ခွက်ဗလာဖြင့် ခံယူပါ …
ဒီအတွေးလေးကို တရားစခန်းမှာ တရားအားထုတ်ဖို့သွားရင်းကနေ ရလာတာဖြစ်ပါတယ်။ လူတွေ လူတွေ အများကြီးပဲ ရိပ်သာတွေကို တရားလာအားထုတ်ကြတယ်။ သူတို့တွေ တရားအားထုတ်ရတာ ဝါသနာပါကြတယ်။ ဟိုစပ်စပ် ဒီစပ်စပ်နဲ့ နံမည်ကြီးတဲ့ရိပ်သာတိုင်းကို သွားကြပေမယ့် ဝေတေဝါးတားဖြစ်နေသူတွေကို တွေ့ရတော့ ဘာကြောင့်လဲလို့ စဉ်းစားမိပါတယ်။
သေချာလေ့လာကြည့်လိုက်တော့မှ သူတို့တွေက ရိပ်သာထဲကိုလာကထဲက ခွက်ဗလာနဲ့ မလာကြလို့ပါပဲ။ သူတို့တွေခွက်ထဲမှာ တခြားဟာတွေကို ထည့်ထားပါတယ်။ အဲဒီတော့ ဘာပဲထပ်ထည့်ထပ်ထည့် လျှံကုန်ပြီး ခံလို့မရပါဘူး။ ရေရှိတဲ့ခွက်ထဲကို အချိုရည်ထည့်ကြည့်ရင် အကုန်မရပဲ လျှံထွက်ကုန်ပါတယ်။ ပေးသားပေး၏ မရ ဆိုသလိုဖြစ်နေပါတယ်။ ဆရာတော်ခိုင်းတဲ့အတိုင်း တသွေမတိမ်းလိုက်နာဖို့ ခက်ခဲနေကြပါတယ်။ ဟိုမှာက ဒီလိုမဟုတ်ဘူး။ ဟိုလိုလုပ်တာပိုကောင်းမှာ စသဖြင့် မာန်တစ်ခုခံနေတတ်ကြပါတယ်။
ကျွန်မက ရိပ်သာမှာနေရင်းရလိုက်တဲ့အတွေးမို့ ရိပ်သာနဲ့ဆက်စပ်ရေးလိုက်ပေမယ့် အပြင်လောကမှာ ပညာရှာရာမှာလဲ အဲဒီအတိုင်းပါပဲ။ ပညာတစ်ခုကို ဆရာတစ်ယောက်ဆီမှာ ဆည်းပူးတော့မယ်လို့ ကြံရွယ်လိုက်ရင် စိတ်ထဲမှာ အားလုံးကိုခံယူမယ်လို့ဆုံးဖြတ်လိုက်ပြီး အဲဒီပညာနဲ့ပတ်သက်ပြီး မတောက်တစ်ခေါက်တတ်ခဲ့တာတွေကို မေ့ပစ်ပြီး စိတ်ထဲမှာ ဗလာလုပ်ထားလိုက်မှ ပညာအားလုံးကို ခံယူရရှိနိုင်မှာဖြစ်ပါတယ်။
ကျွန်မဆိုလိုတာက အရင်သိထားတာတွေကို မေ့ပစ်ရမှာမဟုတ်ပါဘူး။ ခွက်တွေကို သီးသန့်ထားဖို့ဆိုလိုခြင်းဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်ဆီက တပည့်ခံတိုင်း ခွက်ဗလာဖြင့် ခံယူကြရင် ဆရာတစ်ယောက်ခြင်းစီက သူတို့ပညာတွေကို အပြည့်ခံယူရရှိနိုင်မှာဖြစ်ပါတယ်။
စာဖတ်သူအားလုံး ခွက်ဗလာဖြင့် ခံယူနိုင်ကြပါစေလို့ ဆန္ဒပြုရင်း ………
ကျွန်မငယ်ငယ်တုန်းက တရုတ်ဆရာတစ်ယောက်ပြောခဲ့ဖူးတာကို အခုထိသတိရနေမိတယ် …
ငယ်စဉ်အခါ ပညာရှာချိန်မှာ
ဆရာများ သားသေ တဲ့ …
ကြီးတဲ့အခါ ပညာရှာစဉ်မှာတော့
ဆရာများ အသားသေ တဲ့ …
40 comments
weiwei
July 12, 2011 at 10:39 am
ရိုးရိုးသားသားဝန်ခံရရင် ကျွန်မက မာန်ခံနေတဲ့သူတစ်ဦးဖြစ်ခဲ့ပါတယ် …. တရားရဖို့ အလွန်ခက်ခဲနေပါတယ် … အခုထိလဲ မရသေးပါဘူး … ခွက်ဗလာနဲ့ခံယူနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ် …
ကြောင်ကြီး
July 12, 2011 at 11:03 am
မှန်ပါတယ်၊ သူများဆီသွားသင်တဲ့အခါ အစွဲတွေဖြုတ်မနိုင်ရင် တခုခုရဖို့ ခဲယဉ်းပါတယ်။ မတူတဲ့အတွေးနဲ့ သဂျီးအလိုတော်ကျ တွေးပြရရင် အစွဲတွေနဲ့သွားလည်းရပါတယ်။ ဘယ်ရိပ်သာသွားသွားပါ၊ ဒီနည်းကို ဆူနာမီဆရာတော် တရားနာပြီး ရတာပါ။ လက်တွေ့လည်းစမ်းဖူးလို့ ပြောရဲတာပါ။ ကြိုက်တဲ့နည်းကို အခြေခံပါ (နည်းလမ်းတော့ မှန်ရပါမယ်၊ ရှင်းရှင်းပြောရရင် သဂျီးနည်းမပါ 😀 ) အဆင်ပြေပါတယ်။ ဆရာတော်မှာတဲ့ ဘယ်အရာကိုမှ အတည်မယူဖို့၊ ဘာပဲလာလာ သုံးရုံသုံးပြီး စွန့်တတ်ဖို့၊ တကယ်ရှိတယ်လို့ အဟုတ်ထင်ငြိတွယ်မှုကို စွန့်ဖို့ စတာတွေနဲ့ နှလုံးသွင်းထားရင် ဘယ်လိုပညတ်ချက်တွေနဲ့ ကမ္မဌာန်းအားထုတ်ပါစေ၊ ညဏ်ဖြစ်ဖို့ အခြေခံတရားများ ပြည့်စုံပြီးသားဖြစ်ပါလိမ့်မယ်။ စမ်းကြည့်ပါ၊ ကြောင်ကြီးတို့က စာတွေ့၊ သူများပြော၊ နာမည်ကြီးရုံနဲ့ မဖြုံဘူး၊ ကိုယ်တွေ့မှ လက်ခံတာ….
weiwei
July 12, 2011 at 11:11 am
ကိုကြောင်ကြီး တမင်ပြောင်းပြန်ဖြစ်အောင်ရေးတာလား … အတည်ရေးတာလားဆိုတာ ခွဲခြားလို့မရဖြစ်သွားတယ် … (ကျွန်မ ဉာဏ်မမှီပါ)
ကြောင်ကြီး
July 12, 2011 at 11:28 am
ခက်တော့နေပြီ။ ကြောင်ကြီး ဘယ်တုန်းကနောက်ဖူးလို့လဲ…. အဲဒါနောက်တာနော်၊ အဲဒီ နောက်တယ်ဆိုတာ အတည်ပြောတာ 🙄
ပြောပြီးသားပါ ဘယ်ဟာကိုမှ အတည်မယူပါနဲ့၊ သုံးပြီးစွန့်ပါလို့။ အတည်ပြောနေတာနော်၊ နောက်တာဟုတ်ဖူး။ ကိုယ်အရင်သိထားတဲ့ ပညတ်ချက်တွေကြောင့် တရားမှတ်စဉ် ဘာအာရုံ၊ ဘာအတွေး၊ ဘာအသိပဲလာလာ ဖြစ်ပြီးပျက်တယ်လို့သိပါ။ တနည်း သုံးပြီးစွန့်လိုက်ပါ၊ ဒါပဲ ဟိုဟာပဲ ကောင်းတယ် ဆိုးတယ် စွဲမထားပါနဲ့။ ဆိုးတာကို လူတွေ စွန့်ခိုင်းရင် နားလည်တတ်ကြတယ် (စွန့်နိုင်တယ်လို့မဆိုလို) ကောင်းတာကိုတော့ ငြိမ်းအေးနေတယ်၊ ပီတီဖြစ်နေတယ် စသဖြင့် ချမ်းသာခြင်းကို သိမှတ် ကြုံတွေ့ဖူးတာတွေကြောင့် စွန့်ရကောင်းမှန်းမသိ စွဲနေကြတယ်။ ကောင်းတာသိရင် ဆိုးတာလည်းသိလိမ့်မယ်။ ချမ်းသာခြင်းကို မလွှတ်နိုင်ရင် ဆင်းရဲခြင်းဒုက္ခကနေ မကျွတ်နိုင်ဘူး။ ဥပမာ တရားထိုင်စဉ် ငြိမ်းအေးနေတယ်ဆိုပါစို့၊ ပီတိတဖွားဖွားဖြစ်တယ်ဆိုပါစို့၊ အဲဒီအာရုံကို တွယ်ငြိနေရင် နာကျင်ကိုက်ခဲခြင်း၊ တွေဝေငေးမောခြင်းစတဲ့ ဒုက္ခတရားတွေကနေလည်း မလွတ်မြောက်နိုင်သေးဘူး။ ဒီတော့ ဘာလာလာ သုံးပြီစွန့်ပါ။ သုံးတယ်ဆိုတာ သိလိုက်တာ၊ ဖြစ်လိုက်တာ (နုစဉ်မှာ မသိလို့၊ မဖြစ်လို့ မရဘူး၊ စွန့်တတ်ဖို့ပဲလိုတယ်)။ သမထလေးဆယ်ထဲကလို မရှိမရှိဆိုပြီး လိုက်မရှိခိုင်းတာလည်း မဟုတ်ဘူး။ သဘာဝဖြစ်စဉ်ကို ပညတ်ကနေ ပရမတ်ကူး၊ အဲဒီကနေ အရိယာအမြင်ကို သွားတယ်လို့ အလွတ်ပြောချင်တယ်။ လုပ်ကြည့်ပါ၊ မိုးကုတ်၊ မဟာစည်၊ စွန်းလွန်း ကြိုက်တာလုပ်။ ကိုယ်သိပြီးသား စွန့်စရာ မလိုဘူး၊ စွန့်တတ်ဖို့ စွန့်ရကောင်းမှန်းသိဖို့ စွန့်တတ်ဖို့ပဲလိုတယ်။ ပိုပြီးအသေးစိတ်ကို ကိုစိုးဝင်းထွဋ်စာတွေထဲ ရှာကြည့်လိုက်ပါ။
weiwei
July 12, 2011 at 11:42 am
ကျွန်မရေးတာက သိပြီးသားကို စွန့်ဖို့မဟုတ်ပါဘူး … ဒါပေမယ့် ရိပ်သာတစ်ခုကိုသွားဝင်ပြီဆိုရင် ခဏဘေးချထားဖို့ကိုပြောတာပါ … ဖားအောက်မှာ တရားစခန်းဝင်ပြီး တခြားရိပ်သာကနည်းကိုစွဲနိုင်ရင် ဖားအောက်ရဲ့အနှစ်သာရကို မရနိုင်တော့ဘူး … ဘယ်ရိပ်သာကိုပဲ သွားသွား … တပည့်ခံစဉ်မှာ ရိုးသားတဲ့စိတ်ကလေးနဲ့ (ဗလာနဲ့) ခံယူဖို့ အရေးကြီးပါတယ် … ဒါပေမယ့် အိမ်ပြန်ရောက်ရင်တော့ ကိုယ်နဲ့အဆင်ပြေဆုံး ကမ္မဌာန်းနဲ့ တရားအားထုတ်တာ အကောင်းဆုံးပါပဲ …
ကိုကြောင်ကြီးပြောတာက သိပ်မြင့်သွားလို့ မျက်စိလည်သွားတာ … 😛
ကြောင်ကြီး
July 12, 2011 at 11:45 am
အိမ်မှာပဲထိုင်ထိုင်၊ ရိပ်သာပဲဝင်ဝင် ကိုယ်သိထားသမျှကို စွန့်ကြည့်ပါ။ ပြောရင်းဒေါကီးလာပြီ စွန့်မလား မစွန့်ဘူးလား။ အခုစွန့်စမ်း….. :angry:
ဆူး
July 12, 2011 at 8:43 pm
ဝင်ငြင်းအုန်းမယ်..
စွန့်တာနဲ့ မစွဲတာ မတူဘူးထင်တယ်။
စွန့်တယ်ဆိုတာ လုံးဝ မရှိတော့တဲ့ သဘောမျိုးဖြစ်အောင် လုပ်တဲ့ အနေအထား..
မစွဲ နဲ့ ဆိုတာ.. Crazy တခုခုကို အရူးအမူး ဖြစ်ပြီး စွဲလန်းတဲ့ သဘောကို ဆောင်မယ် ထင်တယ်။
ဆူနာမီ ဆရာတော်ကို တော့ မပြောလိုပါဘူး ဘုန်းကြီးဖြစ်တဲ့ အတွက် လူ့ဘဝကို စွန့်လွတ်ထားပြီးသားပါ။
လူဝတ်ကြောင်ကိုတောင် မစွန့်လွတ်နိုင်သူ အဖို့ စွန့်တယ် ဆိုတဲ့ စကား သိပ်မြင့်လွန်းတယ်။
တကယ်စွန့်မယ် ဆိုရင်.. ပိုင်ဆိုင်မှု ဘယ်လောက်ရှိလဲဟင်.. 😀 ရွာထဲက ကလေးတွေကို အမွေပေးလိုက်ပါလား.. ဒါလည်း စွန့်နည်း တမျိုးပဲ..
pan pan
July 12, 2011 at 11:19 am
ခွက်ကိုလည်း ကြီးကြီး(သဘောထားကြီးကြီး)ထားနိုင်ရင် ပိုဆံ့လို့ပိုရနိုင်တာပေ့ါနော် 🙂
weiwei
July 12, 2011 at 11:54 am
ကိုကြောင်ကြီးနဲ့တော့ ခက်တော့နေပြီ …. ဒေါသရှေ့ထား မှားပေမပေါ့ … 😛
စွန့်ရမယ်ပြောလိုက် .. စွန့်စရာမလိုဘူးပြောလိုက်နဲ့ …
တစ်ယောက်ထဲ အမျိုးမျိုးပြောနေတယ် ….
ဆူး
July 12, 2011 at 8:44 pm
ဒေါသ မစွန့်နိုင်သေးဘူး.. အခုတောင် သေနပ်ကိုင်ထားသေးတယ်။
mzm
July 12, 2011 at 4:12 pm
ကိုယ်လုပ်မှ ကိုယ်ရ ဒီသုခ
ကိုယ်လုပ်မှ ကိုယ်ရ အိုဒုက္ခ
အဘယ်သူက သင့်ထံ ယူလာပေးမည်နည်း
သင့်ကံကြမ္မာကို သင်ကိုယ်တိုင် ဖန်တီးပါလေ
တစ်ပါးသူကို မစိုးမိုးခိုင်းပါလေနဲ့
moethidasoe
July 12, 2011 at 4:52 pm
ဟုတ်ပါတယ် .. တရားစခန်းတွေမှာ တွတ်ထိုးနေကြတာက အဲဒီအချက်တွေပဲ ..
ဟိုတရားစခန်းက ဒီလို ပြောခဲ့တာ .. ဒါကြောင့် အခုပြောနေတာတွေက ဘယ်လို .. စသဖြင့်
တချို့ပြောကြတယ်လေ .. စာခံတယ် ဆိုတာ မျိုးလိုပေါ့ ..
ကိုယ်သိထားတာ တခြား ဖြစ်ချင် ဖြစ်နေမှာ ဆိုတာမျိုး မတွေးကြပဲ
ကိုယ်သိထားတာ အမှန် ဆိုတာလိုပေါ့
ကျေးဇူးပါ 6060
forever
July 12, 2011 at 4:59 pm
ခွက် ဆိုတာကိုပါ
စွန်.လွှတ် လိုက်ပါ….
အေးချမ်းသွားပါလိမ်.မယ်
Yan Shin
July 12, 2011 at 5:02 pm
ဝေဝေ က ကျိုးစားဆဲဖြစ်ပြီ
ကိုကြောင်ကြီးက ကျိုးစားပြီး ဆိုတော့ တော်တော်ထိန်းနိုင်နေပြီနှော်။
ဒေါသကိုပြောတာပါ။
အဲလောက်အာဏာပေးခြင်ရင်
ဟိုအဖွဲ့ထဲဝင်ပါလား?
ရာသက်ပန်အာဏာပေးနိုင်ရေးအဖွဲ့လေ………….
ရွှေဘိုသား
July 12, 2011 at 8:25 pm
မြန်မာပြည်မှာနေရတာဆိုတောလည်း အဝတ်ဗလာဖြစ်မှာ ကြောက်နေရတယ်ဗျ
မိုက်ကယ်ဂျော်နီအောင်ပု
July 12, 2011 at 9:25 pm
အလို!!!!!!!!!!!!!!
တရားအားထုပ်နေကြပါလား ဝင်ဖောလ်းဦးမှ
…………….
ဒီလိုရှိပါပေတယ်
စွန့်တယ်ဆိုတာ စွန့်ပြစ်လိုက်တာလို့ပြောလို့ရပေမယ့်
ပြန်ကောက်လို့ရတဲ့သဘောကရှိပြန်ရော
စာပေစကားနဲ့ပြောရရင် ပယ်တယ်လို့ခေါ်ရသကွဲ့
ပယ်စွန့်တယ်လို့ ပြောရင်ပိုပြီးပြည့်စုံပေမှာပေါ့
ဒီလိုအကြောင်းတွေကိုကြိုမြင်ထားလို့
ကျွန်ုပ်ဘဒ္ဒ န္တ မိုက်ကယ်ဂျော်နီအောင်ပု မှ
http://myanmargazette.net/50655/uncategorized-other/copypaste
ဒီတရားတော်ကို တင်ပြထားတာဖြစ်ပေတယ်
သင်တို့သေခြာမဖတ်ကြဘဲဖောလ်နေကြတယ်ဆိုတာထင်ရှားပေတယ်
ဒီနေရာမှာကြုံလို့ မိန့်တော်မူရမယ်ဆိုရင်
တဏှာ၊ မာန၊ ဒိဌိ ဆိုတဲ့အကြောင်းသုံးပါးကို
မိမိတို့ရဲ့ သက္ကာယ တွေကို မပယ်စွန့်နိုင်သေးဘဲနဲ့
အများကြီး စာလုံးအကြီးကြီးမရေးသင့်ပေဘူး
ဆိုလိုတာက စွဲလမ်းဖွယ် ဥပါဒါနက္ခန္ဓာ ငါးပါး သက္ကာယတွေဆိုပြီး
ဘာညာ ကြီးကျယ်နေကြမယ့်အစား
တရားတို့ကိုငါသိပါတယ်ဆိုတာ မာန
အဲ့သည်ငါသိပါတယ်ဆိုတဲ့ မာနနဲ့ဖြစ်နေတဲ့တရားတွေကို တွယ်တာနေတာ တဏှာ
အဲ့သည် တရားတို့ကို မာနနဲ့တွယ်တာနေတာကို မှန်တယ်လို့ ထင်မိကြရင် ဒိဌိ
ဆိုတဲ့ ဒီအကြောင်းသုံးပါးကို
အနုစိတ်ပြန်လည်လေ့လာကြလော
ဒါကပညာရှင်တွေမို့ လိုရင်းတိုရှင်းမိန့်ကြားရတာဖြစ်ပေတယ်
ပုံ
….ဘဒ္ဒ န္တ မိုက်ကယ်ဂျော်နီအောင်ပု
padonmar
July 12, 2011 at 9:29 pm
တစ်ချို့ဉာဏ်ကြီးတဲ့သူတွေက တရားတစ်ခုကို အသေးစိပ် သုံးသပ်နေရင် တရားတက်နှေးတယ်တဲ့။
ဒါပေမယ့် သိပြီဆိုရင်လည်း နက်နက်နဲနဲ ထဲထဲဝင်ဝင် ပိုသိတယ်တဲ့။
ဥပမာ ရှင်သာရိပုတ္တရာ
ဝေဝေက အဲဒီလိုမျိုးခက်ခဲနေတာလည်း ဖြစ်ချင်ဖြစ်မှာပါ။ 😀
weiwei
July 12, 2011 at 9:41 pm
မဟုတ်နိုင်ပါဘူး မပဒုမ္မာ … ကျွန်မကိုက ဉာဏ်နဲတာ … အသက်ကြီးလာလေ ပိုဆိုးလေဖြစ်လာလို့ …. ပညာသင်ယူနည်းလေးတစ်ခုကို ဆင်ခြင်မိတာနဲ့ တခြားသူတွေကို ဝေမျှချင်ရုံသက်သက်ပါ ….
zaw min
July 12, 2011 at 10:15 pm
တော်သေးတာပေါ့…ခွက်ဗလာပဲ ယူသွါးခိုင်းပေလို့…အမှန်တကယ် အပြောလွယ်သလောက် အလုပ်ခက်ပါတယ်။တကယ်တရားရဖို့မပြောနဲ့ တစ်နာရီလောက်ပဲ တရားထိုင်ပီး မိမိရဲ့စကန့်္ကအမျှ လူပ်လျားနေတဲ့စိတ်လေးကို တနေရာထဲမှာ ငြိမ်အောင်ထိမ်းထားဖို့ တောင်မလွယ်ကူလှပါဘူး။
ဆူး
July 12, 2011 at 10:34 pm
တရား ထိုင်နေကျ မဟုတ်ရင်.. စစ ထိုင်ချင်းဆိုရင် စိတ်ကို တည်ငြိမ်အောင် စုစည်းဖို့ သိပ်ခက်တာ.. နီးစပ်တာ တွေးချင်ရာ လျှောက်တွေးတော့တာပဲ.. နည်းနည်းလေး အနယ်ကျမလို ဖြစ်တော့ ခပ်ဝေးဝေး မေ့နေတာတွေ ပြန်ပေါ်လာတယ်။
မဟုတ်သေးပါဘူး.. တရားပဲ မှတ်မှ ဆိုတော့.. စိတ်စုစည်းရင်း အာရုံတွေမှာ.. တောင်ထင် မြောက်ထင်နဲ့ ကြောက်စိတ်တွေ ဖြစ်တဲ့ အခါဖြစ် စိတ်ညစ်တဲ့ အခါ စိတ်ညစ် စုံနေတာပေါ့.. ခက်သားလား.. ဒီလိုနဲ့ ဘယ်လိုမှ တရား မရနိုင်တော့ပါဘူး။
အသေးစိတ်တော့ မသိဘူး အကြမ်းဖျဉ်းတော့ သိသလိုပြောရရင်တော့ စိတ်က မတွေးပဲ နေပေမဲ့ စိတ်ကို တွေးစေတဲ့ စေတသိတ်တွေက အတင်းတွန်းပို့တာ..
သိသလို နီးစပ်ရာ ဥပမာ ပေးရမယ် ဆိုရင်တော့.. အနားမှာ အတိတ်က ဓါတ်ပုံတွေ တပုံပြီး တပုံ ထိုးပြ သလိုပဲ.. တဖြတ်ဖြတ်နဲ့ အကြောင်းအရာ အမျိုးစုံပဲ… မတွေးပဲ နေပြီး ကျော်ဖြတ်နိုင်မှ.. အဲလို မဟုတ်ပဲ.. စိတ်ကို နိးစွပြီး တဖြတ်ဖြတ် နဲ့ တွန်းပို့တဲ့ နောက် လိုက်သွားကြည့် ရေစုန်ကို ဘောကွင်းနဲ့ လိုက်စီးသွားသလိုပဲ.. တရားထိုင်ရင်း ရုပ်ရှင်တကား ရိုက်သလား အောက်မေ့ရမယ်.. ဟိဟိ.. ကြားဖူးနားဝလေး ပြောကြည့်တာ.. 🙄 🙄 🙄
Foreign Resident
July 13, 2011 at 3:00 am
“တရားထိုင်ရင်း ရုပ်ရှင်တကား ရိုက်သလား အောက်မေ့ရမယ်”
Agree,
In fact, more than one movie. 🙂
တညင်သား
July 12, 2011 at 10:47 pm
ပြောချင်တာကို သပေါပေါက်နေသလိုပဲ ကျွန်တော်လဲ ဝင်ဖော် တာပါ ….:) ကျွန်တော် တရုတ် စကားလေးနဲနဲတက်တယ်ပေါ့ …ကျွမ်းကျွမ်းကျင်ကျင် ဖြစ်အောင်ဆိုပြီး သင်တန်းသွားတက်တာ ဆရာသင်တာနဲ့ ကိုသိထားတဲ့ အခြေခံနဲ့အသံထွက်တွေ လွဲနေတော့ သင်လို့ကိုမရဘူး… မမဝေ ဆိုလိုချင်တာက ကိုယ်သိထားတာလေး ဘေးခဏဖယ်ထား ပြီး အခြေခံက စသင်ပေါ့ …ဒါဆိုရင်အဆင်ပြေမယ်.. အဲဒီလိုလား…………အဲဒီလိုဆိုရင်ဖြင့် ထောက်ခံပါတယ် ..တချို့နေရာမှာ အခြေခံလေးရှိတာ ကောင်းတက်ပါတယ် အနည်းအကျင်းပါ….တချို့ နေရာမှာကြတော့လဲ မမဝေ ပြောသလို ( တရားပဲဖြစ်ဖြစ် ၊ ပညာပဲဖြစ်ဖြစ်) ဗလာနဲ့ခံယူတာက ထိထိမိမိ ရှိပါတယ်…….
unclegyi1974
July 12, 2011 at 10:56 pm
မဝေပြောတာတရားစခန်းတခုကကျင့်စဉ်ကိုမတူတဲ့နောက်ကျင့်စဉ်သင်ပေးတဲ့နေရာကိုမယူခဲ့ဖို့ပြောတယ်
လို့နားလည်ပါတယ်
ကျွန်တော့်အမြင်ကကျင့်စဉ်မယူခဲ့ဖို့ထက်ကိုယ့်အိမ်ကလူမှုရေးစီးပွါးရေးသားရေးသမီးရေးတွေကို
မယူလာရင်ပိုကောင်းတယ်လို့မြင်ပါကြောင်း
Foreign Resident
July 13, 2011 at 2:54 am
Dear Ma Wai Wai,
” တရားစခန်းတခုကကျင့်စဉ်ကို မတူတဲ့နောက်ကျင့်စဉ်သင်ပေးတဲ့နေရာကို မယူခဲ့ဖို့ ”
It is correct, but, the worst one is ” မာန်ခံနေတဲ့သူတစ်ဦး ”
Some of the intelligent persons ( in academic ) cannot gain ” တရား ”
especially if he already learned something about ” အဘိဓမ္မာ ”
he generally compare his recent situation/step with ” အဘိဓမ္မာ ”
Then he cannot get or improve ” တရား ”
It is necessity to accept with empty bowel ” ခွက်ဗလာနဲ့ခံယူနိုင်ဖို့ ”
But, you see, it’s easy to talk, but very difficult to do.
For myself, if I can attain the real enlightenment of Dhamma,
I can spare/donate all my remaining properties & ( even ) my life.
I helped to organize some meditation sessions &
I hope, because of this ” Kutho “,
I can gain or even easier to gain the real enlightenment of Dhamma
in afterlife ( not recent life, some life after recent ).
ကြောင်ကြီး
July 13, 2011 at 6:30 am
ဘဒ္ဒန္တ မိုက်ကယ်ဂျော်နီအောင်ပု ပြောသလိုပဲ စွန့်တယ်ဆိုတာ ပယ်စွန့်ခိုင်းတာလို့ ဆိုရင်မမှားဘူးထင်တယ်။ အန်တီဆူးထင်သလို စည်းစိမ်ဥစ္စာ သားမယားကို စွန့်ခိုင်းနေတာ မဟုတ်ဘူး။ အဲဒါတွေက အနာဂမ္မိမဂ်ဆိုက်မှ သူ့အလိုလိုဖြစ်သွားကြတာကလား။ ကိုယ်လိုသူလို ကြိုးပမ်းအားထုတ်နေသူ များအဖို့တော့ စွန့်တယ်ဆိုတာ တဏှာကိုစွန့်ခိုင်းနေတာ။ ကိုယ်တွင်းအဇ္ဇတသဏ္ဍာန်ကို စွန့်နိုင်ရင် အပြင်ဗဟိဒ္ဓတရားတွေကိုပါ စွန့်နိုင်ပြီပေါ့။ အပြင်ဖက်ကိုစွန့်ပြီး အတွင်းကိလေသာမနိုင်ရင် စွန့်လည်းစိတ်ပြတ်ပါ့မလား၊ ပါရမီရှိလို့ရလည်း ငါဆိုတဲ့အတ္တနဲ့ လုပ်ယူနေရတာမျိုးဖြစ်မှာပေါ့။ အကျိုးမဲ့လို့ မဆိုလိုပါ၊
ဒါပေမယ့် ဗုဒ္ဓဘုရားသာသနာမှာ ဒါထက်ပိုတဲ့ စွန့်နည်းမျိုးတွေ ရှိနေတယ်လေ။ ဥပမာ တဖက်သားကို အမျက်မထွက်ရ၊ သူများပစ္စည်း မလိုချင်နဲ့ စတဲ့အပြင်ဘန်းတွေအပေါ် အာရုံမညွှတ်ဖို့ ထိန်းချုပ်ခိုင်းနေတာနဲ့ မိမိကိုယ်တွင်းမှာ ဖြစ်ပျက်နေတဲ့ ညောင်း၊ ယား၊ ကျင်၊ နာ၊ ပီတိ၊ သုခ စတဲ့ အကောင်း အဆိုး ခံစားမှုတွေကို ပယ်စွန့်ခိုင်းတာ ဘယ်ဟာကို သီးခံနိုင်စွမ်းရည်ကို ပိုကောင်းစေနိုင်တယ်ထင်လဲ။ ရှေးဘုရားတွေက “သီးခံနိုင်မှ နိဗ္ဗာန်ရ’ ဆိုတဲ့ တခွန်းထဲသော တရားကိုဟောတယ်လို့ မှတ်သားဖူးတယ်။ ပုံဇာတ်နိပတ်တော်တွေမှာလည်း စစ်ပွဲနိုင်ပြန်လာတဲ့ ဘုရင်ထက် တလက်ထဲသော ပေါက်တူးကိုစွန့်နိုင်တဲ့ လယ်သမားဆင်းရဲသားရဲ့ အောင်နိုင်မှုက ပိုမြတ်တယ်ဆိုတာ ရှိတယ်။
အန်တီဝေရေ… ကမ္မဌာန်းမှတ်စဉ် စွန့်ပယ်ခြင်းဆိုတာ အရမ်းအရေးကြီးပါတယ်။ စွန့်ကြည့်ပါ၊ စွန့်လိုက်တိုင်း နောက်တခု နေရာဝင်ယူမယ်၊ စွန့်လိုက် ပြန်ပြည့်လာလိုက်နဲ့ တဖြည်းဖြည်း လက္ခဏာသုံးပါးကို တရေးရေး မြင်လာမယ်။ အဲဒီလိုမြင်လာရင်လည်း စွန့်လိုက်၊ နောက်တခုဝင်လာလိမ့်အုံးမယ်၊ ဘယ်အထိလည်းဆိုတော့ ကိလေသာအာသဝေါ ကုန်ခမ်းသွားတဲ့အထိ။ ဘာခံစားမှု ဝေဒနာ ပညတ်ချက်မှ မရှိတော့ရင် ဆုံးပြီဘဲ။ (ဘာမှမသိတော့ပဲ ချုပ်သွားတယ်ဆိုတဲ့ ယောဂီအများပြောလေ့ရှိတဲ့ သမထချုပ်ခြင်းမျိုးလည်း မဟုတ်ရ၊ ဘာလို့လည်းဆိုတော့ ချုပ်သွားခြင်းခံစားမှု ပညတ်ကို သိနေသေးလို့)။ တကယ့်သဘာဝ သစ္စာမှာ ဖြစ်ပျက်ဆိုတာလည်းမရှိ၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတာလည်းမရှိ၊ ဘာဆိုဘာမှမရှိဘူး။ သုညနိဗ္ဗာန်ဓာတ်၊ ဆိတ်သုန်းတယ်တယ်လို့ စာမှာအတိအလင်းဆိုတယ်။ ဒီဖက်ခေတ်လက်တွေ့ကျင့်ကြံ ပေါက်မြောက်သူများလဲ ရှိတယ်။
မစွန့်နိုင်လို့ ဘာဖြစ်မလဲဆို လက်ရှိအသိကနေ ရှေ့ဆက်တက်ဖို့ခက်ပါမယ်။ ကိုယ်က သောတာပန်ဖြစ်ဖို့ ပါရမီရှိတယ်ဆိုပါစို့၊ လက်ရှိအသိကို မစွန့်နိုင်ရင် အခုဘဝမှာ အရိယာမဖြစ်တော့ဘဲ ပါရမီသာဖြစ်ပါမယ်။ သောတာပန်ဖြစ်နေတယ်ဆိုပါစို့ သကဒါဂါမ် မဖြစ်ဘဲရှိပါတော့မယ်။ အဆင့်ဆင့်ဒီလိုပဲသွားပါတယ်။ ဒါကြောင့် သဲအင်းဂူဆရာတော်ကြီးက သူ့တရား တပုဒ်မှာ နိဗ္ဗာန်ကို လူ၊ နတ်၊ ဗြမ္မာတွေကမလိုချင်၊ ဘုရားအရေတော် ခြုံထားတဲ့ ပုထုဇဉ် သီလရှင်၊ ဘုန်းကြီးတွေကလည်း မလိုချင် သူတို့ထားပေါတာ့၊ သောတာပန် သကဒါဂါမ် အနာဂါမ် အရိယာတွေကလည်း မလိုချင်ကြ၊ ကိုယ်ရထားတာလေးတွေနဲ့ ကျေနပ်နေကြတယ်လို့ ဆုံးမထားတယ်။
ဒါတွေကိုသိထားရင် အနည်းဆုံးတော့ လောကနဲ့လွတ်ရာကျွတ်ရာ ရိပ်သာသွား သို့မဟုတ် ကိုယ့်အိမ်မှာ တရားအားထုတ်ခိုက် အကျိုးမဲ့အချီးနှီး မဖြစ်စေနိုင်ကြောင်း လက်ဆင့်ကမ်းပါသည်။
မိုက်ကယ်ဂျော်နီအောင်ပု၏ ငယ်ဆရာ ဘဒ္ဒန္တကြောင်ကြီး
MaMa
July 13, 2011 at 8:08 am
ဆရာ့ဆရာတွေကြားထဲမှာ မလည်မဝယ်နဲ့ ဝင်ပြောရဦးမယ်။ တရားနာတဲ့အခါမှာ ပေးတဲ့သူ (တရားဟောတဲ့ပုဂ္ဂိုလ်) ကတော့ အားလုံးကို အညီအမျှ ပေးလိုက်တာပါ။ ဒါပေမယ့် ခံယူသူ (တရားနာသူ) ဖက်က ခံယူတာချင်း မတူညီတော့ ရရှိတာချင်းလည်း မတူညီကြဘူးပေ့ါ။ တရားကို ခံယူရာမှာ တချို့က အိုးကို မှောက်လျှက်ခံယူတော့ ( ရိုရိုသေသေ လေးလေးစားစား မှတ်မှတ်သားသား မနာယူခြင်း) ဘာမှ မရလိုက်ဘူး။ နောက်တစ်မျိုးက အိုးခြမ်းပဲ့နှင့် ခံယူခြင်း ( ဟုတ်မှ ဟုတ်ရဲ့လား၊ ဘယ်နေရာမှာ ဘယ်လိုပြောထားတာ မဟုတ်ဘူးလား …… စသည်ဖြင့် နာယူခြင်း) ဆိုလျှင်လည်း တစ်ဝက်တစ်ပျက်သာ ရရှိနိုင်ပါတယ်။ တချို့တလေကတော့ ယုံယုံကြည်ကြည် လေးလေးစားစား မှတ်မှတ်သားသားဖြင့် နာယူခြင်းဖြင့် အိုးအလွတ်ဖြင့် ခံယူသလို အပြည့်အဝ ရရှိနိုင်လေသတည်းးးးးးးးးးးးးးးးးးး
weiwei
July 13, 2011 at 9:18 am
အိမ်မှာ ကျွန်မတူမလေးကို စာသင်ရပါတယ် … ကျွန်မသင်လိုက်တိုင်း သေချာနားမထောင်ဘူး … သူသိတယ် သူတတ်တယ် ကျောင်းကဆရာမသင်တာကဘယ်လို စသဖြင့် အမျိုးမျိုးဆင်ခြေပေးပါတယ် … စာမေးပွဲဖြေတော့ သူဘာမှ မရပါဘူး … ဒီနှစ် သူက ၆ တန်းရောက်ပြီဆိုတော့ နားလည်နိုင်တဲ့အရွယ်မို့လို့ ခွက်ဗလာဖြင့် ခံယူသည့်နည်းလမ်းကို သေချာဆုံးမလိုက်တာ နဲနဲတော့ အသိဉာဏ်လေးရှိလာပုံရပြီး စာသင်ရင် ဆင်ခြေမပေးတော့ပဲ ကောင်းကောင်းနားထောင်ပါတယ် …
လူကြီးပဲဖြစ်ဖြစ် ကလေးပဲဖြစ်ဖြစ် မာန်မာနတွေ ချထားသင့်ပါကြောင်း …
အပြောလွယ်သလောက် အလုပ်ခက်ပေမယ့် နဲနဲခြင်း ကြိုးစားရင်း ကြိုးစားရင်း ဖြင့် ……
မင်းပြည့်ရှိန်
July 14, 2011 at 12:32 am
ခွက်ကို ခွက်မှန်း သိပါ.. ဗလာကို ဗလာမှန်းသိပါ…
ခံယူတာကို ခံယူမှန်းသိပါ….
ဖိတ်ကျတာကို ဖိတ်ကျမှန်း သိပါ..
ပြန်ကောက်တာကို ပြန်ကောက်မှန်းသိပါ…
အဲဒါတွေ အားလုံးကို ဖြစ် ပျက် လို့သိပါ…
အဲဒီ ဖြစ်လိုက် ပျက်လိုက် ကို ဒုက္ခ-ဆင်းရဲခြင်း လို့သိပါ..
ထို ဆင်းရဲခြင်းကိုပဲ ဆင်းရဲခြင်း လို့ ဆက်ပြီး… သိပါ….
အဲ.. ဘာဆက်ပြောရမယ်မှန်း သိတော့ဘူး….
ခွက်ဗလာဖြင့် ခံယူ၍ မရပါ…
ဉာဏ်နှင့် ကြည့်ရမှာဖြစ်လို့..
အသိဉာဏ် ဆင်ခြင်ဉာဏ် ကိန်းဝပ်သော ခွက်ဖြင့် ခံယူပါ….
သို့မှသာ.. ပယောဂပါသော.. အရာများကို ဆင်ခြင်သိ.. ဖြင့် ပယ်ရှားနိုင်မှာ ဖြစ်ပါတယ်..
သို့ပါသောကြောင့်.. ပညာဉာဏ် ပါသော ခွက် ဖြင့် ခံယူပါ….
ဆူး
July 14, 2011 at 12:47 am
တဖက်သားကို အမျက်မထွက်ရ၊ သူများပစ္စည်း မလိုချင်နဲ့ စတဲ့အပြင်ဘန်းတွေအပေါ် အာရုံမညွှတ်ဖို့ ထိန်းချုပ်ခိုင်းနေတာနဲ့ မိမိကိုယ်တွင်းမှာ ဖြစ်ပျက်နေတဲ့ ညောင်း၊ ယား၊ ကျင်၊ နာ၊ ပီတိ၊ သုခ စတဲ့ အကောင်း အဆိုး ခံစားမှုတွေကို ပယ်စွန့်ခိုင်းတာ ဘယ်ဟာကို သီးခံနိုင်စွမ်းရည်ကို ပိုကောင်းစေနိုင်တယ်ထင်လဲ။ ရှေးဘုရားတွေက “သီးခံနိုင်မှ နိဗ္ဗာန်ရ’ ဆိုတဲ့ တခွန်းထဲသော တရားကိုဟောတယ်လို့ မှတ်သားဖူးတယ်။
အန်တီဝေရေ… ကမ္မဌာန်းမှတ်စဉ် စွန့်ပယ်ခြင်းဆိုတာ အရမ်းအရေးကြီးပါတယ်။ စွန့်ကြည့်ပါ၊ စွန့်လိုက်တိုင်း နောက်တခု နေရာဝင်ယူမယ်၊ စွန့်လိုက် ပြန်ပြည့်လာလိုက်နဲ့ တဖြည်းဖြည်း လက္ခဏာသုံးပါးကို တရေးရေး မြင်လာမယ်။ အဲဒီလိုမြင်လာရင်လည်း စွန့်လိုက်၊ နောက်တခုဝင်လာလိမ့်အုံးမယ်၊ ဘယ်အထိလည်းဆိုတော့ ကိလေသာအာသဝေါ ကုန်ခမ်းသွားတဲ့အထိ။ ဘာခံစားမှု ဝေဒနာ ပညတ်ချက်မှ မရှိတော့ရင် ဆုံးပြီဘဲ။
ဆရာတော် ကြောင်ကြီး ရှင့်.. အထက်ပါ စကားရပ်များကို ဆွေးနွေးလိုပါသည်။
တပည့်တော် သိသည်မှာ.. စွန့်သည် ဆိုသည်မှာ လက်ထဲမှာ ရှိတဲ့ အရာကို လက်ထဲမှာ မရှိအောင် လုပ်လိုက်တာ.. သူများ ပေးခြင်း သို့တည်း မဟုတ် လွင့်ပစ်ခြင်းကို စွန့်သည်ဟု သိနားလည်ပါသည်။ ထို့ကြောင့် စွန့်သည် ဆိုသည့် အရာသည် လုပ်ယူရသည့် အရာ ဖြစ်သည်ဟု ထင်ပါသည်။
စွန့်သည် ဟူသော စကားရပ်သည် ပါရမီ ဖြည့်ဆည်းသည့် ပုဂ္ဂိုလ်များ တွင်တွင် သုံးသော စကားလုံးများ ဖြစ်သည်ဟု ကြားဖူးနားဝ ထဲမှာ မြင်ဖူးတွေးဖူးတာများရှိပါသည်။
ကမ္မဌာန်း အားထုတ်တဲ့ အခါမှာလည်း စွန့်ကြည့်ပါ စွန့်လိုက်တိုင်း နောက်တခု ဝင်ယူမယ်လို့ ပြောတဲ့ အတွက် ထိုစကားရပ် အတွက် ဆွေးနွေးလိုပါသည် ဆရာတော် ကြောင်ကြီး ရှင့်…
အာရုံ ၅ပါး ဆိုတာ အာရုံပါပဲ..ဥပမာ အားဖြင့် မြင်တာကို စွန့်တယ် ဆိုရင် မျက်စိကို ဖောက်ထုတ်ရလိမ့်မယ်လို့ ယူဆ သလို ဖြစ်နေပါသည်။ ထို့နောက်.. နား နှာ လျှာ ကိုယ် စတာတွေလည်း အတူတူပါပဲ။
စွန့်တယ် ဆိုတဲ့ စကားနဲ့ ကပ်သပ်ငြင်းခုန်ခြင်း မဟုတ်ပေမဲ့ ကြားဖူး သိဖူးတာကို ဖလှယ်တယ်လို့ ယူဆ ပေးပါရှင့်…
ဆရာတော် ကြောင်ကြီး ဆိုလို သည့် အာရုံ လာတာကို စွန့်ရင် နောက်ထပ် အာရုံ လာတာ မြင်လိမ့်မယ်လို့ ပြောထားတဲ့ စကားရပ် တွင်.. အာရုံဆိုတာကနေ တဆင့် စိတ်ဖြစ်လာတယ် ဆိုတဲ့ အတွက် အာရုံနဲ့ ဒွာရ တိုက်တဲ့ အခါ စိတ်ဖြစ်တယ်လို့ ယူဆပါတယ် ရှင့်..
စိတ်ထဲမှာ ဖြစ်လာတဲ့ အရာတိုင်းကို စွန့်ချည်းပဲ စွန့်နေရင် လူပေါင်းများစွာ ဖွထားတဲ့ အမှိုက်ကို တယောက်တည်း သိမ်းရသလို ဖြစ်နေမလားတွေးမိတယ်.. ဒီက အမှိုက်သိမ်း လိုက် ဟိုက အမှိုက်ပွလိုက်နဲ့.. သိမ်းလို့ မဆုံးသလို စေတသိတ်တွေ အများကြီး ရှိပါတယ် စေတသိတ်တွေရဲ့ တွန်းအားကြောင့် ပေါ်လာတဲ့ အာရုံတွေ နဲ့ တွဲပြီး ဖြစ်တဲ့ စိတ်တွေကို စွန့်လို့ မဆုံးတော့ဘူး စွန့်တယ်ဆိုတာ လုပ်ယူရတဲ့ သဘော ဖြစ်နေတယ်။
တပည့်တော် ဆူး လျှောက်ထားချင်တာကတော့.. အာရုံကို အာရုံ အတိုင်းထား.. အာရုံနောက်မလိုက်နဲ့ မျောက်တကောင်ကို ကြိုးနဲ့ ချည်ထားသလို ကြိုးရှည်သလောက်တော့ မျက်စိရှေ့မှာ ရှိနေပြီး ထိုမျောက် ဘာလုပ်သလဲ သိနေမှာဖြစ်ပါတယ်။ အဲဒီ မျောက် ဘာလုပ်သလဲ မြင်အောင်ကြည့်.. ဆော့ရလွန်းရင် မောပြီး ငြိမ်သွားပါလိမ့်မယ်။
အာရုံဆိုတာ မြတ်စွာဘုရားတောင် မကင်းပါဘူး ကိလေသာကို စွန့်လို့တော့ ကြားဖူးပါတယ် အာရုံကိုတော့ စွန့်ရမယ်လို့ မကြားဖူး မနာဖူးပါဘူး။ အာရုံ တွင်လည်း ကုသိုလ် စေတသိတ်တွေကနေ ဖြစ်တဲ့ အာရုံ ရှိသလို အကုသိုလ် စေတသိတ်တွေကြောင့် ဖြစ်တဲ့ အာရုံတွေလည်း ရှိပါတယ်။ ကုသိုလ်လည်း မဟုတ် အကုသိုလ်လည်း မဟုတ်တဲ့ စိတ်တွေ ဖြစ်ဖို့ သတိလေးနဲ့ ထိန်းပြီး စိတ် တခုနောက်မှာ နောက်ထပ် ဘာ စိတ် ရှိသလဲ စောင့်ကြည့်မယ်ဆိုရင် ပိုပြီး နည်းလမ်းကျမယ်လို့ ထင်ပါတယ် ဆရာတော် ကြောင်ကြီးရှင့်…
ကြောင်ကြီး
July 14, 2011 at 11:11 am
အိမ်း..အိမ်း…ဆြာတော်ဦးကြောင်ကို လေးလေးစားစား လျောက်တင်တော့လည်း ဂါရဝေါစ နိဝါတောစဆိုတဲ့ မင်္ဂလာတရားနဲ့ လျော်ညီပါပေ၏။ ဂလိုရှိတယ် တံခါးမလေးရဲ့….
စွန့်တယ်ပဲဆိုဆို၊ မစွဲဘူးပဲပြောပြော၊ ပယ်တယ်ပဲသမုတ်သမုတ် အဲဒါတွေက ပညတ်စကားလုံးတွေဖြစ်လို့ အမှားချည်ပါပဲ။ တကယ်ပြောချင်တဲ့ အဓိပ္ပါယ်ကို တင်းပြည့်ကျပ်ပြည့် မသက်ရောက်ပါဘူး။ ပြောသူနဲ့နားထောင်သူတို့ရဲ့ ညဏ်အဆင့်အတန်းကို လိုက်လို့ ကွဲလွဲမှုရှိပါမယ်။ ပြောသူကညဏ်နဲလို့ စကားလုံးတိမ်တိမ်နဲ့ပြောပေမယ့် နားထောင်သူက ညဏ်ကြီးသူဖြစ်ရင် မူရင်းအဓိပါယ်ထက် ကြီးကျယ်ပြန့်ကားကျော်လွန် သွားတတ်သလို ပြောသူကညဏ်ကြီးလို့ စကားနက်နက်နဲနဲသုံးပေမယ် နားထောင်သူက ညဏ်တိမ်တဲ့အခါ လုံးကောက်ယူပြီး လိုရင်းမရောက် ဖြစ်တတ်ပါတယ်။ ဒါကြောင့် ပိဋကတ်သုံးပုံကို မှန်တယ်၊ မှားတယ်၊ ဘုရားဟောဟုတ် မဟုတ်ဆိုတာထက် ကာလံဒေသံ ပယောဂံတွေလိုက်လို့ ဆင်ခြင်မျှော်မြင်ကြဖို့ တိုက်တွန်းရခြင်းပါ။ ဒါဆို စကားလုံး ပညတ်တွေက ပြသနာမဖြစ်သင့်ဘူးဆိုတာ သိလောက်ပါပြီ။
လမ်းချော်သွားလို့ စကားပြန်ဆက်ရရင် စွန့်ခိုင်း မစွဲခိုင်းတာ ပါဠိလိုဆို တဏှာမငြိတွယ်နဲ့လို့ ပြန်ရင်ရပါလိမ့်မယ်။ ဘာကို မငြိတယ်ရမှလဲဆိုတော့ တကယ်ရှိတယ်လို့ အဟုတ်ထင်ငြိတယ်ကပ်ညိနေမှုကိုပါ။ စိတ်စေတသိက်တွေ ဘာကြောင့်ဖြစ်သလဲကို ပြောင်းပြန် reverse engineering (သဂျီးစသုံးတာ) နဲ့ပြန်ဆန်းစစ်ရင် ပေါ်လာတဲ့အာရုံကို အဟုတ်ထင်နေလို့၊ အခံဓာတ်နဲ့အတိုက်ဓာတ် နှစ်ခုကို တကယ်ရှိတယ် ထင်နေလို့ တနည်းပြောရရင် ငါကောင်ကြီးရှိနေတယ်ထင်လို့ လက်ခံလိုက်တယ်၊ စွဲသွားတယ်၊ ဆက်စွဲတယ်၊ မဆုံးတော့ဘူး။ ခန္ဓာငါးပါးနဲ့ပြောရင် ရုပ်ခန္ဓာနဲ့နာမ်ခန္ဓာလေးပါး ဆက်တိုက်ဖြစ်ချုပ်တယ်။ ဒါမှမဟုတ် ရုပ်နဲ့နာမ်တရားတို့ အဆက်မပြတ် တထပ်တည်းဖြစ်ချုပ်တယ်၊ ဒါမှမဟုတ် သိပြီပျက် တတလေစေ့ကြီး ဖြစ်ပြီးပျက်တယ်။ အာသဝေါမကုန်မခြင်း သင်ညာရဲ့အလိမ် တမျိုးပြီးတမျိုး ခံနေရတယ် အဲဒါကို အန်တီဆူးပြောသလို မြင်အောင်ကြည့်နိုင်တဲ့အခါ မျောသွားတတ်တယ်၊ စွဲသွားတတ်တယ်၊ မြဲသွားတတ်တယ်၊ လောကုတ္တရာဈာန်လို့ ပြောရင်ရမယ်ထင်တယ်။ ဖြစ်ပျက် ဖြစ်ပျက်နဲ့ မဆုံးတော့ဘူး၊ ငြိမ်းအေးနေတယ်၊ အသိမှန်နေတယ်ဆိုပြီး ကျေနပ်ရောင့်ရဲသွား တတ်တယ်။ တရားဆက်မတက်တော့ဘူး။ (လူတိုင်းကိုမဆိုလို၊ ဖြစ်လေ့ရှိသော သဘာဝကို ပြောခြင်းပါ။ ) ဥပမာ – တရားအားထုတ်စဉ် အလုပ်ရှင်မျက်နှာ မြင်မိလို့ ဒေါသထွက်တယ်ဆိုပါစို့၊ လုပ်ရိုးလုပ်စဉ်ဆိုရင် သူ့မျက်ခွက် ဓမ္မာအာရုံနဲ့ မနောဓာတ်ဆုံမိလို့ ဒေါသမူစိတ်ဖြစ်တယ်၊ ဆက်စပ်နေတဲ့အကြောင်း တွေးမိတယ်၊ ပိုဒေါကီးလာတယ်၊ ရင်တွေတုန်လာတယ်၊ စသဖြင့် လိုက်ကြည့်နေလို့ သတိပဌာန်တရားတက်လာပေမယ့် နုပဿနာမဟုတ်သေးဘူး။ လက္ခဏာသုံးပါးအမြင် ပိတ်နေတတ်တယ်။
ုဘုရားဟောတာ ဒိဠိနဲ့တဏှာပြုတ်မှ နိဗ္ဗာန်ရမယ်၊ ဒိဠိကတော့ရှင်းပါတယ် အမြင်မှားပေါ့။ ဒါပေမဲ့ အမြင်မှန်တိုင်း တဏှာမပြုတ်ဘူး၊ တဏှာဆိုတာ စွန့်မှ အားထုတ်မှု ပါမှရတယ်။ သူ့ဖာသာသူ ကျွတ်မသွားဘူး။ ကာလလေး အခိုက်အတန့်လေးတခုကို တည်နေတယ်လို့ ယူဆနေတဲ့အခါ (ပညာသိသိနေခြင်းကိုဆိုသည်၊ စာပြောအသိမဟုတ်) တနည်းအားဖြင့် အဲဒီနာနိုစက္ကန့်ပိုင်းခံစားမှုလေးကို အဟုတ်ထင်ငြိတွယ်နေတဲ့အခါ လက်ခံလိုက်တယ်၊ နာနိုစက္ကန့်ပေါင်းများစွာ ဆက်သွားတဲ့အခါ စက္ကန့်ပိုင်း ခံစားမှုတခုဖြစ်လာတယ်။ အမှန်လို့ ယူဆထားတဲ့အခါ ပိုဆိုးတော့တယ်။ မှန်တဲ့အတိုင်းလိုက်နေတာပဲဆိုပြီး အနတ္တကနေ အတ္တ၊ အနိစ္စကနေ နိစ္စ၊ ဒုက္ခကနေ သုခ အဖြစ်ကို သိမ်သိမ်မွေ့မွေ့ကလေး ရောက်သွားတယ်။
လူအများသည် အဲဒီခံစားမှုကို လက်ခံဖြစ်လာပြီးမှ ဖြတ်ဖို့ကြိုးစားတယ်၊ ဘာနဲ့တူသလဲဆိုတော့ ရန်သူကို ကိုယ်အတွင်းစည်းထဲ အဝင်ခံပြီးမှ တိုက်ထုတ်တာနဲ့ တူတယ်။ အများစုက ရန်သူ့အစီးခံရတာနဲ့၊ ရန်သူနောက် ပါသွားတာနဲ့ ပြီးသွားတယ်။ ကျနော်ပြောတာက ရန်သူကို အတွင်းစည်းထဲကို အဝင်မခံဘဲ သူတို့ချီလာရာ လမ်းကြောင်းကို ဖြတ်တိုက်ပါ။ ခံစားမှု မှန်သမျှကို ဝေဒနာသတ်မှတ်ပြီး မစွဲပါနဲ့။ လိုက်မခံစားပါနဲ့၊ ဒါဆိုတဖြည်းဖြည်းနယ် ပယ်တတ်သွားမယ်။ အဲသလိုစွန့်ရင်းနဲ့ တနေရာမှာ တင်ကျန်နေသလို ခံစားရမယ်၊ အဲဒါစွန့်လိုက် ပြည့်လာလိုက် မဆုံးခြင်း ဖြစ်ပျက် သံသရာပါပဲ။ စေတသိက် ရုပ် နာမ် နိဗ္ဗာန်တကယ်ရှိလို့ သူတို့ကို ပယ်စရာမလိုဘူး။ သူတို့ကို အဟုတ်ထင်ကပ်ငြိနေတဲ့ တဏှာကိုသာ မှန်ကန်တဲ့အမြင်နဲ့ ပယ်ရမှာ။ အဆင့်ဆင့်ပယ်ရင်းနဲ့ တကယ်ငြီးငွေ့လာရင် တကယ်ပယ်ချင်လာမယ်၊ နောက်တော့ ပယ်နိုင်သွားမယ်။ ဒါဟာ ဓမ္မသဘောပါပဲ။
weiwei
July 14, 2011 at 9:45 pm
ကိုကြောင်ကြီးရေးတဲ့အကြောင်းအရာတွေကို နားလည်အောင် ထပ်ခါထပ်ခါ ဖတ်လိုက်ရတယ် … ဘာကြောင့်ဖြစ်သလဲဆိုတော့ ကျွန်မက အတ္တနဲ့ ဖတ်ကြည့်လိုက်လို့ပါ … မာန်တစ်ခုကို မချနိုင်သေးတော့ ထင်းကနဲ လင်းကနဲ မမြင်နိုင်တာလဲဖြစ်နိုင်ပါတယ် … ရေးတဲ့သူက ဉာဏ်ကြီးပြီး ဖတ်တဲ့သူက ဉာဏ်နဲတာလဲ ဖြစ်နိုင်ပါတယ် …
လက်တွေ့အားထုတ်မှုလဲ နဲနေသေးလို့ သေသေချာချာအားထုတ်ပြီးတော့မှပဲ ထပ်ဆွေးနွေးပါအုန်းမယ် …
မိုက်ကယ်ဂျော်နီအောင်ပု
July 16, 2011 at 4:48 pm
ဒီပွဲကတော့ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်တော့မှာဘဲ
ဟုတ်ဘူးလေ
ခုပို့စ်ရဲ့ ဆို့စ်က လေ့လာသူက တစ်နည်း ပညာရှာသူက
တစ်ဖက်ကို ချဉ်းကပ်ပုံချဉ်းကပ်နည်းကို ဆိုလိုနေရာကနေ
စွန့်တာတွေ ပယ်တာတွေ ဝေဒနာတွေ ရောက်ကုန်ပြီဆိုတော့ကာ
ဒီပွဲကို လက်နက်ကြီးနဲ့ထုမှ ရတော့မယ် ဒါမှမရရင်လည်း ကော်မန့်ပိတ်ပါဗျို့
သိပ်စာလုံးတွေကြီးကြတာကိုး
ပညာလိုသော် ရူးကျွန်မူ၍ကပ် သူ့ကျွန်မူ၍ချောင်း ( လောကီနည်း )
မိမိဆည်းကပ်သူကို သံသယ ရှိခဲ့သော် ခရီးမရောက် ( လောကုတ္တရာ နည်း )
ဤတွင် ဆရာကို ပြန်လည်လေ့လာရာ၌ လေ့လာသူထံတွင် မာန ရှိခဲ့သော် အမှန်ကိုမြင်နိုင်ခဲပါလိမ့်မည်။
မြန်စွာဘုရားရှင် ကိုယ်တော်သည်ပင် ဓမ္မတရားတို့ကို
နည်းအမျိုးမျိုးဖြင့် ဟောခဲ့သည်ကို သတိချပ်၍ ဆရာတို့သည်လည်း
နည်းလမ်းကွာခြားကြလိမ့်မည်ကို ဆင်ခြင်ကြလေ။
စွန့်ခြင်း၌ ဥစ္စာအစုကို စွန့်ခြင်းသည်ပင်လျှင် အကြောင်းနှစ်မျိုးရှိလေသတတ်
ပစ္စည်းလေးပါးသည်တစ်စု ( မပယ်ကောင်း ) ပစ္စည်းလေးပါး၏ အခြားသည်တစ်စု ( ပယ်ရန် )
( တစ်နည်း လောဘနှင့် ဝိသမလောဘကို လေ့လာကြလေ ( ဒဿနသမ္ပဒါနည်း) )
ဝေဒနာ ( ခံစားခြင်းဆိုရာဝယ် ) နာတယ်ကျင်တယ်ဆိုတာတွေ အသာထား
မှားသောအယူ ဟူသော အကြောင်းကြောင့်လည်း ခံစားမှု ( ဖြစ်၏ )
မှန်သောအယူ ဟူသော အကြောင်းကြောင့်လည်း ခံစားမှု ( ဖြစ်၏ )
မှားသော အကြံစည် ဟူသော အကြောင်းကြောင့်လည်း ခံစားမှု ( ဖြစ်၏ )
ဤသို့ စသည်ပင်တည်း ။ အလုံးစုံကို ချဲ့၍ သိအပ်၏။ ( ဝိသုဒ္ဒိမဂ် မြန်မာပြန် စာ။၁၅ )
ဆိုတော့ကာ ဒီနေရာမှာ အဆင့်တွေ အများကြီးကျော်နေတယ်လို့
ရိုးသားစွာ ဆိုလိုခြင်ပါသည်။
ဥစ္စာအစုကို ပယ်စွန့်ယုံဖြင့်လည်းကောင်း ဝေဒနာအစုကို ပယ်စွန့်ရုံဖြင့်လည်းကောင်း
ပြည့်စုံသည် မမည်သော။
ဆက်ဟောရသော် ခေါင်းမူးကုန်မည်ဆိုးပါသဖြင့် တော်သေးပြီ။
ကြောင်ကြီး
July 17, 2011 at 12:39 am
ဘကြီးဘု..ခင်ဗျားဖတ်ထားတဲ့ စာအုပ်တွေရဲ့ စာမျက်နှာတိုင်းကို တမျက်နှာတဒေါ်လာပေးဝယ်မယ်ဗျာ။ (ညဏ်ပူဇော်တယ်လို့ မှတ်ချင်လဲမှတ်လိုက်)
ဘယ်လောက်ကုန်ကုန်…ဒါပေမဲ့ ရောင်းပြီးရင်တော့ အဲဒီစာတွေ ပြန်မရွတ်ကြေး.. စိန်လား… 😐
မိုက်ကယ်ဂျော်နီအောင်ပု
July 17, 2011 at 11:54 am
စိန်ဘူး
😀 😀 😀
naywoonni
July 16, 2011 at 8:47 pm
လူပြောမသန် လူသန်မပြော
ခြိမ်း၍ မရွာသောမိုး
ဟန်သာပါ အဆန်မပါတဲ့ သင်္ကြန် အမြောက်
အဲဒိစကားတွေက အောင်ပု အတွက် ထားခဲ့ပုံရပါကြောင်းးးးးးး ဟောင်းးးးးးးးးး 😛
True Answer
July 17, 2011 at 11:08 am
ပိုစ်လေးအတွက်ကျေးဇူးပါမဝေ။ ကျွန်တော်နားလည်သလောက်တော့ တရားအလုပ်ခွင်ကို ခွက်ဗလာနဲ့ ခံယူဖို့ လာရမည်ဖြစ်သော်လည်း တကယ့်တရားအလုပ်ကျတော့ ခွက်ဆိုတာရော ခွက်ထဲမှာ ရော ဗလာပဲ ဖြစ်နေတာ (အနိစ္စသက်သက်ပဲဖြစ်နေတာ) ကို နားလည်လက်ခံနိုင်အောင် ကြိုးစားနေခြင်းပါ။
ကျွန်တော်နားလည်သလာက်ရေးထားတဲ့ တရားစာအုပ်လေး သုံးအုပ်ဓမ္မဒါနပြုပါတယ်။
၁) http://www.mediafire.com/?ckiz4h8yv53m8nt (တရားမေးဖြေ)
၂) http://www.mediafire.com/?bwj7c0vv5yve8qf (ဘာကိုအဓိကထားရမလဲ)
၃) http://www.mediafire.com/?a7ubsf1s6619z46 (တရားနှလုံးသွင်းပုံမှတ်စုများ)
စာအုပ်ထဲမှာ ကျွန်တော်ကြိုးစားတင်ပြထားတဲ့အချက်လေးတစ်ချို့-
– တရားအားထုတ်ရာတွင် (သို့) ဘဝတွင် အဓိကအရေးကြီးဆုံးက……………….
– သတ်မှတ်ထားတဲ့အမှန်တရား နဲ့ …မဖောက်မပြန် မပြောင်းမလဲ အမြဲမှန်ကန်နေတဲ့ အမှန်တရားဆိုတာ……
– ချမ်းသာအစစ် ကို တိုက်ရိုက် ကျေးဇူးပြုသည့် မှန်ကန်တဲ့နားလည်မှုဆိုတာ……….
– တရားလမ်းခရီး (သို့) ဘဝခရီးတွင် ဘာတွေများ တကယ်ရလို့ ဘာတွေများ တကယ်ဆုံးရှုံးစရာ ရှိနေပါသလဲ …..
– တရားလမ်းခရီး (သို့) ဘဝခရီးတွင် ဘယ်သူမှန်သည်၊ ဘယ်သူမှားသည်၊ ဟိုလိုလုပ်မှ မှန်သည် ၊ ဒီလိုလုပ်မှ မှန်သည်ဟု ဘာကြောင့် ဝိရောဓိ ဖြစ်ကာ အငြင်းပွားရပါသလဲ….
– ဘာကြောင့် ခုထက်ထိ တရားမရသေးတာလဲ (သို့) တရားနားလည်သည်ဆိုသော်လည်း အဘယ့်ကြောင့် ဆန့်ကျင်ဘက်အတွေ့အကြုံတွေအပေါ် မကျေနပ်မှု-ပူလောင်မှုတို့ ရှိနေရပါသလဲ….
– ဘုရားဟော ပရိယတ် ပါဠိစာသားများးကို ဘုရားရှင်ရဲ့ ဆိုလိုရင်းအတို်င်း မှန်မှန်ကန်ကန် တကယ်နားလည်ဖို့ ဆိုတာ ………….
– ပြဿနာ-စိတ်ဆင်းရဲစရာများဖြစ်စေသော အဓိကတရားခံအစစ်က……………ဆိုတာ..
aye.kk
November 21, 2014 at 9:49 am
မှန်တဲ့စကားတွေပါပဲဝေဝေ။
ဝိပဿ နာအားထုတ်ရာမှာလည်း ထို ့အတူပါပဲ ။
ဟိုနဲနဲတတ် ဒီနဲနဲတတ်ပြီး ကိုယ့်ဘာသာ မှန်မှန်းမသိ မှားမှန်းမသိ ဖြစ်တတ်ပါတယ်။
ကမ္မဌာန်းဆရာတွေမှတ်ခိုင်းတဲ့အတိုင်း မမှတ်နိုင်တော့ပဲ တရားအားထုတ်ရာမှာ စိတ်ဓတ်ကျပြီး
အားမထုတ်ပဲအိမ်ပြန်ပါတော့တယ် ။အကောင်းဆုံးက တရားအားထုတ်တော့မယ်ဆိုရင် ခွက်ဗလာနဲ ့
လာတာ အကောင်းဆုံးပါပဲ ။
uncle gyi
November 21, 2014 at 10:58 pm
မြန်မာစကားတယ်အဓိပ္ပယ်များတာကိုး
ချုပ်လိုက်ရင်စာ ၂ ကြောင်းလောက်ကို
ရှင်းလိုက်ရတာ
မနည်းလိုက်ဖတ်ရတယ်
မောရော
aye.kk
November 22, 2014 at 5:16 pm
အန်ကယ်ကြီးရေ
မြန်မာစကားရှုပ်တာလည်းမပြောနဲ ့ပုဆိုးတောင် သုံးနေရာလှည့်ပြီးဝတ်ရတယ်လေ။
မြစပဲရိုး
November 22, 2014 at 10:17 pm
ကိုယ့်ဟာ အားလုံးချပြီး ခွက်ဗလာ နဲ့ ခံယူ တာက အကြောင်းမဟုတ်။
ဆရာက အမှားကြီး တွေ ထည့်ပေးလိုက်ရင် ကိုယ့်ရှိတာလေးပါ ဆုံးရော။
ဆရာ အရှာမှန်ဖို့လဲ အရေးကြီး သလားလို့။ :))