ကြေကွဲသံလား ကြေးစည်သံလား
မနက် ၆နာရီ ထိုးပြီ။
အိပ်ယာက ရုတ်တရက်ထပြီး နာရီကြည့်လိုက်မိတဲ့အခါ ၆နာရီ ထိုးနေတာ မြင်တဲ့ အတွက် ကဗျာကယာ အိပ်ယာထပြီး မျက်နှာ မသစ်ခင်မှာပင် ထမင်းအိုးတည်ရန်ပြင်ဆင်ရသည်။ ထမင်းအိုးတည်ပြီးသော် မျက်နှာသစ်ပြီး အိမ်သားအားလုံး နိုးရပါတော့သည်။
သားရေ.. သမီးရေ.. အဖေကြီး.. ထတော့.. အလုပ်နောက်ကျမယ်။ အော်ဟစ်ဆူပူပြီး အားလုံး ဆက်မအိပ်နိုင်သော အခါ မျက်စိပွတ်ပြီး အလျှိုလျှို အိမ်နောက်ဖေးခန်းသို့ ဝင်ကာ မျက်နှာသစ်သူနှင့် အိမ်သာဝင်သူ ကလည်း အိမ်သာဝင် အလုအယှက် လုပ်ပြီး ပြင်ဆင်ထားတဲ့ ထမင်းချိုင့်ကို ဆွဲပြီး အလုပ်ကိုယ်စီ ကျောင်းကိုယ်စီ သွားပါတော့တယ်။
အိမ်သားများ အားလုံး လူစုခွဲပြီး လိုရာ ခရီးသွားပြီးနောက်မှာတော့ အိပ်ယာထဲမှ စိုစိုရွဲနေတဲ့ ကလေးငယ်က ထပြီး အော်ဟစ်တာကို ဖြေရှင်းပေးရပါတော့တယ်။ အငယ်ဆုံး ကလေးကတော့ အသက် ၁နှစ် စွန်းစွန်းပဲ ရှိပါသေးတယ်။ တနေကုန် အိမ်မှာ ကလေးနဲ့ အတူ ရှိနေသလို ကလေးလည်း ထိန်းရင်း အိမ်စရိတ်ကာမိအောင် ရပ်ကွပ်ထဲက စက်ချုပ်ဆိုင်က အထည်များ လက်ချုပ်လိုက်ပေးရပါတယ်။
ကလေးတဖက်နဲ့ အထည် လက်ချုပ်လိုက်တာ သိပ်တော့ အလုပ်မဖြစ်လှပါဘူး။ ကလေးကိုလည်း ကြည့် အထည်ကိုလည်း အချိန်မှီ ပြီးအောင် လုပ်ရပါတယ်။ အချိန်မှီ မပြီးရင်တော့ ဆိုင်ပိုင်ရှင်က တခြား လူကို ပေးမယ် ပြောထားတဲ့ အတွက် အထည်လက်ချုပ်လိုက်ရမှ မိသားစု ချောင်ချောင်လည်လည် အဆင်ပြေတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။
စူပါမားကတ် တခုရဲ့ လုံခြုံရေး ဝန်ထမ်း တစ်ဦးရဲ့ လစာနဲ့ သား သမီး ၃ယောက် နဲ့ စားမလောက်တာတော့ အမှန်ပါပဲ။ တခါတရံ ဈေးလာဝယ်တဲ့ လူတွေက မုန့်ဖိုးလေးတွေ အဖြစ် ပေးတဲ့ ၁၀ဝ ၂၀ဝ ၅၀ဝ စတာတွေက အိမ်စရိတ်အပိုတော့ ဖြစ်ပါတယ်။ တနေ့တနေ့ အိမ်အပြန် ဘောက်စူး ဘယ်လောက် ပါမလဲ မျှော်နေရပါတယ်။ သားကြီး နဲ့ သမီးကလည်း ကျောင်းတက်နေတော့ ကျောင်းစရိတ်ကလည်း တနေ့တနေ့ ပိုက်ဆံ တွက်နေရတဲ့ အတွက် တော်တော် အကျပ်ရိုက်အောင် စဉ်းစားရပါတယ်။
တခါတရံ လိုတယ် ဆိုရင်တော့ လမ်းထိပ်က မမမြ အိမ်မှာ သွားပြီး အတိုးလေးနဲ့ ချေးရပါတယ်။ နောက်ပိုင်း ကျတော့ အတိုးတွေ ဆပ်ရတာနဲ့ နွံထဲ နစ်သလို ရုန်းမထွက်နိုင် ဖြစ်ခဲ့ရပါတယ်။ ဘောက်စူး နဲ့ အပိုကြေး များများ ရတဲ့ အခါကျမှ အကြွေးတွေ ဆပ်ပြီး ပေါ့ပေါ့ ပါးပါး ဖြစ်သလို ခံစားရပါတယ်။
ကလေးအငယ်လေးကလည်း ၁နှစ်ပဲ ရှိသေးတော့ အိမ်ပြင်ထွက် အလုပ်လုပ်ပြီး ပိုက်ဆံ ရှာဖို့ကလည်း မဖြစ်နိုင်သေးတော့ အိမ်တွင်း လက်မှု လုပ်ငန်းနဲ့ အသက်ရှုချောင်အောင် နေရပါတယ်။
တခါတရံများ မိသားစုထဲက တယောက်ယောက် ဖျားနာခဲ့ရင် တော်တော် ဒုက္ခများပါတယ်။ အကြွေးကင်းအောင် နေပေမဲ့ အကြွေးနွံထဲ ပြန်ရောက်ရောက်သွားပါတယ်။
မနက် ကျောင်းနဲ့ အလုပ် ကိုယ်စီ သွားကြပြီး ညနေစောင်း စားစရာ တခုခုချက်ပြီး မိသားစု ထမင်းဝိုင်း အတွက် ပြင်ဆင်ရပါတယ်။ ကျောင်းလွယ်အိတ် ကိုယ်စီ နဲ့ အိမ်ပြန်လာတဲ့ သားနဲ့ သမီး ကတော့ လွယ်အိတ်ချပြီး အိမ်ရှေ့ထွက်ဆော့တော့တာပါပဲ။ ကျောင်းစာတွေ လုပ်ဖို့ အော်ဟစ်နေတဲ့ အခါကျမှ မဖတ်ချင် ဖတ်ချင်နဲ့ စာအုပ်ထုတ်ပြီး စာဖတ်ကြတယ်။ ညနေစာ ထမင်းတူတူ မိသားစု စုံစုံ ညီညီ စားသောက်ပြီး ကလေးတွေကတော့ အိမ်နားက တီဗွီရှိတဲ့ အိမ်တွေမှာ ရုပ်သံ ဇတ်လမ်းတွေ လိုက်ကြည့်ကြပြီး တနေ့ တနေ့ မပြီး ပြတ်နိုင်တဲ့ အထည်တွေ လက်ချုပ်ကို စိတ်ပါလက်ပါ လိုက်နိုင်ပါပြီ။ အငယ်လေးကို သူ့အဖေက ထိန်းနေတဲ့ အတွက် အချိန်အားတုန်း မြန်မြန်နဲ့ များများ ပြီးအောင် လုပ်ရပါတယ်။
ထိုနေ့က မိုးတွေသည်းကြီးမဲကြီးကို ရွာနေပါတယ်။
အထည်လက်ချုပ်လိုက်ထားတာလေးတွေ ပေးဖို့လည်း ရှိပါတယ်။ ရက်ချိန်းလွန်သွားရင် နောက်အလုပ်မပေးမှာလည်း စိုးရိမ်ရပါတယ်။ မိုးကလည်း သည်းနေတော့ အငယ်လေးကို အိမ်မှာ ခဏထားပြီး အပ်ချုပ်ဆိုင်ကို အမြန်ပြေးရပါတယ်။ စိတ်ကူးကတော့ အရေးကြီး အထည် ပေးပြီး ပြန်လာပြီး မိုးတိတ်မှ အေးအေး ဆေးဆေး သွားယူမယ်ဟု တွေးထားပါသည်။ ဖြစ်ချင်တော့ အထည်ပေးပြီး အပြန် လမ်းထဲက လူတယောက်က ဟိုမှာ နင့်သား ချော်လဲပြီး မြောင်းထဲ ပြုတ်ကျသွားတယ်။
ထိုစကား သံကို ကြားလိုက်တဲ့ အခါမှာ ရင်ထဲမှာ ဒိန်း ကနဲ ဖြစ်ပြီး နှလုံးသွေးများ ရုတ်တရက် စောင့်တက်သွားသလို နားစည်ကို မိုးကြိုး ပြစ်သလို ခံစားရပြီး သားဇောနဲ့ ဦးတည်ရာ လမ်းကြောင်း တခုက လွဲပြီး ဘာမှ မမြင်တော့ပဲ အပြေး သွားပါတော့တယ်။ လမ်းမှာ ရုတ်တရက် ကားတစီးကို တွေ့ပါတယ်။ မရှောင်နိုင်မိလိုက်ဘူး ထင်တယ်။ လူက လေထဲ လွင့်သွားသလိုလို မြောက်တက်သွားတဲ့ ခံစားချက်နဲ့ အတူ သားရှိတဲ့ ဆီကို ဆက်လက်ပြေးနေခဲ့မိပါတယ်။ ထိုနေရာ ရောက်တော့ အနီးအနားက လူကြီးများက ဝိုင်းပြီး ကူညီဖေးမထားလို့ စိတ်ပူစရာ မရှိတော့ပါဘူး။ စိတ်ပူစရာ မရှိတော့ပေမဲ့ ဒီလောက် ဆော့ရလား ဆိုပြီး ရိုက်ချင်စိတ်ဖြစ်မိပါတယ်။ ဒါပေမဲ့ ရိုက်လို့ မရသလို သား အနားကိုသွားဖို့တောင် မလွယ်ပါဘူး။ အနားမှာ လူကြီးတွေ ဝိုင်းရံ နေလို့လား မသိဘူးလို့ တွေးမိတယ်။ လူကြီးများက သေသေချာချာ အိမ်ကို ခေါ်လာကြပါတယ်။ ကျမ အနောက်က ပါလာတယ်။ စိတ်တွေလည်း အရမ်းတိုပါတယ်။ ကျမ ကို ဘယ်သူမှ မမြင်တဲ့အခါ စိတ်ညစ်လာပြန်ပါတယ်။ နောက်ကြောင်းပြန်လှည့်မိတော့ ကျမ ရဲ့ ကိုယ်ကို ကားတစီးပေါ် တင်သွားတာ မြင်လိုက်ပါတယ်။ ကိုယ်ခန္ဓာပါသွားတဲ့ ကားနောက်ကို လိုက်ရမလား ကျမ အိမ်မှာ ထားခဲ့တဲ့ ကလေးငယ်ဆီ ပြန်ပြေးသွားရမလား။ စိတ်တွေ ဒွိဟ ဖြစ်နေပါတယ်။ ဘာလုပ်ရမလဲ.. သားရေ သမီးရေ ဆိုပြီး စိတ်ထဲမှာ သူတို့ကိုပဲ ပူပန်နေမိတယ်။ မှတ်မိသလောက် ဘဝ တသက်တာမှာ အလှူအတန်းဆိုတာ လုပ်ဖူးတယ် မရှိလောက်အောင်ပါပဲ။ တနေ့ရှာတဲ့ ပိုက်ဆံ နဲ့ တနေ့အတွက်တောင် မလောက်ငှတဲ့ အတွက် အလျင်မှီအောင် မနည်း ချိုးချန်ချွှေတာ စီစစ်သုံးရတဲ့ အတွက် တပြားတချပ် အပို မရှိပါဘူး။ အခု သိလိုက်တာတခုကတော့ ကျမ ရှင်လူ မဟုတ်တော့ဘူး။ သေသွားပြီ ဆိုတာပါပဲ။ အတွေးထဲမှာ ဘာများ ကောင်းတာ လုပ်ဖူးလဲ ဆိုတဲ့ အတွေးလေး တွေးမိပါသေးတယ်။ တွေးလို့လည်း ဘာမှ မရဘူး။ အတွေးထဲမှာ ရှိတာကတော့ သားတွေ သမီးတွေ ပဲ မြင်မြင်နေမိပါတယ်။ သူတို့လေးတွေ မနက်အိပ်ယာ ဘယ်သူနိးမလဲ ထမင်းချိုင့် ဘယ်သူထည့်ပေးမလဲ။ အငယ်လေးကို ဘယ်သူကြည့်မလဲ။ ရင်ဘတ်ပေါ်ကို ပွက်ပွက်ဆူ နေတဲ့ ရေနွေးအိုး လောင်းချလိုက်သလိုပါပဲ ပူလောင်နေမိပါတယ်။ အိမ်နားမှာ ရစ်သီ ရစ်သီနဲ့ အိမ်ထဲ ဝင်ချင်မိပါတယ်။ အိမ်ထဲ ဝင်လို့လည်း မရ အိမ်အပြင်မှနေပြီးတော့ ကလေးတွေ အဆင်ပြေရဲ့လား ကြည့်ရင်းနဲ့ သားရေ သမီးရေ အော်ခေါ်မိပါတယ်။ သူတို့ပဲ ကြားလေသလော သူတို့ အမူအရာများ ရုတ်တရက် ကျမ ရပ်နေတဲ့ ဆီကို ကြည့်ကြပါတယ်။ သူတို့ မြင်ပုံမရပါဘူး။ သူတို့ကတော့ မိခင် ဆုံးရှုံးသွားတဲ့ အတွက် ဝမ်းနည်းပူဆွေးစွာ ငိုကြွေးနေကြပါတယ်။ အငယ်ကလေးကတော့ ကျမ ကို ကြည့်ပြီး သူဗိုက်ဆာတဲ့ အခါ မပီကလာ ပီကလာနဲ့ မေမေ လိုလို အသံနဲ့ စူးစူးဝါးဝါး အော်ငိုနေပါတယ်။ အပြင်မှာ မိုးတွေကလည်း ရွာလိုက်တာ မတိတ်တဲ့ အပြင် ကျမ အရမ်းချမ်းနေပါတယ်။ ကျမ ထိုအချိန်မှာ အလုပ်ချင်ဆုံး အလုပ်ကတော့ အိမ်ထဲ ဝင်ပြီး ကလေးတွေကို ထမင်းကျွှေးချင်တာပါပဲ။
ထိုနေ့မှ ခွေးတွေကလည်း ကျမကို ကြည့်ကြည့်ပြီး လိုက်ဟောင်ပါတယ်။ အသံရှည်နဲ့ စွဲပြီးတော့ အူကြပါတယ်။ ခွေးအူသံကြားတော့ သားကြီးနဲ့ သမီးက ကြောက်ကြောက်နဲ့ သူ့အဖေ နားကပ်ပြီး နေကြပါတယ်။ ကလေးကလည်း အိပ်နေရာက ရုတ်တရက် နိးလာပြီး ထ ငိုပါတယ်။ ကျမ ရင်ထဲက အသည်းတွေ တစစီ ပြုတ်ကျပြီး ကြွေကျသလိုတောင် နာကျင်စွာ ခံစားရပါတယ်။ ကလေးတွေ ထိတ်လန့်စေတာ ခွေးအူသံကြောင့် မှန်း သိတော့ ကျမ ထို အနားက ထွက်ခွာပြီး ခွေးအူသံ တိတ်သွားပြီး လူခြေတိတ်မှ အိမ်ဘက်ကို ပြန်လာခဲ့ပါတယ်။အိမ်အပြင်မှာ လူးလာ ခေါက်တုံ့ လျှောက်ရင်းနဲ့ တည ကုန်ဆုံးသွားပါတယ်။
ဒီလိုနဲ့ ၃ရက်မြောက်တဲ့ နေ့မှာ လမ်းထဲမှာ ကားကြီးတွေရပ်ထားပါတယ်။ ကျမ သိပါတယ် အသုဘ လိုက်ပို့ ဖို့ လူတွေ ကြိုးစားနေကြတာ ဖြစ်ပါတယ်။ အိမ်ထဲဝင်ပြီးတော့ နုတ်ဆက်တဲ့ သူက နုတ်ဆက်ကြပါတယ်။ ဆွေမျိုးသားချင်းများကလည်း အိမ်မှာ ကလေးတွေကို ကြည့်ပေးထားတော့ စိတ်ကတော့ မချနိုင်ပေမဲ့ စိတ်သက်သာရာ ရနေသလို ဖြစ်ပါတယ်။
လူတွေ တော်တော် များများ ကားကြီး တစီးပေါ် တက်ပြီးတဲ့ အခါမှာ.. လူနှစ်ယောက် ကြေးစည်ကြီး ကို ထမ်းလာပြီးတော့ ကားပေါ် မတက်ခင်မှာ ကြေးစည်ကို စပြီး ထုပါတော့တယ်။ဆက်တိုက် ကို အဆက်မပြတ် ထု ပါတော့တယ်။
ကျမ နားထဲမှာ အူပြီး ထူသွားလောက်အောင် ဆူညံပါတယ်။ ကျမ လိုက်မသွားချင်ပါဘူး။ လိုက်သွားပြီး ကျမ ပြန်လာလို့ မရမှာ စိုးတယ်။ တချက်တချက် ထု လိုက်တဲ့ ကြေးစည်သံက မူးဝေ သွားလောက်အောင်ကို အသံက ဆူညံလှပါတယ်။ ရင်ထဲက အသည်းထဲ သွေးကြောထဲ စိမ့်သွားလောက်အောင် ဆူညံပြီး တဆတ်ဆတ်တုန်ပြီး ထွက်ပြေးချင်ပါတယ်။ ထိုအချိန်အခိုက်အတန့်မှာ ကလေးတွေကလည်း ငို ခွေးတွေကလည်းအူ ကျမနားတွေလည်း ကွဲမတတ်ခံစားရပါတယ်။ ဘယ်ကိုမှ ထွက်မပြေးနိုင်ပဲ ကားက ထွက်တဲ့ အခါ သွားမယ်ဟေ့ ဆိုတဲ့ အသံဆီကို ရုတ်တရက် ပြေးလိုက်ရပါတော့တယ်။
မှော်ဆရာ မှော်အတတ်နဲ့ ထုလိုက်တဲ့ အသံများလား ထင်ရပါတယ်။ မောကြီး ပန်းကြီးနဲ့ ထွက်သွားတဲ့ ကားအနောက်ကို မှီအောင် ပြေးလိုက်ပြီး သချင်္ု ိင်းရောက်တော့ ဘုန်းကြီး ၅ပါး သရဏဂုံတင်ပေးနေကြပါတယ်။ ကလေးတွေက ကျမရဲ့ မလှုပ်မယှက်ဖြစ်နေတဲ့ ရုပ်ခန္ဓာကြီး ကိုကြည့်ပြီး ကန်တော့ကြတယ်။ ပူဆွေးသောက ရောက်စွာ ငိုကြွေးနေကြပါတယ်။ မျက်စိထဲမှာတော့ သားတွေ သမီးတွေက လွဲရင် ဘာမှကို မမြင်တော့ပါဘူး။ ထို့နောက် ရေအိုးတလုံးကို ရေထည့်ပြီး ခွဲလိုက်ကြတယ် နင်နဲ့ ငါတို့ ဘဝ ခြားသွားပြီ မဆိုင်တော့ဘူး နင်သွားလိုရာ သွားတော့လို့ ကျမယောင်္ကျားက ပြောပါတယ်။ ဘာလို့ မဆိုင်ရမှာလဲ အဲဒါ ငါ့ကလေးတွေလို့ ပြောချင်ပါတယ် ပြောလည်း ပြောနေပါတယ်။ ဘာမှကို မတတ်နိုင်ဘူး သူလည်း မကြားဘူး နားထဲမှာ ဆူဆူညံပြီး ကြေးစည်သံသာ ဆက်တိုက်ကြားနေရပါတယ်။ ထို့နောက် ရုပ်အလောင်းကို မီးသင်္ဂြ ိုလ်ကြပါတယ်။ မီးတွေ တမြိုက်မြိုက် လောင်နေတာ ကြည့်ပြီး အရမ်းဝမ်းနည်းရပါတယ်။ အရိုးအသား တစစီ ဖြစ်အောင် တဟုန်းဟုန်း လောင်ကြွမ်းနေပြီး အဆီတွေ အစက်စက်နဲ့ ထပေါက်နေတာလည်း မြင်နေရပါတယ်။ မီးလောင်ကျွှမ်းလို့ ပြာကျတဲ့ အထိ စောင့်ပြီး အိမ်ပြန်တဲ့ အခါ ကျမ ဓါတ်ပုံလေး ကိုင်ပြီး လိုက်ခဲ့ ဆိုတဲ့ အသံလေး ကြားလိုက်တော့ တော်တော် ပျော်သွားတယ် ကျမ ဒီမှာ မနေရတော့ဘူး ကျမ အိမ်လိုက်လို့ ရပြီ။ အိမ်ရောက်တော့ အိမ်ထဲမှာ ကလေးတွေ ကြည့်ပြီး သနားမိတယ်။ အငယ်လေးကလည်း အမေ မတွေ့လို့ တဂျီဂျီနဲ့ ငိုနေတာ မြင်လေ သနားလေပါပဲ။ အိမ်စရိတ် အကြွေးတွေ ယူထားတာ ပြန်ဆပ်နိုင်ပါ့မလား။ ကလေးတွေနဲ့ သူနဲ့ ဖြစ်ပါ့မလား ဆိုတဲ့ အတွေးနဲ့ ဘာလုပ်ရမှန်းမသိတော့ပါဘူး။ ရက်လည်တဲ့ နေ့မှာတော့ သံဃာတော်များ ဆွမ်းကပ်ပြီး သာဓု အနုမောဒနာ တရားများ နာကြားခဲ့ရပါတယ်။ သာဓု ခေါ်ချင်ပါတယ်။ ကလေးတွေ အတွက် စိတ်သောက နဲ့ ဟိုတွေး ဒီတွေး ဖြစ်နေတာနဲ့ သာဓုခေါ်ဖို့ မေ့လျော့သွားတယ်။ သံဃာတော်များ ကြွသွားပြီး မကြာခင်မှာတော့ မမမြ အိမ်ကို စာရွက်တရွက်ကိုင်ပြီး လာပါတော့တယ်။ ကျမ သိလိုက်တယ်။ သူဆီက ယူထားတဲ့ အကြွေးတွေ သိအောင် လာပြောတယ် ဆိုတာ သိပါတယ်။ ကျမ ယူထားတဲ့ အကြွေးနဲ့ သူလာပြတဲ့ အကြွေးစာရင်း တော်တော် ကွာနေပါတယ်။ ကျမ ယူထားတာ အဲလောက် မဟုတ်ပါဘူး။ ဘယ်လို ပြောပြရမလဲ။ သူတို့ စာရင်းမှားနေတယ် ဆိုတာ တွေးမရတဲ့ အဆုံး ကျမ တခုခု ပြောနိုင်ဖို့ ကြိုးစားပါတယ်။ ရုတ်တရက် အားမရှိသလို ဖြစ်ပြီး လဲကျသွားပါတယ်။ သူဘာပြောလိုက်သလဲတော့ မသိဘူး။
ကျမ မျက်စိဖွင့်လိုက်တဲ့ အခါမှာတော့ ကျမ ဆေးရုံပေါ်မှာ သတိလစ်မေ့မျောနေတာ ဖြစ်ပါတယ်။ သတိရရခြင်း မြင်တွေ့လိုက်ရတာကတော့ ကျမ ယောင်္ကျားဖြစ်ပြီး ပထမဆုံး မေးလိုက်တာကတော့ သားကြီး ဘယ်လိုနေလဲ ဖြစ်ပါတယ်။ သူကတော့ မင်း ဒါတွေ စိတ်ပူမနေပါနဲ့ သားကြီးက ဘာမှမဖြစ်ဘူး မင်း သတိလစ်နေတာ တပတ်လောက် ရှိသွားပြီ။ ထိုစကားသံကို ကြားတဲ့အခါမှာတော့ ကျမ သိလိုက်တာကတော့ ကျမ မသေသေးဘူး ဆိုတာပါပဲ။ အရမ်းကို ဝမ်းသာ ပီတိဖြစ်မိပါတယ်။
အတွေးထဲ သိလိုက်တာတခုကတော့ သေခြင်းတရားဆိုတာ အချိန်မရွေးလာနိုင်သလို မသေခင်မှာ ဘာတွေ ကြိုတင်ပြင်ဆင် သင့်သလဲ ဆိုတဲ့ အတွေးတခု နဲ့ ရည်ရွယ်ချက်ကြီးကြီးမားမား ရှိသွားတာပါပဲ။
33 comments
shwe ni
August 16, 2011 at 12:44 am
“သေခြင်းတရားဆိုတာ အချိန်မရွေးလာနိုင်သလို မသေခင်မှာ ဘာတွေ ကြိုတင်ပြင်ဆင် သင့်သလဲ”
ဟုတ်ပ ဆူးရေ တနေ့ တနေ့ လောဘ.ဒေါသ. မောဟတွေနဲ့ပဲ အချိန်တော်တော်များများက ကုန်နေတာ အသေမဦးခင် ဉာဏ်ဦးဖို့လိုတာ ဆင်ခြင်ဖို့လိုတာ အသေအချာပါပဲ ။
i love this
August 16, 2011 at 12:54 am
စား ရယ် ဝတ် ရယ် နေရေး ရယ် အရေးကြီးသဗျ၊
လောလောဆယ်တော့ ဒီသဟာကိုပဲ နေ့တိုင်းကြိုတင် ပြင်ဆင်နေရပါသဗျာ၊
မဆူး ဆိုလိုတာကိုလဲ သဘောပေါက်ပါတယ်၊
သို့ပေမဲ့လည်း…….. 🙁
koyinmaung
August 16, 2011 at 6:49 am
ကိုယ့်မိဘတွေ မကွယ်လွန်ခင်ကလဲကိုယ်တွေအတွက် ဒီလိုဘဲတွေးပူခဲ့ကြတာပါဘဲ မိဘတွေမျက်ကွယ်ပြုသွားတဲ့အခါကျတော့လဲကိုယ့်ဘဝကိုယ်အဆင်ပြေသလိုရုန်းကန်ကြရတာပါဘဲလေ ကိုယ်ကမိဘနေရာရောက်လါပြန်ပါပြီ သားသမီးတွေအတွက်ဘယ်လိုစိတ်ထားရမယ် ဘယ်လိုရင်ဆိုင်သင့်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုသာပြန်မေးကြည့်သင့်ပါတယ် မဆူးရေ….
waithurai
August 16, 2011 at 7:07 am
ဖတ်နေရင်းနဲ့ မျက်ရည်ကျခဲ့မိပါတယ် ခင်ဗျ အောက်ဆုံးရောက်တော့မှ ပျော်ရွှင်မှုတွေ ပြန်ရခဲ့ပါတယ် တစ်ခါတည်းနဲ့ ရသ နှစ်မျိုးကို ခံစားမိခဲ့ပါတယ် ကျေးဇူးတင်ပါတယ်
ကြောင်ကြီး
August 16, 2011 at 7:42 am
သဂျီးတော်တော် စိတ်ဆိုးနေတယ်။ အိမ်မက်ရရက်လုံးမက်တယ်ဆိုတာ မဖြစ်သင့်ဘူးတဲ့။ ကားသမားကိုနဲ့ လက်လွတ်စပယ် သတင်းလာပေးသူကို တရားဆွဲသင့်တယ်တဲ့။ ဆိုင်ရာ လွှတ်တော်အမတ်တွေထံ မတိုင်ကြားဘူးလားတဲ့။ ယူအက်စ်မှာဆို လျော်ကြေးသန်းချီရမယ်တဲ့။ သူပျောဓါ….
mr.lone
August 16, 2011 at 9:59 am
သဂျီးရယ်.~~..ဟင့်.~~..ဟင့်…ဒါမြန်မာကဖြစ်ရပ်ပါ သဂျီးရယ်…~~.အိပ်မက်မဟုတ်ပါဘူး…. လိပ်ပြာလွင့်နေတဲ့သဘောပါ …. ဒီမှာကလေသံကြားဖမ်းတရားနာတဲ့လူတွေများပါတယ် … ဆိုင်ရာလွှတ်တော်အမတ်တွေနဲ့တိုင်ဖို့နေနေသာ … ရဲစခန်းမှာတိုင်ရုံတင် အကြွေးတော်တော်တင်နိုင်ပါတယ်….US မှာလျော်ကြေးရပေမယ့် ဒီမှာတော့ ကိုယ်ကပြန်လျော်ရမယ့်ကိန်းစိုက်သွားပါလိမ့်မယ် ….. ….. 🙁
weiwei
August 16, 2011 at 8:16 am
အကြောင်းအရာနဲ့ တင်ပြပုံလေးကောင်းပါတယ် …
နောက်လဲ အဲဒါမျိုးလေးတွေ ရေးအုန်းနော် …
MaMa
August 16, 2011 at 8:28 am
တစ်ပုဒ်လုံးဖတ်ပြီးမှပဲ သက်ပြင်းချနိုင်တော့တယ် ဆူးရယ်။ စာရေးသူဆွဲခေါ်သွားရာကို လိုက်သွားရတာ မောနေတာပဲ။ happy ending လေးနဲ့မို့ တော်ပါသေးရဲ့။
ogre
August 16, 2011 at 8:40 am
သေချင်းတရားဟာ သင်ရဲ့ လက်တစ်ကမ်းအကွာမှာရှိတယ်လို့ ထင်တယ်
ခလုတ်တစ်ချက်တိုက်မိရုံနဲ့တင် သေချင်တရားကိုဖမ်းဆုပ်တွေ့ရှိနိုင်ပါတယ်
အသက်ကိုဉာဏ်စောင့်ပါတယ်…..ဉာဏ်နဲယှဉ်ကာအသက်ကိုစောက်ရှောက်နိုင်ကြဘို့ပါ။။
နွယ်ပင်
August 16, 2011 at 9:10 am
ဆူးရေ မိခင်တစ်ယောက်ရဲ့ ခံစားချက်ကိုရေးထားတာ
ပီပြင်လွန်းလို့ မျက်ရည်တောင် ဝဲမတက်ပါပဲ ….
တကယ်များသေသွားပြီလားလို့ စိတ်ပူရင်း အောက်ဆုံးအပိုဒ်လေး
ရောက်မှပဲ သက်ပြင်းကိုချနိုင်မိတော့တယ်
ရေးထားတာ အရမ်းကောင်းပါတယ် အားပေးနေမယ်နော် …………..
fatty
August 16, 2011 at 9:51 am
ကျနော့မှာသာပိုက်ဆံရှိရင် … ဇာတ်လမ်းလေးကို ဇာတ်ညွှန်းကောင်းကောင်းခွဲပြီး
GံHOST လိုကားမျိုး ရိုက်လိုက်ချင်တယ်။ မောင်မျိုးမင်တို့ ကော့သွားမှာပေါ့ …။
pan pan
August 16, 2011 at 9:56 am
ဖတ်လိုက်တာ မောသွားတာပဲဘွားဆူးရယ်
အဲဒီထဲက ဇာတ်ကောင်လိုဗျာများသွားတာပဲ
“မှတ်မိသလောက် ဘဝ တသက်တာမှာ အလှူအတန်းဆိုတာ လုပ်ဖူးတယ် မရှိလောက်အောင်ပါပဲ။” ဆိုတာလေးဖတ်ပြီး ကိုယ်တိုင်လည်း ဘာကုသိုလ်ကောင်းမှုများ လုပ်ခဲ့လဲလို့ ခေါင်းထဲမှာ အပြေးအလွှားစဉ်းစားမိသေးတယ် 😀
ဇာတ်ကောင်ဖြစ်သွားတယ်ဆိုပါတော့
etone
August 16, 2011 at 11:01 am
ရင်တမမ ဖတ်ရင်း ဖတ်ရင်း နဲ့ …ဇာတ်သိမ်းကတော့ … ကြေကွဲခန်းမှတ်တယ် … happy ending လေးဖြစ်သွားတော့လည်း ဖတ်ရတဲ့လူပါ ပျော်ရပါတယ် .. ။
မိုက်ကယ်ဂျော်နီအောင်ပု
August 16, 2011 at 11:28 am
ကြေးစည် ထုကြတာက ဘယ်လိုသဘောရှိသလဲဒေါ့သိဘူး
သိတဲ့သူတွေ မိန့်တော်မူကြပါဦး ကျုပ်ကတော့ ထုံးစံအတိုင်းစာအုပ်လန်ဘာဒယ် 😀
မျက်စေ့နောက် အမြင်ကပ်ကြရင်လည်း အားမနာပါးမနာပြောကြပါနော
…………………………..
………………………….
နတ်တို့၏တမန် ( ငါးတန် ) သော နိမိတ်တို့သည် တိုက်တွန်း အပ်ပါကုန်လျက်
မေ့လျော့နေကုန်သော သတ္တဝါတို့သည်
ယုတ်ညံ့သော အတ္တဘောနှင့် ပြည့်စုံကုန်၍ ရှည်စွာသော နေ့ ညဉ့်ပတ်လုံး ပူဆွေးရကုန်၏။
……………………………….
လူတို့၌ ကလေးသူငယ် လူမမယ် ပက်လက်အိပ် အရွယ်ကို မိမိကျင်ကြီး ကျင်ငယ်၌ လူးလဲ ပေကျံလျက်
အိပ်စက် နေရသည် ကို မြင်သောအခါ အကြင်သူသည် လိမ္မာရေးခြားရှိ၍ အသက်အရွယ် ကြီးရင့်သူ ဖြစ်လျက်
ငါသည်လည်း ပဋိသန္ဓေနေခြင်း သဘောရှိ၏၊ ပဋိသန္ဓေနေခြင်းကို မလွန်ဆန်နိုင်၊
ယခုအခါ၌ ကိုယ်ဖြင့် လည်းကောင်း၊ နှုတ်ဖြင့် လည်းကောင်း၊ စိတ်ဖြင့် လည်းကောင်း၊ ကောင်းမှုကို ပြုအံ့ ဟူ၍
ဤအကြံသည် ဖြစ်ရာ၏(၁)
လူတို့၌ အိုမင်းရင့်ရော်သော ကုန်းကိုင်းသော တောင်ဝှေးသာ မှီခိုရာရှိသော တုန်တုန်ရီရီ သွားနေသော
ကျင်နာသော အရွယ်လွန် သော သွားကျိုးသော ဆံပင်ဖြူသော ဆံပင် ကျွတ်ပြတ်၍ ဦးခေါင်းပြောင်နေသော
အရေတွန့်သော ကိုယ်၌ မှည့်မည်း စွဲနေသော မိန်းမကို ဖြစ်စေ၊ ယောကျာ်းကို ဖြစ်စေ မြင်သောအခါ
အကြင်သူသည် လိမ္မာရေးခြားရှိ၍ အသက်အရွယ် ကြီးရင့်သူဖြစ်လျက် ငါသည်လည်း အိုခြင်း သဘောရှိ၏၊
အိုခြင်းကို မလွန်ဆန်နိုင်၊ ငါသည် ယခုအခါ၌ ကိုယ်ဖြင့် လည်းကောင်း၊ နှုတ်ဖြင့် လည်းကောင်း၊
စိတ်ဖြင့် လည်းကောင်း ကောင်းမှုကို ပြုအံ့} ဟူ၍ ဤအကြံသည် ဖြစ်ရာ၏။(၂)
လူတို့၌ အနာရောဂါ နှိပ်စက်အပ်သော ဆင်းရဲ ဒုက္ခရောက်နေသော ပြင်းထန်စွာ မကျန်းမာနာနေသော
မိမိကျင်ကြီး ကျင်ငယ်၌ လူးလဲပေကျံလျက် အိပ်စက်နေသော အခြားသူတို့က ထူမပေးရ
အခြားသူတို့က သိပ်ပေးရသော မိန်းမကို ဖြစ်စေ၊ ယောကျာ်းကို ဖြစ်စေ မြင်သောအခါ အကြင်သူသည်
လိမ္မာရေးခြားရှိ၍ အသက်အရွယ် ကြီးရင့်သူဖြစ်လျက် ငါသည်လည်း ဖျားနာခြင်း သဘောရှိ၏၊
ဖျားနာခြင်းကို မလွန်ဆန်နိုင်၊ ငါသည် ယခုအခါ၌ ကိုယ်ဖြင့် လည်းကောင်း၊ နှုတ်ဖြင့် လည်းကောင်း၊
စိတ်ဖြင့် လည်းကောင်း ကောင်းမှုကို ပြုအံ့ ဟူ၍ ဤအကြံသည် ဖြစ်ရာ၏။(၃)
လူတို့၌ မင်းတို့သည် မကောင်း မှုကို ပြုကျင့်သော ခိုးသူကို ဖမ်းယူ၍ ညှင်းပန်းမှု အမျိုးမျိုးတို့ကို ပြုသည်တို့ကို
ကြိမ်လုံး ဖြင့် ရိုက်သည်တို့ကို လည်းကောင်း၊ ကြိမ်နွယ်တို့ဖြင့် ရိုက်သည်တို့ကို လည်းကောင်း၊
တုတ်တိုတို့ဖြင့် ရိုက်သည်တို့ကို လည်းကောင်း၊ လက်ကို ဖြတ်သည်တို့ကို လည်းကောင်း
ခြေကို ဖြတ်သည်တို့ ကို လည်းကောင်း လက် ခြေကို ဖြတ်သည်တို့ကို လည်းကောင်း
နားကို ဖြတ်သည်တို့ကို လည်းကောင်း၊ နှာခေါင်းကို ဖြတ်သည်တို့ကို လည်းကောင်း၊
နားနှာ ခေါင်းကို ဖြတ်သည်တို့ကို လည်းကောင်း၊
ဦးခေါင်းခွံကို ဖောက်၍ ဦးနှောက်ကို ပအုံးရည်ကဲ့သို့ ပူလောင်စေသည်တို့ကို လည်းကောင်း၊
ခရုသင်း ပမာ ဦးခေါင်းရေကို ခွါသည်တို့ကို လည်းကောင်း၊
နေကိုငုံသည့် ရာဟု ခံတွင်းအလား ပါးစပ်အတွင်း၌ သွေးပြည့်အောင် ပြုသည်တို့ကို လည်းကောင်း၊
ကိုယ်ကို ဆီဆွတ်သည့် အဝတ်ဖြင့် ရစ်ပတ်၍ မီးပန်းပမာ ရှို့မြှိုက်သည်တို့ကို လည်းကောင်း
လက်နှစ်ဖက်ကို ဆီဆွတ်သည့် အဝတ်ဖြင့် ရစ်ပတ်၍ မီးတိုင်ပမာ ရှို့မြှိုက်သည်တို့ကို လည်းကောင်း
မြစ်ခြေပင်မ၌ အရိုး အရွက်တို့ကို ရစ်ပတ်နေသော ပိန်းပင် အလား ဖမျက်အထိ တစ်ကိုယ်လုံးမှ
အရေကို ခွါချကာ ပြေးလွှားစေသည်တို့ကို လည်း ကောင်း၊
အောက်တစ်ကိုယ်လုံးမှ အရေကို လည်ပင်း အထိခွါ၍ လျှော်တေ ဝတ်ရုံသော ရသေ့အလား
ပြေးလွှားစေသည်တို့ကို လည်းကောင်း၊
ခြေလက်လေးဖက်၌ တံကျင်လျှိုထား၍ လေးဖက်တွားနေသည့် သားကောင် ကဲ့သို့ ပြုလုပ်သည်တို့ကို လည်းကောင်း
အရေ အသား အကြောတို့ကို ငါးမျှားချိတ်ပမာ ထက်စွာသော သံချိတ်တို့ဖြင့် ဆွဲချိတ်၍ ချသည်တို့ကို လည်းကောင်း တစ်ကိုယ်လုံးမှ အသားစိုင်တို့ကို တစ်ကျပ်သား တစ်ကျပ်သားခန့် ခြွေချသည်တို့ကို လည်းကောင်း
တစ်ကိုယ်လုံး၌ သံဆူးခက်တို့ဖြင့် ရိုက်နှက်ကာ ဆား ဆပ်ပြာတို့ဖြင့် ပက်ကြသည်တို့ကို လည်းကောင်း
တံခါးတိုင်၌ တံခါးကျင်လှည့် သကဲ့သို့ ကိုယ်ကို သံတံကျင်လျှို၍ လှည့်စေသည်တိ ု့ကို လည်းကောင်း
အရိုးအားလုံးကို မှုန့်မှုန့် ညက်ညက် ကျေမွစေလျှက် ကောက်ရိုးက ရွတ်ခွေကဲ့သို ့ ပြုလုပ်သည်တို့ကို လည်းကောင်း၊
ဆီပူဖြင့် သွန်းလောင်းသည်တို့ကို လည်းကောင်း၊ ခွေးတို့ကို ကိုက်စေသည်တို့ကို လည်းကောင်း၊
အရှင်လတ် လတ် သံတံကျင်ဖြင့် လျှိုသည်တို့ကို လည်းကောင်း၊
သန်လျက်ဖြင့် ဦးခေါင်းကို ဖြတ်သည်တို့ကို လည်းကောင်း မြင်သောအခါ အကြင်သူသည် လိမ္မာရေးခြားရှိ၍
အသက်အရွယ် ကြီးရင့်သူဖြစ်လျက် ငါသည်လည်း ယခုအခါ၌ ကိုယ်ဖြင့် လည်းကောင်း၊ နှုတ်ဖြင့် လည်းကောင်း၊
စိတ်ဖြင့် လည်းကောင်း ကောင်းမှုကို ပြုအံ့ ဟူ၍ ဤအကြံသည် ဖြစ်ရာ၏ ။(၄)
( ခုခေတ်ဆိုရင်တော့ ပေါ်တာထည်းထည့်တာတို့ ကျောက်ထုခိုင်းတာတို့ ပါမပေါ့(စကားချပ်))
လူတို့၌ သေ၍ တစ်ရက် ရှိသော သူသေကောင် သေ၍ နှစ်ရက်ရှိသော သူသေကောင်
သေ၍ သုံးရက်ရှိသော သူသေကောင် သေပြီးသည့်နောက် ဖူးဖူးရောင် ပုပ်ပွလျက် ကွက်နေသော သူသေကောင်
ရုပ်ဆင်း ပျက်ပြားလျက် အညိုအမဲများသော သူသေကောင် သွေးပြည်ယိုစီးသော သဘောရှိသော သူသေကောင်
မိန်းမကို ဖြစ်စေ ယောကျာ်းကို ဖြစ်စေ မြင်သောအခါ လိမ္မာရေးခြားရှိ၍ အသက်အရွယ် ကြီးရင့်သူ ဖြစ်လျက်
ငါသည်လည်း သေခြင်းသဘော ရှိ၏၊ သေခြင်းကို မလွန်ဆန်နိုင်၊ ငါသည် ယခုအခါ၌ ကိုယ်ဖြင့် လည်းကောင်း၊
နှုတ်ဖြင့် လည်းကောင်း၊ စိတ်ဖြင့် လည်းကောင်း ကောင်းမှုကို ပြုအံ့ ဟု ဤ အကြံသည် ဖြစ်ရာ၏။(၅)
……………………………………………
……………………………………………
ဤလောက၌ သူတော်ကောင်း အစစ် ထင်ရှား ဖြစ်ကုန်သော သူတို့သည် နတ်တို့၏ တမန်
( ငါးတန် ) သော နိမိတ်တို့က တိုက်တွန်း အပ်ကုန်သည်ဖြစ်၍ သူတော်ကောင်းတို့၏ တရား၌
တစ်ရံ တစ်ဆစ်မျှ မမေ့လျော့ကုန်။
ထိုသူတို့သည် ပဋိသန္ဓေနေခြင်း သေခြင်း၏ ဖြစ်ကြောင်းဖြစ်သော ဥပါဒါန်တရား၌
ကြောက်စရာ ဘေးဟု ရှု၍ မစွဲလမ်းဘဲ ပဋိသန္ဓေ နေခြင်း သေခြင်း၏ ကုန်ဆုံးရာ
နိဗ္ဗာန်၌ လွတ်လွတ် ဝင်ရောက် ကြကုန်၏။
ထိုအရိယာပုဂ္ဂိုလ်တို့သည် ဘေးရန် ကင်းငြိမ်းရာသို့ ရောက်ကုန်၍ ချမ်းသာခြင်း ရှိကုန်၏၊
မျက် မှောက်ဘဝ၌ (အလုံးစုံသော ကိလေသာအပူမှ) အေးငြိမ်းတော် မူကုန်၏၊
အလုံးစုံသော ရန်ဘေးကို လွန်ကုန်၏၊ အလုံးစုံသော ဝဋ်ဒုက္ခကို လွန်မြောက် ကုန်၏။
မဇ္ဈိမနိကာယ် ဥပရိပဏ္ဏာသပါဠိတော် မြန်မာပြန် -၄ – ဝိဘင်္ဂဝဂ် – ၁ – ဘဒ္ဒေကရတ္တသုတ်
၂၇၂။ အတိတ်ခန္ဓာသို့လည်း အစဉ်မလိုက်ရာ၊ အနာဂတ်ခန္ဓာကိုလည်း မတောင့်တရာ၊ အတိတ်ခန္ဓာ သည် ချုပ်ပြီးပြီ၊ အနာဂတ်ခန္ဓာလည်း မရောက်လာသေး။ ပစ္စုပ္ပန်ဖြစ်သော သဘောတရားကို ထိုထိုဖြစ်ဆဲ ခဏ၌သာလျှင်
ဝိပဿနာ ရှုသော ထိုပုဂ္ဂိုလ် သည် တွန့်တိုခြင်း ပျက်စီးခြင်း မရှိသော ထိုဝိပဿနာ ရှုမှုကို အဖန်ဖန် ပွါးများရာ၏။ အဘယ်သူသည် နက်ဖြန်၌ သေရမည်ကို သိနိုင်အံ့နည်း၊ ယနေ့ကပင်လျှင် အားထုတ်သင့်သော
ကုသိုလ်ကောင်းမှု အလုပ်ကို ပြုလုပ်သင့်၏၊
ငါတို့မှာ များသော စစ်သည် ရှိသော ထိုသေမင်းနှင့် ချိန်းချက်ထားမှုသည် မရှိသည်သာတည်း။
ဤသို့ နေလေ့ရှိသော လွန်စွာ အားထုတ်ခြင်း ရှိသော နေ့ ညဉ့်ပတ်လုံး မပျင်းမရိ အားထုတ် သော ထိုရဟန်းကို စင်စစ်
ကောင်းသော ညဉ့်တစ်ညဉ့် ရှိသော ရဟန်း ဟူ၍
ကိလေသာ ငြိမ်းအေး ပြီးသော မြတ်စွာဘုရားသည် ဟောကြားတော်မူ၏။
…………………………..
……………………………
ဘယ်လိုမှတော့ သဘောမထားကြနဲ့နော် အကျင့်ပါနေလို့ပါ
ကျုပ်ကျင့်ကြံတယ်လို့တော့ လုံးဝဝန်မခံပါဘူး
ယုံကြပါလို့လည်း အတင်းအကြပ်မတိုက်တွန်းပါဘူး
ချဉ်းကပ်ကြည့်နာပါ။
meelay
August 16, 2011 at 12:28 pm
နဂိုကတည်းက ဝတ္ထုဖြစ်ဖြစ်၊ ဇာတ်လမ်းဖြစ်ဖြစ်ကြည့်ရင် မျက်ရည်က မထိန်းနိုင်ဘူး … အခုဇာတ်လမ်းကို ရုံးမှာ အလုပ်လုပ်ရင်း ဖတ်နေရတော့ မျက်ရည်မကျအောင် မနည်းထိန်းထားရတယ် … ဇာတ်သိမ်းဖတ်ပြီးတော့မှပဲ ပြုံးနိုင်တော့တယ် …..
akswe
August 16, 2011 at 12:35 pm
ရသ ၉ပါး လက်သုတ်စုံ တစ်ပွဲစားလိုက်ရတယ်။ဆူးရဲ့ လက်စွမ်းနောက် တစ်ခုပေါ့။
(သိလိုက်တာတခုကတော့ ကျမ ရှင်လူ မဟုတ်တော့ဘူး။ သေသွားပြီ ဆိုတာပါပဲ။ အတွေးထဲမှာ ဘာများ ကောင်းတာ လုပ်ဖူးလဲ ဆိုတဲ့ အတွေးလေး တွေးမိပါသေးတယ်။ တွေးလို့လည်း ဘာမှ မရဘူး)
(ရက်လည်တဲ့ နေ့မှာတော့ သံဃာတော်များ ဆွမ်းကပ်ပြီး သာဓု အနုမောဒနာ တရားများ နာကြားခဲ့ရပါတယ်။ သာဓု ခေါ်ချင်ပါတယ်။ ကလေးတွေ အတွက် စိတ်သောက နဲ့ ဟိုတွေး ဒီတွေး ဖြစ်နေတာနဲ့ သာဓုခေါ်ဖို့ မေ့လျော့သွားတယ်။ )
အဲဒီအမျိုးသမီးအတွက် အရမ်း စိတ်ပူသွားမိတယ်..
ဖတ်လက်စကိုခဏ ရပ်ပြီး စဉ်းစားရင်း….
ကိုယ့် အတွက် ကိုယ်လည်း အရမ်းကို စိတ်ပူ ထိတ်လန့်သွားမိရတယ်…(ဘုရား…ဘုရား…. ဘာကောင်းမှု မှ မရှိသေးပါလား)…
kai
August 16, 2011 at 3:17 pm
ကိုမာဝင်နေတယ်ပေါ့လေ…။
ရ ရက်တောင်ဆိုတော့.. အမှန်က..သတိပြန်လည်လာဖို့ ..သိပ်တော့မလွယ်ဘူး..။
ကြားထဲ့..စိတ်ဂယောင်ချောက်ခြားနဲ့.. ဖြစ်ချင်တာတွေ..လုပ်ချင်တာတွေ.. အိပ်မက်လို့ထည့်မက်တာပေါ့..။
ဒါကို အနုပညာနဲ့..ရေးသွားတာမို့..ဖတ်ကောင်းပါတယ်..။
ဆိုတော့…
အသက်အာမခံ…ရသလောက်လေး ဝယ်ထားကြဖို့အတွက်.. တိုက်တွန်းတဲ့… စာအဖြစ်.. လုပ်သင့်တယ်.။
မြန်မာပြည်မှာ… အသက်အာမခံကုမ္ပဏီကြီးတွေများရှိလာရင်.. ပရိုမိုးရှင်းလုပ်..ကြော်ငြာဖို့..ဝယ်သုံးသင့်တာပေါ့..။
(နောက်တာနော…) 🙂 🙂 🙂
MaMa
August 16, 2011 at 5:09 pm
မြန်မာပြည်မှာ… အသက်အာမခံကုမ္ပဏီတွေတော့ရှိတယ်။ ကြီးလားသေးလားတော့ မသိဘူး။ ပုဂ္ဂလိကပိုင်တွေတော့ မဟုတ်ဘူး။ မြန်မာနိုင်ငံသားတွေအနေနဲ့ အာမခံလုပ်ငန်းနဲ့ မရင်းနှီးဘူး။ အာမခံထားပြီးမှ ကိစ္စရှိလာရင် ကိုယ့်ဖက်က ဘယ်လို့ရပိုင်ခွင့်ရှိမှန်း သေသေချာချာ မသိတဲ့အပြင် ရပိုင်ခွင့်ကို ရအောင်လည်း ကြိုးပမ်းရမှာမို့ အာမခံထားဖို့ကို သိပ်စိတ်မဝင်စားကြဘူး။ ဒါပေမယ့် ကြုံတုန်း ကြွားရဦးမယ်။ ကျမတို့အဖေက သားသမီးတွေက များလည်းများ ငယ်လည်း ငယ်ချိန်မှာ၊ အမေကလည်း စီးပွားရေးမှာ အဖေဦးဆောင်တဲ့နောက်ကို လိုက်သူမို့ အသက်အာမခံ လုပ်ထားဘူးတယ်။ သားသမီးတွေကိုလည်း တကယ်လို့ သူတစ်ခုခု ဖြစ်သွားခဲ့ရင် အသက်အာမခံရှိလို့ စိုးရိမ်စရာမလိုဘူးလို့ ပြောပြဘူးတယ်။
ဆူး
August 16, 2011 at 7:49 pm
စားဖို့တောင် အနိုင်နိုင် အကြွေးကင်းအောင် မလုပ်နိုင်တာ အာမခံ ဝယ်ဖို့ အကြွေးနဲ့ ဝယ်ပြီး အတိုးကြားထဲ မြုပ်ပြီး ရုန်းမထွက်နိုင် ဖြစ်နေမှာပေါ့။ အဓိက ရိုးသားပြီး ကြိုးစားတဲ့ လူတွေ အတွက် ငွေရပေါက် ရလမ်း အခွင့်အရေး များများ ရှိလာဖို့ လိုအပ်တယ်။ ပိုက်ဆံ ရှိမှ အာမခံ ဖြစ်ဖြစ် ဘာဖြစ်ဖြစ် တခုခု ဝယ်ချင်တာ ဝယ်ထားနိုင်မယ်။
ရဲစည်
June 30, 2012 at 10:41 am
ဆူးရေ ….
ဒီပို့စ်လေးဖတ်ပီး အမှန်အကန်ခံစားသွားပါတယ်
ကိုယ်တိုင်လဲ အဖေနဲ့ပတ်သတ်ပီး ဒီနေ့အထိ ခံစားချက်ရှိနေတော့ အဲဒီအကြောင်းတွေကြားရင် စိတ်မခိုင်ချင်ဘူး…
ခုတလောလဲ ရသပိုင်းနဲ့ အပြည့်အဝပေးတဲ့စာတွေ ရွာထဲမလဲ ရှားနေလိုက်တာ ဟိုအရင်တချိန်က ရွာကို သတိရတယ်
ဒါနဲ့ စကားမစပ် ဂျီးဂျီးလေးရယ် ………ကိုမာဆိုလို့ပါ
၂၀၀၉ တုန်းက အဖေ ဦးနှောက်သွေးကြောပေါက်ပီး မနက်၅းဝဝလောက် SSCမှာတင်ထားရတယ်
ဦးနှောက်နဲ့ အာရုံကြော အထူးကုကမအားလို့ သူ့လင်တော်မောင် ခွဲစိတ်အထူးကုက လာခွဲသွားတယ်
ပြီးတော့ ၁၈သိန်းယူပီး ၅၀/၅ဝ တဲ့ပြောသွားတယ် ၃ရက်မြောက်မှာ တချက်ပြန်လည်လာသလိုဘဲ ဒါပေမဲ့ သူတို့ ချွဲလာစုပ်တဲ့ အချိန်မှာ စူးစူးဝါးဝါးအော်ပီး ငြိမ်သွားတယ် အဲကထဲက ပြန်မရတော့တာ ဒါနဲ့ဘဲ အောက်စီဂျင်တလိုင်း
အသက်အကူရှူစက် တလိုင်းနဲ့ နောက်တရက်ထားတယ် ဆေးရုံကလူတွေကလည်း ဘာမှလာမပြောတော့ဘူး ကျနော်လဲ ဘာလုပ်လို့ လုပ်ရမှန်းမသိဘူး ပိုဆိုးတာက ICU မှာ လူနာ ရယောက်ထားတာ ၆ယောက်ကတော့ လစ်သွားပီ နောက်ဆုံးတော့လဲဗျာ လူမိုက်လုပ်ပီး စက်တွေဖြုတ်လိုက်တာ ၂နာရီတိတိတောင့်ခံနေပီးမှ နှလုံးခုန်ရပ်သွားတယ်…. အဲမှာ ဘာပြောချင်လဲ ဆိုတော့
ည ၁၁း၄၄မို့ ရေဝေးကို ပို့လို့မရဘူး အဲဒါမို့ ဆေးရုံက လော့ကာထဲ ထည့်ဖို့ သူ့ကိုပြင်ရတယ် ပိုက်တွေဖြုတ်
ပီးတော့ ပတ်တီးတွေနဲ့ ခြေလက်တုပ်ပီး အဝတ်စိမ်းနဲ့ ပတ်တယ် အဲဒီအချိန်မှာ ကျနော် အရမ်းခံစားရတယ် တကယ်လို့များပေါ့ သူသတိပြန်လည်လာခဲ့ရင်ပေါ့……….ကျနော့်မှာ ကိုယ်တွေ့ရှိတယ်လေ ၅ရက်တိတိ
သတိလစ်နေပီးမှ နောက်နေ့ သဂြိုလ်ခါနီး သတိပြန်လည်လာတဲ့သူ ခုထိ အသက်ရှင်နေသေးတယ် ကမမောင်းဘက်မှာ အလုပ်သွားလုပ်တုန်းက ကြုံခဲ့ရတာ………………………… အဲဒါလေးပါဗျာ တိုက်ဆိုုင်လို့
တခါတလေ လောကကြီးရဲ့ ဆန်းကျယ်တဲ့ သဘောတရားတွေကို အောက်စဖိုဒ့်လောက်မှာ စာတမ်းလုပ်ချင်ရဲ့
🙁
ဪ အနိစ္စ… အနိစ္စ(ခရက်ဒစ်တူ ဂျီးဂျီး)
အတည်ရေးရင်း စိတ်ကဖောက်သွားလို့… 🙂
ဆူး
June 30, 2012 at 12:39 pm
ဆူး လည်း စာရေးချင်စိတ် သိပ်မရှိလို့ မရေးပဲ စာရေးတဲ့ အလုပ်ကို ခဏ ရပ်ထားတာပါ။ နောက်တော့ စိတ်ပါရင်တော့ ရေးဖို့ အစီအစဉ် ရှိပါတယ်။
ကိုရဲစည် ရဲ့ အဖေ နဲ့ ပတ်သတ်တဲ့ အကြောင်း ဖတ်ရတာ တကယ်စိတ်မကောင်း ဖြစ်မိပါတယ်။
ဆူး လည်း အဖေ နဲ့ ပတ်သတ်ရင် ကြီးမားတဲ့ ခံစားချက် ရှိပါတယ်။
ဖေဖေ က ၂နှစ်ခွဲ လောက် အိပ်ယာထဲ မထနိုင်ဖြစ်ပြီး သေတဲ့ အထိ လမ်းမလျှောက်နိုင်တော့ပါဘူး။ ဆရာဝန် တယောက် ရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်လို့ ပြောလို့ ရပါတယ်။
ဖေဖေ နေမကောင်းတုန်းက အသုံးပြုခဲ့တဲ့ ဝှီးချဲ ကလေးတောင် ပန်းတနော် ဆေးရုံမှာ လှူခဲ့ပါသေးတယ်။ လူမမာ တယောက်ကို အကြာကြီး ပြုစုပြီး ဆုံးသွားတော့လည်း အရမ်းကို ဝမ်းနည်း ခံစားခဲ့ရတယ်။ ကံကြမ္မာ ဆိုတာ ပါလာခဲ့ရင် ဘယ်လိုမှ ရှောင်လွဲလို့ မရဘူး ဆိုတာကတော့ လက်ခံပေးရမှာပါပဲ။ ကိုရဲစည် ဖခင် အတွက် စိတ်မကောင်းမဖြစ်ပါနဲ့ စိတ်မကောင်းဖြစ်ပြီး တနုတ်နုတ် ကြေကွဲနေမယ် ဆိုရင် ကောင်းတဲ့ ကံ အကျိုးမပေးနိုင်ပဲ မကောင်းတဲ့ ကံတွေ အကျိုးပေးက နောက်ကလိုက်နေပါလိမ့်မယ်။ တချို့ ကိစ္စတွေက မလွဲမရှောင်နိုင်လို့ လုပ်ရတာတွေ ရှိတတ်တာမို့ အဆင်ပြေဆုံး နည်းနဲ့ စိတ်ကို ဖြေနိုင်အောင် ထားတတ်အောင် ထားနိုင်ဖို့ ကြိုးစားပါလို့ ပြောပြချင်ပါတယ်။
မီးမီး သော်
August 16, 2011 at 4:49 pm
အရမ်းဖတ်လို ့ကောင်းပါတယ်။နောင်ဘဝ ကိုပါမယ့်ကုသိုလ်ရေးလေးဖက်ကို လှည့်ကြဖို ့သတိပေးလိုက်လို ့ကျေးဇူးပါနော်။နောက်လဲ ဖတ်ချင်ပါသေးတယ်–ကြိ ုးစားပေးပါနော့
ရွှေအိမ်စည်
August 16, 2011 at 5:25 pm
အရမ်းဖတ်ကောင်းပါတယ်..တော်သေးတယ်..ငယ်ငယ်ကလိုဘဲ..
နောက်ဆုံးခန်းဘာလဲဟင်မေးကြတယ်လေ..သေရင်မကြိုက်ချင်ဘူးနော်…..ကလေးဘဝကတော့
windtalker
August 16, 2011 at 7:58 pm
အင်း
ဖတ်လို ့ကောင်းလို ့
ဇါတ်လမ်းထဲ မျောသွားလို ့
ဘယ်လို လဲ ဆိုတာ
ရေးမပြနိုင်လောက်အောင်
ဖြစ်ရပါတယ်
စာဖတ်သူ ရဲ ့စိတ်ကို
ဆွဲခေါ်သွားတဲ့ စာကောင်းတစ်ပုဒ်ပါပဲ
ဆရာသော်တာဆွေ ထဲ က လို ပြောရရင်
အားကြီးမောတဲ့ သားသမီးဇေါ
hmee
August 16, 2011 at 8:55 pm
အမ အဒေါ် (အမေ့ညီမ ဝမ်းကွဲ) က ကလေးလေး ၆လမှာ ဆုံးသွားတယ်။ သူက အရင်ကတည်းက ဘုန်းကြီးကျောင်းမှ ကုသိုလ်ယူပြီး အလုပ်လုပ်ပေးတယ်။ ရပ်ဝေးကလာတဲ့ စာသင်သား ကိုယ်ရင်လေးတွေဆို လိုအပ်တာများရှိရင် သူ့ကိုလာပြော သူကလိုက်ပြီးအလှုခံပေးတယ်။ သူတတ်နိုင်ရင်တော့ လှုတာပေါ့။ တရားပွဲတွေဆို အမြဲတရားနာတာ။ ကျောင်း ဝေယျာဝစ္စတွေဆို မငြီးမငြူ ကူညီတယ်။ သူဆုံးတော့ ကိုယ်ရင်လေးတွေ အသုဘ ပို့ရင်း ငိုကြတာ။ အဲ့ဒီလို ကုသိုလ်တွေ လုပ်လို့ပဲလား မပြောတတ်ဘူး သူဆုံးသွားတော့ ကလေးလေး ၆လသားလေး ကျန်ခဲ့တာ ဘာအရိပ်အယောင်မှ မပြဘူး။ လိပ်ပြာခွဲတော့လည်း ဘယ်သူ့ကိုမှ မပေးဘူး။ သူ့ယောက်ကျားတောင်းတာကို မပေးဘူး။ တမျိုးလုံး တယောက်ပြီး တယောက်တောင်းတာကို မပေးတာ။ အဲ့တုန်းက အမက အိမ်ထောင်မကျသေးဘူး အပျိုကြီးပေါ့။ အသိတယောက်က ဟဲ့ …နင့်အမဆီက နင်ဝင်တောင်းကြည့်ပါလားလို့ ပြောတယ်။ အဒေါ်ဆိုပေမဲ့ ကိုယ်က အမပဲခေါ်တာလေ။ အမ ကျွန်တော့်ကို ပေးမလား ပေးချင်ပေးခဲ့ပါ ဝင်ပြောမှ ချက်ချင်းကို ပေးတာ။ ကိုယ်က အနီးကပ် နေခဲ့တာလည်း ပါမယ်။ ကလေးကို ဖက်ပြီး ကိုယ့်မှာ ငိုလိုက်ရတာ။ ဆူး စာလေးကို ဖတ်ပြီး အမကို တကယ်သတိရတယ်။ ကိုယ့်အိမ်ထောင်နဲ့ ကိုယ်ဖြစ်လာတော့ မလွယ်တော့ဘူးလေ မောင်လေးဆီကို မရောက်ဖြစ်တော့ဘူး။ အမအပေါ်မှာများ တာဝန်မကျေ ကတိမတည် သလို တခါတခါ ခံစားရတယ်။ ဆူး ရေးထားသလို သူဆုံးပြီး ရက်မလည်ခင် အထိ လာများလာမလားလို့ မျှော်သေးတာ တချက်ကလေးတောင် ဘာမှ မပြဘူး စိတ်ပြတ်ချက်များတော့။
bigbird
August 16, 2011 at 10:14 pm
မယွန်းမှီမှီ ကွန်မန့်ကို နားလည်မလိုလိုနဲ့ နားမလည်ဘူးဖြစ်နေတယ်။…
လိပ်ပြာခွဲတော့ ပေးတယ်ဆိုတာ ဘာကိုပေးတာလဲဟင်?
ရသပေးစွမ်းနိုင်တဲ့ ပိုစ့်တစ်ခုပါပဲ အန်တီဆူးရေ…. စာဖတ်သူတိုင်းကို တစ်ချက်လေးတော့
တွေဝေသွားစေတယ်။
ကိုပေါက်(မန္တလေး)
August 16, 2011 at 11:07 pm
ကျနော်ကြားဘူးတာလေးပြောပြမယ်နော်။
သေသူက ရက်မလည်မခြင်းသူသေတယ်ဆိုတာကို မသိသေးဘူးတဲ့။
ရက်လည်ဆွမ်းသွတ်ကြေးစည်ထုမှ သူသေတယ်ဆိုတာကို သိရတာတဲ့။
လွဲနေရင်ပြန်ပြောပေးအုံးနော်။
ဒါပေမယ့် ဖတ်လို့ကောင်းတယ် အတွေးတစ်စပေးထားခဲ့ပါတယ်…………..
ဆူး
August 16, 2011 at 11:11 pm
ရိုးရိုးရှင်းရှင်း ဖြစ်လေ့ရှိတာ ရေးလိုက်တာပါ။
အလုပ်မှာ တနေ့တနေ့ ထိုင်ငိုက်နေရင် အနီးအနားရပ်ကွက်က အသုဘ ဆိုရင် ကားရပ်ဖို့ နေရာကျယ်ကျယ်ရှိတဲ့ ဆူး ရဲ့ အလုပ်နေရာ ရှေ့မှာ လာလာရပ်ပြီး ကားထွက်ခါနီးဆိုရင် ကြေးစည် ထု တတ်တဲ့ အလေ့အထ ကို သတိရလို့.. သူတို့တွေ ကြေးစည်သံကြားရင် ဘယ်လိုနေမလဲ ဆိုတဲ့ အတွေးနဲ့ စာပန်ချီ ပုံဖော်လိုက်တာပါ။
aye.kk
June 30, 2012 at 7:03 am
ဆူး….
ဘယ်အချိန်..
ဘယ်အခါ…
ဘယ်နေရာမှာ….
ဆိုတဲ့အတွေးများကနှိပ်စက်ဝင်ရောက်လာပါတယ်….။
ဒီပို ့စ်လေးကိုဖတ်ရတော့…
အသေမဦးခင်ဉာဏ်ဦးရမှာပါလား…
ဆိုတဲ့အသိဝင်ရောက်လာပါတယ်…။
ပြင်ဆင်ထားမှုဆိုတာမရှိခဲ့ရင်…
အခုလိုမျိုး….
ဆိုတာကို…..
ဆက်ပြီးမတွေးရဲတော့ပါဘူး။။
ဆူး
June 30, 2012 at 12:24 pm
ဒီပိုစ်လေးကို ရေးရတဲ့ ရည်ရွယ်ချက်ကလည်း
သေချင်းတရားဆိုတာ
တလှံ အကွာမှာ မှန်ကာပြီး ရှိနေတာ မဟုတ်ပဲ
တလှံ မခြား မှန်မကာထားပဲ အမြဲ ထိတွေ့နိုင်တယ်
ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးပေးလိုက်တဲ့ ဇတ်လမ်းလေးပါပဲ။
ဒီပိုစ်လေးက အချက်အလက် တခုခု ပေးနိုင်တယ် ဆိုရင် ဝမ်းသာလှပါပြီ။
mamanoyar
June 30, 2012 at 9:49 am
အားပေးသွားပါတယ်ရှင်
Nyein Nyein
June 30, 2012 at 1:17 pm
ဖတ်လို့လည်းကောင်းတယ်။ သတိပေးထားတာလေးကို တွေ့တော့ မနက်ဖြန်နဲ့ နောက်ဘဝ ဘယ်ဟာကနီးလဲဆိုတာကို ပြန်တွေးမိတယ်။ မနက်ဖြန်ဆိုတာက ည (၁၂) နာရီကျော်မှဖြစ်မှာလေ။ နောက်ဘဝဆိုတာက တစ်စက္ကန့်အတွင်းလည်း ဖြစ်သွားနိုင်တယဆိုတာကို ပြန်သတိရသွားပါတယ်။ ဖတ်နေတုန်းမှာ ဇာတ်ကောင်ကိုကြည့်ပြီး ကိုယ်လည်းကြိုတင်ပြင်ဆင်သင့်ကြောင်း သိလိုက်ရပါတယ် မမဆူးရယ်။
ဆူး
June 30, 2012 at 1:52 pm
အားပေးတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။ ဆူး ပေးချင်တဲ့ အချက်အလက်ကလေးကိုလည်း ရသွားတဲ့ အတွက် အရမ်းကို ဝမ်းသာ ပီတိ ဖြစ်မိပါတယ်။