ရန်ကုန်မြို့ကြီး ရေလွှမ်းနေပြီလား
တကယ့်ကို မကြုံဖူးတဲ့နေ့ကို ကြုံဆုံလိုက်ရတာပဲ ဖြစ်ပါတယ်။ မနေ့က အလုပ်က ပြန်တာလည်း နောက်ကျ၊ ကားကမရနဲ့ ရတဲ့ကားကို စီးတော့ ထိုင်ခုံမရှိဘူးတဲ့ ဒါနဲ့ လှိုင်သာယာပြန်မယ့် ၃၆ ယာဉ်လိုင်းကားကို တက်စီးမိတယ်။ အင်းစိန်ပြန်မှာဆိုတော့ မိုးတွေက အရမ်းရွာထားတော့ ကားက တစ်စီးမှ မရှိတာနဲ့တက်စီးလာခဲ့တာ ရ နာရီ ၁၅ မိနစ်လောက်ရှိတော့ ပိတောက်ချောင်းမှတ်တိုင်နားရောက်နေပြီ။ ဒါနဲ့ ကားက ရှေ့ကို ဆက်သွားလို့မရတော့ဘူး။ ဘာဖြစ်လို့လဲပေါ့ ကြည့်လိုက်တော့ ရှေ့တစ်လျှောက်လုံး ကားတန်းကြီးပိတ်နေတာ ၄ တန်းလောက်ရှိတယ်။ ဟိုဘက်က ပြန်တဲ့ကားလမ်းတောင် မရှိသလောက်ဖြစ်နေတယ်။ ဒါနဲ့ ကျွန်မ စီးလာတဲ့ကားက ကားတန်းကို ကျော်တက်လိုက်တာ ကားတန်းက ၅ တန်းဖြစ်သွားတယ်။ ကျော်တက်လာတုန်း လူတွေ လမ်းလျှောက်လာတာ တော်တော်များများတွေ့ရတယ်။ လှိုင်သာယာစက်မှုဇုံထိကားတန်းပိတ်နေတာ ညနေ ၄ နာရီထဲကတဲ့။
တချို့လူတွေက အဲဒီကနေ လမ်းလျှောက်လာရတာတဲ့။ ဟာ သွားပြီပေါ့။ ဒါနဲ့ ကားမောင်းတဲ့လူက ပတ်မောင်းမယ်တဲ့ တောင်ဥက္ကလာမှာလည်း ရေကြီးနေလို့ ပတ်မောင်းလာရတာ ခုလည်း ဒီလိုပဲဖြစ်နေပြီဆိုပြီ gus လောက်မလောက်ကြည့်ပြီး ပြန်ကွေ့ပတ်မောင်းတော့ ဘူတာရုံလမ်းထဲကို ပြန်ဝင်တယ် ဗဟိုလမ်းကနေသွားလို့ရမယ်ထင်တယ်ဆိုပြီး ဝင်ကာမှ ပိုဆိုးနေတယ် လမ်းထဲကားတွေရော လူတွေရော ပိတ်မိနေတယ်။ ဒါနဲ့ ဘယ်က ပြန်တက်လဲဆိုတော့ ရေကြောင်းမရောက်ခင် ရွာမကွေ့ကနေ ပြန်မောင်းတော့ လား လား ရှေ့ကို ဆက်မသွားဖို့ ဝိုင်းပြောတဲ့သူတွေကြီးပဲ ကားလေးတွေဆို အကုန်မြှုပ်နေလို့ ရပ်တောင်ထားရတယ်။ အဲဒီဘက်မှာ တော်တော်ကြီးတယ်။ အနိမ့်ပိုင်းဆိုတော့ ဒါနဲ့ ကားသမားက သွားကြည့်မယ်လို့ ပြောပြီး စပယ်ယာကို ကားရှေ့က ဆင်းပြီး ရေတိမ်ကို လမ်းပြခိုင်းတယ်။ ဒါနဲ့ ဆက်သွားလိုက်တာ ဗဟိုလမ်းကနေ သမိုင်းကို ဖြတ်လို့ ဘယ်လိုမှ မရတာနဲ့ ပါရမီကနေ တက်တက် ပြန်ထွက်ပြီး မင်းဓမ္မလမ်းဘက်ကို မောင်းပြန်ရော… အဲဒီက ပိုဆိုးသေး နှစ်ထပ်အိမ်တွေဆို အောက်ထပ်က ဘယ်လိုမှ နေလို့မရတဲ့အခြေအနေဖြစ်နေပြီ။ ကျွန်မလည်း ဘုရားစာရွတ် ပုတီးစိတ်နဲ့ လိုက်လာတာ။
နောက်တစ်နေရာရောက်တော့ အိမ်တွေကရော ဟိုဘက်က လမ်းလျှောက်လာတဲ့သူတွေကပါ ရှေ့ဆက်မသွားဖို့ တားကြတယ်။ အမျိုးသားတွေတောင် ခါးအထိ ရေရှိနေတာ အမျိုးသမီးတွေဆို သွားလို့မရဘူးတဲ့ ရေစီးနဲ့ပါသွားမယ်တဲ့။ ကားသမားက ရှေ့လည်းတိုးလို့မရ နောက်လည်း ဆုတ်လို့မရတဲ့အခြေအနေဖြစ်နေပြီ ရှေ့ကို ဆက်သွားမှာပဲတဲ့ မရောက်ရောက်အောင် မောင်းမယ်ပေါ့။ ကားသမားရဲ့ စေတနာကို လေးစားမိတယ်။ တကယ်လို့သာ ကားပြန်မကွေ့ပဲ ပိတ်မိနေတဲ့နေရာကနေ စောင့်နေမယ်ဆို အိမ်ကို ပြန်ရောက်မှာ မဟုတ်သလို သူ့အတွက် ကျန်မယ့် gus ကိုလည်း သုံးပေးတဲ့အတွက်ရယ် နောက်တစ်ချက်က ကျွန်မ အမြင်မှာ ကားပေါ်မှာ ပါလာတဲ့လူတွေအားလုံးရဲ့ အသက်ဟာ သူ့လက်ထဲမှာပဲ ရှိနေပါလားလို့ စဉ်းစားမိလိုက်တယ်။ တကယ်လို့ အမျိုးသားတွေ ခါးလောက်ရှိတဲ့ ရေထဲမှာ ကားစက်သာ ထိုးရပ်သွားရင် ဘယ်လိုလုပ်မလဲဆိုတဲ့အတွေးကို ကျွန်မ မဝင်မိအောင် မနည်း အာရုံပြောင်းထားတယ်။ မင်းဓမ္မလမ်းဘက်က အိမ်ခြေက မရှိ ရေက ကြီးနဲ့ တကယ်ကို ဘယ်လိုမှ မတွေးဝံ့စရာအခြေအနေပါ။ ကျွန်မ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မကြုံဖူးတဲ့အဖြစ်အပျက်တစ်ခုကို မျက်ဝါးထင်ထင် ကြုံဆုံလိုက်ရတယ်။
ဒါနဲ့ လူတွေ တားနေတဲ့ကြားက ကားသမားက ရတယ် သူ မောင်းလို့ရအောင် ဖြည်းဖြည်းချင်းသွားမယ်တဲ့ ကားဘော်ဒီတောင် တစ်ဝက်မြှုပ်နေတာ မသွားဖို့ လမ်းက လူတွေက တားကြတယ်။ ဒါနဲ့ ကားသမားလည်း ဖြည်းဖြည်းချင်း ဘီးလိမ့်လိုက်တယ်။ ကားပေါ်မှာ ထိုင်ပြီး ရေပြင်ထဲမှာ သင်္ဘောနဲ့သွားနေသလို ခံစားမိတယ်။ အချိန်ကလည်း ည ၈ နာရီခွဲနေပြီ လမ်းကလည်း မှောင်မဲနေတာ လူခြေကလည်း တိတ်ဆိတ်နဲ့ ရေလှိုင်းသံပဲကြားနေရတယ် ကားပေါ်က လူတွေကလည်း ကြပ်ညှပ်နေတာပဲ ပါလာကြတာ ဒါပေမယ့် စကားပြောသံ ဆူညံသံတွေ မကြားရဘဲ နှလုံးခုန်သံတွေပဲ ကားတစ်စီးလုံးပြည့်နေသလိုပဲ။ ဒါနဲ့ ဘယ်ကို ပြန်တက်လဲဆိုတော့ ခဝဲခြံနားက အေးသိဒ္ဒိလမ်းကို ပြန်တက်မိသွားတယ်။ ကားပေါ်မှာ ပါလာတဲ့သူတွေရော ကားမောင်းသမားရော အောင်ပြီ အောင်ပြီလို့ ထအော်ကြတယ်။ ကျွန်မလည်း ခုမှ အသက်ရှူဖို့ သတိရမိသလို စိတ်လည်း နည်းနည်းအေးသွားတယ်။
အန္တရာယ်ကြားကနေ မောင်းပေးတဲ့ ကားသမားကြီးကိုလည်း ကျွန်မ ထိုင်ရှိခိုးချင်စိတ်ပေါက်မိတယ်။ ဒါနဲ့ အင်းစိန်ဂုံးကျော်တံတားက ဖြတ်မယ်ဆိုပြီး လာလိုက်တာ တံတားထိပ်လည်းရောက်ရော ကားကြောက တစ်ခါ ပိတ်မိနေပါရော…အဲဒါမှ ဒုက္ခပေါ့။ ကားသမားက ဒညင်းကုန်း ရွှေပြည်သာဘက်က ပတ်မောင်းမယ် gus ရှိသေးလားလို့ စပယ်ယာကို လှမ်းမေးတယ်။ ကျွန်မလည်း တံတားထိပ်ကနေပဲ လမ်းဆင်းလျှောက်မယ်ပေါ့။ နောက်တော့ gus မလောက်ဘူးဆိုတာနဲ့ ဒီကပဲ ဆက်မောင်းမယ်ဆိုတော့ ကျွန်မ လမ်းမှာဆင်းမယ်ပေါ့။ ဘာဖြစ်တာလဲမေးတော့ ကားချင်းတိုက်မိလို့ ရှေ့မှာတဲ့။ ဒါနဲ့ ကျွန်မလည်း ဆင်းပြီး ကားဂိတ်နှစ်ဂိတ်စာ လမ်းလျှောက်လာရတယ်။ လမ်းထိပ်ရောက်တော့ ဖေဖေက စောင့်နေတယ်။ ၉ နာရီခွဲလည်းရှိနေပြီ။ အိမ်ရောက်တော့ ဆူခံရပါလေရော… ဘယ်အချိန်ရှိနေပြီလဲတဲ့။ ကားကြောပိတ်လို့ပြောတာကို ဆင်းလျှောက်ပါလားတဲ့ ပိတောက်ချောင်းကနေ အင်းစိန်ကို ရေတွေထဲမှာ ဆင်းလျှောက်ရမယ်ဆို ခုချိန်ထိ ကျွန်မ ရှိနေဦးမလားဆိုတာကို စာဖတ်သူသာ ပြောကြည့်ပါတော့…
မနေ့က အဖြစ်အပျက်ကို ပြန်လည်ခံစားတင်ပြပါသည်။ ၃၆ လိုင်းက ကားနံပါတ်မမှတ်တဲ့ကားသမားကြီးကိုလည်း ဒီနေရာကနေ ကားပေါ်မှာ ခရီးသည်တစ်ဦးအနေနှင့် ခရီးသည်များ ကိုယ်စား ကျေးဇူးအထူးတင်ရှိပါတယ်။
13 comments
ogre
August 5, 2011 at 4:09 pm
ကျွန်တော့အဖြစ်နဲ့တူတယ်
မြိုတော်ခန်းမအနောက်က လိုင်းကားလိုလူစုတင်တဲ့တက္ကစီနဲ့ ပြန်တဲ့နေ့က
တစ်မြို့လုံနီးပါရေးကြီးနေတာ ကားသမားလည်းပတ်မောင်းရင်းရေရှောင်ရင်းနဲ့
ညနေလေးနာရီကပြန်တာ ရုံးကို ခုနှစ်နာရီထိုးမှပြန်ရောက်တယ်
မနော အခုရေးတဲပိုစ့်ထဲက ရက်နဲ့အတူတူပဲထင်တယ်..။။
pan pan
August 5, 2011 at 4:29 pm
ဒီရက်တွင်း မိုးသည်းထားတာကိုး
မမနောပြောတဲ့ဘက်ကလည်း တကယ့်အနိမ့်ပိုင်းဖြစ်နေတော့ ပိုဆိုးတာပေ့ါ
ကလေးတွေဆို သေနိုင်တယ်နော်
ပေ့ါပေ့ါလျော့လျော့နေလို့ မဖြစ်တော့ဘူးထင်တယ်
ဟိုးတစ်နှစ်၊ နှစ်နှစ်လောက်က သမိုင်းဘက်မှာ မိုးသည်းလို့ရေကြီးတာ
ထမင်းထုတ်ဝေရတဲ့အထိဖြစ်သွားသေးတယ်
မာလာမြိုင်ဘက်ထဲလေ
manawphyulay
August 5, 2011 at 4:56 pm
ပန်ပန်ပြောတဲ့နှစ်က သမိုင်းဘက်မှာ ကျောင်းလွှတ်တော့ ကလေးနှစ်ယောက် မြောင်းထဲပြုတ်ကျလို့ သေတယ်လေ။ အဲမှာ ကူညီပြီး ရှာပေးတဲ့ ရပ်ကွက်လူကြီးဆိုလားပဲ သူလည်း ရေမြောင်းထဲပါသွားလို့ သေတဲ့ထဲမှာ ပါသွားရှာတယ်…. အဲနှစ်က အတော့်ကို ဆိုးဝါးပါတယ်။
chitpyae
August 6, 2011 at 9:34 am
ရန်ကုန်မှာ အဲလို တောင် မိုးကြီးနေပြီလား …..။
ဟိုးတစ်နှစ်လောက် ကတော့ အဲလို မိုးကြီးတာ ကြုံဖူးတယ် ။ အဖေက ဘုရင့်နောင်ကနေ အိမ်ပြန်ရတာ ။ ပုံမှန်ဆိုရင် အိမ်ကို ညနေ ရ နာရီဆိုပြန်ရောက်နေကြ ။ အဲဒိ့နေ့က ၁ဝ နာရီကျော်မှ ပြန်ရောက်တာ ။ အဲလိုပဲ ဖြစ်တာလေ ။ တအိမ်လုံး စိတ်တွေပူလိုက်ရတာ ။ ကားလမ်းတွေပိတ် ပြီး ကားထဲ ရေတွေ ဝင် နဲ့ အရမ်းဆိုးတာပဲ … ။ အခု ထပ်ဖြစ်ပြန်ပြီပေါ့ .. ရာသီဥတုတွေကလည်း တော်တော် ဖောက်ပြန်နေတယ်။
moethidasoe
August 6, 2011 at 11:06 am
မင်းကောင်းမှ မိုးကောင်းတယ်လို့ ပြောနေဦးမယ်
မိုးကောင်းတယ် ဆိုတာ ရွာသင့်တဲ့အချိန်မှာ ရွာမှ ကောင်းတယ်လို့ ဆိုတာ
အခုတော့ ရွာသင့်သလောက် မဟုတ် အတိုင်းအဆမဲ့
ပြုပြင်ရမယ့်လူတွေကလဲ သနပ်ခါးလိမ်းပဲ တတ်တယ် .. အခြေခံကစပြီး ပြင်မှ စနစ်တကျလဲ လုပ်မှ
ခုတ်တာတဖွဲ့ စိုက်တာတဖွဲ့ ဖြစ်နေသလိုပဲ
မြောင်းသမားက မြောင်းတူးတယ် .. မြောင်းဘောင်သမား မရှိ
အမှိုက်ဆယ်သမားက အမှိုက်ပဲ ဆယ်တယ် သိမ်းသမား မရှိ
အကြံပေးသမားတွေကိုလဲ လက်ခံမှာ မဟုတ်
ဒီလိုနဲ့ပဲ မိုးချုပ်လုပြီ
aungnng87
August 6, 2011 at 11:20 am
ဘတ်စ ကားတွေရဲ.ခေါင်းခန်းမှာရေးထားတဲ့ သင်၏အိမ်အပြန်ကိုသင့်မိသားစုကစောင့်နေပါသည် ဆိုတဲ့အတိုင်း ကားဒရိုင်ဘာကြီးကသူ.ရဲ့ ခရီးသွားတွေကိုစေတနာထားပြီး သူ.အလုပ်ကိုကျေပွန်အောင်ထမ်းဆောင်ခဲ့တာပေါ့နော်။ ဒီတခါဘဲဒရိုင်ဘာကောင်းကြောင်းစာတွေထဲမှာဖတ်ဘူးသေးတယ်။
windtalker
August 6, 2011 at 1:46 pm
အင်း နောက်တစ်ခါ
ထပ်ကြုံရင်လည်း
အရင်အခါ တွေ လို
ခရီးသည်တွေ စိတ်ချမ်းသာအောင်
ကောင်းကောင်းလေး မောင်းပေးပါမယ် လို ့
၃၆ လိုင်း မှ ဒရိုက်ဘာ ကြီး ကိုယ်စား
ဒီကနေ ဝင်ရောက် ပြောကြားလိုက်ပါကြောင်း ။
ဟီဟိ
အဆိုတော်ရူးမလေး
August 19, 2011 at 6:05 pm
ဟုတ်တယ်မမရေ ရန်ကုန်တစ်မြို့လုံး ဒီလိုဖြစ်နေတယ် အဓိက က မြောင်းရေတွေကောင်းကောင်းမဆင်းနိုင်လို့ဖြစ်ရတာ နောက်ပြီးမိုးအရမ်းရွာတဲ့အချိန်နဲ့ ဒီရေတက်တဲ့အချိန် တိုက်ဆိုင်နေရင်လဲ ဒီလိုဖြစ်တတ်တယ်နော်
chitsu
September 16, 2011 at 2:52 pm
မိုးကရက်ဆက်ရွာနေတော.ရေတွေကြီးပြီပေါ.
မြေနိမ်.ပိုင်းတွေဆိုပိုဆိုးတော.တာပေါ.
ချစ်စုတို.လမ်းဆိုအရင်ကမိုးရွာလိုက်တာနဲ.ရေပြည်.သွားတယ်
လမ်းထဲမှာတောင်လမ်းမလျှောက်ချင်ဘူး
နောက်ပိုင်းကတ္တရာလမ်းတွေခင်းတော.မှပဲကောင်းတော.တယ်
အခုဆိုမိုးဘယ်လောက်ရွာရွာအေးဆေး
manawphyulay
September 16, 2011 at 3:11 pm
ကုန်းမြင့်သွားလို့လား… ဒါဆို လာလည်ဦးမှပဲ ချစ်စုရေ…
zawmaung
September 16, 2011 at 4:19 pm
တစ်ခါတစ်လေမဟုတ် မကြာခဏ ဘုရင့်နောင်ဘက်ကကားပိတ်ပါတယ်။ အဓိက က ကားသမားများ စည်းကမ်းမရှိ မစောင့်ကြဘဲ တစ်ဘက်လမ်းအထိ ဝင်မောင်းရင်းက ဘယ်သူမှသွားမရတော့ဘဲ ပိတ်ကုန်တာ။
ဘတ်စကားမောင်းတဲ့သူတွေအဆိုးဆုံးဘဲ။
manawphyulay
September 16, 2011 at 6:03 pm
ဒီဒုက္ခက နေ့တိုင်းဖြစ်နေတာ ဇော်မောင်ရေ… မနောနဲ့တောင် ကားသမားနဲ့စကားများရသေးတယ်။ ကားလမ်းပိတ်တာက တစ်ကြောင်း ကားတွေက ဂိတ်တွေမှာရပ်ရင် ဧည့်စာရင်းတိုင်ရမလားတောင် မှတ်ရနဲ့… တော်တော်ကိုစိတ်ပျက်ဖို့ကောင်းတယ်။
မီးမီး သော်
September 16, 2011 at 5:24 pm
မမမနောရေ ရေထဲမှာကားပျက်သွားရင် ရှေ ့တိုးဖို ့နောက်ဆုတ်ဖို ့ခက်သွားပါမယ်။မိုးကရွာတာ နည်းနည်းပါ။ရေနှုတ်မြောင်းတွေက ဘယ်ရောက်သွားပီလဲ မသိဘူးနော်။