မဆုံးတဲ့…သီချင်း—၁ဝ
နောက်တစ်နေ့ရောက်တော့ မနေ့က ချုပ်ထားတဲ့ ကဗျာစာအုပ်လေးတွေ ရောင်းကြည့်မယ်ဆိုပြီး ကိုမြင့်ဇော်နဲ့ ကိုမောင်မောင်တို့ ထွက်သွားတယ်…။ ကျောင်နေဖက်သူငယ်ချင်း ဖြစ်တဲ့ မြန်မာစာမေဂျာက တင်အောင်လည်းရောက်လာတယ်…။ သူရောင်းပေးမယ်လို့ ပြောတယ်……။ ပြိးရင် သူတို့ မေဂျာက ကိုအောင်ဂျမ်းနဲ့ မိတ်ဆက်ပေးမယ်လို့ ပြောပြီး ညနေပိုင်း လ္ဘက်ရည်ဆိုင် ကိုချိန်းသွားတယ်…။ ကိုအောင်ဂျမ်းက ပန်းသခင်လ္ဘက်ရည်ဆိုင်မှာထိုင်နေကြ တဲ့ ……။ ညနေ 6နာရီလောက်လာခဲ့ဖို့ခေါ်တယ်….။ ပန်းသခင် လ္ဘက်ရည်ဆိုင်က သူ ့အဆောင်နဲ့လည်းနီးတယ်…။ ကိုအောင်ဂျမ်း အိမ်နဲ့လည်းနီးတယ်….။ ကိုအောင်ဂျမ်း အိမ်က 35 လမ်းမ ပေါ်မှာ ထမင်းဆိုင်ဖွင့်ထားသေးတယ်….။ ညနေရောက်တော့ အရက်လေးအာစိတ်ရုံလောက်သောက်ပြိး ကိုအောင်ဂျမ်း ရှိနေမဲ့ ပန်းသခင်လ္ဘက်ရည်ဆိုင်ကို နေဝန်းနီတို့ သုံးယောက်စလုံး သွားကြတာပေါ့…….။ တင်အောင်ဆိုတဲ့ ကောင်က လည်း အဲဒိမယ်ရှိနေမယ်လို့ မှာသွားတာကိုး…..။ ဟိုရောက်တော့ တင်အောင်ကော ကိုအောင်ဂျမ်းကိုရော တွေ့တယ်…။ သူက မြန်မာစာ မေဂျာ …..။နေဝန်းနီတို့ထက်လေးငါးနှစ်တော့ကြီးလိမ့်မယ်…။ ဒါပေမဲ့ သူက အဲဒိအချိန်မှာ ကဗျာဆရာဖြစ်နေပြီ……။ ရုပ်ရှင်တေးကဗျာ တို့ မြတ်လေးတို့ မှာ ကိုအောင်ဂျမ်းကဗျာတွေ ပါနေပြီ……။ သူလည်း ကဗျာရှည် တစ်အုပ်လုပ်ထားတယ်လို့ပြောတယ်….။ တစ်ယောက်ထဲ တစ်ပုဒ်ထဲ အရှည်တဲ့….။ နေဝန်းနီရေးတဲ့ ကဗျာတွေ ဖတ်ပြီးကြောင်းပြောပြိး အားလုံးကို ဒီနေ့ သူနဲ့ လ္ဘက်ရည်ဆိုင် နောက်တစ်ဆိုင်ထိုင်ကြဖို့ခေါ်တယ်……။ ဒါနဲ့ တရုတ်တန်းဈေးဖက်က ရှိန်ကြီးလ္ဘက်ရည်ဆိုင် ဖက်ထွက်ခဲ့ကြတယ်…..။ ညဈေးတန်း စာအုပ်တန်းအစွန်မှာဆိုတော့ လ္ဘက်ရည်ဆိုင်ထိုင်ရင်း စာအုပ်အဟောင်းတန်းကိုလည်း ငေးလို့ရတယ်……။ အဲဒိမယ် အဟောင်းဆိုင်ထိုင်ရင်း စာအုပ်ဆိုင်တစ်ဆိုင်က ပျံကျ ခင်းထားတာမဟုတ်ဘူး …..။ ဆိုင်က သေချာခင်းထားတာ….။ စာအုပ်အဟောင်းတွေနဲ့ ကျောင်းစာအုပ် အဲဒိတုန်းက အထူးတ၏ထုတ်တွေပေါ့….။ အထက်တန်းနဲ့ တက္ကသိုလ် ပထမနှစ် ဒုတိယနှစ် အတွက် ထွက်သမျှ အထူးထုတ် အစုံတင်ထားတယ်….။ ကျန်တာကတော့ အဟောင်းတွေချည့်ပဲ….။ စာအုပ်ဆိုင်နာမယ်ကလည်း အဲဒိတုန်းကတော့ ဆွဲဆောင်မှုရှိမယ်ထင်တာပဲလေ….။ “ ရွှေဒေသ စာပေ ဆက်ဆံရေး “ တဲ့….။ အဘိဓါန် စာအုပ်တွေ…။ စွယ်စုံကျမ်းလိုဟာတွေ…….။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က ကဗျာစာအုပ် အဟောင်းတွေ….။ စိတ်ဝင်စားသွားတယ်…..။ ကိုအောင်ဂျမ်းကိုမေးကြည့်တော့မှ အဲဒါ ကဗျာ ဆရာကိုလင်းသူရဲ့ ဆိုင်ဆိုတာသိရတာလေ….။ ကိုလင်းသူမရှိလို့ နောက်နေ့မှလာခဲ့ပါ့မယ်ဆိုပြီး ပြန်ခဲ့တယ်…..။ ကိုုးနာရီလောက်ရောက်တော့ ကိုမြင့်ဇော်က ပြန်ချင်နေပြီ…..။ သိတယ်မဟုတ်လား…….။ ကိုအောင်ဂျမ်းနဲ့ လမ်းခွဲပြီး နေဝန်းနီတို့သုံးယောက် ဟိုအရင်တစ်ခါ ကိုမျိုးနဲ့ သွားတဲ့ဆိုင်ဘက် ခြေဦးလှည့်ခဲ့ကြတယ်…။ ကိုမောင်မောင်က ဦးဆောင်လို့….။ ဆိုင်ထဲကိုရောက်တော့ တစ်ပိုင်းမှာတယ်…။ ဘီအီးတစ်ပိုင်းတဲ့….။ ကိုမြင့်ဇော်က ပြန်ပြီး ပြင်မှာတယ်..။ တစ်လုံးတဲ့လေ….။ တစ်ပိုင်းတစ်ပိုင်းနဲ့ ခဏခဏ မှာရင် အရက်ကိုတာနာသတဲ့…။ အရက်ချိန်တဲ့ပုလင်းတွေက တိကျတာမှမဟုတ်တာ…။ ဆီသာ ပိဿာနဲ့ချိန်တာ … အရက်ကျတော့ ဂါလံနဲ့ချိန်တာလေ…။ မြန်မာတွေရဲ့ မတိကျတဲ့ အချိန်အတွယ်နဲ့ အရက်နဲ့ တစ်ခါထဲများများမှာထားမှတန်ကာကျသတဲ့..။
“ ဒီလို ကိုမောင်မောင်ရေ…။ နှစ်ပိုင့် တစ်ကွတ်… ။လေးကွတ် တစ်ဂါလံ မဟုတ်လား….။ အဲဒိအချိန်အတွယ် တိကျအောင် ဘာနဲ့ တိုင်းမလဲ မရှိဘူး…။ အဲ ပြီးတော့ ခြောက်ပုလင်းတစ်ဂါလံတဲ့…။ ပုလင်းက အမျိုးမျိုးရှိသေးတယ်…။ ငှက်ပျောဖူး ပုလင်း ကအသေးဆုံး သုံးဆယ့်ငါးကျပ်သားလောက်ပဲ ဆန့်တာ…။ အဲဒါကိုမှ တစ်ပိုင်းဆိုရင် အချိုရည်ပုလင်းက ဆယ့်ငါးကျပ်သားဆန့်တဲ့ပုလင်းတွေများတယ်…။ အဲဒိပုလင်းနဲ့ နှစ်ခါထည့်လာရင် သုံးဆယ်သားပဲရှိမယ်…။ အဲဒိတော့ အကြမ်းဖျင်းတွက်ရင်တောင် အရက်တစ်ပုလင်းကို ငါးကျပ်သားလောက်နာနေပြီ…။ ဒီတော့ ကိုသောက်နိုင်အားကိုကြည့်ပြီး နောက်အရက်မှာရင် တစ်ပုလင်း တစ်လုံးပဲ မှာသောက်ဗျျို့…။ တစ်ပိုင်း တစ်ပိုင်းမှာနေရင် အရက်သည်မ အကြိုက်ဖြစ်သွားလိမ့်မယ် “
အဲဒါက ကိုမြင့်ဇော်ရဲ့ အရက်မှာ နည်း လေးပါ…။ အရက်ပုလင်းရောက်လာတော့ အမြည်းရှာကြပြန်တယ်…။ နေဝန်းနီကတော့ မလိုပါဘူး ..။ မရှိလည်း သိပ် တစ်ကူး တစ်က လိုက်ရှာမနေဘူး ..။ အရက်သောက်ရရင်ပြီးနေတာပဲ…။ ကိုမြင့်ဇော် ကနောက်နေ့ မိန်ထဲ သွားရအောင်လို့ခေါ်တယ်…။ ဘာရှိလို့လဲ ? မေးတော့ သူတို့ မြျို့ကကောင်မလေးကို ကဗျာစာအုပ်တွေရောင်းဖို့ပေးထားတာ သါားကြည့်ရအောင်လို့ လို့ ပြောတယ်..။ အဲဒိနေ့က သုံးယောက်သား အရက်သောက်လိုက် ကဗျာ စပ်လိုက်နဲ့ ဆိုင်ပိတ်ချိန်ရောက်သွားတာပဲ..။ လမ်း80 ပေါ်မှာ လူသွားလူလာမရှိသလောက်ပဲ..။ အဆောင်ရှေ့ ဂစ်တာ တီးနေတဲ့ အဖွဲ့တွေလောက်ပဲရှိတော့တယ်…။ အဲဒိတုန်းက ရတနာ ဘုမ္မိနယ်မြေ ဆိုပြီး ဒီဘက်မှာ ပထမနှစ်နဲ့ ဒုတိယနှစ် အဆောင်မပေးပဲထားတာဆိုတော့ အပြင်ဆောင်တွေက အနှံ့အပြားဖြစ်နေတာ…။ မိန်းကလေးဆောင်တွေက လုံခြုံမှုရှိတာ စိတ်ချရတာ…။ ဈေးသက်သာတာ တွေလိုက်ပြိး အဆောင်ထားတဲ့နေရာလိုက်နေကြတာများတယ်လေ…..။
အဲဒိအချိန်က ကိုအောင်ဂျမ်းက အရက်မသောက် တတ်သေးဘူး……။ အိမ်မှာ မိသားစုနဲ့ နေရတာဆိုတော့ မသောက်ဖြစ်တာလည်း ပါမှာပေါ့……။ သူနဲ့ အတူသွားရင် လ္ဘက်ရည်ဆိုင်တွေပဲ ထိုင်ဖြစ်တာများတယ်…။ အများဆုံးထိုင်ဖြစ်တာကတော့ ပန်းသခင်ပဲ…။ အဲဒိဆိုင်က လမ်း80 ပေါ်မှာလေ…။ ကျောင်းနဲ့လည်းနီးတယ်…။ 35နဲ့ 36 လမ်း ကြား မှာ လမ်းအနောက်ဘက်ကို မျက်နှာလှည့်ထားတာ…..။ အဲဒိအနီးတစ်ဝိုက်မှာ အဆောင်တွေချည့်ပဲ…။. အခုနောက်ပိုင်း ကျောင်းက ရတနာပုံ ကိုရွှေ့လိုက်တော့ အဆောင်တွေနေရာမှာ တည်းခိုခန်းတွေ ဖြစ်ကုန်ရော…….။
ကိုအောင်ဂျမ်းနဲ့ ပါတ်သက်ပြီး သိကျွမ်းရတာက ကဗျာဆရာ ကိုသွယ်အောင်ပါ…။ သူကလည်း မဂ္ဂဇင်းတွေမှာပါနေပြီ…။ နေဝန်းနီ ရေးတဲ့ ကဗျာတွေကို ယူဖတ်ပြီး လိုနေတာတွေ ထောက်ပြတယ်… ရေးဖို့လည်း အားပေးတယ်….။ ဖတ်ရမဲ့ စာအုပ်တွေ ညွှန်ပြတယ်…။ နေဝန်းနီက မိန်းထဲက ရာဇတ်ခန်းမ မှာ မိုးဝေ ကဗျာတွေ ပြန်ဖတ်နေတယ်ပြောတော့ အားပေးတယ်..။ သူတို့တောင် များများစားစား ဖတ်ဖူးတာမဟုတ်ဖူးတဲ့…။ အဲဒိမှာ အတွဲ စုံအောင်ရှိတယ်…။ ဖတ်နိုင်သလောက်ဖတ် တဲ့…။ ဆရာကြီးမောင်သာနိုးရဲ့ ထင်းရှူးပင်ရိပ်ကို ဖတ်ဖူးလားတဲ့…။ ဖတ်ဖို့ပြောတယ်…။ အရင်တစ်ခါ ကိုမြင့်ဇော်နဲ့ အဟောင်းတန်းမှာ တွေ့ဖူးတယ်..။ လေးရာ့ငါးဆယ်ဆိုလို့ ချထားခဲ့တာလို့ပြောတော့ ကိုအောင်ဂျမ်းက အဲဒိလောက်မရှိပါဘူး…။ သူရှာပေးမယ်လို့ပြောပြီး ညဈေးတန်းဘက်သွားကြတယ်…..။ အဲဒိတုန်းက ညဈေးတန်းက တရုတ်တန်းဈေးပဲလေ…။ 79လမ်း တစ်ခုလုံးက ညဈေးတန်းပဲ….။ 32လမ်းလောက်ကနေ 34လမ်း အဆုံးထိက စာအုပ်တန်းတွေ….။ စာအုပ်ဆိုင်တွေ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် ကိုအောင်ဂျမ်းက ဦးဆောင်ပြီးခေါ်သွားတယ်…။ ဆိုင်တိုင်းလိုလို ကိုအောင်ဂျမ်းကို သိကြတယ်….။ မဝယ်နိုင်တဲ့စာအုပ်ကို ဒီမှာတင် ထိုင်ဖတ်တဲ့…။ အဲဒိတော့ စာအုပ်ရောင်းတဲ့သူက
“ ဟုတ်တယ်ဗျ……။ ကိုအောင်ဂျမ်းက စာအုပ် ဝယ်မဖတ်ဘူး…။ ဒီမှာတင်ပြီးအောင်ထိုင်ဖတ်တာ…။ မပြီးသေးရင် နောက်နေ့ဆက်ဖတ်တာ…..။ သူမပြီးသေးတဲ့ ဖတ်လက်စ စာအုပ်ကို ရောင်းလို့မရဘူး…။ သူဖတ်ပြီးမှ ရောင်းလို့ရတာ”
လို့ဝင်နောက်နေသေးတယ်…..။
နေဝန်းနီ
One comment
chityaaung
July 10, 2011 at 5:07 pm
အင်း …စာအုပ်အဟောင်းရောင်းတဲ့ ဆိုင်လေးတွေဟာ ဟိုတစ်ချိန်တုန်းကတော့ စာကြည့်တိုက်ပါပဲ…။ တစ်ချို့ ပျံကျ ဆိုင်လေးတွေ ရှေ့မှာ ရပ်ပြီး ဒါမှမဟုတ် ငုတ်တုတ်ထိုင်ပြီး စာဖတ်ရမှာ ရှက်ကြတယ်….။