ရင်ကို ထိခတ်ခဲ့သော စကားများ

hmeeAugust 4, 20111min31215

ပြီးခဲ့တဲ့ ရက်က ညီမလေးနဲ့ ဂျီတော့မှာ  စကားပြောဖြစ်တယ်။ ကျွန်မ ထွက်လာစ ကတည်းက ဒါဟာ ပထမဆုံး တွေ့ဆုံခြင်း။ အမေ့မောင် အကြီးဆုံးရဲ့သမီးမို့ ကျွန်မနဲ့  တဝမ်းကွဲ  တော်သူစပ်သူပါ။  ရောက်တတ်ရာရာ စကားတွေ ပြောနေရင်း သူက “အမေမမြိုင်တို့  တမြန်နေ့က  အမေကြီးဆီ သွားကြတယ်”တဲ့။ ကျွန်မ အမေကို တမျိုးလုံးက ကလေးတွေက အမေမမြိုင်လို့ ခေါ်ပြီး အဖေ့ကိုတော့ အဖေကြီးလို့ ခေါ်ကြတယ်။ “ဟဲ့….ဘာဖြစ်လို့တုံး” “အမေကြီး နေသိပ်မကောင်းဘူးပြောတယ်” “ ငါပြန်လာရင် တွေ့မှ တွေ့ရပါဦးမလားဟယ်” “ပြောမရဘူးလေ အသက်က တအားကြီးနေပြီဟာကို” တဲ့။ ကျွန်မလည်း စိတ်ထဲမှာ တမျိုးကြီး ခံစားရပြီး စာဆက်မရိုက် နိုင်တော့ဘူး။ သူလည်း ဘာဖြစ်သွားလည်းမသိ ဆက်မပြောတော့ပဲ ideal ဖြစ်သွားတယ်။ တနေ့လုံး ကျွန်မမှာ အတွေးတွေ တောင်စဉ်ရေမရ တွေးပြီး ထှိုင်းထှိုင်းမှိုင်းမှိုင်း ဖြစ်လို့။

ကျွန်မ အဖေနဲ့ အမေက တရွာတည်းသား မဟုတ်ဘူး။ အဖေက တရွာသူအမေနဲ့ အိမ်ထောင်ကျပြီး  ယောင်နောက် ဆံထုံးပါ မဟုတ်ပဲ ဆံထုံးနောက် ယောင်ပါခဲ့တာ။ အိမ်ထောင်ကျပါပြီ ဆိုကတည်းက အမေ့ရွာမှာပဲ အခြေချနေခဲ့တာပေါ့။ အမေတို့ရွာက ပိုပြီး ရေမြေကောင်းတာလည်းပါမယ်။ စစ်တောင်းမြစ်ကမ်း အရှေ့ရိုးမ တောင်ခြေက  တောင်ခြေကမ်းနား ရွာသူနဲ့ ကွင်းပြင် လယ်ကွက်တွေကြားထဲက ရွာသား  လယ်ပြင်သားတို့ နှစ်ပြားဂဟေ ဆက်ခဲ့ကြတာပေါ့။ အဖေ့ရဲ့အမေကို ကျွန်မတို့က အမေကြီးလို့ ခေါ်ပြီး အဖေကိုတော့ အဘလို့ပဲ ခေါ်ပါတယ်။ အဘကတော့ ကျွန်မ ရှစ်တန်းနှစ်မှာ ဆုံးသွားတာမို့ အမေကြီးပဲ ရှိပါတော့တယ်။ သားသမီးတွေ အကုန်လုံး ကိုယ့်အိမ် ကိုယ့်ယာနဲ့ အမေကြီးကတော့ အဖေ့ညီကမွေးတဲ့ မြေးအကြီးမ အိမ်ထောင်သည်နဲ့ အဘရှိစဉ်ကတည်းက နေတဲ့ အိမ်မှာပဲ ဆက်နေတာပါ။ အဖေက အတူတူနေဖို့ ခေါ်ပေမဲ့ လာမနေပါဘူး။ ဒါကြောင့် အဖေကပဲ သွားကြည့်ရတယ်။ တခါတလေ အဖေခေါ်လွန်းလို့ လာနေလည်း မကြာဘူး ဖျားတာနဲ့ နေလို့မကောင်းတာနဲ့ ဘယ်နှစ်ရက်မှ မကြာဘူး သူ့ရွာသူ ပြန်သွားတာပဲ။ အဖေက အမေ အသက်ကြီးပြီ ပြုစုပါရစေ ပြောလွန်းလို့ သားစိတ်မကောင်းမှာ စိုးလို့ လာနေပါတယ်။ တပတ်မကြာဘူး ဝမ်းတွေ လျှောလို့ မနည်း ကုယူရတယ်တဲ့လေ။ နေလည်း ပြန်ကောင်းရော သူ့ရွာသူ ပြန်ပြေးပါလေရော ရွာရောက်တော့ ဝမ်းလျှောထားတာ မဟုတ်တဲ့အတိုင်း အသံကိုမာလို့တဲ့။ ကျွန်မ ရွာကို ခဏပြန်တုန်း အမေပြန်ပြောပြတာပါ။ ပြီးတော့ အမေက ပြောသေးတယ် “ညဉ်းအဖေအေ သူ့အမေကို မရွံမရှာ  ပြုစုတာ သမီးမိန်းခလေး အရှုံးပေးရမယ်။ သူ့အမေ ဝမ်းသွားထားတဲ့ လုံချည်တွေကို ကိုယ်တိုင်လျှော်တာ။ အမေလည်း ဝမ်းသွားထားတဲ့ လုံချည်တွေ စောင်တွေလျှော်တာ ရက်ဆက်ဆိုတော့ အအေးမိပြီး ဖျားရော အဌါးလျှော်မယ် ပြောတာလည်း မရဘူး ကိုယ်တိုင် ဆင်းလျှော်တာပါအေ၊ တကယ့်သားလိမ္မာပါပဲ” ကျွန်မ စကားပြောနေတဲ့ အမေ့ကို  ကြည့်လိုက်တော့ အမေ့မျက်နှာမှာ အပြုံးတွေဝေလို့။ အဖေ့အတွက် ဂုဏ်ယူနေသလို မျက်လုံးတွေများ အရောင်တွေ တလဲ့လဲ့။ ပြီးတော့ ပြောပါသေးတယ် “အမေများ မရှိတော့ရင် ညဉ်းတို့အဖေအိုကြီးကို ပြစ်မထားပါနဲ့ မိသားစုပေါ် တာဝန်ကျေတဲ့ သူတော်ကောင်းကြီးပါ” တဲ့လေ။ အမေ အဲ့ဒီတုန်းက ပြောတာ ကြားခဲ့စဉ်က စိတ်မကောင်းတော့ ဖြစ်ခဲ့ပေမဲ့ အခုအချိန် ပြန်တွေးမိတော့မှ ရင်ထဲမှာ အောင့်ပြီး မွန်းကျပ်ကာ မျက်ရည်လည်မိပါတယ်။ ကျွန်မမှာ အဲ့လို ပြုစုဖို့ အခွင့်အရေး ရမှရပါဦးမလားလို့  တွေးမိလို့ပါ။  အဖေတောင် ၆ဝ ကျော်ပြီမို့ အမေကြီးလည်း ၉ဝ နားနီးပြီပေါ့။ ကျွန်မ ပြန်ရောက်ချိန် တမိသားစုလုံး သွားကန်တော့မယ် စိတ်ကူးထားတာမို့ အခုလိုဆို တွေ့မှ တွေ့ရပါ့မလားလို့  စဉ်းစားမိပြီး စိတ်မကောင်းဘူး။

နောက်တခု စိတ်မကောင်း ဖြစ်ခဲ့တာလည်း ရှိသေးတယ်။ ကျွန်မ ဘဝတလျှောက်လုံး မိဘနဲ့အတူ နေရချိန် တအားနည်းခဲ့တယ်။ တကယ့်ကို ဆယ်စုနှစ် စွန်းစွန်းလေး။ ကျောင်းတက်၊ ကျောင်းပြီးတော့ အလုပ်လုပ် နောက်တော့ အိမ်ထောင်ကျ။ အိမ်ထောင်ကျပြီဆို ပိုဝေးဖို့ ဖြစ်လာပြီ။ ဒါပေမဲ့ ကံကောင်းတယ်ဆိုရမယ် အိမ်ထောင်ကျပြီး တနှစ်လောက် ကြာတော့ လင်တော်မောင် အလုပ်ကလည်း ကျွန်မတို့ မြို့ကို ရွှေ့ရတယ်။ အမေ့ဆီကို မရောက်ဖြစ်ဘူးဆိုရင်တောင် တလတခါအနည်းဆုံးပဲ။ ကျွန်မလည်း ရွာရောက်တာနဲ့ အမေကြီး အိမ်အောက်က တန်းလျှားမှာ ထိုင်ပြီး တနေကုန် စကားပြောပါတယ်။ အမေနဲ့ အမေကြီးက တခြံတည်း နေတာလေ။ ရောက်စက သိပ်မသိသာပေမဲ့ နောက်အခေါက်တွေမှာ တခေါက်ထက် တခေါက်  သတိတွေ သိပ်မကောင်းတော့တာ သိသာလာတယ်။ ကျွန်မနဲ့ စကားပြောနေရင်း အကောင်းကနေ “နင့်ကလေး နှစ်ယောက်ကော မပါဘူးလား”လို့မေးတော့  ကျွန်မလည်း ရုတ်တရက်မို့ ဘာပြန်ပြောရမှန်းမသိဘူး။ အမေက “ငါ့သမီးကို မနွယ်နဲ့ မှားနေတာ” လို့ ဝင်ပြောမှ “ဪ..” ဆိုပြီး သနားသွားတယ်။ ကျွန်မ အမ ဝမ်းကွဲ နဲ့ မှားတာပါ။ အမေက “အဲ့လိုပဲ အခုတလော ပြောပြီးသားတွေ ခဏခဏ ပြန်ပြောလိုပြောနဲ့။ ထမင်း အခုပဲ ကျွေးပြီးတာကို မစားရသေးဘူး ပြောချင်ပြောနေတာ” လို့ ပြောပြပါတယ်။ တရက် အမေကြီး ထမင်းစားနေတုန်း ရောက်သွားပါတယ် ကြမ်းပြင်ပေါ်ချထားတဲ့  ပန်းကန်လေးထဲက ထမင်းကို  စားနေတယ်။  ဘေးမှာ သောက်ရေမတ်ခွက်လေးနဲ့ ။ ဒါနဲ့ ကျွန်မလည်း စိတ်ထဲမှာ တမျိုးပဲ ခံစားရတာနဲ့ “ဦးလေး အမေကြီးကို ကျွေးနေကျ ခုံဝိုင်းလေးနဲ့  ဘာလို့ မကျွေးတော့တာလည်း” လို့ မေးမိပါတယ်။ တကယ်ဆို တခါတလေမှ လာတဲ့ ကျွန်မက အမြဲပြုစုနေတဲ့ သူကို သံသယပါတဲ့ မေးခွန်းမျိုး မမေးသင့်တာ အမှန်ပါ။ ဦးလေးကတော့ ကျွန်မ အတွေးကို သိပုံမပေါ် ခပ်ရိုးရိုးပဲ “ ကျွေးလို့ မရတော့ဘူးဟ၊ ကလေးတွေလိုပဲ ထမင်းပန်းကန်ကို စားရင်း ဆွဲချသွားလို့ အမြဲမှောက်ကျတာ” ကျွန်မလည်း အမေကြီးကို ဘေးက ထိုင်ကြည့်ရင်း “အော်…အမေကြီးလည်း အတော် အိုသွားပြီကိုး” လို့ တွေးမိပါတယ်။ ညနေရောက်တော့ အမေက “ သမီးရေ အမေ့ကို ထမင်းသွားပို့ရအောင်” ခေါ်တာနဲ့ အမေ့နောက်ကနေ တောင်ဘက်အိမ်ပေါ် တက်လာခဲ့တယ်။  အိမ်ပေါ်ရောက်တော့ ပြတင်းပေါက်နားမှာ ထိုင်ပြီး  လမ်းသွား လမ်းလာတွေကို ကြည့်နေတာတွေ့ရတယ်။ အရင်ကတော့ အိမ်အောက်ဆင်း ဟိုလုပ် ဒီလုပ် လျှောက်လုပ်သေးတာ နောက်မှ အနောက်ဝိုင်းက အဖွားတယောက် လျှော်လဲပြီး ခြေထောက်ကျိုးသွားတာ သေသာသေသွားရော အိပ်ရာက မထနိုင်တော့ဘူး။ ဒါနဲ့ သားသမီးတွေက စိုးရိမ်ပြီး ဘယ်မှ မသွားခိုင်းတာနဲ့ တနေ့တနေ့ အဲ့ဒီနားမှာ ထိုင်ပြီး ကြည့်နေတာပဲ။  “အမေ့ ထမင်းစားရအောင်“ ပြောတော့ “ အေး” ဆိုကာ လက်ဆေးပြီး စားပါတယ်။ ထမင်းနဲ့ ဟင်းကို တခါတည်း သေချာ နယ်ပေးထားတာပါ။ အသားဟင်းကိုလည်း သေချာ မွှထားပြီး နယ်ထားတာ တွေ့ရတယ်။  “အမေ့ ဟင်းက ဘယ်လို” လို့ တအံ့တဩမေးတော့ အမေက “ကလေးလေးလို ဖြစ်နေပြီ ဟင်းကို ပန်းကန်နဲ့ ထည့်ကျွေးရင် ဟင်းကို ဒီအတိုင်းစားပြစ်ပြီး ထမင်းကို အဖြူထည်ပဲ စားတာ။ တခါတလေ ဟင်းကို အတုံးလိုက် စားလို့ နင်နေလို့ အခုလို သေချာ မွှပြီး ကျွေးရတယ်” လို့ ပြောပြတယ်။ စားပြီးတော့ လက်ဆေးပေးပြီး ခဏထိုင်စကားပြောနေချိန် ဦးလေးက အိပ်ရာခင်းပေးနေတယ်။ ပြီးတော့ အိပ်ရာမှာ နေသားတကျ ဖြစ်အောင် မောင်နှမ နှစ်ယောက် လုပ်ပေးနေတာ မိဘက သားသမီးကို ပြုစုသလိုပါပဲ။  အခုလည်း သားသမီးက ပြန်ပြုစုတာပေါ့။ အိပ်ပျော်သွားမှ ခြင်ထောင်ကို သေချာ ဖိပေးကျတယ်။ “တခါတလေ ညဘက် တရေးနိုး ထကြည့်ရတယ်။ အိပ်ရာ အပြင်ဘက်ရောက်ပြီး ခြင်တွေ ကိုက်နေလို့လေ” လို့ ဦးလေးက ပြောပြပြန်ပါတယ်။ အဖွားအိမ်ပေါ်က ပြန်ဆင်းလာတော့ အမေက ကျွန်မကို ပြောတယ်  “အမေ့လို အမေ အသက်မရှည်ချင်ပါဘူး ငါ့သမီးရယ်၊ ကိုယ့်အရိုး ကိုယ်နိုင်တုန်းလေး သေချင်တယ်။ သားသမီး အငြိုအငြင်ခံ သားသမီးကို ဒုက္ခပေးပြီး မနေချင်ဘူး” တဲ့။ အမေ့စကား ကြားတော့ ကျွန်မ အတော်စိတ်မကောင်းဘူး။ အဖေနဲ့အမေ အသက်ကြီးရင် အဖေက အမေကြီးကို ပြုစုသလို အမေက အမေကြီးကို ပြုစုသလို ကျွန်မ ပြုစုနိုင်ပါ့မလားလို့လည်း တွေးမိပါတယ်။ အမေတို့ကလည်း ရွာက မခွာနိုင်သလို ကျွန်မတို့ကလည်း ရွာမှာမနေနိုင်တဲ့ ဘဝမို့လေ။ ကျွန်မ အဲ့ဒီအခေါက် ရွာကပြန်လာတော့ အမေ့စကား ကြားယောင်ပြီး  လက်ရှိဘဝနဲ့ အသားမကျပဲ  ကယောင်ကတမ်းတွေ ဖြစ်လို့။ အခုထိလည်း ပြန်တွေးမိတိုင်း စိတ်မကောင်းဖြစ်ဆဲ ဝမ်းနည်းလာဆဲပါပဲ။

ကျွန်မ ရွာက ပြန်လာပြီး သိပ်မကြာပါဘူး အမေကြီး ဆုံးသွားပါတယ်။ ဘာရောဂါမှ မရှိပဲ မီးစာကုန် ဆီခမ်းသွားတာပါ။ အခုတော့ နှစ်ဖက်စလုံး ပြေးကြည့်ပါမှ အဖေ့အမေ ဖြစ်တဲ့  အမေကြီး ဒီတယောက် ကျန်တော့တာမို့ ကျွန်မ ရွာပြန်ရောက်ချိန်မှာ တွေ့ခွင့်မှ ရပါတော့မလားလို့ စဉ်းစားရင်း စဉ်းစားရင်း တနေ့လုံး ကယောင်ခြောက်ခြားတွေ ဖြစ်လို့။ တဆက်တည်းလည်း စဉ်းစားမိပါတယ်။ ဪ… လူတွေ  လူတွေ  အသက်ကြီးလာတိုင်း ဆုံးရှုံးမှုတွေ အတော်ကို များလာပါလား  နောက်လူတွေ အစားထိုး ဝင်လာလို့ သိပ်မသိသာ သလို ဖြစ်နေတာ။ အမှန်ဆို ရှေ့ကလူတွေ ကိုယ့်ဘေးက လူတွေ တယောက်ပြီးတယောက် ပျောက်ကွယ်သွားတာ အတော်ကို များနေပါလားလို့ပေါ့။ ဒီလိုနဲ့ပဲ တနေ့တော့ ကျွန်မအလှည့် ရောက်လာ ဦးမှာပါ။ ကျွန်မလိုပဲ  တခြားသူတွေရော ……..။

15 comments

  • etone

    August 4, 2011 at 8:43 am

    ဟုတ်ပါတယ် မမှီရေ … သေခြင်းတရားကို ဘယ်သူမှ လွန်ဆန်လို့ မရပါဘူး … ။ တစ်ဦးနဲ့တစ်ဦး တချိန်ချိန်မှာတော့ ခွဲရမှာပါပဲ … အဲ့ဒါကို သိလို့ အသက်ရှင်စဉ်လေး အကောင်းဆုံးနေထိုင်သွားမယ် … လက်လှမ်းမှီသလောက် အမျိုးဆွေတွေကို ထောက်ပံ့သွားမယ် ၊ အကောင်းမြင်ဖို့ ကြိုးစားမယ် … ဆိုတဲ့စိတ်ထားပါတယ် … ။
    (တစ်ခါတစ်လေ … ဒေါသထွက်လို့ …. ပြောမိဆိုမိ … အော်မိသွားတာကလွဲလျှင်ပေါ့ … 😛 😛 )

    • hmee

      August 4, 2011 at 7:45 pm

      အရင်က အမှတ်တမဲ့လေးတွေဟာ ခွဲသွားတော့မှ တသသ ဖြစ်ရတာမို့ အသက်ရှင်စဉ်မှာ အကောင်းဆုံး(အတတ်နိုင်ဆုံး) ဆက်ဆံတာ ကောင်းပါတယ်။ သူများကိုသာ ပြောနေတာ မမှီလည်း တခါတခါ ဒေါသမထိန်းနိုင်ပဲ စိတ်နောက် ကိုယ်ပါ လုပ်မိသေးတယ်။

  • pan pan

    August 4, 2011 at 10:16 am

    သားသမီးငယ်ငယ်တုန်းကတော့ မိဘက ချေးကအစသေးကအစ အကုန်လုပ်ပေးပြီး ပြုစုကြတယ်
    ထမင်းတောင် ဝါးခွံတယ်
    မိဘအိုသွားတော့ သားသမီးတိုင်း အဲလိုမပြုစုနိုင်ဘူးနော်
    ငြိုငြင်ကြတာ များတယ်
    မမှီတို့အမေကြီးက ကံကောင်းတယ်နော်
    အေးအေးချမ်းချမ်းနေသွားရတယ်

  • AKKO

    August 4, 2011 at 10:45 am

    ဒါကြောင့်ထင်တယ် … အိုဇာတာ ကောင်းဖို့ပဲ အရေးကြီးတယ်လို့ ပြောခဲ့ကြတာ ။
    အသက်မရှည်ချင်ဘူး … သက်တမ်းစေ့ပဲနေချင်တယ် … လေဖြတ် အိပ်ယာထဲလဲတဲ့အချိန် ကိုယ်ကိုယ်တိုင်လည်း စိတ်ဒုက္ခရောက်သလို မလိမ္မာတဲ့ သားသမီးတွေနဲ့တွေ့လျှင်လည်း ပစ်ထားခံရပြီး ရင်နာနေရဦးမယ် လေ။

    • hmee

      August 4, 2011 at 7:52 pm

      လေဖြတ်တဲ့သူကတော့ တကယ့် ဝဋ်နာကံနာပါပဲ။ ဘယ်လောက် သိတတ်တဲ့ သားသမီးပဲ ဖြစ်ဖြစ် ကြာတော့ ဒဏ်မခံနိုင်တော့ဘူး။ တနေ့တရက်မှ မဟုတ်တာကိုး။ ကျွန်မလည်း အဲ့ဒါတော့ အကြောက်ဆုံးပဲ။

  • yaungchikha

    August 4, 2011 at 10:51 am

    မမှီရေးပြသလိုပေါ့နော် ကိုယ်ဘေးကလူတွေ တစ်ယောက်ပြီးတစ်ယောက် ပျောက်ကွယ်သွားနေကြတာ၊ နိဗ္ဗာန်ရောက်အောင် အားမထုတ်နိုင်သေးခင်တော့ သံသရာလည်နေရဦးမှာပါပဲ၊ ကျမတို့လည်း………………

  • aungnng87

    August 4, 2011 at 12:37 pm

    မမှီရေးတော့ ကိုယ်လဲရန်ကုန်ကကိုယ်မိဘ၂ပါးကိုသတိရမိတယ်။ အထူးသဖြင့်အမေ့ကိုပေါ့..။အိမ်ခန်းထဲကကုတင်ပေါ်မှာထိုင်ပြီး လမ်းသွားလမ်းလာတွေကိုသူ.ရဲ.တဖက်ဘဲကျန်တဲ့ကောင်းကောင်းမမြင်ရတဲ့မျက်လုံးတလုံးနဲ.ကြည့်နေတဲ့ပုံကို
    စိတ်ထဲမှာ့မြင်ယောင်နေမိတယ်။စိတ်ထဲမှာလည်းအဖေနဲ.အမေကျန်းကျန်းမာမာရှိပါစေလို.အမြဲဆုတောင်းနေပါတယ်။

    • hmee

      August 4, 2011 at 7:50 pm

      အသက်ကြီးလာတဲ့ သူတွေဟာ အပယ်ခံတွေလို ဖြစ်လာတာ။ သူတို့က အားနေလို့ မြင်ရာလူစကားပြောချင် ကိုယ်တွေက မအား ဒါနဲ့ပဲ ပြန်အော်မိတော့ မျက်နှာငယ်လေးတွေနဲ့။ သူတို့ခမျာ ဘာမှ မပြောတော့ပဲ လမ်းသွားလမ်းလာတွေပဲ ကြည့်နေရတယ်။ စိတ်ထဲမှာတော့ ခံစား နေရမှာ သေချာပါတယ်။

  • စုံ စုံ

    August 4, 2011 at 2:43 pm

    မမှီရေ ကျမမှာလဲအမေ့ဘက်ကမိဘ၂ပါးစလုံးရှိပါသေးတယ်
    အဖိုးအဖွား၂ဦးစလုံးကကျမကိုမြေးဦးဆိုပြီးအရမ်းချစ်ခဲ့ကြတာ
    ကျမအသက်၂ဝကျော်မှာရောဂါတခုဖြစ်တော့အဖိုးကောအဖွားကော
    ကျမကိုဝတ်ကြီးဝတ်ငယ်ပြုစုပေးခဲ့ကြတယ်
    အခုအချိန်အဘိုးကလေဖြတ်ပြီးအိပ်ယာထဲလဲနေတဲ့အချိန်မှာတော့
    ကျမမှာဝတ်ကြီးဝတ်ငယ်ပြုစုဖို့မပြောနဲ့
    တလတခါတောင်သွားမကြည့်နိုင်ဘူး
    အဝေးကနေဘဲထောက်ပံ့နေဖြစ်တယ်
    အခုဒီစာကိုဖတ်ပြီးမှအတွေးဝင်လာတယ်
    ဪ..ငါ့အဖိုးငါ့ကိုတော်တော်တွေ့ချင်ရှာမှာဘဲလို့

  • manawphyulay

    August 4, 2011 at 3:08 pm

    အင်းဟုတ်တယ်……… လောကမှာ မာန်မာနတွေ ဒေါသတွေ လောဘတွေ ဘယ်လောက်ပဲများများ ရှိနေပါစေ… တစ်နေ့ သွားရမယ့်လမ်းကတော့ တစ်လမ်းထဲပါပဲ။ ဒီလမ်းကို မီးစာကုန် ဆီခမ်းချိန်မှရောက်မှာလား ဒါမှမဟုတ် ငယ်ငယ်ရွယ်ရွယ်လေးတွေလည်း မခေါ်ဘူးလို့ မပြောနိုင်ပါဘူးနော်… ပြင်ဆင်ထားကြဖို့ပဲလိုအပ်ပါတယ်။

  • pan si

    August 4, 2011 at 3:18 pm

    အရမ်းခံစားရပါတယ်အမ..ကျမတို့လည်းဒီလိုဘဲမိဘနဲ့ခွဲနေရတော့ စိတ်ပူမိတယ်..

  • ဆူး

    August 4, 2011 at 9:50 pm

    ဆူး အဖေ မဆုံးခင် ၂နှစ်ခွဲ ၃နှစ်နီးပါး ပြုစုပေးခဲ့ရတယ်။
    တခါတရံ စိတ်မရှည် ဖြစ်မိပေမဲ့ အားလုံး စိတ်ညီ လက်ညီနဲ့ ကောင်းစေချင်တဲ့ စေတနာနဲ့ ပြုစု လုပ်ကိုင်ပေးခဲ့ကြပါတယ်။ အနီးကပ် ပြုစု ပေးခဲ့လို့လား မသိဘူး အဖေ ဆုံးတော့ အရမ်း ဝမ်းနည်းတာပဲ။

  • unclegyi1974

    August 4, 2011 at 11:00 pm

    ဒါကြောင့်ပြောတာမှီရေ
    လူကြီးမိဘမသေခင်ကျွေးပါ
    သေမှမငိုပါနဲ့တဲ့

  • KoNyeinChan

    August 6, 2011 at 6:19 pm

    ခေါင်းစဉ်စာသားအတိုင်းဘဲ မမှီရေ… ရင်ထဲရောက်တယ်ဗျာ

  • မမှီရေ
    လောကကြီးထဲမှာ မိအို ဘအိုကို ပြုစုခွင့်ရခြင်းသည်လည်း အလွယ်တကူမရနိုင်တဲ့အခွင့်အရေးတစ်ခုပါ။
    တစ်ချို့ကတော့ ငယ်စဉ်ကတည်း မိဘတွေအဆင်မပြေလို့ ခွဲခွာကြလို့ မဆုံနိုင်
    တစ်ချို့ ကြတော့လည်း အဝေးမှာ ပညာရှာရင်း ကြင်ယာစုံသွားလို့ ပြန်မဆုံနိုင်
    တစ်ချို့ကြတော့လည်း ကိုယ့် ဝမ်းစာတောင် ကိုယ်မနည်းရုန်းနေရလို့ ပြုစုခွင့်မကြုံ
    တစ်ချုိုကြပြန်တော့ လည်း မိဘအပေါ်မှာနာကျဉ်းချက်တွေနဲ့…….အမျိုမျုးိပေါ့။
    မပြုစုနို်င်တောင်မှ မသေခင်အမွေတောင်းနေတဲ့ သားသမီးဆိုးမဖြစ်အောင်လောက်ကတော့ ဆင်ခြင်လို့နေထိုင်သင့်တယ်လို့ ထင်ပါတယ်

Leave a Reply