အယုဒ္ဒယပျက်ခြင်း နှင့်အတွေးစများ

နည်ရဲဇော်August 15, 20111min37512

ထိုင်းနိုင်ငံ အယုဒ္ဓယမရောက်ဖူးသူများအတွက် ဓာတ်ပုံ ဆိုတဲ့ ပိုစ်မှာ ဝင်ဆွေးနွေးတာလေးတွေဖတ်မိပြီ ဒီပိုစ်လေးကိုရေးဖြစ်လိုက်ပါတယ်။ comment ထဲမှာဝင်ရေးချင်သော်လည်း ရေးရမည့်အကြောင်းအရာကများနေသည့်အတွက် သီးခြားတင်လိုက်ပါတယ်။

မြန်မာ့သမိုင်းတစ်လျောက်တွင် ဗမာမင်း တို့သည် ဗမာအချင်းချင်းလည်းစစ်တိုက်ခဲ့ကြပါသည်။ အနောက်ဖက်တွင် ရခိုင်၊ အရှေ့မြောက်တွင် ရှမ်း၊ တောင်ဖက်တွင် မွန်၊ ထိုမှလွန်၍ ထိုင်း တို့နှင့်စစ်ခင်းခဲ့ကြပါသည်။ ဗမာနှင့်ယိုးဒယား စစ်တိုက်ခဲ့သမျှကို သိသလောက်ပြောရလျှင် တောင်ငူခေတ် ဗမာနှင့်အယုဒ္ဒယခေတ် ထိုင်း စစ်ပွဲ (၇) ကြိမ်၊ ကုန်းဘောင်ခေတ်မှာ(၉) ကြိမ်၊ စုစုပေါင်း ၁၆ ကြိမ်တိုက်ခဲ့ကြပါတယ်တဲ့။ အခု ဗမာအများစု ဝါးတားတားသိနေတဲ့ အယုဒ္ဒယပျက်တဲ့စစ်ပွဲဟာ ၁၇၆၅ ကနေ ၁၇၆ရ အထိနှစ်နှစ် ကြာဖြစ်ခဲ့တဲ့ ဆင်ဖြူရှင်ဘုရင်လက်ထက်ကစစ်ပွဲပါ။ ၁၇၅၉ ခုနှစ်ကဖြစ်ခဲ့တဲ့ အလောင်းဘုရား ရဲ့စစ်ပွဲအဆက်ပါပဲ။ ဦးအောင်ဇေယျ တို့ ဝါးရင်းတုတ်ကိုင်ပြီးတက်သိမ်းတယ်ဆိုတာမဟုတ်ပါ။ တောင်ငူခေတ်ကတဲက အမြောက်၊ မီးပေါက်သေနတ်များ ဗမာပြည်တွင် ရှိနေပြီဖြစ်သည်။ ဦးအောင်ဇေယျ အယုဒ္ဒယမြို့နားရောက်တဲ့အခါ ဖျားနာပြီး တပ်ပြန်ဆုတ်ခဲ့ရပါတယ်။ ဆင်ဖြူရှင်ဘုရင်ရဲ့စစ် ပွဲက ၁၇၆၅ ဩဂုတ်လမှာစပါတယ်။ တပ်မှူးနေမျိုးသီဟပတေ့ရဲ့ အင်အား ၂၀၀၀ဝ ရှိတဲ့စစ်ကြောင်းဟာ ထိုင်းနိုင်ငံမြောက် ဘက်ဒေသ လာအိုနိုင်ငံ ဗီယန်ကျင်း ဒေသကို စပြီးသိမ်းပိုက်ပါတယ်။ တောင်ပိုင်းကတော့ တပ်မှူး မဟာနော်ရထာကဦးစီးပြီး အင်အား ၂၀၀၀ဝ ကနေ ၃၀၀၀ဝ ရှိတဲ့စစ်ကြောင်းဟာ တနင်္သာရီကနေ ကန်ချနာပူရီ ကို အောက်တိုဘာလလယ်မှာ စဝင်ပါတယ်။ (သမိုင်းပညာရှင် ဂျီအီး ဟာဗေးက ၂၀၀၀ဝ ပဲရှိတယ်လို့ဆိုပါတယ်။) ထိုင်းတွေက အင်အား ၆၀၀၀ဝ နဲ့ အမြောက်တွေသုံးခဲ့တယ်။ ဗြိတိသျှ စစ်သင်္ဘောတစ်စင်းကပါ ပစ်ကူပေးခဲ့တယ်တဲ့။ ဇန္နဝါရီလထဲမှာ အယုဒ္ဒယမြို့ပြင်မှာ စတင်တိုက်ခိုက်ကြပါတယ်။ ဗမာ တပ်မှူးတွေက လက်နက်ချဖို့ ရာဇသံပေးပေမယ့် ယိုးဒယားကလက်မခံတဲ့အတွက် မြို့ကို ဝိုင်းပတ်ပိတ်ဆို့ထားကြပါတယ်။ အယုဒ္ဒယ မြို့ဟာ အုတ်ရိုးအမြင့်ကြီးတွေနဲ့ အခိုင်အခန့်တည်ဆောက်ထားပြီး အမြောက်တွေနဲ့ ကျကျနန ခုခံဖို့ နှစ်ပေါင်းများစွာ ကြိုတင် ပြင်ဆင်ထားခဲ့တာပါ။ ထိုင်းတွေဟာ မိုးရာသီရောက်ရင် အယုဒ္ဒယတစ်ဝိုက်ရေမြုပ်လေ့ရှိတဲ့အတွက် ဗမာတပ်တွေ မနေနိုင်ဘူးလို့ ယုံကြည်ထားခဲ့ကြပါတယ်။ ဗမာတွေက နိုဝင်ဘာလနဲ့ မတ်လအတွင်း ရေကျသွားတာနဲ့ အယုဒ္ဒယ မြို့ရိုးထက်မြင့်တဲ့ တာတွေဆောက်လိုက်တယ်။ အဲဒီအချိန်မှာ ယိုးဒယားတွေအတွက် တစ်ပူပေါ်နှစ်ပူဆင့်ဆိုသလို မြို့တွင်းမှာ အိမ်ခြေ ၁၀၀၀ဝ ကျော်တဲ့ မီးလောင်မှုကြီးဖြစ်ခဲ့တယ်တဲ့။ မတ်လကုန်လောက်မှာ ဗမာတွေက မြို့ရိုးအောက်ခြေမှာ လှိုဏ်ခေါင်းတွေတူးပြီး မိုင်းတွေမြှုပ်ကြ တယ်။ မတ်လ ၁၈ ရက် (သို့) ဧပြီ ရ ရက် တစ်ရက်ရက်ရဲ့ နံနက် ၄ နာရီလောက်မှာ မြို့ရိုး အတော်များများ မိုင်းကြောင့် ပြိုကျခဲ့တယ်။ ဗမာတပ်တွေလည်း မနက်လင်းအားကြီးချိန်မှာ မြို့ကိုစီးမိတယ်။ တွေ့တဲ့လူကိုသတ်တယ်။ တွေ့သမျှကို မီးတင်ရှို့တယ်။ ဒီလိုနဲ့ ၁၄ ရာစုကတည်းက ကြီးကျယ်ခမ်းနားခဲ့တဲ့၊ အဲဒီအချိန်က ပါရီမြို့တော်နီးပါးခမ်းနားတဲ့ အယုဒ္ဒယ မင်းနေပြည်တော်ကြီးလည်း ဘာမျှမကျန်တော့တဲ့ သုဿာန်တစ်စ ဖြစ်သွားတော့တာပါပဲ။ ဒါက ဂျီအီးဟာဗေး ရေးတာပါ။ ယိုးဒယားဘုရင်ကို အသေတွေ့ရတယ်။ သူ့ညီဖြစ်တဲ့ Uthumphon ကအတည်ပြုပေးတယ်တဲ့။ Uthumphon နဲ့မင်းဆွေမင်းမျိုးတွေ၊ တိုင်းသူပြည်သားတွေ ထောင်ပေါင်း များစွာကို အင်းဝနေပြည်တော် ခေါ်ဆောင်သွားကြတယ်။ ဒီလိုနဲ့ သူတို့လည်း ဗမာပြည်ရောက်ပြီး အခြေကျသွား၊ သူတို့ရဲ့မျိုးဆက်တွေလည်း ဗမာတွေဖြစ်ကုန်ကြပြီပေါ့။

တကယ်တော့ ဒါဟာ ဗမာနဲ့ထိုင်းလူမျိုးတို့ရဲ့ စစ်ပွဲမဟုတ်ပါဘူး။ ဗမာဘုရင်တွေနဲ့ ထိုင်းဘုရင်တွေရဲ့ ရွှေတွင်းငွေတွင်း ပုယင်းဒုတ္ထာ၊ ရတနာခုနှစ်ပါးတို့ရဲ့အရှင်သခင်၊ ထီးဖြူဆောင်း မင်းတစ်ရာ့တစ်ပါးတို့ကို အုပ်စိုးရတော်မူသော စကြာဝဒေးမင်း စိတ်ကူးယဉ်အိမ်မက်ထဲက အာဏာရှင်တွေရဲ့စစ်ပွဲပါ။ သူတို့ကို ပံ့ပိုးပေးခဲ့ကြတာက ဒေါက်တာထင်အောင်ရဲ့စကားနဲ့ပြောရင် “အောင်မြင်မှုကို မူးယစ်နေသော စစ်ဘုရင် တပ်မှူး”တွေပါပဲ။ တကယ်တမ်း သေကြေခဲ့ရတာက သာမာန် လယ်လုပ်နေရင်း စစ်အတွင်းအတင်းခေါ်သွင်းခံခဲ့ရတဲ့ ဗမာလယ်သမား၊ ရှမ်းတောင်သူ၊ မွန်လယ်သမား၊ လာအိုလယ်သမားတွေ နဲ့ ယိုးဒယားပြည်သူပြည်သားတွေပါပဲ။ အယုဒ္ဒယဟာ အခုတစ်ကြိမ်မှ ဗမာရဲ့အသိမ်းခံရတာမဟုတ်ပါဘူး။ ဘုရင့်နောင်မင်းကြီးလက်ထက်တုန်းကလည်း တစ်ကြိမ်အသိမ်းခံခဲ့ရပါတယ်။ အဲဒီတစ်ကြိမ်တုန်းကတော့ ဘုရင်Maha Chakkraphat ကမနိုင်မယ်မှန်းသိလို့ တိုင်းပြည်အနာမခံခဲ့ပါဘူး။ ယိုးဒယားနဲ့ ဗမာ စစ်ပွဲ ၁၆ ကြိမ်ဖြစ်တာမှာ ဗမာက ၉ ကြိမ်နိုင်ခဲ့ပါတယ်။ ယိုးဒယားနိုင်တယ်ဆိုတဲ့ ရ ကြိမ်ဟာ တကယ်တော့ ဗမာတပ်တွေ လက်လျော့ပြန်လာခဲ့ရာတာတွေပဲဖြစ်တယ်။ ဖြစ်သမျှစစ်တွေဟာ ၁၉၇၉ နဲ့ ၁၉၈၄-၈၅ မှာဖြစ်တဲ့ ကျိုင်းတုံ စစ်ပွဲတွေကလွဲလို့ ကျန်တဲ့စစ်ပွဲတွေသည် ယိုးဒယားနယ်ထဲမှာဖြစ်ခဲ့တာတွေချည်းပါပဲ။ အခု အယုဒ္ဒယ ဘုရင် Ekkathat ကတော့ ဗမာတပ်ကို ပြန်မတိုက်နိုင်မှန်းသိပေမယ့် ခံတိုက်ခဲ့လို့ သူကော သူ့တိုင်းပြည်ပါကြေခဲ့ပါတယ်။ (တစ်ချို့ကတော့ တိုင်းပြည်ကို သေတဲ့အထိ အသက်ပေးကာကွယ်တယ်လို့မြင်ကြမှာပါပဲ။)

ဗမာတစ်ယောက်အနေနဲ့ သမိုင်းထဲက ဗမာရဲ့အမဲစက်ကိုပြန်ရေးရတာမကောင်းပေမယ့်ဒါဟာတကယ်ဖြစ်ခဲ့တာပဲ။ မျက်ကန်း မျိုးချစ်စိတ်နဲ့ တို့ဗမာဝါးရင်းတုတ်နဲ့သိမ်းခဲ့တာဆိုပြီးဘယ်တုန်းကမှ ဂုဏ်မယူခဲ့မိပါဘူး။

အယုဒ္ဒယမြို့ကို ဖျက်ဆီးတာသည် ဗမာစစ်တပ်ဖြစ်တယ်ဆိုတာ လက်ခံရပါမယ်။ ဒါပေမယ့် တကယ်တမ်းစဉ်းစားရမှာက အဲဒီဗမာစစ်တပ်မှာ ပါတဲ့တပ်သားတွေသည် ဗမာပြည်ကထွက်လာတုန်းက ၂၀၀၀ဝ ထဲရယ်ပါ။ အဲဒီ ၂၀၀၀ဝ ထဲမှာ မွန်၊ ရှမ်း စတဲ့တိုင်းရင်းသားတွေပါတယ်။ နောက်ပြီး ဂျင်ဂစ်ခန်တို့နဲ့ အမျိုးတော်လို့လားမသိဘူး ဗမာတပ်မှူးတွေရဲ့နည်းဗျူဟာက သိမ်းလို့ ရသမျှ နယ်ထဲက ဒေသခံတွေပါ တပ်သားအဖြစ်ဝင်ရောက်တိုက်ခိုက်ရပါတယ်။ လာအိုကိုသိမ်းတော့ လာအိုတပ်သားတွေပါလာတယ်။ ဒီလိုပဲ ယိုးဒယားနယ်တွေ တစ်ခုပြီးတစ်ခုသိမ်းတော့ ယိုးဒယားတပ်သားတွေပါလာတယ်။ အယုဒ္ဒယရောက်တဲ့အချိန်မှာ ဗမာတပ်အင်အားသည် ၅၀၀၀ဝ ကျော်နေပြီလို့ဆိုပါတယ်။ ဒီတော့ ဗမာတစ်ဝက် ယိုးဒယားတစ်ဝက် လို့တောင် ပြောရပါလိမ့်မယ်။ မြို့ထဲကို ဝင်စီးပြီးဖျက်တော့ သူတို့လဲမလွဲမသွေပါမှာပါပဲ။ ဒါပေမယ့် ဗမာကခေါင်းဆောင်ဆိုတော့ လုပ်သမျှ ဗမာနာမည်ဆိုးကျန်ခဲ့တယ်။ အဲဒီအတိတ်ရဲ့ အရိပ်မဲဟာ ဒီနေ့အထိ ထိုင်းမှာထိုးနေဆဲဖြစ်တယ်။ ထိုင်းတွေရဲ့ဗမာမုန်းတီး ရေးဟာ တကယ်တော့ ထိုင်းမင်းသား Damrong Rajanubhab ရဲ့ Our Wars with the Burmese (Thai Rop Pharma)ဆိုတဲ့ စာတမ်းရဲ့လှုံ့ဆော်မှုကြောင့်အဓိကဖြစ်လာတာပါပဲ။ သူ့လို မင်းမျိုးမင်းနွယ်နဲ့ နိုင်ငံရေးရေပေါ်ဆီလူတန်းစားတွေကြောင့် ထိုင်းကျောင်းတွေမှာ အမှန်တရားနဲ့ကွဲလွဲတဲ့သမိုင်းကို သင်နေကြတုန်းပါပဲ။ အဲဒီလို ပဒေသရာဇ်တွေ၊ အာဏာရူးတွေ အချင်းချင်း ပုလ္လင်လုကြတဲ့ပွဲမှာ သာမန်ပြည်သူတွေယနေ့အထိ ခံနေရတုန်းပါပဲ။ (မှတ်ချက်။ ကျွန်တော်တို့ ဗမာပြည်မှာလဲ ထိုင်းကိုဘယ်လိုအနိုင်ယူခဲ့တယ်ဆိုတာကို အရသာခံပြောချင်နေတဲ့လူတန်းစားတွေရှိနေတာပဲလေ။ ကျောင်းစာအုပ်ထဲမှာလဲ လိုရာ ကွက်ပြီးထုတ်ထားတဲ့သမိုင်းကို ကလေးတွေသင်နေရတာ ရင်လေးစရာပဲ)။

ကိုခိုင်ရဲ့ မှတ်ချက်လေးကိုးကားပါရစေ။

“အိမ်နီးချင်း..အင်မတန်ရှည်လျှားတဲ့.. ရာဇဝင်..သမိုင်းစာရင်းတွေမှာ.. ကိုယ်မှား..သူမှား.. ၂ဖက်စလုံးကိုယ်စီမှားကြမှာသေချာတယ်.။
ဒါကို.. ပိုကြီးမြတ်သူက..အရင်တောင်းပန်ပြီး.. ခွင့်လွတ်မှုယူသင့်တာပေါ့…။
ကိုယ်ဘိုးဘွားတွေ..လုပ်ခဲ့တာတွေကို.. တာဝန်ယူတဲ့သဘောလည်းပါသလို… သဘောထားကြီးကြောင်း ပြတာလည်းဖြစ်တာပေါ့..။
ဒါမျိုးက.. ငြိမ်းချမ်းရေးဆီသာ.. ဦးတည်စေတာပါ… “

ဒါအမှန်ပါပဲ။ နှစ်ဖက်စလုံးအမှားရှိခဲ့ကြမှာပါ။ ရှေးလူကြီးတွေရဲ့ (ပဒေသရာဇ်တွေရဲ့) အမှားကို ကျွန်တော်တို့ အမုန်းတရားတွေနဲ့ လက်ဆင့်ကမ်းဖို့မသင့်တော့ပါဘူး။ ဒါကိုတာဝန်သိသည့် မြန်မာလူကြီးလူကောင်း ဦးနု က ၁၉၅၄ ခုနှစ်ဒီဇင်ဘာလမှာ ဝန်ကြီးချုပ်အနေနှင့် ထိုင်းနိုင်ငံကို ရောက်တုန်း တစ်ချိန်က ဗမာနိုင်ငံ၏လုပ်ရပ်အား လူသိရှင်ကြားတောင်းပန်ခဲ့ပါတယ်။ သူတို့ကြေနပ်တာမကြေနပ်တာကတော့ မတတ်နိုင်ဘူးပေါ့။

ဒီဆောင်းပါးကို wikipedia ကိုအဓိကထားပြီးကိုးကားထားပါတယ်။ ဗမာနှင့်ထိုင်းစစ်ဖြစ်ရခြင်း၏အခြေခံအကြောင်းတရားကို ရေးထားတဲ့ ACU University မှာ PhD ဘွဲ့ယူကျောင်းသား Pamaree Surakiat ရေးတဲ့စာတမ်းနဲ့တွဲ၍ဖတ်နိုင်ရန် link ပေးလိုက်ပါတယ်။

THE CHANGING NATURE OF CONFLICT BETWEEN BURMA AND SIAM AS SEEN FROM THE GROWTH AND DEVELOPMENT OF BURMESE STATES FROM THE 16 TH TO THE 19 TH CENTURIES

The Shadow of 1767 ဒါလေးနဲ့လည်းတွဲဖတ်ကြည့်ပါဦး။

အင်တာနက်ရဲ့ကျေးဇူးကြောင့် အမှောင်ဖုံးနေတဲ့တိမ်သလ္လာများ နည်းနည်းလင်းသွားသည်ဟုသာခံစားမိပါတော့သည်။

နည်ရဲဇော်

12 comments

  • ကျနော်လိုချင်တာကလဲ ဒီအချက်မျိုးပါဘဲ။
    မြန်မာနဲ့ ယိုးဒယား စစ်အကြိမ်ကြိ်မ်တိုက် သူနိုင်လိုက်ကိုယ်နိုင်လိုက်ပေါ့။
    ရှေးရှေးက ပဒေသရာဇ်များ ဖြစ်ခဲ့တာကို
    မပြီးနိုင်မစီးနိုင် အတိတ်ကခံခဲ့ရတာတွေကို ပြန်ဖော်ပြီး သမိုင်းတွင်အောင်တင်ဘို့ မလိုသလို
    “ယိုးဒယားနဲ့ကုလားကိုပါ …………………..ဒါဒို့ဗမာ”ဆိုတဲ့သီချင်းနဲ့အရသာခံဘို့ မလိုဘူးလို့ ယူဆပါတယ်။
    ပြီးခဲ့တာတွေသင်ပုန်းချေလို့ အာရှနိုင်ငံများအချင်းချင်း သင့်မြတ်စွာနေသင့်တဲ့အချိန်ရောက်ပြီလို့ ယုံကြည်ပါတယ်။
    ဘာသာရေး လူမျိုးရေးနဲ့ပါတ်သက်ရင် အမုန်းပွားစေမယ့် စာများကို မရေးသားသင့်တော့ဘူးလို့ထင်ပါတယ်။
    ဖြစ်ခဲ့တာတွေက ကြာ ကြာလှပြီလေ…………….

  • Atom

    August 15, 2011 at 9:51 pm

    ၁၉၈၄-၈၅ မှာဖြစ်တဲ့ ကျိုင်းတုံ (ထိုင်း – ဗမာ) စစ်ပွဲ ကို မကြားဖူးဘူး။ ကျုပ်က ကျိုင်းတုံ ကနေ ၁၉၈၂ က ထွက်လာတာ။ ကြားဖူး တဲ့သူ ရှိရင် ပြောပြစမ်းပါအုံး ၊ Please!!

  • shwe ni

    August 15, 2011 at 10:13 pm

    ပြည့်ပြည့်စုံစုံသ်ရလို့ ကျေးဇူးတင်ပါတယ် . အမှန်ကလူမျီုးရေးမုန်းတီးလို့ဝင်ရေးတာမဟုတ်ပါဘူး
    ကော်မန့်မှာ ” ———-” ဆိုတာကို မကြိုက်တာပါ
    . ၂၀၀ရ international conference တခုမှာ ထိုင်းဆရာ တယောက်က ပေပါ တစောင်ဖတ်ပါတယ် ။ သူဖတ်တဲ့ ပေပါက environment and pollution နဲ့ ပါတ်သက်တာပါ။
    အဲမှာ ထိုင်းနယ်စပ် နဲ့ ထိုင်းနယ်စပ်နဲ့နီးတဲ့ မြီု့ကြီးတွေ တလျောက် pollution များလာတာ မြန်မာတောင်ယာမီးရှို့လို့တဲ့ ဖြစ်ဖြစ်သမျှ မြန်မာကကို မထွက်တော့ပါဘူး။
    အဲမှာ ထိုင်းတယောက် က မြန်မာကိုပဲပြောမနေနဲ့ ထိုင်းမှာ ကား, refrig , aircon တွေဒီလောက်သုံးနေတာpollution များမှာပေါ့ ဆိုမှ ကျန်သူတွေကလဲ ထောက်ခံကြတယ် ။

  • shwe ni

    August 15, 2011 at 10:17 pm

    ူthesis link လေးက download လို့မရဘူးရှင့်

  • “ယိုးဒယားနဲ့ကုလားကိုပါ …………………..ဒါဒို့ဗမာ”
    ဲအဲဒီစကားလုံးကို ချန်ထားခဲ့တာ က အဲဒီကြားထဲက စကားလုံးက အခြားသူကို ထိခိုက်စေတယ်လို့ ထင်မြင်တဲ့အတွက် တမင်ချန်ထားတာပါ.
    ကျနော်ကတော့ အတိတ်က နိုင်ခဲ့ရူံးခဲ့တာတွေကို ဒီဘက်ခေတ်ထိ နှစ်ဖက်လုံးက သယ်မလာစေချင်တာ
    ဆန္ဒအမှန်ပါဘဲ။

    • shwe ni

      August 15, 2011 at 10:49 pm

      ကော်မန့်မှာ ” ———-” ဆိုတာ ဒီ Post ကကော်မန့် မဟုတ်ပါဘူး ကိုပေါက်ရေ ရောကုန်မှာစိုးလို့ ။ ဓါတ်ပုံ Post ကကော်မန့်ပါ ပြန်မရေးချင်တော့လို့ ။

  • unclegyi1974

    August 15, 2011 at 10:36 pm

    နည်ရဲဇော်ကယိုးဒယားနဲ့မြန်မာစစ်ပွဲကိုပြောသွားပြီး
    ကောက်ချက်ချသွားတာလေးနားလည်သလိုပြန်ပြောကြည့်မယ်နော်
    မြို့သိမ်းတဲ့အချိန်လူမျိုးပေါင်းစုံပါနေတယ်သတ်တယ်လုတယ်မုဒိန်းကျင့်တယ်
    မီးရှို့တယ် အကုန်လုပ်တယ် ဝန်ခံပါတယ်
    သို့သော်တပ်မှာပါတာလူမျိုးပေါင်းစုံ မြန်မာပြည်စစ်တပ်စစ်စစ်တင်မက
    လာအို ယိုးဒယားစသဖြင့်နိုင်ငံစုံလူစုံပါဝင်ပြီးဖျက်စီးတာ
    အမည်ခံတော့မြန်မာဖြစ်နေတယ် လုပ်တုန်းကအကုန်လုပ်ပြီး
    အမည်တပ်တော့မြန်မာအမည်တပ်ခံရတယ် နစ်နာပါတယ်
    လွဲနေရင်ပြင်ပေးပါ
    နောက်ဦးနုကတောင်းပန်ပြီးပြီကျေနပ်တာမကျေနပ်တာသူတို့အလုပ်
    ကိုယ်ကတောင်းပန်ပြီးပြီ
    ရှေးလူတွေလုပ်သွားတဲ့အလုပ် ကျွန်တော်တို့နဲ့မဆိုင်ပါဘူးလို့ပြောချင်တယ်နဲ့တူတယ်

    ကောင်းပြီပထမအပိုဒ်ကိုပြောရရင်မြန်မာစစ်တပ်ကတိုက်ရင်းနယ်မြေခံတွေကိုစစ်တပ်
    ထဲထည့်သွားတယ် အသက်သေခံပြီးမြို့သိမ်းခိုင်းတာစစ်တပ်ထဲအသိမ်းသွင်းခံရတဲ့
    နယ်မြေခံတွေမဟုတ်ဖူးနော်ဘာဖြစ်ဖြစ်လုပ်ငန်းတခုမှာတာဝန်ယူမှုဆိုတာရှိပါတယ်
    မြန်မာကဘယ်လိုအကြောင်းနဲ့တိုက်တိုက် တို်က်သူသည်မြန်မာ နိုင်ခဲ့သူသည်မြန်မာ
    ဖျက်ဆီးခဲ့တာသည်မြန်မာတဦးတည်းမဟုတ်ပါဘူူးလို့ပြောတာကမြန်မာတပ်မှုးတွေ
    ကိုယ့်စစ်သည်ကိုယ်မနိုင်ဘူးလို့ဖော်ပြရာရောက်ပါတယ်
    နိုင်ပါတယ်ဆိုလည်းဟုတ်တယ်လုပ်ခဲ့တယ်ဝန်ခံလို်က်ပေါ့ဘာဖြစ်လည်း
    သမိုင်းကိုမပြင်ချင်ပါနဲ့

    ဦးနုကတောင်းပန်ပြီးပြိီမကျေနပ်လည်းမတတ်နိုင်ဘုူးဆိုတာက
    တောင်းပန်တာမှမဟုတ်ပဲ
    တောင်းပန်တယ်ဆိုတာကျေနပ်အောင်တောင်းပန်ရတယ်လို့နားလည်ပါတယ်
    မကျေနပ်ဖူးဆိုတောင်းပန်တာအထမမြောက်ဖူးလို့သတ်မှတ်ရပါမယ်

    သားသမီးဆိုတာမိဘရဲ့ကောင်းမွေဆိုးမွေခံယူရတယ်လို့နားလည်ပါတယ်
    ရှေးလူတွေဆိုတာလည်းမြန်မာနိုင်ငံထဲကလူတွေပါ နိုင်ငံခြားကလူတွေမဟုတ်ပါဖူူး
    သူတို့ကောင်းချင်ကောင်းမယ် ဆိုးချင်ဆိုးမယ် မင်းအဆက်ဆက်တည်ထောင်ခဲ့လို့
    မြန်မာဆိုပြီးဖြစ်လာတာပါ ဒါကိုကောင်းတာကိုတော့ငါတို့ဘိုးဘေးတွေလုပ်ခဲ့တာ
    မကောင်းတာကိုတော့ရှေးလူတွေလုပ်ခဲ့တာငါတိုု့နဲ့မဆိုင်ဘူးလို့လုပ်လို့မရပါဖူး

    လုပ်နိုင်တာတခုပဲရှိပါတယ်သမိုင်းသင်ခန်းစာတွေယူပြီး
    နောက်ဒါမျိုးမဖြစ်အောင်ကြိုးစားကြဖို့ပါ

    • နည်ရဲဇော်

      August 18, 2011 at 8:59 am

      အန်ကယ်ကြီးခင်ဗျာ။
      ဒီဆောင်းပါးဟာ အဓိကဦးတည်ချက်က အတိတ်ကသမိုင်းကြောင်းကို ယနေ့လူမျိုးရေးမုန်းတီးမှုတွေအတွက် မဖန်တီးသင့်ဘူးလို့ယူဆမိတဲ့အတွက်ရေးလိုက်တာပါ။ ကျွန်တော့်ဆိုလိုရင်းမရောက်ခဲ့ရင် ကျွန်တော့်ညံ့ဖျင်းချက်ပဲဖြစ်ပါတယ်။
      ကျွန်တော်ရေးထားတဲ့အထဲမှာ သမိုင်းကို ပြင်တဲ့အချက်မပါဘူးထင်ပါတယ်။

      ”နိုင်ပါတယ်ဆိုလည်းဟုတ်တယ်လုပ်ခဲ့တယ်ဝန်ခံလို်က်ပေါ့ဘာဖြစ်လည်း
      သမိုင်းကိုမပြင်ချင်ပါနဲ့”

      ကျွန်တော်ရေးထားပါတယ်။ “အယုဒ္ဒယမြို့ကို ဖျက်ဆီးတာသည် ဗမာစစ်တပ်ဖြစ်တယ်ဆိုတာ လက်ခံရပါမယ်။”

      “သားသမီးဆိုတာမိဘရဲ့ကောင်းမွေဆိုးမွေခံယူရတယ်လို့နားလည်ပါတယ်
      ရှေးလူတွေဆိုတာလည်းမြန်မာနိုင်ငံထဲကလူတွေပါ နိုင်ငံခြားကလူတွေမဟုတ်ပါဖူူး
      သူတို့ကောင်းချင်ကောင်းမယ် ဆိုးချင်ဆိုးမယ် မင်းအဆက်ဆက်တည်ထောင်ခဲ့လို့
      မြန်မာဆိုပြီးဖြစ်လာတာပါ ဒါကိုကောင်းတာကိုတော့ငါတို့ဘိုးဘေးတွေလုပ်ခဲ့တာ
      မကောင်းတာကိုတော့ရှေးလူတွေလုပ်ခဲ့တာငါတိုု့နဲ့မဆိုင်ဘူးလို့လုပ်လို့မရပါဖူး”

      ဒါကိုကျွန်တော်လက်ခံပါတယ်။ မိဘရဲ့ဆိုးမွေကို သားသမီးက တစ်သက်လုံးထွေးပိုက်နေမယ့်အစား အဲဒီအရိပ်မည်းကို ချေဖျက်နိုင်အောင်လည်းကြိုးစားရပါမယ်။

  • zaw min

    August 16, 2011 at 12:25 am

    ယိုးဒယားက ဗမာဆိုရင်မုန်းနေတယ်ဆိုတာကမဟုတ်တော့ပါဘူး…ဗမာနဲ့ထိုင်းနဲ့ရတဲ့သူတွေအများကြီးဖြစ်နေပါပီ…ကျုပ်မိတ်ဆွေဆိုရင် သားသမီးတွေတောင်ရှိနေပါပြီ….သူမှားတယ်..ကိုယ်မှန်တယ်ဆိုတာထက်..ယနေ့ဘာတွေကို သင်ခန်းစာယူပြီးကျင့်ကြံနေထိုင်လုပ်ဆောင်ကြမလဲ….အဲသွေးကြွေးဆပ်ချင်တယ်ဆိုရင်တော့….ဘန်ကောက်ကနေ အမေရိကန်သူကြီးကို ဝဲလ်ခမ်း(ဆဝါဒီခပ်)လုပ်ပြီးကြိုနေမှာပါ…..

    • ဆူး

      August 16, 2011 at 12:47 am

      သဂျီး အတွက် လိုရမယ်ရ အဆောင်လေး ရှမ်းဓါး ပေးလိုက်ရမလား ကချင်ဓါး ပေးလိုက်ရမလား။
      ပေါ့ပေါ့ ပါးပါး.. ပလက်စတစ်ဓါး ပေးလိုက်မယ်.. လေယာဉ်ပေါ်မှာ အသားတုံးလေး ဘာလေး လှီးစားဖို့..

Leave a Reply