ရဟန်းဝတ်စဉ်က အလွဲ(၃)
သူခေါက်ချလိုက်တော့ ခေါင်းကလေးကိုကိုင်ပြီးတော့ မျက်လုံးကိုစွေစောင်းပြီး ဘုကြည့်ကြည့်သည်။ ထိုသို့မှမခေါက်လျှင်ဖြင့် ဒီကိုယ်တော်က ပါးစပ်က အမြုပ်တစ်စီစီထွက်အောင်ပြောမည့်ပုံပေါ်နေ၏။ သူတို့တွေနားနေတော့ ထိုခဏတွင်ပင် ဆွမ်းစားခေါင်းလောင်းခေါက်သံကိုကြားလိုက်ရသည်။ သို့နှင့် အလျှိုလျှို ကျောင်းကြီးပေါ်ကနေ ဆင်းပြီး ဆွမ်းစားဆောင်သို့ကြွကြလေသည်။ ဆွမ်းစားပြီးခဏတွင် ဦးဇင်းကြီးတစ်ပါးက သူတို့ ဦးဇင်းသစ်များကို မိန့်လာသည်။
“ဦးဇင်းတို့ ညဘက်ကျရင် ဒေသနာရော ကြားကြရဲ့လား”
ဒေသနာ။ ဒေသနာ ဆိုသည့် စကားလုံးတောင် ခုမှကြားဖူးသည်။
“မကြားကြပါဘူး ဘုရား ဒါနဲ့ အာပတ်ဖြေတာကိုပြောတာလား ဘုရား”
” ဟုတ်တယ် ကိုယ်တော်တို့ရဲ့ ရော့ ရော့ ဒီစာရွက်ကလေးတွေယူထားကြ ပြီး ရင် အပေါ်လေးကြောင်းကိုပဲ အလွတ်ရအောင်ကျက်ထားကြ ကြလား ညနေကျမှာ သေသေချာချာပြောပြမယ်”ဟုဆိုကာ စာရွက် တစ်ရွက်စီကို သူတို့လက်ထဲသို့ ထည့်သွားလေသည်။ စာရွက်ကိုဖတ်ကြည့်လိုက်တော့ ဤသို့တွေ့ရသည်။
“ဒေသနာကြားရန်”
၁။ အဟံဘန္တေ သဗာအာပတ္တိယော အာဝိကရောမိ။
၂။ အဟံဘန္တေ သဗဟုလာ နာနာဝတ္ထုကာ သဗဗာ အာပတ္တိယော ၊ အာပဇိ ံ တာတုံမှ မူလေ ပတိဒေသေမိ။
၃။ အာမဘန္တေ ပဿာမိ။
၄။ သာဓု သုဌုဘန္တေ သံဝရိဿာမိ။
၅။ သာဓု ဘန္တေ သာဓု သာဓု။
၆။ ပဿထဘန္တေ တာအာပတ္တိယော။
၇။ အာယတိ ံ ဘန္တေ သံဝရေယျာထ။
၈။ သာဓု ဘန္တေ သာဓု သာဓု။
၉။အဟံဘန္တေ သဗဟုလာ နာနာဝတ္ထုကာ သဗဗာ အာပတ္တိယော ၊ အာပဇိ ံ တာတုံမှ မူလေ ပတိဒေသေမိ။
၁၀။ အာမဘန္တေ ပဿာမိ။
၁၁။ သာဓု သုဌုဘန္တေ သံဝရိဿာမိ။
ထိုဒေသနာကြားရန် စာရွက်ကိုကိုင်ကြည့်ပြီးဖတ်နေလိုက်ကြသည်မှာ အသံထွက်က ကဘောက်တိ ကဘောက်ချာ။ တစ်ပါးမှလည်း ချောချောချူချူ အဆင်ချောအောင်မဖတ်တတ်ကြ။ တစ်ပါးကိုတစ်ပါးကြည့်ပြီး ရယ်ကျဲကျဲဖြင့် ပါးစပ်လှုပ်ရွတ်နေကြသည်သာ။ ညနေကြတော့ စာရွက်ပေးခဲသော ဦးဇင်းကြီးက ပြန်ရောက်လာသည်။
“ဘယ့်နှယ့်လဲ ဦးဇင်းတို့ အလွတ်ရကြပြီလား ဒေသနာကြားတယ်ဆိုတာက ၂၂ရသွယ်သော သိက္ခာပုဒ်တွေထဲက တစ်ခုခုကို ကျူးလွန်မိခဲ့ရင် အပြစ်လွတ်အောင် အာပတ်ဖြေတဲ့ သဘောပဲ။ အခု ဦးဇင်းတို့ ကွမ်းစားတယ်၊ ဆေးလိပ်သောက်တယ်၊ ညနေကြရင် လက်ဘက်သုပ်၊ ဂျင်းသုပ် စားတယ် ဆိုတာ အပြစ်တွေချည်းပဲ၊ အဲဒီတော့ အသက်ကြီးသူကို တိုင်တည်ထားပြီး (ဝါကြီးသူ) အာပတ်ဖြေရတယ်။ ”
သူတို့ကတော့ တုံဏိဘာဝေလုပ်နေကြသည်။ ဂျင်းသုပ်ဘုန်းကြတာလည်း သိနေနှင့်သည်ကိုး။ သို့ပေမယ် ့ အာပတ်ဖြေလို့ရသည်လို့လည်းပြောရော အားလုံးလိုလိုက ပျော်နေကြသည်ပင်။ သူတို့ကတော့ တစ်နေ့တစ်နေ့ မနက်အာရုဏ်ဆိုလျှင် ဆွမ်းခံလိုက်။ ပြန်လာလျှင် အာရုဏ်ဆွမ်း ဘုန်းပေးလိုက်။ ပြီးရင်တော့ ကျောဆန့်လိုက်နှင့် အချိန်တွေ ကုန်လာသည်မှာ နှစ်ရက် သုံးရက်ရှိနေပြီ၊။ စာပေ ဝါသနာပါသူဦးဇင်း တေဇနိယ ကတော့ ဆရာတော်ကျောင်းပေါ်ကနေ အရှင်ဇနကာဘိဝံသ၏ ဘုရားဥပဒေ စာအုပ်ကြီး ဌားချလာပြီး ၂၂ရသွယ်သော သိက္ခာပုဒ်တွေကို သည်းသည်းမည်းမည်း ဖတ်နေလေသည်။
ဦးဇင်း ပညာဝံသ ကတော့ တရားထိုင်ကြည့်ရအောင်ဆိုပြီး ရှေ့ဆုံးကနေ ခါးကိုမတ်မတ်ထား၊ ခြေတမင်ခွေချိတ်၊ လက်ချင်းယှက်၊ မျက်လုံးကလေးမှိတ်လို့နေပြီ။ ဦးဇင်းဝါယာမ ကတော့ ရှုဆေးဗူးလေးထုပ်ပြီး အိပ်ယာထက်တွင် ဟိုလူးလိုက်သည်လူးလိုက်ဖြင့် အတွေးရေယာဉ်ကျောတွေမျောနေရှာသေးသည်။ အသက်အငယ်ဆုံး ဦးဇင်းလေး ကေသဝကတော့ ကွမ်းတစ်ရာကို ပါးစောင်ပိုပစ်သွင်းလိုက် ထွေးလိုက်ဖြင့် အေးအေးလူလူ။ ထိုစဉ် ဦးဇင်း တေဇနိယက
“ဟာ ဒီလိုဆိုရင်တော့ သာယာမိမှဖြစ်မှာပဲ မသာယာရင်တော့ အပြစ်မရှိဘူးဆိုပဲ”ဟု တစ်ပါးတည်း ရေရွတ်ရင်း ထအော်၏။ သူလည်းမနေနိုင်စွာဖြင့်
“ဘာလဲ ကိုယ်တော်ရဲ့ ဘာတွေ ကြောင်နေတာလဲ ဝတ်တာမှာ ဒီနေ့နဲ့မှ သုံးရက်တည်းရှိသေးတာနော် ချုပ်တည်းရတာများလို့ စိတ်များဖောက်နေရောလား”
“ဒီမှာ ကိုယ်တော် က္ကုန္ဒြိယရဲ့ ဒီထဲမှာ တစ်ခုခုကို သံဃာတော်တွေက ကျူးလွန်ခဲ့ရင် မြတ်စွာဘုရားရှင်က အရင်မေးတယ် သာယာမိသလားတဲ့ အဲ မသာယာမိပါဘူးဘုရားဆိုရင် စိတ်က မသိပဲ ဖြစ်သွားတာမို့ အာပတ်လွတ်တယ်တဲ့ ကိုယ်တော်ရဲ့ ဟီးဟီး”
ပြောပုံကိုကကြည့် ။ အပြစ်တစ်ခုကို ကျူးလွန်မိရဲ့သားနှင့် မသာယာမိရင် အပြစ်မဖြစ်ဘူး ဆိုသဖြင့် ပျော်နေပုံ။
“ဒါဖြင့် ကိုယ်တော်က ဘာအပြစ်တွေများလုပ်မိလို့လဲ”
ထိုအခါ သူ့အနားသို့ကပ်လာပြီး တိုးတိုးလေးပြောရှာသည်။
“ဟိုလေ ဟိုကိုယ်တော်တွေသိရင်တော့ ရယ်ကြဦးမယ်….တပည့်တော်လေ မနေ့ညက ဇီဝကမ္နသဘောအရ အိပ်နေရင်း အလိုလို သုတ်လွှတ်မိတယ်။ အဲဒါလေ သင်္ကန်းကြီးနဲ့ဆိုတော့ အပြစ်များဖြစ်မလားလို့ တစ်နေ့လုံး စိတ်က မကြည်ဘူး။ ဒါနဲ့ ဆရာတော်နားက အရှင်ဇနကာဘိဝံသရဲ့ ဘုရားဥပဒေစာအုပ် ငှားလာပြီးထိုင်ဖတ်နေတာ။ ခုမှပဲ အဖြေကိုရှာတွေ့တော့တယ်။ လူ့ဘဝတုန်းကတော့ ကိုယ့်ကိုကိုယ် စိတ်ဖြေဖျောက်တဲ့အနေနဲ့ ကိုယ်တိုင်လုံလပြုပြီး အားစိုက်ထုတ်မိတာကိုး။ ခုဟာက မလွှတ်တာလဲကြာ….သင်္ကန်းကြီးနဲ့ဆိုတော့ချုပ်တည်းတာလဲပါတယ်။ ညကျတော့ အိပ်မက်မက်ရင်း သုတ်က အလိုလိုနေရင် းလွှတ်မိသွားရော အဲဒီအချိန်မှာ စိတ်က သိလိုက်ပေမယ့်လို့ မမှီလိုက်ဘူးလေ။ ဒီမှာကြည့်ပါလား သင်းပိုင်မှာ အကွက်ကြီး…ဟီးဟီး…”
ထိုကိုယ်တော် ပြသော သင်းပိုင်ကို ယောင်ယမ်ပြီးကြည့်လိုက်မိသေးသည်။ စိတ်ထဲကတော့ ဟွန်း မသိစိတ်ကဖြစ်လို့၊ ဇီဝကမ္မသဘောအရလို့၊ မသာယာမိလို့ပဲတော်တော့သည်။ နည်းသည့်အကွက်ကြီးမဟုတ်။ သူကလည်း မနေနိုင်စွာဖြင့် ကိုယ်တော်တို့ဆိုပြီး ဖောက်သယ်ချ ပြောပြလိုက်တော့ အားလုံးက ပြောကြသည်။ တဏှာကိုယ်တော်ဟု။
နောက်ပိုင်းကျတော့လည်း ထိုကိုယ်တော်က ပါရာဇိက ကျသည့်အခန်းများကိုသာ အဖတ်များလေသည်။ ရဟန်းဖြစ်ပြီးမှာ မိခင်က အလှူခံလို့ မယားဖြစ်သူကို သားမျိုးစေ့ချမိသည့်အကြောင်း၊ အိမ်မက်အရ သုတ်လွှတ်လျှင် မသာယာမိလျှင် အပြစ်လွှတ်ကြောင်း၊ မာတုကာမများက ဆတ်ဆော့လို့ ကိုယ်တိုင်ကမသိဘဲ မသာယာမိလျှင် အပြစ်လွတ်ကြောင်း စသည်များကို သူဖတ်ပြီးတိုင်း ဖောက်သယ်ချတတ်သည်။ နားများပင် ပူထူလာလေသည်။
…………………….@@@@@@@@@@@@………………………….
ယနေ့သည် သူတို့အဖို့ အပျင်းထူနေကြလေသည်။ အိပ်ယာပေါ်တွင်လူးလိမ့်နေကြရင်းဖြင့် ဘာလုပ်လျှင်ကောင်းမည်လဲဟု စဉ်းစားနေကြသည်။ တရားလည်း တစ်ရက်သာထိုင်ဖြစ်ပြီး နောက်ရက်များတွင်တော ့ ဟိုနား နာ သည်နား နာသည် အမျိုးမျိုး ဆင်ခြေပေးလျှက် တရားထိုင်ခြင်းအလေ့ကို ရှောင်နေကြ၏။ ထိုအချိန်တွင် အငယ်ဆုံး ဦးဇင်း ကေသဝက ပြောလာသည်။
“အိမ်ကိုကြွချင်လိုက်တာ တောက် မိုက်ရိုင်းလေခြင်း”
သူပင် လန့်သွားလိုက်ပါသေးသည်။ မပြောမဆိုဖြင့် တောက်ခေါက်ချလိုက်သဖြင့် အားလုံးက ဦးဇင်းငယ်လေးကိုကြည့်ပြီး ဘာလဲဟ ဟုသော နဝေတိမ်တောင် အကြည့်များဖြင့် ကြည့်ကြသည်။ သူက
“ဘာဖြစ်တာလဲ ကိုယ်တော်လေးရဲ့ ဘာကိုမိုက်ရိုင်းတယ်လို့ပြောရတာလဲ”
“အရှင်ဘုရားတို့ပဲ စဉ်းစားကြည့် တပည့်တော် တစ်ရက်တစ်ရက် ဒါပဲ စိတ်တိုနေရတာ ကြည့်စမ်း အသုံးကိုမကျကြဘူး”
“ဘာဖြစ်လို့တုန်း ကိုယ်တော်ရဲ့ ရှင်းရှင်းပြော ကိုယ်တော်ပြောတာ နားကိုမရှင်းဘူး ”
“တပည့်တော်တို့ အိမ်က သိမ်ထွက်ပြီးကတည်းက တစ်ရက်မှကို မလာကြတော့ဘူး ”
သူတို့ကရယ်လိုက်ကြသည်။
“ဪ ဒါများ ဒကာမတို့လည်းမအားလို့နေမှာပေါ့”
“ဘာလို့မအားရမှာလည်း မနက်ပိုင်း အလုပ်က 10နာရီလောက်ဆိုရင်ပြီးနေပြီး အရှင်ဘုရားတို့ ဒကာမတွေများကျတော့နေ့တိုင်း အချိုရည်လာကပ်တယ်၊ အချိုပွဲပို့တယ်၊ ဂျင်းသုပ်ပို့တယ် ကြည့်စမ်း အိမ်ကဟာတွေကျတော့ အချိုရည်မပြောနဲ့ ကွမ်းတောင် လာမကပ်ဘူး အဲဒါ အရှင်ဘုရားတို့ အားလုံး တပည့်တော်အိမ်ကိုလိုက်ခဲ့ကြ”
” ဘုရား ဘုရား ကိုယ်တော်လေး က အိမ်က ဒကာမ ကို သွား ချဲမို့ပေါ့လေ မလုပ်လိုက်ပါနဲ့ ကိုယ်တော်ရယ် မကြားကောင်း မနာကောင်း သင်္ကန်းဝတ်ကြီးနဲ့ မိုးကြိုးပစ်လို့ သေနေပါဦးမယ်”
သူက အလန့်တကြားပြောတော့ အားလုံးက ရင်ဘတ်များဖိပြီး ဝိုင်းပြီးပြောကြ၏
“ဟုတ်ပါ့ ကိုယ်တော်ရယ် ကိုယ်တော့် အမှုတွဲထဲ တပည့်တော်တို့လိုက်မပါပါရစေနဲ့’
” ဘုန်းကြီးအမှုရွာပတ်ပဲကြားဖူးတယ်နော် ဦးဇင်းအမှု အဝီဇိတော့ အပတ်မခံနိုင်ပါဘူး”
“ကြောက်လှပါရဲ့ ကိုယ်တော်လေးရယ်”
“အောင်မလေးဗျာ ငယ်ပေလို့ပဲ ထက်လိုက်တဲ့စိတ် စိတ်လျှော့ပါ ဘုရား သင်္ကန်းကြီးနဲ့ပါ ဘုရား”
ထိုသို့ ဝိုင်းပြောကြတော့ ကိုယ်တော်လေး ငြိမ်သွားသည်။နောက်မှ
“ဟာ အရှင်ဘုရားတို့ကလည်း တပည့်တော်က အိမ်ကိုကြွရုံတင်ပါ ဘာမှမလုပ်ပါဘူး စိတ်ချ တပည့်တော် ငရဲတော့်ကြောက်ပါသေးတယ်”
သို့နှင့် ဦးဇင်းလေး ကေသဝ အိမ်သို့ ကြွလှမ်းကြတော့သည်။ ထီးကလေးတွေ ကိုယ်စီဆောင်းရင်းဖြင့် ဦးဇင်းခြောက်ပါး အရပ်ထဲ လှည့်ကြတော့သည်။ ရှေ့ဆုံးက ကြွလှမ်းနေသော ဦးဇင်းလေးကတော့ မည်သို့သော စိတ်များဖြင့် ကြွနေမှန်းမသိသော်လည်း ခြေလှမ်းများက သွက်လွန်းလှသည်။ သွက်သွက် လှမ်းနေသော ဦးဇင်းငယ်လေး၏ နောက်တွင်တော့ ခြေလှမ်းများကို အိန္ဒြေ့ဖြင့်ပင် မလျှောက်နိုင်တော့ဘဲ အပြေးလေးပင် လှမ်းနေမိလိုက်သေးသည်။ နသယ်စများတွင်တော့ ချွေးကလေးများပင် စို့လာသည်။ ရှေ့က ဈေးဆိုင်ဖွင့်ထားသော အိမ်ခြံထဲသို့ ဦးဇင်းလေး ကွေ့ဝင်သွားသည်။ သူတို့လည်း မရဲတရဲဖြင့် လိုက်ဝင်သွားလိုက်ရလေတော့သည်။ ထိုခဏတွင်……
“ဘာလုပ်နေတာလဲ အချိုရည်ကပ်လေ….ကွမ်းက နိုင်တီတူးမများစေနဲ့ ဟဲ့ Red Rubyလည်းပါပစေ …..သွား မြန်မြန်”ဆိုသည့် ဦးဇင်းငယ်လေး၏ အသံကို ကြားလိုက်ရရင်ပဲ သူတို့ခြေလှမ်းများကို တုန့်ခနဲရပ်သွားစေလေသည်။
ဆက်ရန်
သော်ဇင်(လွိုင်ကော်)
13th-July-2011
11 comments
moethidasoe
July 13, 2011 at 1:23 pm
ကိုသော်ဇင်ရယ် ..
နောင်သောအခါ အလျှင်းသင့်လို့ ပဉ္ဇင်းတက်ဦးမယ် ဆိုရင်တော့ .. ၂၂ရ ကို အရင် ဖတ်ပြီးမှ
သင်္ကန်းတောင်း .. သီလပေး .. ဆင်ခြင် .. အာပတ်ဖြေ .. သိက္ခာချ တွေ အားလုံး ရပြီးမှ တက်ပေါ့ ..
အခုခေတ်မှာတော့ အားလုံး ဖုတ်ပူမီးတိုက် .. ရတဲ့အချိန်လေးမှာ ပြေးဝတ်ရတာ ဆိုတော့
fatty
July 13, 2011 at 1:48 pm
အလွဲလေးတွေကို စောင့်ပြီးဖတ်နေပါတယ်ခင်ဗျား။ ကျနော်ကတော့ မိန်းမနဲ့ရန်ဖြစ်လိုက် ရဟန်းသွားဝတ်လိုက် နဲ့ (၇) ခါလောက်ဝတ်ပြိးပါပြီ။ အထုံပါရမီထင်ပါရဲ့။
pan pan
July 13, 2011 at 1:58 pm
လေးဖက် ရဟန်းပြန်ထွက်တော့ ဘာအကြောင်းပြုပြီးထွက်တာလဲ… 🙂
koyo
July 13, 2011 at 2:34 pm
မိန်းမနဲ့ရန်ဖြစ်လိုက် ရဟန်းသွားဝတ်လိုက် ပြီးရင်ပြန်ထွက်လိုက်ဆိုတော့ မိန်းမနဲ့ ပြန်တည့်သွားလို့ဖြစ်မှာပေါ့ pan pan ရဲ့
moethidasoe
July 13, 2011 at 3:16 pm
ဖြစ်နိုင်ဖွယ်ရာကတော့ .. ရှင် လူမထွက်လဲ .. ကျမကို စောင့်ရှောက်ပါ့မယ်လို့ ပြောထားတဲ့ သူဌေး ရှိတယ် လို့ ပြောလိုက်သံ ကြားလို့ ထင်ပါတယ်
pooch
July 13, 2011 at 3:41 pm
အင်းဖတ်လို့တော့ ကောင်းတယ် … စောင့်နေမယ် နောက်ထပ်အလွဲတွေ…
ဆူး
July 13, 2011 at 10:39 pm
မနေ့က အပိုင်း ၂ ကို ဖတ်ရတယ် ကွန်မန်းပိ်တ်နေတယ်။
naywoonni
July 13, 2011 at 10:54 pm
ရဟန်းဘဝ ကနေ ပြန်ထွက်လာတော့ လူပြန်တော်ပေါ့နော်..။ လူပြန်တော် သော်ဇင်ရေ..။ နောက်တစ်ခါများ ရဟန်းပြန်ဖြစ်ခွင့်ကြုံရင် နောက်ထပ်မလွဲစေနဲ့ပေါ့ကွယ် နော်..။
parlayar46
July 14, 2011 at 12:57 am
ဒီပိုစ့်လေးက ဖတ်လို့ကောင်းပါတယ်။
ဟာသဆန်ဆန်လေးရေးတာဆိုတော့ …
အတည်ကြီး ကွန်မင့်ပေးဖို့ လိုက်လဲမလိုက်ဖက် သင့်လဲမသင့်ပါဘူး။
ဒါပေသိ . အလိုက်ကန်းဆိုးမသိတဲ့ အဘိုးကြီးတယောက်အနေနဲ့ မနေနိုင်တာလေးတခုတော့ ဝင်ပြောပါရစေ။
ဒါမျိုးပြောဘို့ကြုံခဲလို့ပါ။
ဒေသနာကြားတယ်ဆိုတာ အာပါတ် ရ ပုံ ထဲက ၊ “ကဲ့ရဲ့ဘွယ်ဖြစ်လို့ အပြစ်ရှိတယ်” လို့ဆိုရာရောက်တဲ့ အာပတ်မျိုး/ တနည်းအားဖြင့် အကုသိုလ်ဖြစ်အောင် အပြစ်ရှိတာမဟုတ်ပဲ ရဟန်းမို့သာ မပြုသင့်လို့ အပြစ်ရှိရာရောက်တဲ့ အာပတ်မျိုးကိုသာ ဒေသနာကြားရုံဖြင့် ကုစားလို့ရပါတယ်။
ဒေသနာကြားရာမှာလဲ မိမိပြုမိတဲ့အပြစ်တစ်ခုစီကို အာရုံပြု ဆင်ခြင်ပြီး နောက် ဒါမျိုးမပြုမိစေရ ဆိုတဲ့ စိတ်ပိုင်းဖြတ်မှူ့မျိုးနဲ့ ဝါငယ်က ဝါကြီးသို့ ၊ ဝါကြီးက ဝါငယ်သို့ အပြန်အလှန် ဝန်ခံ+အဆုံးအမခံ+ကတိပြု ရပါတယ်။
အဲဒါမှသာ ဆင်ခြင်မိတဲ့အပြစ်များကျေပါတယ်။ မဆင်ခြင်မိတဲ့အပြစ်များ မကျေပါ။
ဒေသနာကြားတဲ့ပါဠိရဲ့ အဓိပ္ပါယ်ကို မြန်မာလိုပြန်ကြည့်ရင် ရှင်းလင်းသွားပါလိမ့်မယ်။
အခု နေရာတိုင်းလိုမှာလုပ်နေကြသလို ပါဠိသက်သက်ကျက်ပြီး ရွတ်ရုံမျှဖြင့် မည်သည့်အပြစ်အာပါတ်မျှ မကျေနိုင်ကြောင်းပါဗျာ။ (မကျေလဲအရေးတော့မကြီးပါဘူး၊ ဒီဘဝ မဂ်ဖိုလ် မရရုံပါပဲ)
kai
July 14, 2011 at 2:48 am
“မိမိပြုမိတဲ့အပြစ်တစ်ခုစီကို အာရုံပြု ဆင်ခြင်ပြီး နောက် ဒါမျိုးမပြုမိစေရ ဆိုတဲ့ စိတ်ပိုင်းဖြတ်မှူ့မျိုးနဲ့ ဝါငယ်က ဝါကြီးသို့ ၊ ဝါကြီးက ဝါငယ်သို့ အပြန်အလှန် ဝန်ခံ+အဆုံးအမခံ+ကတိပြု ရပါတယ်။”
အဲဒါကို လူတွေကလုပ်လို့ရရင်…. မြန်မာ့ယဉ်ကျေးမှု တဆင့်တက်သွားမယ်ထင်မိတယ်..။
မိုက်ကယ်ဂျော်နီအောင်ပု
July 14, 2011 at 9:01 am
သိပ်ဟုတ်တာပေါ့သဂျီးမင်းရယ်
အပြည့်အဝထောက်ခံတယ်
သိပ်ချစ်စရာကောင်းတဲ့သဂျီး
အလွန်တန်ဘိုးရှိတဲ့စကားကိုပြောတတ်တဲ့သဂျီး
ဦးဆောင်ဦးရွက်ပြုနိုင်တဲ့သဂျီး
ဝါဆိုလပြည့်နေ့တိုင်း မုန့်ဖက်ထုပ်သွားပို့သင့်တဲ့သဂျီး
( မုန့်ဖက်ထုပ်လာပို့ရင် မုန့်ဘိုးပြန်ပေး )
…………………………..
ကိုယ့်ကိုယ်ကိုယ် ပြန်ဆဉ်ခြင်ပြီး
စိတ်ကိုတည်ငြိမ်အောင်ထားကြည့်
လူတွေကို ငြိမ်းငြိမ်းချမ်းချမ်းလေး လေ့လာကြည့်
ဟန်တစ်လုံးပန်တစ်လုံးနဲ့
အမျိုးမျိုး( အထူးသဖြင့် ယဉ်ကျေးဟန် ) ဟန်ဆောင်နေကြတာကို
သောက်မြင်ကပ်စရာကောင်းလောက်အောင်တွေ့ရလိမ့်မယ်
တစ်ချို့ဆို
မျက်နှာတွေကို ပုံဏ္ဍန်အမျိုးမျိုး မျက်နှာတွေကို မဲ့ရွဲ့ပြီး
ကိုယ့်ကိုယ်ကိုယ် ဘာအပြစ်မှမလုပ်ဘူးသလို
ကိုယ့်အတွင်းဏ္ဍန်က ကောင်းနေသလိုလို လုပ်ပြနေ
ပြောဆိုနေကြတာများ
အမြင်ကပ်လွန်းလို့ ဓားနဲ့တောင်ခုတ်ခြင်တယ် အဟုတ်