သူရဿဝါနှင့် ထင်တာဗျူး

သူရႆဝါAugust 3, 20115min2386

“သူရဿဝါနှင့် ထင်တာဗျူး”
Mobile Guide ဂျာနယ်မှာ ကိုဟန်သစ်ငြိမ် အပတ်စဉ် ရေးနေတဲ့ အင်တာဗျူး Satire တွေကို ဖတ်ရတော့ သူရဿဝါ သိပ်ကို အားကျတယ် ခင်ဗျ။ သူ့လို သိပ်ပြီး ရေးတတ် ချင်တာပဲ။ ဒါပေမယ့် ကိုယ်ကလည်း အင်တာဗျူးနဲ့ ပတ်သက်ရင် ကိုယ့်ကို လာမေးသမျှသာ ပေါက်ကရ ဖြေလွှတ်တတ်တာ၊ ကိုယ်ကိုယ်တိုင်က ဘယ်သူ့မှ ဗျူးတတ်တာ မဟုတ်ဘူး။ ဒါပေမယ့် အင်တာဗျူး လုပ်ချင်စိတ် ကလည်း ဘယ်လိုမှ ထိန်းမရဘူး။ ဒါနဲ့ပဲ ရသေ့စိတ်ဖြေ သဘောမျိုးနဲ့ သုံးနေကျ အင်တာနက် ဆိုင်က Staff ကောင်လေးကို အင်တာဗျူး လုပ်ပြီးရေးဖို့ စိတ်ကူးမိတယ်။ ဒါပေမယ့် ကိုယ်က သူများလို နည်းစနစ်ကျကျ အင်တာဗျူး မလုပ်တတ်တော့ ကိုယ်ရေးတာကိုယ် အင်တာဗျူး နာမည် မတပ်ရဲတာနဲ့ ထင်တာဗျူး လို့ပဲ နာမည်တပ် ရတော့တာ။ ဟုတ်တယ်လေ .. ထင်တာတွေ လျှောက်ဗျူး ထားမှတော့ ထင်တာဗျူးပေါ့။
မေး။ကဲ .. ညီလေး အလုပ်လုပ်တဲ့ အင်တာနက်ဆိုင် နာမည်လေးကို အရင်ပြောပြပါဦး။
ဖြေ။ဟုတ်ကဲ့ .. အသုံးပြုသူတွေ အရမ်းအရမ်း ဆွဲတဲ့ ဗြန်းဗြန်းကွဲ အင်တာနက် ကဖေးပါ။
မေး။ဟ .. မင့်ဆိုင် နာမည်ကလည်းကွာ၊ ဗြန်းဗြန်းကွဲ ရယ်လို့ပဲ၊ နောက်ပြီးတော့ အရမ်းအရမ်း “စွဲ” မဟုတ်ဘဲ ဘယ့်နှယ် အရမ်းအရမ်း “ဆွဲ” ဖြစ်နေရတာတုန်း။
ဖြေ။ဒီလိုရှိတယ်လေ .. ဗြန်းဗြန်းကွဲ ဆိုတာက ကံမကောင်း အကြောင်းမလှလို့ ကော်နက်ရှင် မကောင်းတာ မဟုတ်ဘူး၊ နောက်ပြီး “ဆွဲ” တယ် ဆိုတာက ဒေါင်းလုပ် ဆွဲတာကို ပြောတာ၊ ဒီတော့ Customer တွေ ဒေါင်းလုပ် အရမ်း အရမ်း ဆွဲလွန်းလို့ ကောင်းပြီးသား ကော်နက်ရှင်က ဗြန်းဗြန်းကွဲ သွားတာဗျ။
မေး။အေးပါကွာ .. အေးပါ၊ ဆိုင်နာမည် ပေးတဲ့တစ်ကွက်တော့ ရှယ်ပဲကွာ။
ဖြေ။အောင်မာ .. ဒါတောင် အကင်း ရှိသေးတာနော်၊ ကျွန်တော့် ဦးလေးရဲ့ အင်တာနက် ဆိုင်ဆိုလည်း ကျွန်တော် နာမည် ပေးထားတာ၊ TMK Internet Cafe` တဲ့။
မေး။ဘာတုန်းကွ … TMK
ဖြေ။တင်မောင်ကြည်လေ .. တင်မောင်ကြည် အင်တာနက်ပေါ့၊ ထပ်စဉ်းစား ထားတာ ရှိသေးတယ်၊ သံဃာတော်တွေ ချည်းပဲ သီးသန့်သုံးလို့ရမယ့် အင်တာနက်ဆိုင် ဖွင့်မလားလို့၊ ဖွင့်တဲ့အခါ ပေးဖို့ ဆိုင်နာမည်တောင် စဉ်းစားပြီးပြီ။
မေး။တယ်ဟုတ်ပါ့လား … ဘယ်လို နာမည် စဉ်းစား ထားတုန်းကွ။
ဖြေ။ဓမ္မဒူတ အင်တာနက် ကဖေး … လို့။
မေး။အော် .. ဒီလို ရှိတယ်လား၊ အေးပါကွာ .. အေးပါ၊ ဒါနဲ့ ညီလေးက ဒီဆိုင်မှာ အလုပ်လုပ်တာ Part Time လား၊ Full Time လား။
ဖြေ။ပတ်တိုင်းလည်း မဟုတ်ဘူး၊ ဖူးတိုင်းလည်း မဟုတ်ဘူး၊ တိုင်းချင်ရာ တိုင်းတာ၊ ဟုတ်တယ်လေ … တစ်လလုံး တစ်ရက်မှ အလုပ် မဆင်းတဲ့ ဥစ္စာပဲ၊ အခုတောင် ကျွန်တော့် အင်တာဗျူး လုပ်မယ် ဆိုလို့ အားနာပါးနာ လာရတာ။
မေး။ဘယ်လို … ဘယ်လို၊ မင်းက တစ်လလုံး အလုပ် မဆင်းဘူး ဆိုတော့ မင်းဘယ်လိုလုပ် လခရမလဲ၊ အလုပ် မဆင်းတော့ရော ဆိုင်ရှင်က မင်းကို လစာမဖြတ်ဘူးလား။
ဖြေ။ဖြတ်တာပေါ့ဗျ၊ ဖြတ်တာမှ ပက်ပက်စက်စက်ကို ဖြတ်တာ၊ တစ်ရက် အလုပ်မဆင်းရင် ထောင့်ငါးရာ ဖြတ်တယ်လေ။
မေး။အေးလေ … မင်းက တစ်လလုံး တစ်ရက်မှ အလုပ်မဆင်းဘူး ဆိုတော့ လစာ အဖြတ်ခံရမှာ မကြောက်ဘူးလား။
ဖြေ။မကြောက်ပေါင်၊ သူက တစ်ရက် မလာရင် ထောင့်ငါးရာဖြတ်၊ ကျွန်တော့် လစာက တစ်လ ခြောက်သောင်း၊ ဒီတော့ တစ်လလုံး အလုပ် မဆင်းရင် လေးသောင်းခွဲ အဖြတ် ခံရတယ်၊ လကုန်လို့ ပြန်တွက်တော့ ကိုယ့်အတွက် တစ်သောင်းခွဲ ကျန်တယ်လေ၊ လစာတောင် ခပ်တည်တည် သွားထုတ်လို့ ရသေးတယ်။
မေး။အော် … အပြောမဟုတ် အလုပ်နဲ့ သက်သေ ပြတယ်ပေါ့၊ ဟုတ်ပါပြီ .. ဒီခေတ်ကလေ Customer Service ကို အလေးထားတဲ့ ခေတ်ဆိုတော့ ညီလေးတို့ ဆိုင်မှာ Customer စိတ်ကျေနပ်အောင် ဘာတွေများ စီစဉ် ပေးထားလဲ။
ဖြေ။ဟာ .. စီစဉ် ပေးတာပေါ့၊ ကျွန်တော်တို့က Customer ကို အလေးထား တယ်လေ၊ ဆိုင်ကို လာတဲ့သူတွေ ကြိုက်မှန်း မသိ၊ မကြိုက်မှန်း မသိ အဲယားကွန်းကို စွတ် စွတ် မဖွင့်ဘူး၊ တချို့က အအေး မကြိုက်ဘူးလေ၊ ဒီတော့ မဖွင့်ဘူး။
မေး။ဟ .. ဒါဖြင့် အအေးကြိုက်တဲ့ သူတွေကျ ဘယ်လို လုပ်မတုန်း မောင်ရင်ရဲ့။
ဖြေ။ယပ်တောင်တွေ ချိတ်ပေး ထားတယ်လေ၊ Self-service ပေါ့၊ အိုက်ရင် ယပ်တောင်ခပ်၊ အေးအေးလူလူ အင်တာနက် သုံးပေါ့ဗျာ။ ခြင်မကိုက်အောင်လည်း အချိန်ပြည့် မီးခိုးမှိုင်း တိုက်ပေးထားတယ်။
မေး။အော် … အားရှိစရာ၊ ဒါပဲလားကွ … တခြား Promotion တွေ ဘာတွေရော မရှိတော့ဘူးလား။
ဖြေ။ရှိတာပေါ့ဗျာ .. ရှိတာပေါ့၊ အင်တာနက် တစ်နာရီ သုံးရင် ဗိုင်းရပ်စ် ငါးကောင် လက်ဆောင် ပေးတယ်လေ၊ ဒီထက် ကောင်းတာက တစ်နာရီသုံးရင် တစ်နာရီ လက်ဆောင် ထပ်ပေးတယ်။
မေး။ကောင်းလှချည်လားကွ … ဘာဖြစ်လို့ ဒီလောက်တောင် ရက်ရက်ရောရော ပေးတာတုန်း။
ဖြေ။မပေးလို့လည်း မရဘူးလေ၊ တစ်နာရီတည်း သုံးမယ်ဆို ကော်နက်ရှင်မှ မတက်တာ၊ သုံးပြီး တစ်နာရီနဲ့ ဆယ့်ငါး မိနစ်နေမှ G-talk စတက်တယ်၊ အဲ … G-mail ရော G-talk ရော ကျန်တဲ့ Website တွေ အားလုံးရော စတက်တဲ့ အချိန်မှာ တစ်နာရီနဲ့ မိနစ် ငါးဆယ် ဖြစ်နေပြီ၊ အဲ .. နောက်ဆယ်မိနစ် နေလို့ နှစ်နာရီလည်း ပြည့်ရော စက်က အော်တို Shutdown ကျသွားရော။
မေး။မင်းဟာကလည်း အားတက်စရာ … မင်းတို့ ဆိုင်မှာ Customer တွေ အသုံးပြုဖို့ စက်က ဘယ်နှစ်လုံး ထားပေးလဲ။
ဖြေ။အလုံး ၃၀
မေး။မိုက်ပကွာ၊ စက်တွေ အများကြီး ဆိုတော့ တစ်နေ့တစ်နေ့ ပိုက်ဆံတော့ တော်တော် ရမှာပဲ၊ နေပါဦးကွ .. တစ်နေ့ကို ဆိုင်ဝင်ငွေ ဘယ်လောက် ရသတုန်း။
ဖြေ။အာ .. ထောင့်ငါးရာ၊ နှစ်ထောင်တော့ ခပ်မာမာ ဝင်တာပဲ။
မေး။ဟဲ့ .. ဘယ့်နှယ် စက်အလုံး ၃ဝ တောင် ရှိတဲ့ဟာ၊ ဘယ်လိုဖြစ်လို့ တစ်နေ့ဝင်ငွေက ထောင့်ငါးရာ ဖြစ်တာတုန်း၊ ကော်နက်ရှင် မကောင်းလို့လား။
ဖြေ။(အလွန်အမင်း ကြောက်ရွံ့ဟန်နှင့်) ဟာ … ကောင်းပါတယ်ဗျ၊ တိုးတိုးလုပ်ပါ … ကြမ်းကြား လေကြား တော်ကြာ Customer တွေ ကြားကုန်မှဖြင့် ထောင့်ငါးရာတောင် မလာတော့ဘဲ ဖြစ်သွားဦးမယ်။
မေး။ဒါဖြင့် ဘယ်လိုဖြစ်တာတုန်း။
ဖြေ။စက်က အလုံးသုံးဆယ် ရှိတာ မှန်တယ်လေ၊ ဒါပေမယ့် ၁၅ လုံးက ပျက်နေပြီ၊ ပြန်ပြင် မရတော့ဘူး၊ ကျန်တဲ့ ၁၅ လုံးမှာ ဆယ်လုံးက Network ကြိုး ကြွက်ကိုက် ကုန်လို့ အင်တာနက် မရတော့ဘူး၊ ကျန်တဲ့ ငါးလုံးမှာ လေးလုံးက Ctrl ရယ်၊ Alt ရယ်၊ Del ရယ် .. အဲဒီ ခလုပ် သုံးခုပဲ နှိပ်လို့ရတယ်၊ ဒီတော့ Server တစ်လုံးရယ်၊ Client တစ်လုံးရယ်ပဲ ရှိတော့တာ အဟီး။
မေး။အောင်မလေး … တော်ပါတော့ကွာ၊ တော်ပါတော့ .. ဗျူးမိတာကိုက ငါ့အမှားပါ၊ ဆက်မေးနေရင် System ပုံးထဲ ပိုးဟပ် ဝင်နေတာတို့၊ မော်နီတာ ထဲက ပုရွက်ဆိတ ထွက်လာတာတို့ ဖြစ်တော့မယ်၊ သွားမှ .. သွားမှ။
အဲဒီလို အောင်မြင်စွာ ထင်တာဗျူး ပြီးတဲ့နောက် သူရဿဝါလည်း သူတို့ရဲ့ ဆိုင်မှာတောင် အင်တာနက် မသုံးရဲ တော့ဘဲ အောင်ဖျာလိပ် ပြန်လာ ရတော့တာပဲခင်ဗျာ။
သူရဿဝါ
ဩဂတ်စ် ၃ ရက်၊ ၂၀၁၁ ခုနှစ်
(အထက်ဖော်ပြပါ ဆောင်းပါးကို ယခုတစ်ပတ်ထုတ် Net Guide Journal, Volume 1, Issue 93 တွင် ပုံနှိပ်ဖော်ပြ ခဲ့ပြီး ဖြစ်ပါသည်)

6 comments

  • asarpokelay

    August 3, 2011 at 11:28 am

    အော် တော် တော်ကောင်းတဲ့ဆိုင်ပဲနော် ….
    ဘယ်နားမှာလဲ ဆိုင်က…..

  • manawphyulay

    August 3, 2011 at 12:48 pm

    ဒါဆို ဝါဝါ့ကို အားကျရင်ကော ကော်ဖီတိုက်လားဟင်… တိုက်ရင်တော့ ဟဲဟဲ

  • pan pan

    August 3, 2011 at 1:38 pm

    ဟုတ်ပ ဟုတ်ပ
    လမ်းထိပ်က အင်တာနက်ဆိုင်က ဒီလောက်မဆိုးသေးလို့ တော်သေးတယ်
    သွားတိုင်း မောက်စ်မမိဘူး၊ ဝက်ကမ်ကမရဘူး၊ တခါတခါ ကီးဘုတ်ခလုပ်က လွတ်တွတ်တွတ်
    အရမ်းအရမ်း ဆွဲတဲ့ ဗြန်းဗြန်းကွဲထက်တော့ သာလို့တော်သေးတယ် 😀

  • ကြောင်ကြီး

    August 4, 2011 at 9:50 am

    ကျနော်တို့ငယ်စဉ်က ရေဒီယို၊ တီဗွီပြင်ဆိုင်တွေလိုပေါ့နော်။ ဆိုင်သစ်ဆိုရင် ရေဒီယိုအခွံ၊ တီဗွီအခွံတွေ လူမြင်ကောင်းအောင် ပြထားမှ လူလာတယ်။

  • AKKO

    August 4, 2011 at 12:59 pm

    ထင်တာဗျူးနဲ့ … ကြုံရာဖြေရဲ့ ပွဲကိုး 😀

  • စုံ စုံ

    August 4, 2011 at 2:08 pm

    စာအရေးအသားသဘောကျတယ်

Leave a Reply