ချွေတာရေးနဲ့ ငွေရှာရေး။
ချွေတာရေးနဲ့ ငွေရှာရေးအတွက် ကိုယ်တိုင်ကျင့်သုံးနေတဲ့ reduce, reuse, recycle နည်းလေးတွေကို ပြောပြချင်ပါတယ်။
ချွေတာရေးဆိုတာနဲ့ စားနေသုံးနေတာတွေကို လျှော့ချရမယ်လို့ ထင်တတ်ကြပါတယ်။ ထင်သလောက် လျှော့စရာမလိုပဲ မလိုတာတွေ၊ ပိုလျှံနေတာတွေကို reduce လုပ်နိုင်ကြောင်း သိစေချင်ပါတယ်။
အတွေ့အကြုံတစ်ခုအနေနဲ့ ပြောပြချင်တာကတော့ ကျောင်းတုန်းက သူငယ်ချင်းတစ်ယောက်ရှိတယ်။ ကျောင်းတူတူတက် ထမင်းတူတူစားကြတယ်။ သူက သူ့ထမင်းဘူးမှာ ပါလာတာတွေကို ကုန်အောင်အမြဲ စားနေကျပါပဲ။ ဒါပေမယ့် အလှူတစ်ခုကို တူတူသွားကြတဲ့အခါကျတော့ ထမင်းတွေ ဟင်းတွေကို ကုန်အောင်မစားဘူး။ ပန်းကန်ထဲမှာ အများကြီးပဲ ချန်ထားခဲ့တယ်။ ဘာဖြစ်လို့လဲမေးတော့ ကုန်အောင်စားရင် ရှက်စရာကြီးတဲ့။ အဲဒါနဲ့ ကျမကလည်း မနေနိုင်ပဲ နင်ဒီလို ထားခဲ့တာကမှ အလှူရှင်ကို စော်ကားရာရောက်မှာ။ သူက စေတနာနဲ့ အကုန်ခံပြီး ကျွေးမွေးတာကို နင်က လွှင့်ပစ်တယ် လို့ ပြောမိတယ်။ အဲဒီနေရာမှာ ကျွေးတာကို အားနာပြီး နည်းနည်းပဲ စားစရာမလိုပါဘူး။ ဒါပေမယ့် အလဟဿ လွှင့်ပစ်စရာဖြစ်အောင်တော့ မလုပ်သင့်ဘူးပေ့ါ။ အဲဒီနည်းနဲ့ Reduce လုပ်နိုင်ပါတယ်။
နောက်တစ်မျိုးက ကျမတို့မိသားစုက စတုဒီသာ ကျွေးရတာကို သဘောကျတယ်။ ဆင်းရဲချမ်းသာမရွေး ဘယ်သူမဆို စားလို့ရတာမို့ ခင်မင်နေတဲ့ မိတ်ဆွေတွေလည်း လာစားကြသလို လမ်းဘေးက ကလေးတွေလည်း လာစားကြတယ်။ သူတို့တတွေ စားလို့ကုန်သွားတာကို မနှမျောဘူး။ ကိုယ်ကလည်း စားစေချင်လို့ ကျွေးတာပဲမို့ ဝမ်းသာကျေနပ်တယ်။ ဒါပေမယ့်လည်း မကုန်နိုင်အောင် အများကြီးထည့်ပြီး ချန်ထားခဲ့တာမျိုးကျတော့ အလဟဿဖြစ်လို့ မကြိုက်ဘူး။ အဲဒါကြောင့် စတုဒီသာကျွေးပြီဆိုရင် ကိုယ်ကိုယ်တိုင် လိုက်ကြည့်ပြီး။ ဝအောင်စား၊ လိုသလောက်ယူ၊ မကျန်ခဲ့စေနဲ့ဆိုပြီး လိုက်ပြောတာပဲ။ လွှင့်ပစ်ရတဲ့ တန်ဖိုးကို Reduce လုပ်သင့်တယ်လို့ ထင်ပါတယ်။
နောက်တစ်ခုက မိမိတို့ နေ့စဉ်နဲ့အမျှ စားသုံးနေတဲ့အထဲက ဘာတွေကို ပြန်သုံးလို့ ရမလဲ။ အဲဒါ reuse ပဲပေါ့။ ပြန်သုံးလို့ ရတာတွေ အများကြီးကို လွှင့်ပစ်မိနေတာတွေကို သတိပြုကြည့်ပါ။ အကြော်တွေစားတဲ့အခါ ဆီစုပ်စက္ကူသုံးပြီး ဆီတွေကို သုတ်ပြီးရင် လွှင့်ပစ်မယ့်အစား အဲဒီ စက္ကူကို မလွှင့်ပစ်ပဲ သိမ်းထားလိုက်ပါ။ တစ်ခါသုံး ဝါးတူလေးတွေကိုလည်း သုံးပြီးရင် ရေဆေးပြီး သိမ်းထားတယ်။ အိမ်မှာ များသောအားဖြင့် ဂက်စ်နဲ့ချက်ပေမယ့် ကြာကြာနှပ်ရမယ့် ဟင်းမျိုး၊ များများချက်ရမယ့် အခါမျိုးတွေမှာ မီးသွေးမီးဖိုနဲ့ ချက်တယ်။ အဲဒီအခါကျတော့မှ မီးမွှေးဖို့ ဆီပေနေတဲ့ စက္ကူနဲ့ တစ်ခါသုံး တူတွေကို သုံးလိုက်တော့ ထင်းရူးစ ဝယ်ရသက်သာသွားတာပေ့ါ။ ဒါ့အပြင် Reuse လုပ်နိုင်တာတွေလည်း အများကြီး ရှိနိုင်ပါသေးတယ်။ စာဖတ်သူတွေလည်း ကိုယ်သိတဲ့ Reuse တွေကို ကော်မန့်ပေးခြင်းဖြင့် မျှဝေပေးစေလိုပါတယ်။
နောက်ပြီး Recycle တစ်ခုလောက်ကိုလည်း ပြောပြချင်ပါတယ်။ သံပုရာရည်သောက်ပြီး ကျန်ခဲ့တဲ့ သံပုရာသီးအခွံတွေကို လွှင့်ပစ်လိုက်ရင် အကျိုးမရှိ ကုန်သွားမှာပေါ့။ ဒါပေမယ့် သံပုရာခွံကိုပြုတ်ပြီး သံပုရာသီးသနပ် ပြန်လုပ်လိုက်တဲ့အခါ ထမင်းစားရင် တို့စရာဝယ်ဖို့မလိုပဲ သံပုရာသီးသနပ်လေးနဲ့ အရသာရှိရှိ စားနိုင်တာပေ့ါ။ သံပုရာခွံကို နူးအောင်ပြုတ်ပြီး ထန်းလျှက်၊ နွယ်ချိုမှုန့်၊ မဆလာ၊ ငြုပ်သီးမှုန့်တွေထည့်ပြီး ကျိုချက်ရင် သံပုရာယိုကိုလည်း သွားရည်စာ စားလို့ရတာပေ့ါ။ ပင်ပင်ပန်းပန်း လုပ်စရာမလိုပဲ သွားရည်စာဖိုး အပိုမကုန်လို့ ငွေရှာပြီးသား ဖြစ်တာပေ့ါ။
အဲဒီလိုနည်းတွေနဲ့ ချွေတာရေးလုပ်ပြီး ငွေရှာနိုင်တာမို့ သိသလောက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။
43 comments
siamonone
August 7, 2011 at 6:32 pm
စာရေးသူက မိန်းလေး ဆိုရင် စာရေးသူ ရဲ့ ကောင်လေးကတော့ အတော့်ကို ကံကောင်းမလားဘဲ..
MaMa
August 7, 2011 at 7:05 pm
တော်ပါသေးရဲ့။ antique နည်းပညာနဲ့လူသားဆိုပြီး ရှေးဟောင်းပြတိုက်ပို့ရမယ်လို့ မပြောလို့ ကျေးဇူးတင်ပါတယ်။
nature
August 7, 2011 at 7:03 pm
resue လုပ်တာကတော့ ကောင်းပါတယ်။
သံပုရာခွံကိုတော့ အရမ်းသနပ်လုပ်မစားနဲ့။ ပိုးသတ်ဆေးတွေရှိလို့ အန္တရာယ်ရှိတယ်။ ကိုယ်ပိုင်ခြံကထွက်လို့ ပိုးသတ်ဆေး မပါဘူးဆိုတာသေချာရင်တော့ ကောင်းပါတယ်။
manawphyulay
August 7, 2011 at 7:12 pm
လုပ်စားတာလည်းစားပေါ့နော်။ အဲလို အလုပ်လွန်ပြီး ပိန်လှီနေရင် ဆေးဖိုးပါ ထပ်ကုန်နေဦးမယ်နော်။ အလှူကလည်း အမြဲတမ်းရှိမှာမဟုတ်တော့ အမြဲတမ်းလည်းသွားစားနိုင်မှာမဟုတ်ဘူးလေ။
MaMa
August 7, 2011 at 7:17 pm
ပိုးသတ်ဆေး အန္တရာယ်ကတော့ သံပုရာသီးသနပ်မှ မဟုတ်ပါဘူး။ ဘယ်နေရာမှာမဆို သတိထားသင့်ပါတယ် nature ရေ။
ဆေးဖိုးကုန်လောက်တဲ့အထိ ချွေတာစရာမလိုပါဘူး မနောရယ်။ အလဟဿ မဖြစ်အောင်၊ လွှင့်မပစ်ရအောင် လုပ်ရင်ပဲ ရပါပြီ။
weiwei
August 7, 2011 at 7:46 pm
သိပ်မှန်တယ် မမရေ ..
ကျွန်မလဲ အဲဒီလို ဆောင်းပါးမျိုးရေးချင်နေတာ …
အလုပ်ထဲမှာတော့ ချွေတာရေးအကြောင်းပြောရတာ သူများတွေအမြင်ကတ်တာခံရတယ် … 😛
MaMa
August 7, 2011 at 7:49 pm
ကိုယ်လည်း ရေးသာရေးရတယ်။ ဘယ်လိုများ တိုက်ခိုက်လာကြဦးမလဲလို့ ခပ်လန့်လန့်နဲ့ သိလည်း သိစေချင်လို့ တင်လိုက်တာ။
parlayar46
August 7, 2011 at 7:58 pm
နည်းကောင်းလေးတွေပဲ။ တခြားနည်းလေးတွေရှိရင်လဲ ထပ်ပြောကြရင်ကောင်းမယ်။
ဒီခေတ်က အရင်နဲ့စာရင် လွယ်လွယ်တွေး လွယ်လွယ်သုံး လွယ်လွယ်စွန့်ပစ်တတ်ကြတယ်။
အကြောင်းသင့်လို့ ကျုပ်ကပ်စီးကုပ်ပုံလေးလဲ ဝင်ဖြည့်ဦးမယ်။
အလုပ်မှာ တဖက်သုံးပြီးသား စက္ကူတွေကို ပြန်သိမ်းထားတယ်။ အကြမ်းရေး စာကြမ်းထုတ်တာတွေမှာ ပြန်သုံးတယ်။ ပြီးတော့ အဲဒီသုံးပြီးသားတွေကို မစွန့်ပစ်သေးဘူး။ ခပ်များများရအောင်စုပြီး တခြားစက္ကူတွေနဲ့ ရောရောင်းတယ်။
အလုပ်က ဝန်ထမ်းငယ်လေးတွေက အစပိုင်းတော့ ရယ်ကျဲကျဲနဲ့ လှောင်ချင်ကြတယ်။ ဒါပေမယ့်ကြာတော့ သူတို့ပါ အကျင့်ပါသွားရော။ သူတို့ အိမ်ထောင်ရက်သားကျကုန်တဲ့အထိ အဲဒီ(တန်ဘိုးကုန်အောင်သုံးတဲ့) အကျင့်တွေပါသွားကြတယ်။
MaMa
August 7, 2011 at 8:05 pm
တစ်ဖက်လွတ်စက္ကူတွေ၊ တဝက်တပျက်ကောင်းတဲ့စက္ကူတွေကို ပြန်သုံးတဲ့နည်းကိုလည်း သူငယ်ချင်းတစ်ယောက်စီက ရထားလို့ အသုံးပြုနေပါတယ်။
(တစ်ရွာထဲနေ တရေထဲသောက်တွေမို့ စိတ်ကူးတွေ တူနေတာထင်တယ်။)
🙂
naywoonni
August 7, 2011 at 8:48 pm
သံပုရာခွံ က ခြေလက်တွေမှာ အညိုအမဲ စွဲတာတွေ ပွတ်ပေးရင် ပျောက်ပါတယ်..။ မျက်နှာ အဆီပြန်တာကိုလည်း ပျောက်ပါတယ်..။ အရက်သောက်လို့ပဲ ဖြစ်ဖြစ် သွေးတိုးကြောင့်ပဲ ဖြစ်ဖြစ် မျက်နှာ ဖောယောင်လာတာတွေကို ပွတ်လိမ်းပေးရင် သက်သာပါတယ်…။ အဖော ပြန်ကျသွားတယ်ပေါ့…။ ကျန်တာတွေလည်း ရှိဦးမှာပါ…။
padonmar
August 7, 2011 at 9:31 pm
ballpen တွေကို တစ်ခါရေးပြီးလွှတ်ပစ်ရမယ့်အစား refill နဲ့ပြန်သုံးလို့ရပါတယ်။
ကြွပ်ကြွပ်အိတ်တွေကလည်း မညစ်ပေရင် သိမ်းထားပြီးပြန်သုံးနိုင်ပါတယ်၊
ပေရင်လည်း အမှိုက်ထည့်ပစ်လို့ရပါတယ်၊
ဘဏ်ကငွေစက္ကူအရွက်၁၀ဝစည်းတဲ့ စက္ကူလေးတွေစုထားရင် စာတိုစာစလေးတွေကောက်ခြစ်လို့ရပါတယ်။
(ဒါပေမယ့် သတိထားဖို့က ချမ်းသာတာ ချွေတာစုဆောင်းနိုင်လို့မဟုတ်ပါ၊ ကုန်မှာထက်ပိုရှာနိုင်လို့သာဖြစ်ပါတယ်၊
ဒီလိုရေးရတာ ချွေတာနေပါရက်နဲ့ သူဌေးမဖြစ်ပါလားလို့ အမြင်စောင်းမှာစိုးလို့ပါ၊
ချွေတာတိုင်းသူဌေးမဖြစ်ပေမယ့် (ကိုယ့်အားကိုယ်ကိုးပြီးချမ်းသာတဲ့)သူဌေးတိုင်း သူ့နည်းနဲ့သူ ချွေတာကြပါတယ်။)
MaMa
August 7, 2011 at 9:43 pm
နည်းပညာအသစ် အတွေးအခေါ်အသစ်တွေနဲ့ အားဖြည့်ပေးတဲ့ naywoonni နဲ့ padonmar တို့ကို ကျေးဇူးတင်ပါတယ်။
Ko Ko Aung
August 7, 2011 at 10:15 pm
“(ကိုယ့်အားကိုယ်ကိုးပြီးချမ်းသာတဲ့)သူဌေးတိုင်း သူ့နည်းနဲ့သူ ချွေတာကြပါတယ်။”
padonmar ရဲ့ ကွန်မင့်ကို ကျွန်တော့ ကိုယ်တွေ့နဲ့ ထောက်ခံချင်ပါတယ်။
Singapore မှာ Bugis Village ဆိုရင် မသိသူမရှိအောင် ကျော်ကြားပါတယ်။ အဲဒီ ဈေးတန်းရဲ့ ( land owner လို့ ပြောရမလား) developer က Bugis Street Development Co. ဖြစ်ပါတယ်။ အဲဒီ ကုမဏ္ဏီရဲ့ MD ဖြစ်သူကို သူ့ရုံးခန်းမှာ တခါ သွားတွေ့ဘူးပါတယ်။
အဲဒီသူဌေးရဲ့စားပွဲပေါ်မှာ တခုခုကို ရေးမှတ်ဘို့ စာရွက်အပိုင်းလေးတွေ အထပ်လိုက်ရှိပါတယ်။ အဲဒီစာရွက်အပိုင်းလေးတွေဟာ တဖက်သုံးပြီးသားစာရွက်တွေဆိုတာ အံ့ဩစရာကောင်းစွာ တွေ့ရှိဘူးပါတယ်။
အဲသည်သူဌေးဟာ ကိုယ့်အားကိုယ်ကိုးပြီးချမ်းသာလာတဲ့ အောက်ခြေက တက်လာသူလို့လဲ သိမှတ်ရဘူးပါတယ်။
ဆူး
August 7, 2011 at 10:19 pm
ငါးတကောင်ဝယ်.. အသားကို ဆီပြန်ချက်.. အလယ်ရိုးနဲ့ ခေါင်းကို ဟင်းချိုပြုတ်.. ဟင်းချိုကို အရည်သောက်ပြီးနောက်တွက် အရိုးနား ကပ်သော အသားများအား ငံပြာရည်နဲ့ ရောပြီးတော့ ငပိချက် ချက်ပြီး အတို့အမြုံနှင့် မြိန်ရည် ရှက်ရည် ဖွယ်ဖွယ်ရာရာ စားနိုင်ပါသည်။
ငယ်ငယ်ကတည်းက ပုံဆွဲတာ ဝါသနာပါတော့ စာရွက် အလွတ်မြင်ရင် မနေနိုင်ဘူး တခုခု ခြစ်လိုက်ချင်တယ်။ စာရွက် တခြမ်းလွတ်တွေ အများကြီး စုထားတယ်။ ပေါပေါများများ ဟိုခြစ် ဒီဖြစ် နေရာ စိသွားမှ လွတ်ပြစ်တယ်။ ကိုယ့် လွတ်ပြစ်တယ် ဆိုပေမဲ့ အမှိုက်ကျုံးတဲ့ လူအနေနဲ့ ထို စက္ကူမျိုးတွေ အိမ်ပေါင်းများစွာက ထွက်တဲ့ဟာကို စုပြီးတော့ အပို ဝင်ငွေ အဖြစ် ပြန်ရောင်းစား နိုင်ပါသေးကြောင်း….
လတ်တလော တွေးမိတာ ဝင် ရေးတာ.. 😀
MaMa
August 7, 2011 at 10:26 pm
ဆူးရဲ့ ငါးတစ်ကောင်လုံး အသုံးချနည်းပေါ့ ဟုတ်လား။ လတ်တလော တွေးမိတာ ဝင် ရေးတာ…. ဆိုတော့ နောက်တွေးမိတာတွေ ရှိရင်လည်း အသိပေးဦးနော်။
sandawchain
August 7, 2011 at 11:47 pm
ကုန်ရမယ် ့ငွေပမာဏထက်ကို အတတ်နိုင်ဆုံး
စီစစ်ချွေတာ ဒါဟာလည်းငွေရှာခြင်းတစ်မျိုးပါပဲဗျာ။
Foreign Resident
August 8, 2011 at 2:50 am
Dear Ma Ma,
I would like to discuss about your article &
Please do not feel it as too personal & harsh.
First, I have to admit, Ma Ma’s ideas is really smarts.
Most of the environmentalists may like it too.
Even though I agree
“ကိုယ့်အားကိုယ်ကိုးပြီးချမ်းသာတဲ့သူဌေးတိုင်း သူ့နည်းနဲ့သူ ချွေတာကြပါတယ်”
But, my main idea is
“ချမ်းသာတာ ချွေတာစုဆောင်းနိုင်လို့မဟုတ်ပါ၊ ကုန်မှာထက်ပိုရှာနိုင်လို့သာဖြစ်ပါတယ်”
I will try my best efforts to get a vast amount of money to become သူဌေး
( as long as it is fair ).
On the other hand, finding vast amount of money is really difficult & competitive.
Therefore, I need to & want to concentrate my mind only in this sole purpose.
Let say, it’s a really tense & fragile situation &
in contrast,
saving ဆီပေနေတဲ့စက္ကူ ၊ တစ်ခါသုံး တူ & သံပုရာသီးအခွံ will definitely annoy me.
Because, it make me feel messy &
I don’t want to use my valuable energy in this tiny matter ( cheap in value ).
The worst is,
It will probably deviates your concentration ( on finding vast amount of money ).
Heyyyy, Find money ( vast ), spend ( much ), enjoy life.
Think about environment ( later ), Am I selfish ??? 😛
P.S.
“စာရေးသူက မိန်းကလေး ဆိုရင် စာရေးသူ ရဲ့ ကောင်လေးကတော့ အတော့်ကို ကံကောင်းမလားဘဲ”
Let me frankly say my real feeling,
If I were “စာရေးသူ ရဲ့ ကောင်လေး”
I am sure I will not be happy & I will not feel “အတော့်ကို ကံကောင်း”
( Following is my personal opinion,
I will feel “အတော့်ကို ကံကောင်း”,
only if, my မိန်းကလေး can find a vast amount of money ) 🙂
This is because, I recently encounter a great problem like it.
I want to move to my new house.
But, I have a pile of messy materials in my current home &
I don’t know how to clean & pack up.
Cheer, Ma Ma. 🙂
pay sote sote
August 8, 2011 at 9:49 am
I like your စာရေးတဲ့ပုံစံ, Foreign resident.. what do you call this writing style? If you could teach me the way, I would feel “အတော့်ကိုကံကောင်း” 😛
Foreign Resident
August 8, 2011 at 1:02 pm
Sorry, I cannot write Myanmar font, that’s why —- 🙁
MaMa
August 8, 2011 at 7:44 am
ကိုယ့်အမြင်ကို ပွင့်ပွင့်လင်းလင်း ဖော်ပြပေးတာ ကျေးဇူးတင်ပါတယ် FR ရေ ။ အဲဒီလို ကွန်မန့်တွေကိုလည်း ပိုစ့်မတင်ခင်ကတည်းက မျှော်လင့်ထားပြီးသားပါ။ ပြည်တွင်းမှာနေသူတွေရဲ့ ခေတ်မမီတော့တဲ့ အတွေးအခေါ်တွေလို့ပဲ ဆိုချင်ဆိုပါ။ ငွေရှာတဲ့အချိန်တွေထဲက ထိခိုက်လောက်အောင် ဖဲ့ထုတ်ပြီး သုံးစရာ မလိုဘူးလို့ ထင်ပါတယ်။
ကြုံလို့ပြောရရင် သူငယ်ချင်းတစ်ယောက်က ဒီမှာနေတုန်းက မျက်နှာသစ်ရင်၊ လက်ဆေးရင် ရေပိုက်ခေါင်းကို တောက်လျှောက်ဖွင့်ထားတတ်ပါတယ်။ သူ့ကို ရေချွေတာသုံးဖို့ ပြောပေမယ့် ငါက အဲဒီလိုပဲ သုံးတတ်တယ်လို့ ပြန်ပြောပါတယ်။ အခု သူ စ လုံးမှာ နေတော့ ရေပိုက်ခေါင်းကို လိုသလို ဖွင့်လိုက် ပိတ်လိုက်နဲ့ သုံးတတ်နေပါပြီ။
(Think about environment ( later ), Am I selfish ???)
ဆိုရင် ကျမအမြင်ကတော့ Those you are selfish. 🙂
ဆိုလိုချင်တာက finding a vast amount of money with avoiding a small amount of saving.
With thanks.
Foreign Resident
August 8, 2011 at 8:55 am
Think about environment ( later ), Am I selfish ??? you are selfish. 🙂
Haa… Haa…
Since I arrived to Australia,
My wife has tried to persuade me to become a environmentalist.
(she even saves her bathed water in bucket & pour again to plants & lawn)
But I am a stubborn person ( in fact, lazy & easy going behavior ).
When I was a ship’s officer ( head of Dept ),
the best usual way to clean my store is
“throw away all unnecessary items into the water/sea”
😛
MaMa
August 8, 2011 at 8:20 am
ရေးချင်တာနဲ့ ရေးလိုက်တာနဲ့က အဓိပ္ပါယ် တလွဲစီ ဖြစ်သွားတယ်။ avoiding a small amount of waste.
ကြောင်ကြီး
August 8, 2011 at 8:44 am
ဝက်သားတုံးကြီး လက်သီဆုပ်သဏ္ဍန်၊ ဆီကိုရေချိုး ဆေးရိုးမီးလှုံ လို့ လူကြီးတွေ လက်နဲ့ရေးထားခဲ့တာကို ဒေါ်မမက ခြေနဲ့ဖျက်ချင်သလား….၊ စဉ်းစား စဉ်းစား…..။
ရွှေဘိုသား
August 8, 2011 at 10:13 am
အင်းတော်တော် ကောင်းတဲ.ပို.စ်လေးပဲ
ဆူးပြောတာကိုတော. တော်တော်သဘောကျတာပဲ အမေလည်း အဲလိုလုပ်တာ အမြဲ
အမေ.ကိုတောင် သတိရမိတယ် မမဆူးရယ်
စီးတဲ.ရေ ဆည်တဲ. ကန်သင်း တဲ.မိန်းကလေးတိုင်း အဲလိုသာဆိုရင် ယောကျင်္ားတွေ ရှာရတာ စိတ်အေးတာပေါ.
pan pan
August 8, 2011 at 10:29 am
ရိပ်သာတစ်ခု(ဘယ်ရိပ်သာရယ်တော့မသိ)မှာတဲ့
ယောဂီတွေ ဆွမ်းစားရင် ပန်းကန်ထဲမှာ ထမင်းစေ့မကျန်အောင်စားရတယ်တဲ့
လိုသလောက်ထပ်ထည့်စားလို့ရတယ်
ထည့်သလောက်လည်း ကုန်အောင်စားရမယ်တဲ့
ပန်းကန်တစ်ချပ်မှာ ထမင်းတစ်လုပ်စာကျန်တယ်ဆိုရင်တောင် ယောဂီတွေများတဲ့အတွက် ဥပမာ-ပန်းကန်အချပ်၂၀ဝဆို ထမင်းတွေအများကြီးဖြစ်သွားမယ်တဲ့
အဲဒါကြောင့် အလဟဿမဖြစ်ရအောင် လိုသလောက်ထည့်ပြီး ထည့်သလောက်လည်း ကုန်အောင်စားသင့်တာ
MaMa
August 8, 2011 at 10:38 am
ရှေးထုံးလည်း မပယ်နဲ့ ဈေးသုံးလည်း မကြွယ်နဲ့ဆိုတဲ့ စကားကို လိုက်နာတာပါ ကိုကြောင်ကြီးရယ်။ ရှေးလူကြီးတွေ လက်နဲ့ရေးခဲ့တာကို ခြေနဲ့ဖျက်လိုစိတ် မရှိပါဘူး။ update လုပ်ချင်ရုံလေးပါ။:)
ရွှေဘိုသားအတွက်လည်း အိမ်ထောင်ဖက်ရွေးနည်း နိဿရည်း တစ်ခု ရသွားတာပေါ့နော်။
ဆွမ်းစားရင် ကုန်အောင်စားခိုင်းတာ၊ ပန်းကန်ထဲမှာ ဆွမ်းမကျန်ရပဲ ကုန်သလောက်သာထည့်ဖို့၊ ထည့်ပြီးသားကို ကုန်အောင်စားဖို့ အမြဲနှိုးဆော်တဲ့ တို့သိတဲ့ ရိပ်သာတစ်ခုကတော့ ရွှေတောင်ကုန်း ပဏ္ဍိတာရာမကျောင်းပါ pan pan ရေ။
မိုက်ကယ်ဂျော်နီအောင်ပု
August 8, 2011 at 10:52 am
ဒါကြောင့်အောင်ပုတို့ကတော့
အဲ့သည် ဗမာဝါးနဲ့ လုပ်ထားတဲ့ တရုပ်တူ ကိုမသုံးဘူး
ဟော
အိမ်မှာဆို ခြောက်လက်မ လောက်ရှည်တဲ့ ဝါးခြမ်းပြားလေးတွေကို
အားတဲ့အခါ ခုတ်ပြီး အစည်းစည်းထားတယ်
ထမင်းစားပြီးလို့ သွားကြားထိုးခြင်သလား
ဝါးခြမ်းပြား ဘေးသားလေးကို ဖဲ့ပြီး သွားကြားထိုးတံလုပ်တယ်
အီးပါတဲ့အခါ အီအီးကုန်းတဲ့တုတ်လုပ်တယ် ရေမသုံးဘူး ရေကိုချွေတာတာ
အဲဗရီးသီးန်းအင်ဝမ်း
နိုင်ငံခြားကနေ အီးကုန်းစက္ကူနဲ့ သွားကြားထိုးတံ တင်သွင်းစရာမလိုတော့တဲ့အတွက်
နိုင်ငံခြား ဒေါ်လာဖြုံးတီးမှု့တွေကို လျှော့ချတဲ့
အခန်းကဏ္ဍမှာ အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်နေသလို
နည်းပညာတွေကို ဆက်လက်ဖြန့်ဝေဘို့လည်း အစီစဉ်ရှိပါတယ်
Foreign Resident
August 8, 2011 at 1:08 pm
Everything in one !!!!!
Ko Pu, you are great.
MaMa
August 8, 2011 at 8:39 pm
ပုပုရဲ့ နည်းပညာတွေကတော့ လိုက်မမှီလို့ ဘာမှကို မပြောတတ်တော့ပါဘူး။ ဆက်လက်ဖြန့်ဝေပေးမယ့် နည်းပညာတွေကိုသာ စောင့်မျှော်အားပေးပါမည့်အကြောင်း လေးစားစွာ လျှောက်ထားအပ်ပါသည်။ အဲ- မှားလို့ လေးစားစွာ ပြန်ကြားအပ်ပါသည်။ 🙂
etone
August 8, 2011 at 11:19 am
ကျွန်မလည်း အဲ့လို စိတ်ကူးမျိုး ရှိပေမဲ့ … တိုလီမုတ်စလေးတွေ သိမ်းထားရတာ မျက်စိနောက်တယ် .. အထူးသဖြင့် .. ကြွတ်ကြွတ်အိတ်(အဲ..ပလပ်စတစ်အိတ်) .. အဲ့ဒါမျိုးလေးတွေဆိုပြန်သုံးလို့ အသုံးဝင်ပေမဲ့ … သိမ်းမထားချင်လို့ … အမှိုက်ပုံကို ပို ့လိုက်တာပဲ .. လိုတော့မှ … တအိမ်လုံးပတ်မွှေနှောက်ရှာတော့တယ် … ။ 🙄
ဆူး
August 8, 2011 at 12:23 pm
ကြွတ်ကြွတ်အိတ်တွေ ပြည်တွင်းမှာ စီမံချက်နဲ့ မသုံးခိုင်း မထုတ်ခိုင်းတော့တဲ့ အတွက် ပြည်တွင်း လိုအပ်ချက်အရ ပြည်ပ တဖက် နိုင်ငံမှ တင်သွင်းပြီး သုံးစွဲ နေကြပါသတဲ့။
စုံ စုံ
August 8, 2011 at 12:25 pm
ကျမကတော့ပလတ်စတစ်အိတ်တွေရယ်အဝတ်အစားဝယ်ရင်ပေးတဲ့
လက်စွဲအိတ်တွေရယ်သိမ်းထားတာတပုံကြီးဘဲ
လိုရင်ယူသုံးလို့အဆင်ပြေတယ်
နောက်ပြီးကျောင်းတက်တုန်းကဝယ်ထားတဲ့ဖိုင်တွဲတွေဆိုလဲအခုတော်တော်
အသုံးတည့်တယ်
အရေးကြီးစာရွက်စာတမ်းတွေကိုသူ့အကန့်နဲ့သူပြန်ထည့်လို့ရတယ်
ပြီးတော့ထီးဝယ်ရင်ပါတဲ့ထီးထည့်တဲ့အိတ်တွေ
အဲ့ဒါတွေလဲဘောပင်ခဲတံခဲဖျက်အကုန်ထည့်လို့ရတယ်
ဘောပင်ထည့်ဖို့အိတ်ဝယ်စရာမလိုတော့ဘူး
အံမယ်နောက်ပြီးအလှပြင်တဲ့ပစ္စည်း(ဥပမာ နှုတ်ခမ်းနီတောင့်တွေ)
ထည့်လို့ရသေးတယ်
ဆက်ရေးမယ်ဆိုအများကြီးကျန်သေးတယ်
ဖတ်တဲ့သူတွေလဲကျမကိုမယ်ကပ်စီးလို့ထင်ကုန်မှာစိုးလို့ဒီလောက်ဘဲနော့ 🙂
windtalker
August 8, 2011 at 12:49 pm
ရွာထဲက အရက် ၊ ဘီယာပုလင်း သောက်တတ်သူ ရွာသားများ နဲ ့စာဖတ်သူများ ၊ ရံဖန်ရံခါ စပိုင်ဝိုင် သောက်တတ်သူ ရွာသူများ နဲ ့ စာဖတ်သူများ
အနေဖြင့် ၊ ကိုယ်သောက်ပြီး ပုလင်းခွံ များ ကို ဆိုင်မှာ မထားခဲ့ပဲ ၊ အမှိုက်ပုံးထဲ မစွန် ့ပစ်ပဲ ၊ စုထားပြီး
ဘော်တယ်ကုလား (သို ့) စွန် ့ပစ်ပစ္စည်းရောင်းဝယ်ရေး များထံ တွင် ပြန်လည်ရောင်းချ ခြင်းအားဖြင့်
တစ်ဘက်တစ်လမ်း မှ အာလကေ အနည်းငယ် ပြန်ရနိုင်ပါကြောင်း ပါပဲ ။
တစ်ကယ်လို ့ ကျွန်တော့် ကွန်မင့် ကို ဖတ်တဲ့သူ ဟာ “သူရာ” ကို “ဝေရာမဏိ” တဲ့ သူ ဆိုရင်တော့ ဆောရီးပါ နော် ။
ogre
August 8, 2011 at 1:03 pm
ဟုတ်တယ် ဝီစကီပုလင်းတွေ စုရောင်းပြီး
ကားဝယ်စီးမယ်လို့ ..ကြံစီထားပါကြောင်း…။။
thit min
August 8, 2011 at 1:30 pm
According to Ma Ma, good ideas for 3 Rs. Actually, 1 R left, the 4Rs are recycle,reuse,reduce and reproduce.Ma Ma’ approach is right enough as a customer. Reproducing needs for materials. Paper-packs, Newsapapers and used papers are made into toilet paper rolls and son on. I don’t know whether the reproducing business is or not in Myanmar.
MaMa
August 8, 2011 at 8:28 pm
thit min ရေ- ပိုပြီးပြည့်စုံသွားအောင် reproduce ဆိုတဲ့1R ထပ်ဖြည့်ပေးတဲ့အတွက် ကျေး
ဇူးပါ။ ဒီမှာလည်း reproduce လုပ်နေတာတွေ ရှိတော့ရှိတယ်။ ကိုယ်သိသလောက် ပြောရရင်ဖြင့် packing လုပ်တဲ့ ပလပ်စတိတ်ကြိုးတွေကို ခြင်းပြန်ယက်တာလိုမျိုးတွေပေ့ါ။
လစ်ဘရယ်သမား etone ကိုလည်း လေးစားပါတယ်။ မလိုရင်ပစ် လိုတော့ရှာ ကောင်းလှချေသည် တမုံ့။ 🙂
စုံစုံရေ- အဲလိုတွေ အပြောခံရမှာစိုးလို့ ဒိပိုစ့်ကို တင်ရင်ကောင်းမလား မတင်ရင်ကောင်းမလား စဉ်းစားလိုက်သေးတယ်။ ဒါပေမယ့် ကိုယ်မှန်တယ်ထင်ရင် သိပ်နောက်မဆုတ်ချင်လို့ ခေါင်းမာမာနဲ့ပဲ တင်လိုက်တာ။ အားပေးလို့ ကျေးဇူးတင်တယ်နော်။
အကြံကြီးကြံနေတဲ့ ဘော်တယ်သမားတွေလည်း ကားကြီးကြီးကို အမြန်ဆုံးဝယ်စီးနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
( ဘတ်စကားမဟုတ်ပါ။ ပရာဒိုလို ကားကြီးမျိုးသာ ဖြစ်ပါကြောင်း။) 🙂
nature
August 8, 2011 at 9:08 pm
ဒီမှာတော့ Reproduce လုပ်နေတာတော့ကြာပါပြီ။ သတင်းစာဟောင်းနဲ့ ကျောင်းစာအုပ်အဟောင်း တွေဝယ်သူတွေရှိပါတယ်။ Packing ထုတ်ခြင်း ၊ စက္ကူစက်ရုံမှာ စက္ကူပြန်လုပ်ခြင်းတွေလုပ်ကြပါတယ်။ ကော်ပစ္စည်းဟောင်းတွေ ကို လည်း ဝယ်ပြီး ပြန်ကြိတ်ပြီး သုံးကြပါတယ်။
ကိုပေါက်(မန္တလေး)
August 8, 2011 at 10:13 pm
မမရေ
သိပ်ကောင်းတဲ့အတွေးအခေါ်လေးပါ။
ကျွန်တော်တို့ငယ်ငယ်က အဖိုး တစ်ယောကက် ခုံဖိနပ်ကိုနောက်ပြီးပါးနေအောင်စီးတယ်။
စီးမရရင် ခုံဖိနပ်ကိုခုတ်ပြီး မီးမွှေးဘို့ထင်းစလေးတွေလုပ်တယ်။
စာသင်နှစ်တစ်နှစ်ကုန်ရင် ဗလာစာအုပ်ထဲက မရေးရသေးတာကိုဖြူတ်
စာအုပ် တစ်အုပ်အသစ်ရအောင်ချုပ်တယ်။
ရာဘာဖိနပ်ပြတ်သွားရင် သဲကြိုးလဲပြီးစီးတယ်။
ငယ်ငယ်တုန်းကတော့ သူ့ကြည့်ပြီးရီတာပေါ့။
အခုအချိန်ကိုယ်တို်င်ပိုက်ဆံရှာ ငွေတွင်းနက်မှန်းသိမှ
အဲဒီ အဖိုးကို စိတ်ထဲက တောင်းပန်မိတယ်။
ကျနော်လဲသူ့ နည်းအတိုင်းလိုက်လုပ်နေရလို့ပေါ့ဗျာ။
မမရေ ဟောင်းဟောင်း သစ်သစ် ကောင်းဘို့ကအရေးကြီးပါတယ်။
warmyae
August 9, 2011 at 12:21 pm
ကျွန်တော်သုံးနေကြ နည်းလေးတစ်ခုလဲပြောချင်ပါတယ်
ကျွန်တော်က Navia Rollon အမြဲသုံးပါတယ်။သုံးပြီသားအခွန်လေးတွေကို လွှင်.မပြစ်ပဲ အဖုံးချွတ်ပြီး အကျင်္ီ`်တွေထားတဲ. ဘီရို အဆင်.တိုင်းမှာ ထားထားလိုက်တယ် သူ.ဟာသူမွှေးနေရော…ပရုပ်လုံးမလို ရေမွှေးမလိုတော.ဘူးဗျ။
MaMa
August 9, 2011 at 3:13 pm
ကျမ အဓိက ပေးချင်တဲ့ အချက်လည်း ကိုပေါက်တို့၊ warmyae တို့ သုံးသလို တန်ဖိုးကုန်အောင်သုံးတာ (ဦးparlayar ရဲ့စကားယူသုံးလိုက်ဦးမယ်။) ကိုပါ။
kai
August 9, 2011 at 3:10 pm
ညနေကတင်..အခွေသွားငှားတဲ့.. Redbox ဘေးမှာ.. ရီဆိုင်ကယ်ဆိုင်ရှိလို့..အဲဒီမှာ…ပစ္စည်းချနေသူတွေကို ဆဲလ်ဖုံးနဲ့..ဓါတ်ပုံလှမ်းရိုက်လိုက်သေးတယ်..။
ကယ်လီဖိုးနီးယားက.. ကလေးတွေဟာ.. အိမ်မှာရှိတဲ့..ပုလင်း၊သံဗူးခွံတွေ ဒိုင်ခံစုသူတွေပေါ့..။ အဲဒီလိုစုဖြစ်အောင်..အစိုးရကလည်း ဖန်တီးပေးထားတယ်..။ သံဗူးတိုင်းလိုလိုမှာ.. တဗူးဘယ်လောက်ပြန်ပေးတယ်ဆိုပြီးပါ ပုံနှိပ်ထားတယ်လေ..။
နောက်ပြီး..ကလေးကျောင်းတွေကလည်း..ရီဆိုင်ကယ်လုပ်ဖို့..အားပေးတယ်..။
အဲဒီလိုလုပ်တာမှာ..မီလျံနာတွေရဲ့ကလေးတွေလည်းပါတယ်..။
ကလေးကျောင်းတွေမှာ.. ကျောင်းအတွက်..ကိုယ့်အသင်းအစုအတွက်ဖန်ရေ့ဇင်းလုပ်ခိုင်းတာရှိပြီး..ကလေးတွေဈေးရောင်းဈေးဝယ်တတ်အောင်… ပိုက်ဆံကို .တပြား..တစေ့ချင်း တန်ဖိုးထားတတ်လာအောင်..ရည်ရွယ် လေ့ကျင်ပေးနေကြတာပါ…။
အဲဒီကလေးတွေက.. စူပါမားကက်အပေါက်တို့..လမ်းဘေးလူစီတဲ့နေရာတွေမှာ.. ချောကလက်လို..စနက်ကလေးတွေ..အရုပ်ကလေးတွေကိုင်ပြီး.. လမ်းကလူတွေကိုအတင်းဈေးရောင်းပြီး..ဝယ်ခိုင်းကြတာပေါ့..။ ရီဆိုင်ကယ်လုပ်လို့ရတဲ့..ဗူးအလွတ်ကိုင်သွားရင်.. လိုက်တောင်တောင်းသေး..။
ဆိုတေ့ာ…ကလေးတွေက.. ရီဆိုင်ကယ်သဘော.. ငွေတန်ဖိုးနားလည်လာတယ်ပေါ့…နော..။
============
ဆိုတော့..
အစိုးရကတော့.. တဖက်တလမ်းကနေ..အဲဒီလို..လူတွေကုတ်ကုတ်စ..ငွေတွေမသုံးပဲနေတာမျိုးချည်းပဲလည်းမဖြစ်အောင် လုပ်ရပါတယ်..။ နိုင်ငံရေးသမားတွေအလုပ်ပေါ့…။
လူတွေငွေမသုံးရင်..ငွေတွေမလည်ပါတ်ပဲ.. အလုပ်အကိုင်အခွင့်အလန်းတွေပါဆွဲချသွားတတ်လို့ပါ..။
တကယ်ကတော့..လူထုကို… ရှိသမျှအပြောင်သုံး.. အကြွေးတွေတင်.. အလုပ်တွေလုပ်.. ပြန်ဆပ်သံသရာလည်အောင်..ထားရတာပါ…။
ပြောရင်း..လျှာရှည်မိပြန်တာမို ့… ဒီလောက်ပဲ..။ ဒီလောက်ပဲ..။ 🙂
weiwei
August 9, 2011 at 3:40 pm
ဥစ္စာဖြို စားဖိုက ဆိုတော့ .. ကျွန်မကတော့ ချွေတာရေးကို မီးဖိုချောင်ကဏ္ဍမှာ အဓိကထားတယ် … ကျန်းမာရေးနဲ့အာဟာရသင့်တင့်မယ့်အစားအစာကို အသက်သာဆုံးနည်းလမ်းနဲ့ အလေအလွင့်မရှိအောင် ကြိုးစားတယ် … အဝတ်အစားတွေကို မလိုအပ်ပဲ အပိုမဝယ်ဘူး … တခြားတိုလီမိုလီတွေကိုတော့ လွှင့်ပစ်တာပဲ … ပြန်ရောင်းစားလို့ရမယ့်ဟာတွေကို သေချာသီးသန့်ထုတ်ပိုးပြီး အမှိုက်ပစ်ပေးတဲ့သန့်ရှင်းရေးဝန်ထမ်းတွေကို ပေးပစ်တယ် … အိမ်ထဲမှာ ရှင်းလေကြိုက်လေမို့လို့ ဘာမှအပိုမထားဘူး ..
MaMa
August 9, 2011 at 6:36 pm
(. ရီဆိုင်ကယ်ဆိုင်ရှိလို့..အဲဒီမှာ…ပစ္စည်းချနေသူတွေကို ဆဲလ်ဖုံးနဲ့..ဓါတ်ပုံလှမ်းရိုက်လိုက်သေးတယ်..)
မိကျောင်းမင်းကို ရေကူးပြရဦးမယ် သဂျီးရေ။ သဂျီးရဲ့ အတွေ့အကြုံတွေကို ဓာတ်ပုံရိုက်ပြီး တင်ပေးဖို့ ကောင်းတယ်။ 🙂
ဝေဝေပြောတာကိုလည်း ထောက်ခံပါတယ်။ အဓိကက အလဟဿ မဖြစ်စေချင်တာပါ။ ကျမလည်း အိမ်ရှုပ်တာကို မကြိုက်ဘူး။