မဆုံးတဲ့ …သီချင်း–၁၆
နေဝန်းနီလည်း ကဗျာ တစ်ပုဒ်ဖတ်လိုက် အရက်တစ်ငုံ သောက်လိုက်နဲ့..။ ကိုမြင့်ဇော်ကို သတိရလာတယ်..။ သူပါလာရင်ကောင်းမှာပေါ့လေ…။ မိုးလေးဖွဲဖွဲရွာနေတဲ့ ဇူလိုင်လလယ်မှာ ကဗျာစာအုပ်တစ်ထပ်နဲ့ စည်းဇိမ်ယစ်နေတာလေ..။ ကိုလင်းသူက အထဲဝင်လာလိုက် ဆိုင်ရှေ့ထွက်သွားလိုက်နဲ့..။ နေဝန်းနီ လက်ထဲက စာအုပ်ကိုပြန်ဆွဲယူပြီး တစ်နေရာကိုထောက်ပြတယ်..။
“ စောစောက ကိုယ်ရေးတဲ့ ကဗျာကို အမွှမ်းတင်တာမဟုတ်ဘူး..။ ဒီကဗျာကိုဖတ်ကြည့်..။ ပြီးခဲ့တဲ့ 15 နှစ်လောက်ကထဲက ဆရာမောင်သာနိုးက ပြောထားတာရှိတယ်..။ မြန်မာ မော်ဒန်ကဗျာ ဆိုလို့ မူးလို့တောင်ရှူစရာမရှိဘူးတဲ့..။ တို့တစ်တွေ မော်ဒန်လို့ သဘောထားရေးဖွဲ့နေပေမဲ့ နိုင်ငံတစ်ကာစံနှုန်းနဲ့ကြည့်ရင် အဆင့်မမီသေးဘူးဘဲ..။ လေးလုံးစပ်မဟုတ်တာ နဲ့ မော်ဒန်မဖြစ်ဘူး..။ ကာရံ မပါတာတစ်ခုနဲ့ မော်ဒန်မဖြစ်ဘူး..။ စကားလုံးလှတာနဲ့ မော်ဒန်မဖြစ်ဘူး..။ စကားလုံးလှသလို အတွေးပါရမယ်..။ စောစောကပြောသလို အများကို ကိုယ်စားပြုရမယ်..။ ဆရာတာရာရဲ့ စကားလုံးတွေ ဘယ်လောက်လှသလဲ ‘ လေနုအေးက နော့ဆဲကို’ တဲ့..။ မေဝတ္ထု အဖွင့်မှာ ..။ တစ်မျက်နှာလုံး ဒါပဲပါတာ..။ “
ကိုလင်းသူပြတဲ့ ကဗျာ ကို ကြည့်လိုက်တယ်..။ လက်ရေးနဲ့ ကူးထားတာပါ..။ 1970 မိုးဝေ ကဗျာ တစ်ပုဒ်ပါပဲ..။ ရေးသူ ဆရာဗမိုး ပါ..။ ခေါင်းစဉ်က -လူသုံးကုန်ပစ္စည်း ဆိုဗျ .. တဲ့..။ ကဗျာက
ကျွန်တော်လား
နေ့စားလုပ်သားတစ်ယောက်ပါ
ကျွန်တော်အပေါင်း အသင်း
ရောင်းရင်တွေလား
ရှစ်ဆယ့်နှစ်ကျပ်စား
သုံးကျပ် ဆယ့်ငါးပြားစား
လက်လုပ်လက်စား
ခေါင်းရွက် ဗျတ်ထိုးသမား
အလုပ်သမားနဲ့
လယ်သမားတွေပေါ့…….။
အများစားဖို့
စပါးစိုက်ပေးတာ ကျုပ်တို့..။
အများလျှောက်ဖို့
လမ်းဖောက်ပေးတာ ကျုပ်တို့..။
အများနေဖို့
အိမ်တွေ တိုက်တွေ ဆောက်ပေးတာ ကျုပ်တို့..။
သို့သော် သို့သော်
မတော် တစ်ရော်တွေ
ဖြစ်နေတာက
တက်ထရွန်ဆိုတာ
တက်ထရက်ဆိုတာ
ဘရိုင်ကရင်ဆိုတာ
အင်းလေးဆိုတာ
စီကိုနဲ့ အိုမီဂါ
ဆန်ညိုနဲ့ ရေခဲသေတ္တာ
အဲဒါအဲဒါတွေမှာ
ကျုပ်တို့ဖို့ရာ
ဘာမှမပါတာပါပဲ ဟရို့..။
နို့ ………..
ဒါတွေအားလုံးဟာ
လူသုံးကုန်ပစ္စည်းဆိုဗျ…။
တဲ့ …။
“ ဒီကဗျာ မိုးဝေ မဂ္ဂဇင်းထဲမှာတွေ့ဖူးတယ်ဗျ..။ ကျွန်တော်တောင် ကြိုက်လို့ ကူးထားသေးတယ်..။ “
“ အေး..။ ကောင်းတယ်..။ ကဗျာ ဟာအများကို ကိုယ်စားပြုရမယ်ဆိုတာပြောချင်လို့..။ ခုတော့ မင်းတို့ရေးထားတာတွေက ဘဝကို အများကို အားမထိ လျှာ မထိနဲ့ လွတ်နေတယ်..။ ပုဂ္ဂိုလ်ရေး ဆန်လွန်းနေတယ်..။ တစ်ခါတစ်ခါ အကြောင်းအရာတွေ ပြနေတာတွေများပြီး ဖတ်တဲ့သူက ဘယ်ဟာကို အဓိက ယူရမလဲ မသိတော့ဘူး..။ စကားလုံးအသစ်အဆန်းနောက်ကိုလိုက်နေတယ်..။ အေးလေ… ရေးခါစ ဆိုတော့ ငါကပဲ တစ်အား ဖြစ်စေချင်လွန်းနေတာလားမသိဘူး..။ မင်းရေးတဲ့ ကဗျာ အတွေးကို ငါပြောပြမယ်..။ ငါပြောနေတုန်း မင်းဖာသာပြန်စဉ်းစားကြည့်..။ မင်းကဗျာကို ဘာသာပြန်ပြမယ်..။ ဟုတ်ပြီလား..? “
နေဝန်းနီ ဘက်ကို အရက်ခွက်တွန်းပို့ရင်း ပြောလိုက်တယ်..။ နေဝန်းနီ မူးယစ်ဝေကာ စဉ်းစားရချေပြီ….။ ခဏနေတော့ ကိုဇော်ဝင်လာတယ်..။ အရက်ပုလင်းတစ်လုံးနဲ့ အမြည်းထုတ်နဲ့..။ ငှက်ပျောသီး ဖီးကြမ်းတစ်ဖီးပါ ပါလာတယ်..။
နေဝန်းနီ
One comment
forever
July 24, 2011 at 1:14 pm
အခုခေတ်နေ.စားခက အောက်ထစ် ၂၅၀ဝကျပ်ပေးမှရတော.မှာ