စုံထောက်ရန်မင်းနှင့် မဟာမြိုင်လူသတ်မှု အပိုင်း(၁)
စုံထောက်ရန်မင်းနှင့် မဟာမြိုင်လူသတ်မှု
စတင်တွေ့ဆုံခြင်း
တစ်နေ့ (၄၈)လမ်းမှ အိမ်ခြံမြေပွဲစားကုလားမကြီးတစ်ဦး အဆက်အသွယ်ဖြင့် ကျွန်ုပ်တစ်ဦးတည်းနေထိုင်ရာ အမှတ် (၁၉)၊ ပျဉ်းမမြိုင်လမ်း၊ သုဝဏ္ဏရှိ နေအိမ်သို့ အသက် (၃၀)ခန့်ရှိလော အသားလတ်လတ်လူငယ်တစ်ဦးရောက် ရှိလာခဲ့သည်။ ပွဲစားတို့၏ထုံးစံအတိုင်း ကျွန်ုပ်တို့ရပ်ကွက်မီးမှန်ခြင်း၊ သောက်ရေ သုံးရေကောင်းမွန်ခြင်းအကြောင်းများ ကိုအမွန်းတင်းရင်း ပွဲခရရှိရေး အစွမ်းကုန်ကြိုးစားပြောဆိုနေပေသည်။ ထိုလူငယ်မှာ ကျွန်ုပ်နေထိုင်ရန် ခြံဝန်းအတွင်းမှ အိမ်ငယ်လေးတစ်လုံးအား ငှားရမ်းနေထိုင်ရန်ရောက်ရှိလာခြင်းဖြစ်ပေတော့သည်။
လူငယ်ပုံစံဖြစ်သော်လည်း သူ့မျက်နှာတွင် အလွန်တရာထက်မြက်ခြင်း၊ မိမိကိုယ်ကိုယုံကြည်မှုအပြည့်ရှိခြင်း၊ လုပ်ငန်းဆောင်တာများကို မတွန့်မဆုတ်လုပ်ဆောင်မည်ဆိုသော အမူအရာများအပြည့်တွေ့မြင်နေနိုင်သည်။ အားက စားလိုက်စားသဖြင့် ခန္ဓာကိုယ်အချိုးအစားပြေပြစ်သကဲ့သို့ အင်အားတောင့်တင်းသောပုံစံမှာ အထင်းသားတွေ့မြင်နိုင် သည်။ အသက်အရွယ်အားဖြင့် ၄-၅နှစ်ခန့်သာ ကွာမည်ဆိုသော်လဲ ကျွန်ုပ်မှာ မိဘများထားခဲ့သော အိမ်လေးနှင့် ဘဏ်ထဲမှရှိသောငွေကြေးများ၏ အတိုးများကို ငှားစားကာ ကျွန်ုပ်ဝါသနာပါသော စာရေးခြင်းအလုပ်ကိုသာ လုပ်ကိုင်နေသဖြင့် ကျန်းမာရေးလိုက်စားမှုအားနည်းကာ ပုံပျက်ပန်းပျက်ဖြစ်နေသောကြောင့် အားငယ်သယောင်ခံစား လိုက်ရပေ၏။
ပွဲစားမ ။ ။ ကဲ..မောင်လေးရေ၊ ဒီကအစ်ကိုကတော့ တစ်ယောက်ထဲနေတာ ခြံထဲမှာအိမ် (၂)လုံးရှိတော့
တစ်လုံးကို ငှားထားတယ်။ နောက်တစ်လုံးမှာသူနေတယ်ပေါ့ကွယ်။ ဆိပ်ငြိမ်ရပ်ကွက်လဲဖြစ် ရေ၊ မီး အားလုံးကောင်းတော့ အစ်မကလဲ ကိုယ့်မောင်လေးလိုသဘောထားပြီး တိုက်တွန်း ရတာပေါ့ကွယ်။
ကျွန်ုပ်။ ။ ဒီအိမ်မှာ ကျွန်တော်ရယ်၊ ကျွန်တော့အဖော်နယ်က အမျိုးနီးစပ်တော်တဲ့ မောင်လုံးရယ်။ (၂)ယောက်ထဲနေတာ.. ကျွန်တော်က စာရေးတယ်..စာရေးဆရာပေါ့..ပြောသာပြောရတာ နာမည်သိပ်မရှိတဲ့ နယ်မြို့တစ်မြို့မဂ္ဂဇင်းထဲမှာပဲ စုံထောက်ဝတ္တုတိုလေးတစ်ခါပါဖူးပါတယ်.
အော်ဒါနဲ့ ကျွန်တော့်နာမည် ဩဘာ..
ရန်မင်း။ ။ အိမ်ရော..နေရာရောကြိုက်တယ်..ဈေးကလဲ တစ်လ ၃သိန်းဆိုတော့ ကျွန်တော်ပေးနိုင်တယ်
တစ်ခုပဲ ကျွန်တော်က စပ်စုတာမကြိုက်ဘူး.. ကျွန်တော့ကို ညီတစ်ယောက်လိုသဘောထား နိုင်တယ်..ကျွန်တော့်ကို မနှောက်ယှက်ရင်ပြီးရော..
ပြောပြောဆိုဆို ကိုရန်မင်းက ပွဲစားမကြီးအားရသင့်ရထိုက်သော ငွေကြေးများပေးခြင်း၊ အိမ်ရှင်အိမ်ငှားစာချုပ်
ချုပ်ဆို ငွေရှင်းခြင်းများလုပ်ပြီး သူယူလာသော စစ်ကြိုခေတ်က ဂျစ်ကားလေးနှင့် သူနေထိုင်ရာ စံအိမ်သို့
အထုတ်အပိုးများဖြင့်တက်ရောက်သွားပါတော့သည်။
အဲဒီလိုနဲ့ ကျွန်တော့်အိမ်မှာ မောင်မင်းကြီးသား အိမ်ငှားအဖြစ်နဲ့ စတင်နေဖြစ်သွားတယ်ဆိုပါတော့…ဒါတောင်
ကျွန်တော့မှာ အိမ်ပေါ်ရောက်လာတဲ့ အဖိုးတန်မှန်းသေချာမသိခဲ့ပါဘူး..
မျက်နှာချင်းဆိုင်..
နောက်တစ်နေ့ မနက်မိုးလင်းတော့ ညကရောက်တတ်ရာရာစာရေးထားတဲ့ အရှိန်နဲ့တော်တော်နေမြင့်တဲ့
အချိန်အထိ အိပ်ယာထဲမှာနှပ်နေလိုက်မိတယ်။ အိပ်ယာနိုးလာတော့ ကိုရန်မင်းက ခြံထဲမှာ လေ့ကျင့်ခန်းများ
လုပ်နေတာကိုတွေ့ရပါတော့တယ်။ ကျွန်ုပ်မျက်နှာသစ်ပြီး ခြံထဲဆင်းရင်း..
ကျွန်ုပ်။ ။ ကိုရန်မင်း မနက်စောစောထပြီး လေ့ကျင့်ခန်းတောင်လုပ်ပြီးနေပြီကိုး..ကျွန်တော်တော့ အိပ်ပျော်သွားတယ်ဗျာ…
ရန်မင်း။ ။ ဒီလိုပေါ့ ကိုဩဘာ ခင်ဗျားက စာရေးဆရာဆိုတော့ သက်သက်သာသာနဲ့ အလုပ်လုပ်နိုင် ပေးမယ့် ကျွန်တော့လို လူစွန့်စားလုပ်မှ ထမင်းစားရတဲ့သူအဖို့တော့ ကိုယ့်အတွက် သက်လုံ ကောင်းဖို့အတွက် ကြိုးစားလေ့ကျင့်ထားရတာပေါ့ဗျာ..
ကျွန်ုပ်။ ။ ဒါထက်စကားမစပ်..ခင်ဗျားအလုပ်က…
စပ်စုတာမကြိုက်ပါဘူးဟုပြောထားသော ကိုရန်မင်းစကားကိုသတိရပြီး အရှိန်သတ်လိုက်သော်လဲ
ရန်မင်း။ ။ ကျွန်တော်က ခင်ဗျားအိမ်ငှားနေတာပဲဗျာ..ခင်ဗျားသိသင့်သလောက်တော့ ပြောပြနိုင်ပါတယ်။ ကျွန်တော်ပြောမပြဘူးဆိုတာ မနေ့က ပွဲစားမကြီးလို စကားဖွာတာကို မကြိုက်လို့ပါ။ ခင်ဗျားကို မြင်မြင်ခြင်း ကျွန်တော်ခင်ပါတယ်.. ကျွန်တော့အလုပ်က အလွတ်စုံထောက်ဗျ..
ကျွန်ုပ်။ ။ ဗျာ…အလွတ်စုံထောက်
ဒါထက် ခင်ဗျားကို ဗမာပြည်မှာ အလုပ်လာအပ်တဲ့သူတွေရှိလို့လား.. ဒီနိုင်ငံမှာဗျာ
ရန်မင်း။ ။ ဟားဟားဟား..
ရှိတာပေါ့ ကိုဩဘာ.. အခု ကျွန်တော်တို့နိုင်ငံမှာ ရဲဖော်လို့မရတဲ့အမှုတွေ တစ်ပုံကြီး လုံလောက်တဲ့လစာမရတာနဲ့ ကိရိယာမစုံလင်တာနဲ့ နောက်ပြီး ထူးချွန်တဲ့ လူငယ် စုံထောက်တွေမွေးထုတ်ပေးဖို့ သင်တန်းတွေမပေးနိုင်တာရယ်တွေကြောင့် တချို့အမှုတွေ အတွက် အလွတ်စုံထောက်တွေလိုတယ်ပေါ့ဗျာ..
ကျွန်ုပ်။ ။ ခင်ဗျား ဒီအလုပ်လုပ်တာ ဘယ်မှာထည့်ကြော်ငြာတုန်းဗျ..
ရန်မင်း။ ။ မလိုပါဘူးဗျာ။ အရင်က ကျွန်တော် အင်းစိန် စီအိုင်ဒီမှာ အမှုလိုက်အရာရှိလုပ်ဖူးတယ်။
နောက်ပိုင်း လာဒ်စားတာတွေ၊ တော်တဲ့သူတွေနေရာမရတာများလာတော့ အလုပ်ထွက်ပြီး အပြင်မှာ ရရာအလုပ်လုပ်စားတယ်။ နောက်ပိုင်းမှာ စီအိုင်ဒီနေတုန်းက လုပ်ဖော်ကိုင်ဖက်တွေက ကျွန်တော့်အရည်အချင်းကိုသိတာနဲ့ လိုချင်တဲ့သူတွေကို ကျွန်တော့်ဆီလွှတ်ပေးတယ်ပေါ့ဗျာ။ အဲဒါနဲ့ပဲ ကျွန်တော့ဘဝက မွေးကတည်းက စုံထောက်လုပ်ဖို့မွေးလာသလိုဖြစ်နေတာပေါ့ဗျာ..
ကျွန်ုပ်။ ။ အဲဒီတော့ စုံထောက်တစ်ယောက်နဲ့ စုံထောက်ဝတ္တုရေးတဲ့လူနဲ့တော့တွေ့ပြီဗျာ..
ခင်ဗျားရဲ့စွန့်စားခန်းတွေကို ကျွန်တော်ရေးမယ်ဗျာ..ခင်ဗျားခွင့်ပြုမှာလား..
ရန်မင်း။ ။ ရေးတာက ပြသနာမရှိပါဘူးဗျာ..ဒါပေမယ့် အမှုပြီးပြီးသားတွေကိုပဲ ခင်ဗျားရေးလို့ရမယ်
မဟုတ်ရင် အမှုဆောင်ရွက်နေစဉ်မှာ ရန်သူကို ကြိုတင်သတိပေးသလိုဖြစ်သွားမှာ စိုးလို့ဗျ..
ကျွန်ုပ်။ ။ အင်းပါဗျာ..ခင်ဗျားခွင့်ပြုမှရေးမှာပါ..
ပြသနာစပြီ…
ကိုရန်မင်းလဲအလုပ်မရှိပဲ။ ဘာကြောင်းတွေရေးထားမှန်းမိသတဲ့ စာအုပ်ကြီးတစ်အုပ်ကို ဖတ်နေတာကိုတွေ့ရပါ
တယ်။ ကျွန်ုပ်လဲ အညောင်းပြေအညာပြေ သူ့အိမ်လေးဘက် လမ်းလျှောက်ထွက်ရင်း..
ကျွန်ုပ်။ ။ ကိုရန်မင်း..ဘာတွေလုပ်နေလဲဗျ
ရန်မင်း။ ။ ကိုဩဘာရေ..မြန်မာနိုင်ငံစီအိုင်ဒီက လူဆိုးစာရင်း ခေတ်မီမီ IT စကားနဲ့ပြောရရင် လူဆိုး Database ကြီးကို လေ့လာနေတာဗျ..
ကျွန်ုပ်။ ။ အော် ဒါက Database ကြီးလားဗျ..ခင်ဗျားဗျာ ပေါက်ပေါက်ရှာရှာ ဒါကြီးကို ဘယ်ကများရတာတုန်း..
ရန်မင်း။ ။ ဒါများဗျာ.. ငွေတစ်သိန်းလောက်ပေးရင် အမှုတွဲထိန်းက မယားငယ်ပေးဖို့ ရုံးစာရွက်နဲ့ ကော်ပီ ကူးပြီး ခင်ဗျားကို လာရောင်းမှာပေါ့ဗျာ..ခက်တာမှတ်လို့..
ထိုသို့ ကျွန်ုပ်တို့စကားပြောနေစဉ်…အိမ်ရှေ့သို့ ရုံးဌာနတစ်ခုမှဖြစ်တန်သော မော်တော်ကားတစ်စီးထိုးစိုက်
လာခဲ့သည်။ ထိုကားပေါ်မှာ ထိပ်ပြောင်ပြောင်နှင့် ရဲဝတ်စုံယူနီဖောင်းဝတ်ရဲတစ်ဦးဆင်းလာခဲ့ပါသည်။ ထိုသူမှ
ကိုရန်မင်းအားတွေ့တွေ့ချင်း….
ရဲ ။ ။ ဆရာရယ် အရင်နေရာကပြောင်းမယ်ဆိုလဲ ကြိုပြီးပြောထားတာမဟုတ်ဘူး။ ရှာလိုက်ရတာဗျာ။ အရေးထဲ တိုက်ခန်းတွေပေါ်ရဲဝတ်စုံကြီးနဲ့ တက်သွားတော့ ဟိုလူက မဖြေချင်၊ ဒီလူမဖြေချင်နဲ့ နောက်ဆုံး ပွဲစားမဆီရောက်မှ ခင်ဗျားလိပ်စာရတော့တယ်။ ဖုန်းကလဲ ပိတ်ထားတယ်ဆိုတော့ ဘာလုပ်ရမှန်းကို မသိတော့ပါဘူးဗျာ
ရန်မင်း။ ။ ဟိုတလောက ခင်ဗျားတို့မကိုင်ချင်တဲ့ အဖိုးကြီးသားအမှုကို ကျွန်တော်လိုက်ပြီးကတည်းက နားချင်နေတာနဲ့ မျက်စိရှုပ်၊ နားရှုပ်မြို့ထဲကနေ ဒီကိုပြောင်းလာတာပဲကိုယ့်လူ..ကဲဘာဖြစ်တုန်း
ပြောစမ်းပါဦး။
ရဲ ။ ။ ဖြစ်ပုံကတော့ ဆရာရေ.. ကွိုင်အကြီးကြီးပဲ..မဟာမြိုင်မှာလူသတ်မှုဖြစ်တယ်..
ရန်မင်း။ ။ မဟာမြိုင်ဘယ်နားတုန်း..
ရဲ ။ ။ မဟာမြိုင်ဆေးခန်းမှာဖြစ်တာဆရာရေ.. အဲဒါကြောင့် ဖုံးမရဖိမရနဲ့ စာနယ်ဇင်းသမားတွေလဲ ပလူကိုပျံနေတာပဲ..မင်းကြီးက ဆရာကို လာကြည့်ခိုင်းတယ်။ သူနာမည်မပျက်ဖို့ သူ့ပေးပါ့မယ် တဲ့ဆရာရဲ့..
ရန်မင်း။ ။ ရဲစကားယုံရမယ်တဲ့လားကွာ…ထားပါတော့ အလုပ်မရှိတာလဲ ကြာပြီဆိုတော့ နဲနဲလဲပျင်း နေပြီ လိုက်ကြည့်မယ်လေ.. ကိုဩဘာရေ ခင်ဗျားလဲ လူသတ်မှုတစ်ခါမှ အပြင်မှာ မတွေ့ဖူးပဲ စာရေးနေတာထက်စာရင် အတွေ့အကြုံရအောင် တစ်ခါလောက်လိုက်ကြည့်ပါလားဗျာ..
ကိုရန်မင်းစကားကို ထောက်ခံပြီး ကျွန်တော်ကိုရန်မင်း၏ ဂျစ်ကားလေးဖြစ် မဟာမြိုင်ဘက်သို့မောင်းနှင်လာခဲ့
ပါတော့သည်။
7 comments
ဆူး
July 8, 2011 at 10:48 pm
နောက်ဆက်တွဲ အားပေးမယ်။ ဆက်ရေးပါဗျို့..
မင်းပြည့်ရှိန်
July 8, 2011 at 11:32 pm
အားပေးသွားပါသည်…
ဆက်လက် အားပေးပါမည်….
စောင့်မျှော်ဖတ်ရှုရန် အသင့်ပါ..
shwe ni
July 8, 2011 at 11:57 pm
ွှအခန်းဆက်လေးတော့မြန်မြန်ရေးနော.
chitpyae
July 9, 2011 at 10:18 am
ဇာတ်လမ်းက ကောင်းလာပြီ …..
ဒါနဲ့ စကားမစပ် အခန်းဆက် ဝတ္ထု ရှည် လား …. 🙂
intro
July 9, 2011 at 7:51 pm
အခန်းဆက် လားဗျို့… အားပေးနေပါတယ်… နောက်တစ်ပိုင် မြန်မြန်လေး..
pan pan
July 11, 2011 at 11:45 am
ခုခေတ်ပုံစံလား
မင်းကြီးဆိုတာကရော
ဘာမင်းကြီးလဲ..??
Smiegol
July 11, 2011 at 4:46 pm
မင်းကြီးဆိုတာ ဌာနဆိုင်ရာပိုင်းမှာ အခုချိန်အထိသုံးနေဆဲပါ..
တိုင်းအဆင့် အကြီးအကဲတွေကို မင်းကြီးလို့ ခေါ်တဲ့အသုံးအနှုန်းတွေရှိပါတယ်.