ရောင့်ရဲတင်းတိမ်မှု
မိတ်ဆွေတစ်ဦးနဲ့စကားပြောဖြစ်တော့ သူ့မှာ အလုပ်နှစ်ခုရှိပေမယ့် ဝင်ငွေနည်းတဲ့အကြောင်းကျွန်တော့်ကိုပြောပြတယ်။ နည်းပါးတဲ့ သူ့ဝင်ငွေကို ချွေတာသုံးမှ မိဘ၊ ယောက္ခမ၊ မိန်းမနဲ့ ကလေးတို့ရဲ့အသုံးစရိတ်အပြင်
မိသားစုစားဝတ်နေရေး ဖူလုံမှာဖြစ်တယ်။ ဒါနဲ့များ သူဘာကြောင့် ပျော်ရွှင်နေသလဲဆိုတာကိုကျွန်တော်စဉ်းစားလို့ မရခဲ့ဘူး။
လွန်ခဲ့တဲ့နှစ်အနည်းငယ်က အိန္ဒိယမှာ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့တဲ့အဖြစ်ကြောင့်လို့ သူကရှင်းပြပါတယ်။
အဲဒီတုန်းက ကိစ္စတစ်ခုကြောင့် သူဟာ အကြီးအကျယ် နလန်မထူနိုင်အောင် စိတ်ပျက်ခဲ့လို့ အိန္ဒိယကိုစိတ်ပြေလက်ပျောက် ခရီးထွက်ခဲ့တယ်။ တစ်နေရာမှာ အိန္ဒိယမိခင်တစ်ဦးဟာ ကလေးငယ်တစ်ယောက်ရဲ့ညာလက်ကို ဓားနဲ့လှီးဖြတ်နေတာ တွေ့လိုက်တယ်။ အကူအညီမဲ့ မိခင်ရဲ့မျက်လုံးနဲ့ ကလေးငယ်ရဲ့
နာကျင်အော်ညည်းသံကို ယနေ့ထက်တိုင် သူကြားယောင်ဆဲ ဖြစ်ကြောင်း ကျွန်တော့်ကို ပြောပြတယ်။
သားလက်ကိုဘာကြောင့် အမေဖြတ်ရသလဲလို့ ကျွန်တော်မေးမိတယ်။ ကလေးငယ် အရမ်းဆိုးလို့လား? လက်မှာ အနာရောဂါတစ်ခုခုကူးစက်နေလို့လား? တစ်ခုမှ မဟုတ်ပါဘူး… တောင်းရမ်းစားသောက် နိုင်အောင်လို့ လို့ မိတ်ဆွေကဖြေပါတယ်။ မိခင်တစ်ဦးက သားကို တမင်တကာ ဒဏ်ရာ အနာတရဖြစ်အောင် လုပ်ရတာဟာ လမ်းပေါ်မှာ တောင်းရမ်းစားသောက်နိုင်အောင်ဖြစ်တယ်။
အဲဒီအဖြစ်အပျက်ကိုကြည့်ပြီး စားလက်စ ပေါင်မုန့်ကို လွတ်ချမိတဲ့အထိ သူအံ့ဩတုန်လှုပ် သွားခဲ့မိတယ်။ တဆက်တည်းမှာပဲလွတ်ကျသွားတဲ့ ပေါင်မုန့်ကို ဝိုင်းလုဖို့ ကလေးတစ်သိုက် သူ့အနား ချက်ချင်းရောက်လာခဲ့တယ်။
သဲတွေပေနေတဲ့ ပေါင်မုန့်ကို ဝိုင်းလုကြတာဟာ ငတ်မွတ်ဒဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ တုန့်ပြန်မှုဆိုတာသူနားလည်လိုက်တယ်။
ဒီမြင်ကွင်းကသူ့ကိုချောက်ချားစေခဲ့ပြန်တယ်။ လမ်းညွှန်ကို အနီးအနား ပေါင်မုန့်ဆိုင်တစ်ဆိုင် မောင်းပို့ခိုင်းပြီးဆိုင်ထဲရှိသမျှ ပေါင်မုန့်အားလုံးကို သူဝယ်ယူလိုက်တယ်။ ပေါင်မုန့်အားလုံးရဲ့ တန်ဖိုးက၁ဝဝကျပ်တောင်(ထိုင်ဝမ်ငွေ) မပြည့်ခဲ့ပေမယ့် ပေါင်မုန့်အထုပ် ၄ဝဝ ရခဲ့တယ်။ (တစ်ထုတ်ကို၂၅ဆင့် မကျခဲ့ဘူး) နောက်ပြီး ငွေတစ်ရာနဲ့ နေ့စဉ် အသုံးအဆောင်တစ်ချို့ ဝယ်လိုက်တယ်။
ပေါင်မုန့်၊အသုံးအဆောင် အပြည့်တင်ထားတဲ့ ကားနဲ့ လမ်းပေါ်မှာတွေ့တဲ့ မသန်မစွမ်း ကလေးငယ်တွေကို သူဝေမျှပေးလိုက်တယ်။
ကလေးတွေက ဝမ်းသာအားရ သူ့ကို အလေးပြန်ပြုခဲ့တယ်။ ၂၅ဆင့်တောင် တန်ဖိုးမရှိတဲ့ ပေါင်မုန့်တစ်ချပ်အတွက်လူတစ်ချို့က ဘာဖြစ်လို့ ဒီလောက်ပျော်ရွှင်ရတယ် ဆိုတဲ့ ခံစားချက်ကို သူပထမဆုံး ခံစားလိုက်မိတယ်။
“ငါဟာကံကောင်းတဲ့လူ၊ ငါ့ခန္ဓာကိုယ်က မချွတ်မယွင်း ပြည့်စုံနေတယ်။ အလုပ်ရှိတယ်။ မိသားစုရှိတယ်။စားစရာတွေကို ကြိုက်တယ်၊ မကြိုက်ဘူးလို့ ဂျီးများဖို့ အခွင့်အရေးရှိတယ်။ ဝတ်ဖို့ အဝတ်အစားရှိတယ်။ဒီကလူတွေ မရှိတာတွေကို ပိုင်ဆိုင်ဖို့ ငါ့မှာ အခွင့်အရေး ရှိခဲ့တယ်” လို့ သူရေရွတ်ခဲ့မိတယ်။
မိတ်ဆွေရဲ့အဖြစ်အပျက်ကို နားထောင်ပြီး ကျွန်တော်ခံစားကြည့်တယ်။ တွေးကြည့်တယ်။ “ငါ့ဘဝ တကယ်ပဲဆိုးသလား?ဆိုးရင်လဲ ဆိုးခဲ့နိုင်တယ်။ ဒါပေမယ့် ဒီပုံပြင်ကိုနားထောင်ပြီး ငါ့ဘဝ ဒီလောက်မဆိုးတော့ဘူး။
ခင်ဗျားရော?
ဒါမှမဟုတ်ငါ့ဘဝ ကံဆိုးလိုက်တာလို့ နောင်တစ်ချိန်ချိန်မှာ ခင်ဗျားထင်ခဲ့တဲ့တစ်နေ့ လမ်းပေါ်မှာတောင်းရမ်းစားဖို့ လက်တစ်ဖက် ဆုံးရှုံးရတဲ့ ကလေးငယ်ကို တွေးမြင်ကြည့်လိုက်ပါ။
“ကျေနပ်တယ်၊ ပြည့်စုံတယ်”ဆိုတာ ကိုယ်လိုချင်တာကို ရသွားလို့ မဟုတ်ဘူး။ ရှိတာနဲ့ ရောင့်ရဲတင့်တိမ် နေတာဖြစ်တယ်။
မူရင်း…. ထိုင်ဝမ် စာရေးဆရာHong Wen Yong (候文詠)
၏ “ဘဝ” အား ဘာသာပြန်ခံစားသည်။
8 comments
manawphyulay
August 20, 2011 at 12:49 pm
ဘဝဆိုးနေတဲ့သူတောင် သူ့ထက်ဆိုးထက်သူတွေ တစ်ပုံကြီး ရှိနေပါတယ်။ နာဂစ်တုန်းကဆို ပိုပြီး မြင်ရ တွေ့ရတာတွေက အတော့်ကို စိတ်မကောင်းဖြစ်ရပါတယ်။
windtalker
August 20, 2011 at 2:02 pm
ကိုသစ်မင်း ရေ
ရောင့်ရဲတင်းတိမ် မှု အတွက် နဲ ့တော့ ဘာမှ မပူနဲ ့
ကျွန်တော် တို ့မြန်မာနိုင်ငံ သူ နိုင်ငံသား တော်တော်များများ ဟာ
နဂိုကတဲ က ရောင့်ရဲတင်းတိမ် နိုင်စွမ်းရှိပြီးသား တွေ ပါ
“ တစ်ရက် ကို ၂၀၀ဝ ကျပ် ဝင်ငွေ ရှိတဲ့ နိုင်ငံသား တစ်ဦးဟာ
ရံဖန်ရံခါ ကံကောင်းထောက်မ ပြီး တစ်ရက်ထဲ ၁ သောင်းလောက် ဝင်ငွေ ရခဲ့ရင်
နောက်၅ရက် တိတိ အလုပ် မလုပ် ပဲ ထိုင်စား ၊ အနားယူတဲ့ လူစားမျိုးတွေ ပါ ”
ဒါကြောင့်မို ့လဲ
ကိုသစ်မင်း တို ့အားမလို အားမရဖြစ်နေတဲ့
စီးပွားရေး ၊ လူမှုရေး ၊ အစရှိသဖြင့်
အခြေအနေ ရပ်တွေ ကို တွေ ့နေရတာပါ ။
ဒါကတော့ ကျွန်တော့် အမြင်လေး ပေါ့နော်
wathanmin
August 20, 2011 at 5:16 pm
မှန်ပါတယ်။
နှလုံးသားကို အာဟာရ ဖြစ်စေတဲ့ စာတစ်ပုဒ်ပါ။
moethidasoe
August 20, 2011 at 6:09 pm
တခါတခါကျတော့ အဲဒီလို ဝေမျှတာကောင်းပေမယ့်
တခါတခါ တယောက်ကို ပေးလိုက်ရင် ဝိုင်းလာကြတဲ့ လူတွေကို မရှင်းနိုင်တာ ပြဿနာပါ
ကိုပေါက်(မန္တလေး)
August 20, 2011 at 9:56 pm
မှန်ပါတယ် မိမိကိုယ်မိမိစိတ်ချမ်းသာစေတဲ့အကြောင်းတရားထဲမှာ
မိမိရလာတဲ့ရလာဒ်အပေါ်မှာ ကျေနပ်စွာလက်ခံခြင်း
(ရောင့်ရဲတင်းတိမ်ခြင်း)ကလဲ တစ်ခုပါဘဲ။
ကြောင်ကြီး
August 21, 2011 at 11:53 am
ကံတွေ ကံတွေ၊ သဂျီးရေ ကံဗျ ကံကံကံ…………………………………………..
pooch
August 21, 2011 at 3:51 pm
အမှန်အတိုင်းပြောရရင် မနေ့က မိုးကြောင့်ရေကြီး ပြီး အလုပ်ရုံထဲထိရေတွေ ဝင် အိမ်ထဲထိရေတွေ ဝင်နဲ့ (ရေ ပုပ်စော်တွေကလည်း နံမှ နံ ) မော်တာတွေထဲလည်း ရေတွေဝင်လို့ မိုးတိတ်ရင်တောင် အလုပ်က ၂ ရက်လောက် နားရဖို့ သေချာ ၊ မီးကမလာ ၊ မိုးကမတိတ် ၊ ချက်ရပြုတ်ရတာ အဆင်မပြေတော့ စားရေးသောက်ရေးကလည်း ခက်နဲ့ စိတ်လေနေတာ ဒါလေးဖတ်မိမှ သတိပြန်ဝင်လာတယ် ။ ဘဝတွေ ဘဝတွေ …. ကိုယ့်အဆိုးက ဘာဟုတ်သေးလို့လဲ… နေတတ်ရင် ကျေနပ်စရာ ချည်းပါပဲ…..
thit min
November 2, 2011 at 8:47 am
နေတတ်ရင် ကြေနပ်စရာဆိုလို့ စဉ်းစားကြည့်ချင်ပေါ့နော်။
~~~~~~~~~~~~~~~~~~~~~~~~~
(…………..ဒေါ်ပူးချရေ ခုကောဗျာ။အဆင်ပြေပါရဲ့လား?)