ဝင်နေတာတွေ့ရသတဲ့။ ပိုးဆိုးတာက သူခန္စာကိုတည်းဝင်သွားတဲ့အကောင်က သူမိန်းမနဲ့ အတူအိပ်ရာထဲဝင်သွားတယ်တဲ့ သူမှာဘာမှလုပ်လို့မရဘဲ..။ သူခန္ဒာကိုယ်ပြန်ပေးဆိုပြီလုပ်နေရတယ်။
etone
July 5, 2011 at 10:06 am
ဟုတ်လားကိုအာဂရေ… ကြံကြံဖန်ဖန် ကြုံလည်းကြုံတတ်ပါပေတယ်… ။
သဘာဝလွန်ဖြစ်ရပ်တွေက ရှိတယ်လည်းပြောလို့ ရသလို ၊ မရှိဘူးလို့လည်း ပြောလို့ရတယ် ။ နားလည်ရခက်ပါတယ် ။
forever
July 5, 2011 at 11:00 am
ကိုအာဂရေ
ခင်ဗျားပြောသလိုဆို..ဒုက္ခ
meengelay
July 5, 2011 at 11:33 am
အီးးးးးးးးးး လွှင့်ရဲဘူး လိပ်ပြာကော ပိတုန်းကော ကြောက်ဒယ် ပြန်ဝင်လို့မရရင်အခက်
Big Defender
July 5, 2011 at 12:24 pm
ဟုတ်တယ်အန္တရာယ်တော့ များတယ်။
မိုက်ကယ်ဂျော်နီအောင်ပု
July 5, 2011 at 12:48 pm
ကံ၊ စိတ်၊ ဥတု၊ အဟာရ တည်းဟူသော
အကြောင်းဖြင့် အသက်ရှင်သည်မည်သော
မည်သည့်သတ္တဝါမဆို
လိပ်ပြာဟူသော ဝိဉဏ်ကောင် ရှိသည်ဟု
အယူရှိခဲ့သော်
ထိုသောအယူသည် မှားသော မိစ္ဆာ ဒိဌိ အယူသာတည်း။ လို့တော့ ကြားဘူးတာဘဲ
ဒီလိုလည်း ဓမ္မစာပေမှာလာသေးတယ်
( အထူးသိတတ်သော အကြောင်းကြောင့် ဝိညာဏ် ဟုဆိုရ၏
အဘယ်သို့ အထူးသိတတ်သနည်း
ချမ်းသာဟုလည်းအထူးသိတတ်၏။ ဆင်းရဲဟုလည်းအထူးသိတတ်၏။
ဆင်းရဲမဟုတ် ချမ်းသာမဟုတ်ဟုလည်း အထူးသိတတ်၏ )
အထက်က အကြောင်းအရာတွေကတော့
ကျုပ်အာဘော်တစ်ခုမှ မပါပါဘူး
ကျုပ်ရဲ့အမြင်ကတော့မည်သည့်သတ္တဝါမဆို
ခန္ဓာကိုချန်ပြီး ဝိညာဏ် ခြည်းဘဲ သွားလို့တော့မရတန်ဘူးလို့ယူဆတယ် ( အဘိဓမ္မာ )
တစ်ချို့တွေ အကြောင်းကြောင်းကြောင့် မျောနေတဲ့အချိန်မှာ
ဝိညာဏ်က ဟိုရောက်သွားတယ် ဒီရောက်သွားတယ်ဆိုတာလဲ ကြားဘူးတွေ့ဘူးကြမှာပါ
ဒီအချိန်မှာ ခန္ဓာနဲ့ ဝိဉာဏ် ဟာ လုံးဝပြတ်တောက်သွားပုံတော့မရပါဘူး
တစ်ခုတော့ရှိတယ် အကြောင်းကြောင့်
စိတ် ဈန်သမာပတ်ရှိခဲ့ရင်တော့ ကျုပ်တို့အရပ်စကားနဲ့ပြောရင် နှစ်ကိုယ်ခွဲသလိုတော့ဖြစ်မလားဘဲ
ဘာဖြစ်လို့လဲဆိုတော့
တစ်ခါတစ်လေ ကျုပ်ကိုယ်တိုင် ဗရုပ် လုပ်ပြီးလိုက်ကလိတာရှိဘူးတယ်
သတ္တဝါတစ်ခုမှာ နာမ်တစ်ခုသာကိန်းတယ်
ဒီတွက်ကြောင့် ဝင်ပူးတယ်ဆိုတာ အဘိဓမ္မာနဲ့မကိုက်ဘူးလို့ဆိုတာပါ
( ပညာရှင်တွေအတွက်ပါ တွေးခေါ်နိုင်အောင်ပါ ကျုပ်ကတော့ ပညာရှင်မဟုတ်ပါဘူး
အမှန်ဆို ဒီအေကြာင်းတွေကို ပြောဘို့ ကျုပ်သိပ်အလိုမရှိပါဘူး လွဲကုန်မှာဆိုးလို့ပါ
နာမ်ဆိုတာ ညွှတ်တတ်တဲ့သဘောရှိပါတယ်
မမြင်ရတဲ့ပရလောကသားတွေဟာ စိတ်ညွှတ်သူ ( ကြောက်တတ်သူ )
များကို ဝင်ပူးတတ်ပါတယ်
ဒီအခါမှာ နာမ်တစ်ခုစီကို အခြားနာမ်တစ်ခုက ဝင်ပူးလို့ရသလားဆိုတဲ့
မေးခွန်းက ရှိလာမှာပါ
ခုနကပြောသလို ညွှတ်တတ်သူမှာသာ ပူးလို့ရမှာပါ
ဥပမာ အလွန်အားကြီးသော သတ္တဝါတစ်ကောင်က
အလွန်အားငယ်သော သတ္တဝါတစ်ကောင်ကို ကိုင်တွယ်ပြီး လိုသလိုဆောင်ကျဉ်းတဲ့သဘောရှိမှာပါ
အမျိုးသမီးငယ်တစ်ယောက်ကို အလွန်အားကောင်းမောင်းသန်သော
လူယောက်ကျားတစ်ယောက်က လိုသလိုချုပ်တည်းပြီး
အဓမ္မကျင့်တဲ့သဘောကို မြင်ယောင်ကြည့်နိုင်ပါတယ်
ဒီသဘောနဲ့ပတ်သက်ပြီးရှင်းထားတဲ့စာပေတွေကို လိုက်ရှာနေတာမတွေ့သေးလို့ပါ
အထက်ပါအကြောင်းကတော့ ကျုပ်ဘာသာတွေးကြည့်တာပါ
မှတ်ချက်။ ။ ကျွန်ုပ်၏ ဖောလ်ချက်တည်း။
……………………..
……………………
တိုက်ဆိုင်တယ်လို့တောင်ပြောလို့ရတယ်
လွန်ခဲ့တဲ့ညက ကျုပ် အိပ်မက်မက်တယ်ဗျ
တစ်သက်နဲ့တစ်ကိုယ် ဒီလိုတစ်ခါမှ မမက်ဖူးဘူး
ကျုပ်က ဟာလီကော်ပရာကြီးစီးရတယ်လို့အိပ်မက်မက်သဗျ
ဒါပေမယ့် မနိမ့်ဘူးဗျို့
မနိမ့်ဆို
ကျုပ်က ဟာလီကော်ပတာရဲ့ ခေါင်မိုးပေါ်ကနေ မှောက်ရက်ကြီး
တက်စီးနေရတယ်လို့မက်တာကိုး
တော်ပါသေးတယ်
ရှူရှူးပေါက်ခြင်လို့တစ်ရေးနိုးလာလို့
မဟုတ်လို့ကတော့
ဟာလီကော်ပတာ ခေါင်မိုးပေါ်ကနေ ဘယ်လောက်ကြာကြာစီးရမယ်မသိ
ဆူး
July 5, 2011 at 2:54 pm
အိပ်မက်နဲ့ ပတ်သတ်ပြီး ထူးခြားတယ်လို့ ခံစားရတဲ့ အကြောင်းတွေ အများကြီး ကြုံးဖူးတယ်။
တခါတရံ ဘယ်ရောက်မှန်း မသိပဲ လည်ပတ်သွားလာနေရင်း ငါအိမ်ပြန်မှ ဖြစ်မယ် ဆိုပြီး ပြန်လာ လိုက်တာ လမ်းထိပ်လောက်တော့ မှတ်မိတယ်။ ပြီးတော့ နိုးလာတယ်။ အိပ်မက်ထဲမှာ လမ်းမလျှောက်ဘူး အမြဲတမ်း လိုချင်သလို လွင့်ပါးပြီး သွားလို့ရတယ်။ အကြိမ်ကြိမ်ပါပဲ။ သတိတော့ ထားတယ် လမ်းမလျှောက်ဘူး ဆိုရင် အိပ်မက်မက်တယ် လို့ သတိထားပေမဲ့ နိုးမှ သတိရတယ်။
မင်းပြည့်ရှိန်
July 5, 2011 at 3:25 pm
Dream is a collection of scattering thoughts.
ကိုပေါက်(မန္တလေး)
July 5, 2011 at 4:56 pm
တော်ပြီ လိပ်ပြာကို လွင့်လဲ မလွင့်ဘူး။
လွှင့်လဲ မလွှင့်ဘူး။
အာဂပြောသလိုဖြစ်နေရင်ဒုက္ခနော်။။
pooch
July 5, 2011 at 5:01 pm
“Insidious” အဲ့ဒီ ရုပ်ရှင် ကားကို ကြည့်ကြည့်လိုက်။ ထွက်တာ မကြာသေးဘူး .. လိပ်ပြာလွှင့်တတ်တဲ့လူ တွေ အကြောင်းရယ် အဲ့ဒီလို လွှင့်ရင်းကမထင်မှတ်ပဲ ဒုက္ခရောက်ရတဲ့ အကြောင်းကို ရိုက်ထားတာ… ကြည့်လို့တော့ အတော် ကောင်း …
ဒါပေမဲ့ ကြောက်တတ်ရင်တော့ မကြည့်နဲ့ပေါ့လေ …ကြိုပြောထားတယ်နော်.
လိပ်ပြာလွှင့်တတ်တဲ့ သူတွေ အကြောင်း ကို စာအုပ်တွေထဲမှာတော့ ဖတ်ဖူးတာ ကြာပါပြီ…
nature
July 5, 2011 at 5:36 pm
လိပ်ပြာ ပဲ ဖမ်းဖူးတယ်။
bigcat
July 6, 2011 at 7:56 am
အဲဒီလို့ လိပ်ပြာလွှင့်တာကို ဝိညာဉ်လို့ယူဆကြရင် ကိုအောင်ပုပြောသလို ဗုဒ္ဓဘာသာကျမ်းဂန်တွေအရ မှားတယ်လို့ ဆရာတော်များ အကိုးအကားနဲ့ ပြောတာတွေရှိပါတယ်။ အဘိဓမ္မာအလိုအရ ဝိညာဏ်လိပ်ပြာ လွင့်တာမဟုတ်ဘဲ နာမ်ကစေလိုရာသွားလို့ရတယ်ထင်တယ်။ တရားရိပ်သာတွေမှာ တချို့ဆို သမထအာရုံနဲ့ ထိုင်ရင်၁၂နာရီ၊ ၂၄နာရီထိုင်နိုင်တယ်။ တရားပြဆရာတွေသိရင်တော့ ဆူတာပေါ့နော်။ ဒီနေ့ခေတ်မှာလည်း ကန္ဓီကမ္မဌာန်းနည်းနဲ့ တရားထိုင်ရင် ယောဂီတွေကို ရှေ့ပိုင်းသမထရက်တွေအတွင်း ဈာန်သမာဓိအစွမ်းနဲ့ ကမာ္ဘတလွှား၊ နတ်ပြည်၊ ငရဲပြည်စတာတွေကို သွားခိုင်းကြောင်း ကိုယ်တွေ့စာအုပ်ရှိတယ်။
ကျနော်လည်းတလောက အိပ်ရင်းနဲ့ အာနာပါနအသိတင်လိုက်ရင် တကိုယ်လုံးပူစီပေါင်းလို တပွက်ပွက်ဖြစ်သွားပြီး လွှင့်မျောသလိုဖြစ်သွားတယ်။ ဒါနဲ့ သတိထားကြည့်တော့ ( ဖြစ်တော့မယ်အချိန်အထိ အသိစိတ်ရှိတာကိုပြောတာ) တကိုယ်လုံးလွင့်မျောနေသလို၊ အိပ်ယာထက်မှာ ချာချာလည်နေသလို ဖြစ်တယ်။ အခြားဘယ်ကိုမှတော့ မရောက်ဘူး။ နောက်ဆုံးအခေါက်မတိုင်ခင် တခေါက်မှာ အဲသလိုဖြစ်နေတုန်း အိမ်ကိုစိတ်ရောက်သွားတာ မြန်မာပြည်က အမေနဲ့အမကိုသွားတွေ့တယ်။ တယောက်က မီးဖိုချောင်မှာ ဟင်းချက်နေတယ်၊ တယောက်က ဧည့်ခန်းမှာ စာဖတ်နေတယ်။ သိပ်တော့ မမှတ်မိတော့ဘူး။ ကိုယ့်ကိုယ်ကို သူတို့အနားမှာကပ်နေသလို ခံစားရတယ်။ သူတို့ကို ထိဖို့အရိပ်အယောင်ပြဖို့ ကြိုးစားပေမယ့် သူတို့က ဘာမှအသိအမှတ်မပြုဘူး။ သူ့အရှိန်ကုန်သွားတဲ့အခါ အသိစိတ်ပြန်ဝင်နေပြီ။ တကယ်လွှင့်သွားသလား၊ အိမ်မက်လားတော့ မသိဘူး။ အိမ်ကိုလည်း တခါမှပြန်မမေးမိဘူး။ မေးလည်း ဘာထူးမှာလည်းနော်။ ဟင်းချက်၊ စာဖတ်နေတာ လုပ်နေကြပဲ၊ ဟုတ်လည်း သူတို့ဘယ်သိမှာလည်း။ တခုရှိတာ အတင်းလုပ်ကြည့်ရင် မရဘူး။ သူ့အလိုလို ဖြစ်လာမှရတယ်။ အခုနောက်ပိုင်း မရတော့ပြန်ဘူး။
ဒီတော့ ဗုဒ္ဓဘာသာအယူ နာမ်၏အစွမ်းသတ္တိနဲ့ ဘာသာခြားအယူ ဝိညာဏ်ဆိုတာ ခွဲခြားသိဖို့လိုမယ်ထင်တယ်။ စာနဲ့ပေနဲ့ ရိုးရှင်းစွာပြောနိုင်သူများ ဝင်ရောက်ဆွေးနွေးပေးကြပါအုံး..
intro
July 6, 2011 at 9:37 am
အင်း…. ရွာထဲမှာတော့ အထူးအဆန်းတွေက တစ်ခုပြီးတစ်ခု များများ လာသလိုပဲ….
မောင်ဘလိူင်
July 6, 2011 at 10:29 am
ကျွန်တော်လည်း အဲဒါမျိုးတွေ တော်တော်စိတ်ဝင်စားတယ်ဗျ။
အနောက်တိုင်း ဂန္ဓာရီ စာအုပ်တွေတော်တော်များများတော့
ဖတ်ဖူးတယ်။နောက်မှ အဲဒီ Astral Body Projection နဲ ့ပတ်သက်
တာ ပို ့စ်တစ်ခုရေးတင်ဦးမယ်။
AKKO
July 6, 2011 at 10:58 am
လေ့ကျင့်လို့ ရလျှင်တော့ လွှင့်ချင်သား 🙂
hmee
July 6, 2011 at 1:13 pm
တခါက ရွာထဲမှာပဲ တယောက်ကပြောတယ် Insidious ဆိုတဲ့ကားလေး ကောင်းတယ်ပြောတာနဲ့ နက်ထဲမှာရှာ ဒေါင်းလော့လုပ်ပြီး ကြည့်တာ အတော်ကောင်းတယ်။ ကလေးလေးက အိပ်ပျော်သွားရင် ဝိညဉ်က ထွက်သွားပြီး လျှောက်သွားတာ တရက်တော့ ပြန်လာလို့ မရတော့ဘူး။ သူ့ကိုယ်ထဲဝင်ချင်တဲ့ အခြားနာနာဘာဝတွေက များမှများ။ တုံမမရေ ကမ္ဘာတော့ပတ်ချင်သား ဒါပေမဲ့ အဲဒီကားလေးထဲကလို ဖြစ်မှာတော့ ကြောက်တယ်။ 🙂
etone
July 6, 2011 at 1:38 pm
အဲ့ဒါပေ့ါ မမှီရယ် ထွက်သွားပြီး ကိုယ်ထဲ ပြန်ဝင်မရမှာ စိုးရိမ်မိတာ ။
kai
July 6, 2011 at 1:31 pm
အဘိဓမ္မာအတိုင်းဆိုရင်တော့… စိတ်နဲ့ရုပ်ခွာလို့မရပါဘူး..။ စိတ်ရော၊ရုပ်ရော ဖြစ်တဲ့နေရာပျက်တာ…။
ဝီထိဆိုပြီး..စိတ်အစဉ်တန်းနဲ့တော့ … ပို့လွတ်လို့ရနိုင်ကောင်းပါရဲ့..။ ဒါပေမဲ့.. ရုပ်နဲ့နာမ် ခွာတာမဟုတ်ဘူး..။
ခွာလို့ရတယ်ဆိုရင် ..စိတ္တဇပဲဖြစ်မယ်ယူဆရမလိုပဲ..။
ဒါပေမဲ့. အခုလိုခွာလို့ရနိုင်တဲ့ သဘောကို..ကမ္ဘာအနှံ ့ တော်တော်များများ အထောက်အထားတွေရှိကြတယ်..။
ဆိုတော့…
အဘိဓမ္မာ..ယူဆချက်ကမှားပုံရပါတယ်..။
=
ကျုပ်ကိုယ်ပိုင်အမြင်အရလည်း.. ရုပ်နဲ့နာမ်.. ခန္တာနဲ့ဝိဉာဉ်ခွာလို့ရနိုင်မဲ့ သဘောရှိတယ်..။
ဒီလို ခွာနိုင်တဲ့သူတွေက… သိပ္ပံပညာရှင်တွေနဲ့.. ပူးပေါင်းပြီး သေသေချာချာသုတေသနပြုသင့်တယ်..။ ကမ္ဘာ့လူနေမှုအဆင့်အတန်း.. လူ့ယဉ်ကျေးမှု တဆင့်ခုန်တက်သွားလိမ့်မယ်..။
သေချာတာကတော့… ရလဒ်က ဘီလီယန် ဘစ်ဇနက်ပဲ…။ 🙂
etone
July 6, 2011 at 1:45 pm
ဒါဆိုလျှင် လိပ်ပြာလွှင့်လို့ ရတဲ့လူက ဘီလီယံနာဖြစ်နိုင်မဲ့ အခွင့်ရေးလား … ။ ဝေးးးးးးးးးးးးးးး ဒီညကစပြီး ပြန်လေ့ကျင့်ရမယ် … သေလျှင် မြေကြီး ရှင်လျှင် ရွှေထီးပဲ … ဘီလီယံနာဖြစ်မလား …. ဂေါက်သွားမလား တစ်ခုခုပဲ 🙄
bigcat
July 7, 2011 at 10:03 am
ရုပ်သိပ္ပံနဲ့နာမ်ဝါဒ တွဲလုပ်လို့ မရကောင်းဘူးဗျ….
char too lan
July 6, 2011 at 4:56 pm
ကျနော်တခါတင်တဲ့ တစ္တေဇာတ်ကား Insidious ဆိုတဲ့ ရုပ်ရှင်ကအဲ့ဒါမျိုး ကိုရိုက်ထားတာ အဲ့လိုနာမ်နဲ့ကွာသွားတဲ့ရုပ်ကြီးကို တခြားအကောင်ပလောင်တွေက ဝင်ချင်နေတော့ ကွာသွားတဲ့ နာမ်ကို ကိုယ့်ထက်အားကြီးတဲ့ အကောင်တွေကဖမ်းထားတယ်။ ကြာလာတော့ ရုပ်ကြီးက ပြဿနာဖြစ်လာတာပေါ့ ရုပ်နဲ့နာမ်ကြားဆက်သွယ်မှုအင်အားတွေလျှော့သွားပီး
ဘေးကအကောင်ကအားသာလာတော့ ကိုယ့်ရုပ်ကြီးထဲ ဝင်နေရာယူပီး အာဂ ပြောသလိုတွေဖြစ်ကုန်မှာဘော့ …… 😛 ရုပ်ရှင်ထဲမှာတော့ အဲ့ဒါမျိုးဖြစ်ပါဘူး ဇာတ်သိမ်းကအရမ်းစိတ်ဝင်စားဖို့ကောင်းတယ်
http://myanmargazette.net/51488/entertainment/directors-film-makers-film-making-production-movie-analysis-movie-awards-nominations-movie-characters-performances-movie-news-previews-movie-remakes-adaptations-movie-reviews
မိုက်ကယ်ဂျော်နီအောင်ပု
July 6, 2011 at 6:23 pm
ကျန်တဲ့ခန္ဓာကိုယ်ကို
ကံ ကစောင့်ရှောက်တဲ့သဘောရှိပါတယ်
ဒါကတော့ တော်တော့်တော်တော်လေးနက်နဲပါတယ်
padonmar
July 6, 2011 at 8:59 pm
ဒေါ်ခင်မျိုးချစ်ရဲ့ နှစ်လောကတိုုက်ပွဲ စာအုပ် ဖတ်ကြည့်ဖို့ ညွှန်းပါရစေ။အဲဒီစာအုပ်က ဒုတိယကမ္ဘာစစ်မှာ စိတ်အာရုံပြုပြီး ရန်သူ့ဘက်ရဲ့ သတင်းထောက်လှမ်းတဲ့ အကြောင်းရေးထားတာ ဝိညာဏ်လွှင့်တယ်လို့ဘဲသုံးထားပါတယ်။
တကယ်တော့ ဝိညာဏ်ကထွက်သွားတာ မဟုတ်နိုင်ပါ။
မနောဒွါရ ဆိုတာ ဖြစ်ဖူးတွေ့ဖူးတာ မှန်သမျှအာရုံပြုနိုင်ပါတယ်။
အတိတ်ဘဝက အဖြစ်အပျက်တွေကိုလည်း အလေ့အကျင့်ပြုရင်(သမာဓိစွမ်းအားလို့သုံးချင်ပါတယ်)
သိနိုင်ပါတယ်။
etone
July 7, 2011 at 10:06 am
ဒုက္ခပါပဲ … မေးလ်နဲ့ ကူးပြီး ဖြန့်တာ ကျုပ်ရေးတဲ့ ပို့စ် ကျုပ်ဆီ ပြန်ရောက်နေပါလားဗျို့ … ဘီသူ့ လက် ဂျက်တုန်း ။ 😥
weRone
July 14, 2011 at 3:22 pm
လိပ်ပြာလွင့်တာ တော့ မသိဘူး ။ တစ်ခါတစ်လေ အပြင်မှ ဖြစ်ပျက်နေတဲ့ အကြောင်းအရာ ကို အိမ်မက် ထဲမှာ ကြိုမတ်ဖူးတာတော့ ရှိခဲ့ဖူးတယ်။
etone
July 14, 2011 at 4:06 pm
ဖိုင်နယ်လ် ဒက်စ်စတီနေရှင်းလိုများလား ဟင် ! 🙂
mzm
July 28, 2011 at 3:02 pm
လိပ်ပြာတော့မလွှင့်ကြပါနဲ့ကိုယ့်ခန္ဒာထဲကအညစ်အကြေးကိုသာစင်အောင်လွှင့်ကြပါလို့