ငါမှားလား စာအုပ်ရောင်းသမားမှန်လား ဘယ်လိုမှငါမတွေးမိဘူး အရှက်ကွဲလိမ့်မယ်လို့ …….

loneAugust 16, 20111min53126

ရှုံးနိမ့်မှုများနဲ့လူ ပြောသွားတဲ့ယဉ်ကျေးမှု(ဝတ်စားဆင်ယင်မှု)အကြောင်းနဲ့ပတ်သက်လို့ ကိုယ့်ရဲ့ ကိုယ်တွေ့အဖြစ်လေး တစ်ခုပြောပြချင်လို့ပါ။

အဲဒီ့နေ့က လှည်းတန်းမှာ မုန့်စားပြီး သင်တန်းအသွား နှစ်ယောက်သား လှည်းတန်းမီးပွိုင့် လွတ်အောင်  မီးပွိုင့်ထိပ်နားမှာရပ်စောင့်ပြီးလူတင်နေတဲ့ ကားတစ်စီးပေါ်အမြန်ပြေးတက်လိုက်ကြတယ် ။ နို့မို့ဆို ကားဂိတ်က သာ စောင့်စီးလို့ကတော့ မီးနီနှစ်ခါစောင့် ပြီး လူခေါ်ရင်ကြာတတ်တဲ့ ပါရမီကားတွေ ကြောင့် သင်တန်းနောက်ကျလိမ့်မယ်လေ ။ အဲဒါကတော့ ပါရမီ ကားတွေအကြောင်း ကြုံတုန်းကြေငြာဝင်တဲ့သဘောပါ ။

တကယ်က ယဉ်ကျေးမှုဆိုလို့ နဲနဲပြောချင်လို့ပါ။ အဲဒါ့နဲ့ ကားပေါ်ရောက်တော့ ထိုင်စရာနေရာမရှိတာနဲ့ မတ်တပ်ရပ်ပြီးလိုက်လာခဲ့ရပါတယ် ။ အရှက်ကွဲပုံ က ဒီလို စတာပေါ့ ။ ကိုယ်က အဲဒီ့နေ့က စကပ်တိုလေး ဝတ်လာခဲ့တယ် ။နဂိုတည်းက လည်းစကပ်တို ဘောင်းဘီတိုလေးတွေကို ဝတ်ရတာ အရမ်းနှစ်သက်တယ်လေ။ ကားပေါ်မှာ စာအုပ်ရောင်းတဲ့လူတစ်ယောက်က ပါလာတယ် ။ သူကကိုယ့်နောက်နားခပ်ဝေးဝေးမှာ ရပ်ပြီးကြေငြာနေတယ် ။နောက်မှ ကိုယ့်ရှေ့နားလာရပ်ပြီး အားလုံးရှေ့မှာ ယဉ်ကျေးမှုအကြောင်းပြောပါတော့ တယ် ။ထင်တာတော့ သူ့စာအုပ်ထဲက အကြောင်းတွေ ကြေငြာတော့မယ်ပေါ့လေ။ အဲဒါနဲ့ပြောရင်းပြောရင်းစကတ်တိုဝတ်တဲ့ အကြောင်းစပြောပါတော့ တယ် ။ သူပြောတာက “ အရင်ကမြန်မာ အမျိုးသမီးတွေဟာ ထမီ၊ ရင်ဖုံးလေးတွေသာ ဝတ်ဆင်ပြီး အရမ်းကိုယဉ်ကျေးကြပါတယ်” တဲ့ “ အရင်က စကတ်တို ဝတ်တဲ့လူမျိုးတွေလည်း ရှိပါတယ်” တဲ့ အဲဒါဘယ်သူတွေလည်းဆိုတော့ အရင်က မြန်မာနိုင်ငံမှာ ပိုက်ဆံမရှိလို့လုပ်စားနေတဲ့ လန်ချားဆွဲတဲ့ ကုလားတွေပါတဲ့ ပိုက်ဆံမရှိလို့ ပုဆိုးဝယ်မဝတ်နိုင်ရှာပဲ တွေ့ကရာ အဝတ်တွေကို တိုတိုနံ့နံ့ ဝတ်ထားတဲ့ လန်ချားကုလား တွေသာ စကတ်တိုဝတ်ပါတယ်တဲ့ ။ သူကပြောရင်းလည်း ကိုယ့်ကိုကြည့်ပြီး ပြုံးစိစိ လုပ်လိုက်ပါသေးတယ် ။ ကားထဲမှာလည်း စကတ်တိုနဲ့ မတ်တပ်ရပ်နေတာဆိုလို့ အဲဒီ့နေ့က သေချာပါတယ် ။ကိုယ်တစ်ယောက်သာဖြစ်နေသည် ။ကားပေါ်ကလူများကလည်း သူ့စကားကို ပြုံးစိစိနဲ့နားထောင်ရင်း ကိုယ့်ကိုလှမ်းကြည့်နေကြသည် ။ရှက်လိုက်တာ သေတော့မတတ်ပါပဲ ။မသိရင်ကိုယ့်ကိုယ်ကို လန်ချားဆွဲတဲ့လူ များဖြစ်သွားပြီလားပေါ့ ။ ဘေးကကိုယ့်လူ(boyfriend) ကို စစ်ကူရှာတော့လည်း သူက ကိုယ့်ကို အဲဒါ့စကတ်တိုဝတ်ချင်တာလေ အခုတော့ အပြောခံရပြီ ဆိုပြီး လန်ချားဆွဲတဲ့ ကုလားမလေးဆိုပြီးနောက်ပါတော့တယ် ။ ကိုယ်ကတော့ အဲ့ဒီလူကြီးကိုကြည့်ပြီး သားသမီး မရှိဘူးလားမသိဘူး။ သားသမီးချင်းကိုယ်ချင်းမစာဘူးဆိုပြီး သူ့မျက်နှာကြီး ကြည့်ပြီး ကျိန်ဆဲနေမိပါသည် ။အဲဒီ့နေ့ကတော့ အကုသိုလ်လဲပွား ရှက်လည်းရှက်ရတဲ့နေ့ ပါပဲ ။  စကတ်တိုဝတ်မိတာအပြစ်တဲ့လား ။ ကြိုက်လို့ဝတ်မိတာအပြစ်လား ။ ဖော်ချင်လို့ပေါ်ချင်လို့ဝတ်မိတာမျိုးမဟုတ်ပဲ ကိုယ်နှစ်သက်တာလေးကိုယ်ဝတ်မိတာကို အပြစ်တစ်ခုလိုပြောနေကြတော့မှာလား ။အဲဒါ့ကြောင့် ရှုံးနိမ့်မှုများနဲ့လူပြောသွားတဲ့ post လေးကိုအရမ်းကြိုက်မိပါကြောင်း ……..

လေးစားစွာဖြင့်

mr.lone

26 comments

  • pan pan

    August 16, 2011 at 10:35 am

    (သူကကိုယ့်နောက်နားခပ်ဝေးဝေးမှာ ရပ်ပြီးကြေငြာနေတယ် ။နောက်မှ ကိုယ့်ရှေ့နားလာရပ်ပြီး အားလုံးရှေ့မှာ ယဉ်ကျေးမှုအကြောင်းပြောပါတော့ တယ် ။ထင်တာတော့ သူ့စာအုပ်ထဲက အကြောင်းတွေ ကြေငြာတော့မယ်ပေါ့လေ။ အဲဒါနဲ့ပြောရင်းပြောရင်းစကတ်တိုဝတ်တဲ့ အကြောင်းစပြောပါတော့ တယ် ။ သူပြောတာက “ အရင်ကမြန်မာ အမျိုးသမီးတွေဟာ ထမီ၊ ရင်ဖုံးလေးတွေသာ ဝတ်ဆင်ပြီး အရမ်းကိုယဉ်ကျေးကြပါတယ်” တဲ့
    “ အရင်က စကတ်တို ဝတ်တဲ့လူမျိုးတွေလည်း ရှိပါတယ်” တဲ့ အဲဒါဘယ်သူတွေလည်းဆိုတော့ အရင်က မြန်မာနိုင်ငံမှာ ပိုက်ဆံမရှိလို့လုပ်စားနေတဲ့ လန်ချားဆွဲတဲ့ ကုလားတွေပါတဲ့ ပိုက်ဆံမရှိလို့ ပုဆိုးဝယ်မဝတ်နိုင်ရှာပဲ တွေ့ကရာ အဝတ်တွေကို တိုတိုနံ့နံ့ ဝတ်ထားတဲ့ လန်ချားကုလား တွေသာ စကတ်တိုဝတ်ပါတယ်တဲ့ ။ သူကပြောရင်းလည်း ကိုယ့်ကိုကြည့်ပြီး ပြုံးစိစိ လုပ်လိုက်ပါသေးတယ် ။)
    ———————————
    ဘာမှရှက်စရာမလိုဘူး
    ဝတ်ထားတာလုံ တယ်မလား (မကလက်ဘူးမလား)
    အနေမှန်ရင်ပြီးတာပဲ
    အဲဒီစာအုပ်ရောင်းတဲ့လူကမှ ရှက်ရမှာ
    ဘယ်နှယ့် ယဉ်ကျေးမှုအကြောင်းပြောပြီး အသက်အရွယ်နဲ့မလိုက် သူများကိုလှောင်ချင်ရတယ်လို့
    အဲဒါစိတ်ဓါတ်မယဉ်းကျေးမှုကိုဖော်ပြတာ
    အဝတ်ယဉ်ကျေးမှ ယဉ်ကျေးမှုမဟုတ်ဘူး
    ချိတ်ပုဆိုး/ထမီနဲ့ ရင်ဖုံးတိုက်ပုံ/အင်္ကျ ီနဲ့ ပုံတော်ဖိနပ်နဲ့နေပြီး စိတ်ဓါတ်မယဉ်ကျေးတဲ့လူတွေ တစ်ပုံကြီး

    • mr.lone

      August 16, 2011 at 10:44 am

      ဟုတ်ပါတယ် ။ကိုယ်က စကတ်တိုအနက်ကလေးနဲ့ တီရှပ်အဖြူလေးနဲ့ဝတ်ထားတာပါ ။ ကလက်တက်တက်နဲ့ရှပ်ပြာပြာလုပ်နေတာလဲမဟုတ်ဘူး။ သင်တန်းသွားမလို့ အိတ်လေးတောင် လွယ်ထားပါသေးတယ် ။အဲဒါကို သားသမီးချင်းကိုယ်ချင်းမစာပါ ကားပေါ်မှာတကယ်ရှက်ခဲ့ရပါတယ် panpan ရယ် ။ အဲ့လူကြီးမျက်နှာကိုကြည့်ပြီး ဆွဲထိုးပစ်ချင်စိတ်တောင်ပေါက်ပါတယ် ။ …. 🙁 မျက်နှာကြီး ကိုကအကုသိုလ်ပွားပါတယ် … သူများကိုပြောလို့ငရဲကြီးနေပါဦးမယ် တော်ပြီ ဒါတွေပြောရင်ဒေါတွေပါနေဦးမယ်။

      • ပြောချင်တာတွေကိုတော့ ကျွန်တော်က အကုန်ပြောပြီးပါပြီ
        ပုံသေနည်းလမ်းကြီးတွေကနေ ဖောက်ထွက်ဖို့၊ စိတ်ဓါတ်မယဉ်ကျေးဘဲ အပြောနဲ့တင် ယဉ်ကျေးနေကြတဲ့သူတွေကြောင့် ပြောရခြင်းဖြစ်ပါကြောင်းနဲ့ ကျွန်တော့်ကို ညွှန်းဆိုပြသွားတဲ့အတွက်လည်း ဝမ်းသာပီတိ ဖြစ်မိပါကြောင်း..

  • ကြောင်ကြီး

    August 16, 2011 at 10:46 am

    ဓာတ်ပုံမြင်ရမှ သိမှာပေါ့ တူမကြီးရယ်။ ဦးကြောင်တို့က အသက်ကြီးပြီဆိုတော့ မျက်စိမှုန်နေပြီ၊ ပုံကြီးကြီးလေးချဲ့တင်ပေးနော်။ ပြောရင်းနဲ့အာခြောက်လာတယ်။။။။ ဂလု….ေဩာ် အနိစ္စ ဒုက္ခ အနတ္တ။။။

  • လင်းဝေကျော်

    August 16, 2011 at 10:51 am

    စာအုပ်ရောင်းသမားက သူ့စကားနွားဖြစ်ပြောသွားတာပါပဲ။
    ပြောချင်ရာပြောဖို့ သူ့အလုပ်က အရှက်ကင်းပြီးသားဆိုတော့ ပြောချင်ရာပြောတာပေါ့။
    ကိုယ်ကတော့ သူ့ပြန်ချေပနေစရာမှ မဟုတ်တာ ဥပက္ခောပြုလိုက်ပေါ့။
    ကိုယ်က ခေတ်အတိုင်းဝတ်တာပဲ၊ မဟုတ်တာမလုပ်ဘာဖြစ်လဲ၊

  • နွယ်ပင်

    August 16, 2011 at 10:57 am

    အခုခေတ်က စကပ်အတို ဝတ်တာ အပြစ်တစ်ခု မဟုတ်ပါဘူး
    သွားလာရတဲ့ နေရာအနေအထားက စကပ်တို နဲ့ မလိုက်ဖက်တာမှမဟုတ်တာ
    နောက်စကပ်အတို ဆိုပင်မယ့် ကိုယ့်အတွက် သက်တောင့်သက်တာရှိပြီး
    လုံခြုံတယ်ဆိုရင် ပြီးတာပါပဲ . အခုလို ဘေးနားကလာပြီး ပြောနေတဲ့ သူကသာ သူ့ယဉ်ကျေးမူကို ဖော်ပြနေတာပါ …စကပ်အတို ဝတ်တိုင်းသာ သူပြောသလို
    “လန်ချားဆွဲတဲ့ ကုလားတွေ “လို့မြင်ရမယ်ဆို Company ဝန်ထမ်းတစ်ချို့
    ယူနီဖောင်းအဖြစ် စကပ်တို ဝတ်ထားတာကို လန်ချားဆွဲတဲ့ ကုလားမလေးတွေလို့
    ပြောရမလို ဖြစ်နေပြီပေါ့ ။ သူ့နေရာဒေသအလိုက် ခေတ်နဲ့ အညီဝတ်ဆင်တာဟာ
    ရှက်စရာ တစ်ခု မဟုတ်ပါဘူး lone ရေ ……….

  • etone

    August 16, 2011 at 11:27 am

    ဒီခေတ်မှာ စကတ်တိုတွေ ဝတ်နေကြပြီဆိုပေမဲ့ … ကိုယ်သွားမဲ့နေရာ ၊ သွားတဲ့ အကြောင်းရာနဲ့ လိုက်ဖက်မှူရှိမရှိ ဆင်ခြင်ဖို့ကလည်း အရေးကြီးပါတယ် … ။ အခု mr.lone ပြောတဲ့အထဲ သင်တန်းသွားတယ်လို့ပါသလားလို့ …. ။ သင်တန်းသွားတယ်ဆိုလို့ ကိုယ်က ပို ့ချသူလား … နာယူဆည်းပူးမဲ့လူလား ပြန်တွေးကြည့်ပါ … ကိုယ်က ပို့ချသူဆိုလျှင်တော့ .. ဒီလို အဝတ်စားမျိုး ဝတ်ပြီး တဖက်လူကို သင်တန်းပေးတဲ့ အခါ … အကြည်ညိုပျက်စေပါတယ်…. ။ ကိုယ့်ရဲ့ စာသင်အား ဘယ်လောက် ကောင်းကောင်း … ဝတ်စားဆင်ယင်မှူ နေရာမခွဲခြား မတတ်လျှင်တော့… ကိုယ့်ရဲ့ စာသင်သား လေးစားမှာ မဟုတ်ပါဘူး … ။ အဲ့လိုမှ မဟုတ်ပဲ …ကိုယ်က နာယူသူဆိုလျှင်တော့ …. မိမိရဲ့ ဝတ်စားဆင်ယင်မှူကြောင့် စာသင်တာ အနောက်ယှက်ဖြစ်နိုင်သလို… စာသင်မဲ့ သင်တန်းပို့ချသူကိုလည် း မလေးစားရာ ၊ အလေးမထားရာ ရောက်ပါတယ် … ။

    သင်တန်းချိန်မဟုတ်ပဲ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး သွားလာတုန်း ဝတ်လျှင်တော့ တမျိုးပေါ့ … ။ သို့သော်လည်း … ကိုယ်သွားရတာ ကားငှားသွားလျှင် သိပ်ပြသနာမဟုတ်ပေမဲ့ .. ဘတ်စ်စကား စီးရလျှင်တော့ ထိုင်မလုံ ထမလုံဖြစ်ရတော့တာပေါ့… ။ ဘတ်စ်စကားဆိုတာ စရိုက်စုံစီးကြတာပါ … တချို့က စကတ်ဝတ်တာ မြင်ဖူးလို့ ရိုးအီနေမဲ့ .. တချို့ကတော့မျက်စိကျွတ်ကျမတတ်ကြည့်တတ်ကြတယ်လေ … ယခင်ကဆို မိန်းမတွေ ဒူးမပြောနဲ့….ခြေသလုံးလေးတောင် မြင်ရဖို့ခက်ခဲတယ် …. အခုတော့များ ခေတ်ရေစီးကြောင်း ပြောင်းလာလိုက်တာ … လန်ကွတ်တီတွေနဲ့ပဲ ကျန်တော့မယ်….. ။
    အဓိကက မိမိသွားမဲ့နေရာနဲ့ .. ဝတ်ဆင်မှူလိုက်ဖတ်မှူ ရှိမရှိ တွေးတောမိဖို့ပါပဲ ။ 🙂

    • pan pan

      August 16, 2011 at 11:40 am

      ဒါကတော့ဟုတ်တယ်
      စကတ်တိုလို့ဆိုရာမှာလည်း ဘယ်လိုစကတ်လဲဆိုတာကရှိသေးတယ်
      အနောက်တိုင်းဝတ်စုံ ရှပ်၊ ကုတ်တွေနဲ့ တွဲဝတ်မယ့်စကတ် ဒူးအောက်ရောက်ချင်ရောက်မယ် ဒူးအတိသော်၎င်း ဒူးအထက်သော်၎င်းရှိမယ်
      အဲဒါကျတော့ ကလက်တယ်ပြောလို့တော့မဖြစ်ဘူး
      ကုမ္ပဏီယူနီဖောင်းအနေနဲ့လည်း သတ်မှတ်ကြတာကိုး
      ဒါပေမယ့် အဲဒီနေရာမှာ အရှည်အတိုင်းအတာချင်းတူတဲ့ ဂျင်းစကတ်ဆိုရင်တော့ အမြင်အားဖြင့်ကလေးကလားဖြစ်တယ်
      တိုတယ်ဆိုတိုင်း မကောင်းပြောလို့တော့မရဘူးပေ့ါ
      အဝတ်ပေါ်မှာ ရိုသေမှုရှိလားဆိုတာလည်းရှိသေးတယ်
      ပုဆိုးချက်ပြုတ် ကို့ရိုးကားယားနဲ့ အင်္ကျ ီကြယ်သီးပြုတ်၊ ပိုသီပတ်သီဝတ်ထားရင် ဂျင်းဘောင်းဘီနဲ့ တီရှပ်နဲ့ သပ်သပ်ရပ်ရပ်ဝတ်သူက ပိုသာပါတယ်
      ဝတ်တဲ့အခါ မetoneပြောသလို သူ့နေရာနဲ့သူ၊ သူ့အချိန်နဲ့သူဝတ်ဆင်တတ်ဖို့အရေးကြီးပါတယ်
      ကိုယ်တိုင်လည်း သင့်တင့်အောင်ဝတ်တတ်ဖို့ ကြိုးစားနေပါတယ်
      ဖြစ်တဲ့အခါဖြစ် မဖြစ်တဲ့အခါမဖြစ်ပေ့ါ
      တခါတလေ စိတ်ခံစားမှုအလိုက် ဝတ်လိုက်မိတယ်

    • mr.lone

      August 16, 2011 at 11:46 am

      etone မမ ပြောသလိုဆို နိုင်ငံခြားက ဆရာမတွေတော့ တစ်ယောက်မှကြည်ညိုစရာရှိမှာမဟုတ်တော့ဘူး ။ အဘတွေ ပုဆိုးကြီးတိုက်ပုံကြီးတွေ တကားကားနဲ့ လူကြည်ညိုအောင်လုပ်နေကြပေမယ့် သူတို့ကိုဘယ်သူကများကြည်ညိုလို့တုန်း။
      လူကြည်ညိုအောင် အဝတ်အစားနဲ့ပြင်ဆင်လို့မရပါဘူး။ စိတ်ဓာတ်နဲ့ပဲ ပြင်ဆင်လို့ရပါမယ်။ဘယ်နေရာသွားသွား လွတ်လပ်စွာနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်အဝရှိဖို့က အလိုအပ်ဆုံးပါပဲ ။ အရင်ခေတ်က မြန်မာအမျိုးသမီးတွေမှန်နိုင်လွန်ပါးနဲ့ ခြေသလုံးပေါ်ထမီကို ဝတ်ဆင်ခဲ့ဖူးကြပါတယ်။ အဲဒီ့ခေတ်တုန်းကသာ ယခုခေတ်လိုစကတ်တိုလေးတွေပေါ်နေရင်တော့ သူတို့ကောမဝတ်ဘူးလို့တပ်အပ်ပြောနိုင်ပါ့မလား…သူတို့ခေတ်မှာမရှိလို့သာမဝတ်ခဲ့ကြတာ ။ ပုဂံခေတ်ကဆို ဗိုက်ပေါ် ရင်လျားအကီင်္ျတွေတောင် ဝတ်ခဲ့ကြသေးတာပဲ ….. 🙂

      • etone

        August 16, 2011 at 12:23 pm

        သူများနိုင်ငံနိုင်ယှဉ်လို့ တော့ ဘယ်ရပါ့မလဲ .. သူ့ ယဉ်ကျေးမှု ၊ ကိုယ့်ယဉ်ကျေးမှု တူမှ မတူပဲ …။ အင်း …. ခေတ်ရေစီးကြောင်း အရ အတူယူမှားနေတာမို့ … ကြိုးစားပြင်ဖို့ စိတ်ကူးတော့ မရှိပါဘူး .. ။ လောကကြီး အကြောင်း ၊ ပတ်ဝန်းကျင်က လူအမျိုးမျိုးနဲ့ပေါင်းသင်း ပြောဆို ဆက်ဆံအား နည်းသေးလို့ ဖြစ်မယ် …။
        မှတ်မှတ်ရရ ပြောရလျှင် … မဝတ်သင့်တာ ဝတ်မိလို့ …သူတင် မကဘူး တခြား လူတွေပါ ဒုက္ခရောက်တဲ့ အဖြစ်ရှိတယ် … ။ ရုံးနဲ့ မဆိုင်တဲ့ အဖော်ချွတ်တွေ ဝတ်လာမို့လို့ …( နေရာနဲ့ ..အဝတ်စားမဝတ် တတ်လို့ .. ) တခြား လူတွေပါ .. အပြင်အဝတ် ပေးမဝတ်တော့ပဲ ..ယူနီဖောင်း မချွတ်တမ်း ငါးရက်ဝတ်ရမယ်ဆိုတာမျိုး ဖြစ်လာခဲ့တာပဲ ။ အဲ့ဒါတွေးမိလျှင် စိတ်တိုဒယ် 🙄

        • mr.lone

          August 16, 2011 at 12:53 pm

          etone မမ ကလည်း အခုမှမီးက ကလေးပဲရှိသေးတာ ။ အဲဒါ့ကြောင့် ကျူရှင်သွားတော့ စကတ်ကလေးဝတ်မိတာ လေ ။ အဲဒါ့ကိုပြောတာ ကျူရှင်က သူငယ်ချင်းတွေဆို ပိုတောင်မှလန်ထွက်သေးတယ်။ အဲဒါဆို etone မမ ပြောခဲ့သလို သူများနိုင်ငံမှာဆို မြန်မာလိုမဟုတ် ကြမ်းပြင်မှာလည်း ကျောပိုးအိတ်ပစ်ချလို့ရတယ် ခြေနင်းဖက်တွေဘာတွေမရှိဘူးဆို ။ မမ ပဲပြောခဲ့တာလေ ယဉ်ကျေးမှုမတူတာတွေကို လိုက်မယှဉ်နဲ့ဆိုပြီး မမကျ တော့ယှဉ်ထားပြီးတော့…

        • etone

          August 16, 2011 at 3:24 pm

          ဝတ်ချင်တာ ဝတ်ကြပေါ့ … ကိုယ်ကြိုက်တာ ကိုယ်လုပ်ပဲ …. ။
          နေရာဒေသနဲ့ မလိုက်ပဲ ဝတ်စားမိလို့ ….. ကားစီးမိတဲ့အခါ လက်သရမ်းတာ ခံရမှ ဒေါသမထွက်ကြနဲ့လေ … ။ 🙄 ဘယ်သူမပြု မိမိမှူပဲ ။

        • mr.lone

          August 16, 2011 at 4:06 pm

          ဟုတ်ပါတယ် မမ etone မှန်ပါတယ်။ ပြောမိတဲ့အတွက်လည်း တောင်းပန်ပါတယ်။သူများ နိုင်ငံနဲ့ယှဉ်လို့မရဘူးဆိုတာကိုလည်း သဘောပေါက်ပါတယ် ။ ညီမ အဓိကပြောချင်တာက ကား
          ပေါ်မှာ စာအုပ်ရောင်းတဲ့လူ ပါ။ အဓိကဒေါသထွက်မိတာလည်း သူ့ကိုပါ ။ ကိုယ့်ကိုယ်ကို ယဉ်ကျေးမှုတွေနဲ့ ပတ်သက်ပြီးလည်း အဲဒီ့လောက်ဉာဏ်မမှီပါဘူး။ တွေ့မိတာကိုပြောမိရုံလေးသက်သက်ပါ ။
          အားလုံးပဲအမှားပါရင်ခွင့်လွှတ်ကြပါလို့တောင်းပန်ပါတယ် ။နောက်ဆိုရင် စကတ်တိုမဝတ်ဖြစ်အောင်ဆင်ခြင်ပါတော့မယ်။

        • mr.lone

          August 16, 2011 at 4:14 pm

          နောက်ပြီးအစ်မရဲ့ဆိုလိုရင်းကိုလည်း ညီမကနားမလည်လိုက်တဲ့အတွက်ပါ ။ နေရာဒေသကိုလိုက်ပြီး အဝတ်အစားဝတ်ဖို့ကိုပြောတဲ့အစ်မရဲ့ဆိုလိုရင်းကိုနားမလည်လိုက်မိတဲ့အတွက်တောင်းပန်ပါ တယ်။ ကိုပြောချင်တာကိုစွတ်ပြောရင်းဆိုလိုရင်းပျောက်သွားလို့ပါ။ ရှက်စရာကောင်းပါတယ် ။ရှက်မိပါတယ် ။ ဗီယန်းဟဲ သွေ့ပချိ ….. 🙂

        • etone

          August 16, 2011 at 4:24 pm

          အင်း ဒီလိုပါပဲ သဘောထားခြင်း လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ် … အထူးတလည် တောင်းပန်စရာ မလိုပါဘူး … သို့သော်လည်း ..ဒီဆိုက်ထဲမှာ ငါးနှစ်အောက်ကလေးတွေ အတော်များများ ဝင်ဖတ်နေတာဆိုတော့ .. အတုယူမမှားစေချင်ဘူးလေ… ။ 😀 😀 😀

          စာအုပ်ရောင်းတဲ့လူကို အမြင်ကတ်လျှင် … ကားဘရိတ်အုတ်တဲ့အခါ တခါတည်း ခေါင်းနဲ့ ပြေးစောင့်လိုက်ပါလား mr.lone ရေ … ။ 😛

  • မီးမီး သော်

    August 16, 2011 at 11:29 am

    “”””တရုတ်တွေ မြန်မာပြည်နဲ့ ကူးသန်းရောင်းဝယ်မှုပြုလာတော့ မြန်မာအမျိုးသားတွေက တရုတ်ဝတ်စုံအပေါ်ပိုင်းကိုယူ၊ အောက်ပိုင်းကိုတော့ ဘင်္ဂါလီဝတ်စားပုံ လုံချည်ကို ပါတ်၊ တိုက်ပုံနဲ့ ပုဆိုး ခုတိုင်အောင် မရိုးတော့သကိုးဗျ။ ပြည်တွင်းမှာပဲနေတဲ့သူတွေအဖို့တော့ ဒါ ငါတို့ဝတ်စုံကွဆိုပြီး ဂုဏ်ယူနေကြပေမယ့် အပြင်မှာနေရတဲ့သူတွေအဖို့တော့ မူရင်းပိုင်ရှင် လူမျိုးတွေနဲ့တွေ့ရင် အတော်လေးကို ရှက်စရာကောင်းသားဗျ။ အဲလိုကို ရှေးကတည်းက မြန်မာတွေက သူများဟာကို ကူးချခဲ့တာလား။””

    သူပြောသလိုနေဖို ့တော့မလိုလောက်တော့ဘူးထင်ပါတယ်နော့။ရှေးရိုးစွဲ အမြင်တွေဖြစ်မယ်ထင်ပါတယ်။တခါတလေ တော့ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးလေး ဝတ်ချင်ပါသေးတယ်

  • maung hninkharr

    August 16, 2011 at 11:44 am

    mr.lone ရယ် ..
    တွတ်ပီလိုပဲ ညည်းလိုက်ပေါ့. . . .
    “ဒီနေ့ကံမကောင်းပါလား” လို့လေ

  • kai

    August 16, 2011 at 11:51 am

    ကံကောင်းတယ်လည်း.. ပြောလို့ရပါတယ်လေ..။
    ယူအက်စ်ရဲ့.. အခုလိုနွေရာသီမှာ.. မိန်းကလေးတယောက် စကပ်တို..ဘောင်းဘီတိုဝတ်ထားရင်.. ဘယ်သူကမှ..အရေးလုပ်ပြီး ပြောနေ.. ဝေဖန်နေမှာမဟုတ်..။
    ကြည့်ပြီး.. ဝေဖန်စကားပြော.. သူ့အချိန်ပေးတယ်ဆို.. ပေါ်ပြူလာဖြစ်တယ်ဆိုရမယ်..။
    ဆိုတော့..
    ကိုယ့်အလှကို.. သူက.. သူတို့က.. အလေးထားလို့ပေါ့..။
    ကံကောင်းတယ်လို့.. ယူလိုက်..ယူလိုက်…။ 🙂

  • weiwei

    August 16, 2011 at 12:01 pm

    စကတ်အတိုဆိုတော့ ဒူးအထက်ပဲဖြစ်ရမယ် … ကားက ပါရမီကားဆိုတော့ အမြင့်ကြီး … တက်တာကလဲ မီးပွိုင့်ရပ်တုန်းဆိုတော့ မြန်မြန်တက်ရမှာ … စကတ်အတိုဝတ်တဲ့သူတွေက ဒေါက်ဖိနပ်အမြင့်နဲ့မှ စတိုင်ကျတာဆိုတော့ …
    ဘာရယ်မဟုတ် .. မြင်ယောင်ကြည့်မိပါတယ် ….

    • mr.lone

      August 16, 2011 at 12:58 pm

      ဒေါက်ဖိနပ်တော့ဝတ်လေ့မရှိပါဘူး။ ခြေထောက်နာလို့ ရိုးရိုး slipper လေးနဲ့ ကျူရှင်သွားဖို့ ပေါ့ပေါ့ ပါးပါး ဝတ်လာတာမျိုးပါ။ ပါရမီကားကလည်း weiwei ထင်သလောက်အမြင့်ကြီးလည်းမဟုတ်ပါဘူး။ ဖြဲကားပြီး အခုမှ စကတ်တိုဝတ်ဖူးတဲ့လူလိုမျိုးမတက်တာဖြစ်တဲ့အတွက် တက်တဲ့အခါမှာလည်း ဘယ်သူမှအနှောက်အယှက်မဖြစ်စေရပါဘူး။ဘာရယ်မဟုတ်ပါဘူး မြင်ယောင်တဲ့လူအနှောက်ယှက်ဖြစ်သွားအောင် ဗီလိန်ဝင်လုပ်ကြည့်တာပါ။

  • nozomi

    August 16, 2011 at 5:55 pm

    mr.lone ဆိုတော့ ယောင်္ကျားလေး တစ်ယောက်ပေါ့

    “ကိုယ်က အဲဒီ့နေ့က စကပ်တိုလေး ဝတ်လာခဲ့တယ် ” ဆိုတာ ဖတ်လိုက်ရတော့
    ဆက်ဖတ်လို့ မရတော့ဘူး စကတ်ဝတ်ထားတဲ့ ယောင်္ကျားလေးပုံစံ ကို မျက်စေ့ထဲ ဘယ်လိုမှ မြင်ကြည့်လို့ မရဘူး

    မထူးပါဘူး ဆိုပြီး ဆက်ဖတ်မှ သဘောပေါက်တော့တယ်

    အဝတ်အစားနဲ့ ပတ်သက်ရင် ဘာဝတ်ဝတ် လုံခြုံမှုရှိပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေတာဆို တိုတိုရှည်ရှည်ကောင်းပါတယ်

  • hmee

    August 16, 2011 at 9:12 pm

    အဲ့လို သင်တန်းသွားတာဆို ညီမရေ ဘောင်းဘီ ရှော့ပင်လေးတွေ ဝတ်ပေါ့။ ကြည့်လို့လဲလှ လုံခြုံမှုလည်းရှိ အားလုံးအိုကေပါ။ စကပ်လှလှလေး ဝတ်ချင်တယ် ဆိုရင်တော့ လိုင်းကားမစီးတော့နဲ့လေ ကားငှါးသွားမှ အဆင်ပြေမှာပေါ့။ အမလည်း ဘုတ်အီးကိုယ်လုံးကြီးနဲ့ ဝတ်တော့ ဝတ်တယ် ဒါပေမဲ့ ဘေးလူအမြင် အဆင်ပြေအောင် ကြည့်ဝတ်ရတာပေါ့။ တော်ကြာ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဝယ်ဝတ်ရပြီး သူတပါး အမြင်ကတ်ခံရမှာ စိုးလို့။ 🙂

  • naywoonni

    August 16, 2011 at 9:29 pm

    မီးမီး သော် says:

    “”””တရုတ်တွေ မြန်မာပြည်နဲ့ ကူးသန်းရောင်းဝယ်မှုပြုလာတော့ မြန်မာအမျိုးသားတွေက တရုတ်ဝတ်စုံအပေါ်ပိုင်းကိုယူ၊ အောက်ပိုင်းကိုတော့ ဘင်္ဂါလီဝတ်စားပုံ လုံချည်ကို ပါတ်၊ တိုက်ပုံနဲ့ ပုဆိုး ခုတိုင်အောင် မရိုးတော့သကိုးဗျ။ ပြည်တွင်းမှာပဲနေတဲ့သူတွေအဖို့တော့ ဒါ ငါတို့ဝတ်စုံကွဆိုပြီး ဂုဏ်ယူနေကြပေမယ့် အပြင်မှာနေရတဲ့သူတွေအဖို့တော့ မူရင်းပိုင်ရှင် လူမျိုးတွေနဲ့တွေ့ရင် အတော်လေးကို ရှက်စရာကောင်းသားဗျ။ အဲလိုကို ရှေးကတည်းက မြန်မာတွေက သူများဟာကို ကူးချခဲ့တာလား။””

    သူပြောသလိုနေဖို ့တော့မလိုလောက်တော့ဘူးထင်ပါတယ်နော့။ရှေးရိုးစွဲ အမြင်တွေဖြစ်မယ်ထင်ပါတယ်။တခါတလေ တော့ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးလေး ဝတ်ချင်ပါသေးတယ်))))))
    အဲဒါကြောင့် တစ်ချိန်က စာရေးဆရာကြီး ဒဂုန်ဦးဘဘေကပြောတာပေါ့…။ မြန်မာဆိုတာက ကုလားဦးခေါင်းနဲ့ တရုတ်ကိုယ်လုံးပေါင်းစပ်ထားတာလို့…။ အတွေးအခေါ် ယဉ်ကျေးမှုက အိန္ဒယ ဘက်ကနွယ်လာတယ်…။ ဆင်းသက်လာတာက တရုတ်ဘက်က ရေကြည်ရာမြက်နုရာ ရှာရင်းရောက်လာတာတဲ့….။ စာပေနဲ့ ယဉ်ကျေးမှု ဆိုတဲ့စာအုပ် ထဲမှာအတိအလင်းရေးခဲ့ဖူးတယ်…။ သဘောတူသူလည်းရှိရဲ့…။ သဘောမကျသူလည်းးရှိမှာပေါ့…။ ဒါပေမဲ့ ငြင်းမရတဲ့အချက်တွေ ရှိနေတာ ကိုတော့ ဘယ်သူမှထုတ်မပြောကြဘူးလေ……………

  • Nan Naw Kham

    August 17, 2011 at 12:50 am

    အဲစကဒ်တို ကဘယ်လောက်တိုလဲ..ပေါင်ပေါ်လားပေါင်လည်လား.. ပေါက်အောက် (ဒူးအထက်) လား..
    မသိလို့မေးပါရစေ .. စကဒ်တိုလေးဝတ်တော့ ပိုလှလာသလားဟင်.. ဝိုင်းစုခိုင်သိန်းတော့ ဝတ်နေတာပဲနော်..

  • forever

    August 17, 2011 at 10:43 am

    မမှားပါဘူး
    တကယ်ဆိုကားပေါ်မှာဈေးရောင်းတဲ.သူကမှားတာ

  • Shwe Ei

    August 17, 2011 at 11:51 am

    ဟုတ်ကဲ့ လှတပတလေးမို့ စိတ်ဝင်စားခံရတာ ပိုဖြစ်နိုင်ပါတယ်။
    (လှတဲ့သူတွေ ဘာဝတ်ဝတ် လူကြည့်ခံရတာဘဲလေ) 😛

Leave a Reply